Friday, August 19, 2011

ဒေါက်တာအောင်ထွန်းသက်နှင့် တွေ့ဆုံခြင်း

by Socretes Athenisian on Thursday, August 18, 2011 at 7:46pm
Thursday, August 18, 2011
 

(၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ်ရဲ့ တွေ့ဆုံ မေးမြန်းခန်း ဖြစ်ပါတယ်။ နိုင်ငံ တည်ဆောက်ရေးနဲ့ ပတ်သက်တဲ့ ထူးခြားတဲ့ ပြောဆိုချက်များ ပါတဲ့အတွက် မျှဝေပေးလိုက်ပါတယ်။)

မေး - အခု အစိုးရ အဖွဲ့သစ်တက်တာ ရက်ပေါင်း ၁၀၀ ပြည့်ပါပြီ။ ဒီအစိုးရ အဖွဲ့သစ်အနေနဲ့ အရင် အစိုးရဟောင်းနဲ့ မတူတဲ့ ဘယ်လို စီမံခန့်ခွဲမှုပုံစံ စတင်ကျင့်သုံးနေပြီလို့ ဆရာ မြင်ပါသလဲ၊ ရှင်းပြပေးစေလိုပါတယ်။

ဖြေ - အစိုးရသစ်တက်ပြီး ရက် ၁၀၀ ပြည့်တဲ့ ကိစ္စကို ရေးနေတာတွေ တွေ့နေရတယ်။ ဆရာ နားလည်တဲ့ သဘောနဲ့ အခု ပြောနေတာတွေက နည်းနည်းလေး ကွာဟနေတယ်။ အမေရိကန် ပြည်ထောင်စုမှာ ဒီရက် ၁၀၀ ကို အရေးကြီးတယ်လို့ ပြောလေ့ရှိတယ်။ အနှစ်သာရကတော့ honeymoon period (ပျားရည်ဆမ်း ခရီး) လို့ ပြောလေ့ရှိတယ်။ အဲဒီစကားကို အမြင်နှစ်မျိုးနဲ့ မြင်ကြတယ်။ (၁) ရက်၁၀၀ အတွင်းမှာ လူတွေ၊ မူတွေ ပြောင်းလဲဖို့ ဘာတွေ လုပ်နေလဲလို့ မြင်ကြတယ်။ (၂) ရက် ၁၀၀ သည် အစိုးရသစ် အတွက် သက်တမ်း နုသေးတယ်။ ခြေလှမ်းတွေက အစဖြစ်သေးတဲ့ အတွက် သုံးသပ်တဲ့ သူတွေက နားလည်ဖို့ လိုတယ် ရက် ၁၀၀ ပြီးမှ အရှိန်အဟုန်နဲ့ ဆောင်ရွက်လိမ့်မယ်လို့ မြင်ကြတာ ရှိတယ်။ အဲဒီအထဲက (၂)အချက် အမြင်အပိုင်းကို ရေးတဲ့ အရေးအသားကတော့ မတွေ့ရသေးဘူး။ တချို့ကျတော့ ရက် ၁၀၀ ဆိုတာ အစိုးရသစ် တက်စဆိုတော့ နားလည်နိုင်တဲ့ အနေအထား ရှိတယ်ဆိုပြီး ပြောကြတယ်။ ရက် ၁၀၀ ပြည့်ပြီးသွားရင် တိုင်းတဲ့ပေတံက ပိုပြီး တိကျလာမယ့် သဘော ရှိတယ်။ မြင်သာထင်သာ ရှိတဲ့ အပိုင်းကို စဉ်းစားရင် အရင်တုန်းက ဆရာတို့က အခွင့်အရေးရတဲ့ အချိန်မှာ ဘေးကနေ ပြောနေပေမယ့် တာဝန်ရှိတဲ့ သူတွေက ပြောတော့ ပိုပြီး လေးလေး နက်နက် ဖြစ်သွားတယ်။ ဥပမာ Good Governance ကိစ္စဆိုရင် အပြောပဲဆိုပြီး မစဉ်းစားဘဲနဲ့ စီမံအုပ်ချုပ်တဲ့ ပုံစံတွေ၊ အတွေးအခေါ်တွေ အခြေခံကျကျ ပြောင်းလဲလာတဲ့ အတွက် ကြိုဆိုဖို့ လိုတယ်။ Good Governance မှာ အချက် ၈ ချက်ရှိတယ်။ အဲဒါကလည်း ပါမှရမယ်။ Clean Government ကို အပေါ်ယံကြည့်ရင် အဂတိ လိုက်စားတာနဲ့ ပတ်သက်ပြီးပဲ ပြောတာတွေ ရှိတယ်။

Clean Government ကို Political Economy ရှုထောင့်နဲ့ ကြည့်ပြီးပြောရင် corruption ဟာ တိုင်းပြည် စီးပွားရေးကို အဟန့်အတား ဖြစ်စေတယ်။ မလိုအပ်တဲ့ စရိတ်တွေ များတယ်။ Clean Government လို့ ပြောတာက Corruption ကို culture မဖြစ်အောင် တားဆီးတာပေါ့။ Good Governance, Clean Government ကို အကောင်အထည် ဖော်မယ်လို့ ပြောတာက နိုင်ငံတော် အစိုးရ အနေနဲ့ မူအားဖြင့် အခြေခံ အကျဆုံး ပြောင်းလဲမှု ဖြစ်တယ်။ အဲဒါကို ကြိုဆိုရမယ်။ ဒုတိယ အချက်က ဖွံ့ဖြိုးမှုကို အကောင် အထည်ဖော်ရင် ဆင်းရဲ နွမ်းပါးခြင်းကို ရင်ဆိုင်ရမယ်။ ဆင်းရဲ နွမ်းပါးခြင်း ဆိုတာက ကျေးလက် ဖွံ့ဖြိုးမှုနဲ့ သွားပြီး တွဲနေတယ်။ တချို့နိုင်ငံတွေမှာ ဆင်းရဲမှုကို ဇောင်းပေးတဲ့ အခါမှာ ကျေးလက်ကို မီးမောင်းထိုးတာ မရှိဘူး။ မြန်မာနိုင်ငံမှာ ကျတော့ ဆင်းရဲမှုကို လျော့ချတာနဲ့ ကျေးလက် ဖွံ့ဖြိုးရေးကို တွဲလုပ်တဲ့ အတွက် မူအားဖြင့်ဆိုရင် ဒါလည်း ထင်သာ မြင်သာရှိတဲ့ ပြောင်းလဲမှု တစ်ရပ်ပဲပေါ့။ နောက် e-Government ကိစ္စမှာ အရင်တုန်းကလည်း e-Government ရှိတာပဲ။ အရင်တုန်းက ရှိတဲ့ဟာက နည်းပညာပိုင်းကို ဇောင်းပေးတယ်။ ကွန်ပျူတာ၊ အင်တာနက် စသဖြင့် ရှိဖို့ လိုတယ်ပေါ့။ ဒီတစ်ခေါက် ကိစ္စကကျတော့ e-Government ကို Good Governance နဲ့ သွားတွဲတယ်။ e-Government ရှိရင် Good Governance ကို အထောက်အကူ ပြုနိုင်သလိုပဲ Good Governance ရှိမှ e-Government ရုပ်လုံး ပေါ်နိုင်မယ်ပေါ့။ အပေါ်မှာ ပြောခဲ့တဲ့ နှစ်ချက် နှစ်ချက် တွဲတာတွေ (Clean Government နဲ့ Good Governance နဲ့ တွဲပြီးပြောတာ၊ poverty နဲ့ rural development ကို တွဲပြီးပြောတာ၊ e-Government နဲ့ Good Governance ကို တွဲပြီး ပြောတာတွေ)က အဲဒီ တွဲထားတာတွေကို လူတွေ အပေါ်ယံ ကြည့်ရင်တော့ အတူတူပဲလို့ စဉ်းစားပေမယ့် ဆရာ့အမြင်ကတော့ အဲလို တွဲပုံတွဲနည်းက အရင်တုန်းက မမြင်ခဲ့ရတဲ့ အတွက် ထူးခြားတယ်။

မူအရ ပြောင်းလဲမှု နောက်တစ်ချက်က သမဝါယမ လှုပ်ရှားမှုကြီးက ၁၉၈၈ နောက်ပိုင်းမှာ မှေးမှိန်သွားခဲ့တယ်။ အခု သမဝါယမကို သမဝါယမလို့ မစဉ်းစားဘဲနဲ့ လူမှု အဖွဲ့အစည်း civil society တွေလို့ စဉ်းစားတဲ့အတွက် ဒါဟာလည်း မူပြောင်းလဲမှု ဖြစ်တယ်။ အပေါ်မှာ ပြောခဲ့တဲ့ လေးချက်အပြင် အခြေခံတွေဖြစ်တဲ့ ပညာရေး နှီးနှော ဖလှယ်ပွဲတွေ၊ ကျေးလက်ကျန်းမာရေး ဇောင်းပေးတာတွေလည်း လုပ်တယ်။ အားလုံးကို ခြုံကြည့်လိုက်မယ် ဆိုရင် မူတွေကတော့ ပြောင်းသွားပြီး လူတွေရဲ့ အတွေးအခေါ်တွေပဲ ပြောင်းဖို့ လိုအပ်တယ်။ မူဝါဒ ပြောင်းလဲမှုတွေကို စဉ်းစားတဲ့အခါ အပေါ်ကနေ ချမှတ်တဲ့ ပုံစံနဲ့ စခဲ့ရတာပဲ။ အောက်က တက်လာတာနဲ့ အပေါ်က ချမှတ်တာကို တွဲဖို့ လိုတယ်။ ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး သုံးသပ်ရင် ထိပ်ပိုင်းက မဟုတ်ဘဲ အကြောင်း ကြောင်းကြောင့် ပြောင်းလဲမှုကို လက်မခံချင်လို့ ငြင်းပယ်မှုတွေ ရှိဟန်တူတယ်။ အရင်တုန်းက လုပ်ခဲ့တဲ့ ပုံစံနဲ့ ယဉ်ပါးတယ်။ ကျေနပ်တယ်၊ အဆင်ပြေတယ် ဆိုတဲ့ လူတွေက ပြောင်းလဲမှုကို ငြင်းပယ်မှာပဲလေ။ အရင်တုန်းက အနေအထားမှာ အဆင်ပြေတဲ့ သူတွေက ပြောင်းလဲမှုမှာ သူတို့ရဲ့ ပါဝင်ပတ်သတ်မှု အားနည်းတော့ ပြောင်းလဲမှုကို တွန်းလှန်တဲ့ လက်မခံတဲ့ အနေ အထားတွေ ရှိမယ်။ မီဒီယာရဲ့ အခန်းကဏ္ဍ အနေနဲ့ အပြုသဘော ဆောင်တဲ့ ပြောင်းလဲမှုတွေ အရှိန်ဟုန်မြန်ဖို့အတွက် ဘာကြောင့် တွန်းလှန်နေတာလဲ ဆိုတဲ့ အကြောင်း အရင်းကို ရှာပြီးတော့ စည်းရုံးဖို့ လိုမယ်။ ကိုယ်ပြောတာကို မကြိုက်လို့ အဖျက်သဘောနဲ့ ငြင်းပယ်တယ်လို့ မယူဆဘဲနဲ့ သူတွန်းလှန်နေရတဲ့ အကြောင်းရင်းကို ဂဃနဏ သိအောင် ကြိုးစား ပြီးတော့ အဲဒီ လက်မခံနိုင်တဲ့ သူတွေရဲ့အားကို ကိုယ့်ဘက်ကို ဘယ်လို သိမ်းသွင်းနိုင်မလဲ ဆိုတဲ့ဟာကို စဉ်းစားဖို့ လိုမယ်။

မေး - သမ္မတ ပြောတဲ့အတိုင်း တကယ့် အပြောင်းအလဲတွေ ဖြစ်လာဖို့ အစိုးရ အဖွဲ့အစည်း အဆင့်ဆင့်မှာ ဘယ်လို စီမံခန့်ခွဲမှု ပုံစံတွေ ပြောင်းလဲ ကျင့်သုံးသင့်တယ်လို့ ဆရာ ထင်ပါသလဲ။

ဖြေ - စီးပွားရေး အဆောက်အအုံကို စီမံတဲ့ နေရာမှာ လုပ်နိုင် ကိုင်နိုင်တာတွေ လိုတယ်။ ဆရာတို့ စွမ်းဆောင်ရည်တွေ တက်လာအောင် စောင့်နေဖို့ အချိန် မရှိတော့ဘူး။ အဲဒီတော့ စွမ်းဆောင်ရည်တွေကို ဖြတ်လမ်းနည်းနဲ့ ဘယ်လို တက်အောင် လုပ်မလဲ စဉ်းစားဖို့ လိုမယ်။ ဆရာကတော့ ပြည်သူ့ အုပ်ချုပ်ရေး ပြုပြင် ပြောင်းလဲမှုတွေ လာလိမ့်မယ်လို့ မျှော်လင့်မိတယ်။ ဆိုလိုတာက အစိုးရ ဝန်ထမ်းတွေရဲ့ အတွေးအခေါ်ပေါ့။ နိုင်ငံတော် တာဝန်ရှိတဲ့သူတွေက စီးပွားရေးကို ကိုယ်တိုင် ဝင်လုပ်တာမျိုး မဟုတ်ဘဲနဲ့ ကိုယ့်ထက် စီးပွားရေး အတွေ့အကြုံရှိတဲ့ သူတွေကို လုပ်ခွင့် ရှိအောင် ကိုယ်က ဖန်တီးပေးဖို့ပဲ။ စက်ရုံတွေ၊ အလုပ်ရုံတွေမှာ ကိုယ်ကိုယ်တိုင် ဝင်ပြီး လှုပ်ရှားနေမယ့် အစား လုပ်နိုင်တဲ့ သူတွေကို စက်ရုံတွေ၊ အလုပ်ရုံတွေ၊ ကုမ္ပဏီတွေ ထောင်နိုင်အောင် ပုံစံတစ်မျိုးနဲ့ ဖန်တီးဖို့တော့ လိုမယ် ထင်တယ်။ အဲဒီအခါကျရင် နိုင်ငံတော်ရဲ့ role က facility roll ကို ဖန်တီးပေးတဲ့၊ လုပ်နိုင် ကိုင်နိုင်တာကို ကူညီပေးတဲ့ environment role တွေ ဖြစ်လာလိမ့်မယ်။ အဲဒီလို ပြောလို့ နိုင်ငံရဲ့ role ကို လျှော့ခိုင်းတာ မဟုတ်ဘူး။ နိုင်ငံရဲ့ roll က တရားဥပဒေ စိုးမိုးရေး၊ တရားမျှတရေး၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး တွေကို ဇောင်းပေးပြီးတော့ လုပ်ဆောင် နိုင်တာပေါ့။ ကဏ္ဍ သုံးရပ်ဖြစ်တဲ့ state ရယ် private sector ရယ်၊ civil society တွေသည် ဘယ်သူက ဘယ်နေရာမှာ ကဖို့ လိုမလဲဆိုတာ ဇာတ်တိုက်ဖို့ လိုလိမ့်မယ်။

 ဇာတ်တိုက်မှ ကိုယ့်ထက် အရည်အသွေး ထက်တဲ့သူ ရှိရင် သူ့ကို အခွင့်အလှည့် ပေးဖို့လိုမယ်။ ဥပမာ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးတွေ လုပ်ရင် NGO တွေက သွက်တာကြောင့် NGO တွေကို ရှေ့တန်းတင်ဖို့ လိုမယ်။ စီးပွားရေး လုပ်တဲ့အခါမှာ စီးပွားရေး လုပ်ငန်းရှင်တွေကို ရှေ့တန်းတင်ဖို့ လိုမယ်။ အခြေခံ အဆောက်အအုံတွေကို ဖန်တီးပေးတဲ့ လုပ်ထုံး လုပ်နည်းတွေ စနစ်တကျ လုပ်ဖို့ ကတော့ နိုင်ငံတော် ကဏ္ဍပေါ့။ အဲဒီ ကဏ္ဍသုံးခုရဲ့ ဘယ်သူက ဘယ်နေရာမှာ ဘယ်လောက် ပါမလဲ ဆိုတာ စဉ်းစား လာမယ် ထင်တယ်။ ဆရာကတော့ ပြည်သူ့ အုပ်ချုပ်ရေး ပြုပြင် ပြောင်းလဲမှုတွေက သော့ချက်လို့ ထင်တယ်။ နောက်တစ်ချက်က ဗဟိုဦးစီး စနစ်ကနေ တိုင်းဒေသကြီး ပြည်နယ် ခွဲထားတဲ့ ပုံစံကို ထိထိ ရောက်ရောက် ဘယ်လို အကောင်အထည် ဖော်မလဲ ဆိုတာကို ပြောတာ သိပ်မကြားရဘူးလို့ မြင်တယ်။ ဝန်ကြီးဌာနတွေ ပြင်ဆင် ပြောင်းလဲ တာလည်း ပြောင်းလဲမှု တစ်ရပ်ပဲ။ အဲဒီ ပြောင်းလဲမှုကို ဗဟိုက လုပ်မယ့် အလုပ်တွေက ဘာတွေလဲ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်က လုပ်မယ့် အလုပ်တွေက ဘာတွေလဲ ခွဲဖို့ လိုမယ်။ ဥပမာ နိုင်ငံခြားရေး ကိစ္စတွေ အားလုံးသည် နေပြည်တော်က လုပ်ရမယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်နဲ့ မပတ်သက်ဘူး ဆိုတာမျိုးပေါ့။ နိုင်ငံတော်က civil society နဲ့ ပုဂ္ဂလိက ကဏ္ဍကို အရင်ကထက် ပိုပြီး သွက်လက် ရှင်သန်အောင် ဘယ်လို ဖန်တီးဖို့ လိုမလဲ စဉ်းစားဖို့လိုမယ်။နိုင်ငံတော် အနေနဲ့ sector သုံးခုကို ခွဲဖို့လိုမယ်။ မဟုတ်ရင် သူ့အလုပ်လည်း ကိုယ်လုပ်၊ ကိုယ့်အလုပ်လည်း သူလုပ်နဲ့ ထပ်တာမျိုးတွေ ဆိုရင် လိုအပ်တဲ့ စွမ်းရည် ပြည့်ချင်မှ ပြည့်နိုင်တယ်။

 ပညာရေး စနစ်မှာလည်း စွမ်းရည်တွေကို ပြင်ဖို့ လိုတယ်။ ပညာရေး စနစ်မှာ အမိန့်ကို နာခံတဲ့ တာဝန် ကျေပွန်တဲ့ သူတွေ လိုအပ်သလို တစ်ဖက်မှာလည်း တွေးခေါ်ပြီး မေးခွန်းလေးတွေ ထုတ်တတ်တဲ့ သူတွေ များများ မွေးထုတ်ဖို့ လိုလာပြီ။ စာမေးပွဲစစ်တဲ့ ပုံစံလေးတွေကအစ ပြင်ဖို့ လိုမယ်။ အဲဒီအခါကျမှ ဘွဲ့ရတဲ့ သူတွေက တွေးခေါ်နိုင်ပြီး မေးခွန်းတွေ ထုတ်တတ်တဲ့ ကိုယ်ပိုင်ဉာဏ် ရှိလာမှာ။ နိုင်ငံတော်ပိုင်းက သေချာတာပဲ လုပ်တတ်တဲ့ အတွေးအခေါ်ကနေ စွန့်စွန့်စားစား လုပ်တတ်တဲ့ အတွေးအခေါ် အဖြစ် ပြောင်းအောင် လုပ်ဖို့လိုတယ်။ နိုင်ငံတော်အပိုင်း ကတော့ အမိန့်ကို နာခံတယ်။ ပုဂ္ဂလိကပိုင်းကျတော့ မပြောဘဲနဲ့ ကိုယ့်ဘာသာကိုယ် စလုပ်တာလေးတွေ ရှိတယ်။ အဲဒါ နိုင်ငံတော်ပိုင်းကို ပြောင်းလာအောင် ဘယ်လို လုပ်မလဲ ဆိုတာ စဉ်းစားဖို့ လိုမယ်။ အားလုံးကတော့ တဖြည်းဖြည်းနဲ့ ရွေ့လာလိမ့်မယ် အောက်မေ့တာပဲ။

မေး - အပြောင်းအလဲတွေကို မြင်ချင်သူတွေထဲမှာ အောက်ခြေ သာမန် ပြည်သူတွေလည်း ပါပါတယ်။ သူတို့တွေ အနေနဲ့ လောလောဆယ် ဘာအပြောင်းအလဲကိုမှ သိပ်ပြီး မမြင်ရသေးပါဘူးလို့ ပြောပြကြပါတယ်။ သူတို့တွေ အပြောင်းအလဲကို ဘယ်အချိန် လောက်မှာများ ပီပီပြင်ပြင် မြင်နိုင်လိမ့်မယ်လို့ ဆရာ ထင်ပါသလဲ။

ဖြေ - လူတွေကို ကိုယ့်ဘက်ပါအောင် စုစည်းဖို့ ဝိုင်းလုပ်လို့ ရတာပေါ့။ သာမန် စားဝတ်နေရေး ဖြေရှင်းနေတဲ့ ပြည်သူ တွေကို အခုလို ဆွေးနွေးပွဲတွေ လုပ်နေတဲ့ ဟာတွေကို သူတို့လည်း မြင်သာထင်သာ ရှိအောင် ဘယ်လို လုပ်ရမလဲ- စဉ်းစားဖို့ လိုတယ်။ 'ဟာ အဲဒီလိုတွေ လုပ်နေတာ သူတို့အတွက် သူတို့ လုပ်နေတာပဲ၊ ငါတို့နဲ့ မဆိုင်ပါဘူး' ဆိုတဲ့ ဖာသိဖာသာ အတွေးမျိုး (ဂရုမထားတာ) မျိုးကို ဂရုထားမိအောင် ဘယ်လိုလုပ်မလဲ အဖြေရှာဖို့တော့ လိုမယ်။ ဥပမာ တီဗွီ အစီအစဉ်တွေကလည်း ဖျော်ဖြေမှုတွေ များနေတယ်။ ဖျော်ဖြေမှုတွေ အပြင် သတင်းအချက်အလက်တွေကို ပိုထည့်ပေးဖို့ လိုမယ်။ အခု ဟောပြောပွဲတွေ လုပ်နေတာ တိုင်းပြည် ဖွံ့ဖြိုးမှုကို စီးပွားရေး ပေတံ တစ်ခုတည်းနဲ့ ကြည့်ဖို့ မဟုတ်ဘူး။ တိုင်းပြည် တိုးတက်တယ် ဆိုတာ ဝင်ငွေ တစ်ခုတည်း တိုးတက်ရုံ မဟုတ်ဘူး။ လူတွေ ပိုပြီး ကျန်းမာဖို့၊ ပိုပြီး ပညာတတ်ဖို့ လိုတယ်။ အဲဒီလို အတွေးအခေါ်တွေကို သာမန် ပြည်သူတွေ နားလည်အောင် မီဒီယာကပဲ လုပ်ရမယ် ထင်တယ်။ သတင်းတွေ၊ ဆောင်းပါးတွေက ပေးတယ် ဆိုတာ လက်လှမ်းမီသူ (ဂျာနယ်ကို ဝယ်ဖတ်နိုင်တဲ့ သူ) ကပဲ သိပေမယ့် လက်လှမ်းမမီ နိုင်တဲ့ သူက မသိနိုင်ဘူး ဆိုတော့ အဲဒါကိုလည်း ဝိုင်းစဉ်းစားမှ ရမှာ။
Posted by ပိတောက်မြေ at 12:16:00 AM
စည်သူအောင်မြင့်၊ ထက်ထက်ခိုင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...