Saturday, August 20, 2011

အမှားနဲ့ အမှန်

by Eingyin Ta Khaine on Saturday, August 20, 2011 at 10:32pm
လူသားတွေဟာ မွေးဖွားရှင်သန်လာရာကနေ သေသည်အထိ လူတိုင်းအမှားကို လုပ်ဖူးကြသူချည်းဖြစ်ပါတယ်။
ကျမ ဖတ်ဖူးတဲ့ စာလေး ကတော့ ခုလိုပြောပါတယ်။
ဘယ်သူပဲဖြစ်ဖြစ် အမှားလုပ်မိလျှင် ရှက်တဲ့အတွက် ဖုံးကွယ်ထားချင်ကြပါတယ်။ သို့သော် လူတွေဟာ အမှားမရှိ ပြည့်စုံတယ်လို့မြင်ရတဲ့ သူတွေထက် တခါတရံ အမှားလုပ်သူတွေ သူတို့ရဲ့ အမှားကို ပြတဲ့ သူတွေကို ပိုပြီးတော့ သဘောကျကြတယ်။ အမှားဆိုတာ လူတွေအတွက် လူသားဆန်တဲ့ အပြုအမူတခုလို ခံစားနိုင်တဲ့အတွက်ဖြစ်ပါတယ်။ အမှားကို လုပ်မိတယ်ဆိုပေမယ့် မဖုံးကွယ်ပဲ အမှန်အတိုင်း ပွင့်လင်းစွာ ထုတ်ဖော်လျှင် ပိုပြီး ရင်းနှီးမူယူနိုင်တဲ့အတွက်ပင်ဖြစ်ပါတယ်…. တဲ့။

ဒါဟာ မှန်တယ်လို့ယူဆမိပါတယ်။ အမှားကို သိတဲ့ အချိန်မှာ ၀န်ခံတာ အကောင်းဆုံးပါပဲ။ လူတိုင်း အနဲနဲ့ အများတော့ အမှားကို ကျူးလွန်မိတာ ဘာမှမဆန်းပါဘူး။ အမှန်တရားတွေကိုပဲ လက်ကိုင်ထားပြီး နေထိုင်ရပ်တည်သူတွေဟာ အထင်ကြီးစရာပေမယ့် သူတို့တွေဟာ တသက်လုံး မှန်နေတယ်ဆိုတာ ဟုတ်ပါ့မလား။ လောကကြီးမှာ အမှားနဲ့ကင်းတဲ့သူဆိုတာ ရှိနိုင်ပါ့မလား။

မရှိဘူးလို့ပဲ ကျမက ထင်ပါတယ်။ ဒါပေမယ့် လူတွေ အများဆုံးကျူးလွန်လေ့ရှိတဲ့ မုသားစကားတောင်မှ အမှားလို့ မြင်မနေကြပါဘူး။ Whit lie လို့ခေါ်တဲ့ မုသားဖြူဟာ မှန်တယ်လို့ ထင်စရာရှိပါတယ်။ လွယ်လွယ်ကူကူ ကျူးလွန်ဖြစ်တဲ့အမှားကတော့ မုသားပြောခြင်းဟာ အများဆုံးဖြစ်ပါလိမ့်မယ်။ တဘက်လူ စိတ်ချမ်းသာအောင် ညာပြောလိုက်မိရင်တောင် ကိုယ်အမှားလုပ်တယ်လို့ မထင်မိတော့ဘူး။

ကျမအမြင်မှာ အမှားလုပ်မိတဲ့အခါ အနေရခက်ပေမယ့် အမှားတခါမှ မလုပ်ဖူးတာကလည်း တခါတရံ မွန်းကြပ်လှတယ်လို့ ထင်ပါတယ်။
တချို့လူတွေက “ငါတို့ အမှား ဘာမှ မလုပ်ဘူး” ဆိုတာကို ပြောလေ့ရှိကြပါတယ်။ ဒါဟာ ဘာလို့လဲဆိုလျှင် မှားနေတာကို မှားမှန်းမသိလို့ အမှားလို့မမြင်ပဲ အမှန်လို့ထင်နေတတ်လို့ပါပဲ။ ဒါဆို ဘယ်ဟာက အမှား ဘယ်ဟာက အမှန်လို့ဆိုနိုင်မလဲ။ တဘက်လူက မှားတယ်လို့ ထင်နေတဲ့ အရာဟာ ကိုယ်လုပ်တာ အမှန်လို့မြင်တဲ့သူကို နင်မှားနေတယ်လို့ဆိုလို့ ရပါ့မလား။ ဥပမာ မိဘနဲ့ သားသမီးဆိုလျှင် မိဘက ပေးစားတဲ့သူကို မယူဘဲတခြားတယောက်နဲ့ အိမ်ထောင်ပြုလိုက်လို့ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးဖြစ်နေရင် သူရွေးခြယ်တာမှန်ကန်တယ်လို့ မြင်မှာပါပဲ။ မိဘကလည်း သူတို့ စကားနားမထောင်လို့ သူတို့ကို မလိုက်နာပဲ တခြားလမ်းကိုရွေးခြယ်လျှင် အမှားလုပ်တဲ့သားသမီးလို့မြင်မှာပါပဲ။ မိဘနဲ့ သားသမီးကြားမှာတောင် ဒီလိုကိစ္စလေးတွေ ရှိတယ်ဆိုလျှင် တခြားတစိမ်းတွေနဲ့ စိတ်သဘောထားခြင်းမတိုက်ဆိုင်တာမျိုး၊ ဘ၀အတွက် ရွေးခြယ်ပုံကွာခြားနေကြလျှင် တဘက်လူကို မှားနေတယ်၊ တဘက်ကလည်း မှန်ပါတယ်လို့ မြင်နေမှာပါပဲ။ ရုပ်ရှင်ထဲမှာ လူတွေရာချီကိုသတ် ရန်သူကို နှိမ်နင်းတာဟာာ သူရဲကောင်းလို့ မြင်စရာရှိပေမယ့် ဘာသာရေးအရဆိုလျှင် လူ့အသက်ကို သတ်တာဟာ အမှားလုပ်တာလို့ မြင်နိုင်စေတယ်မဟုတ်လား။ တရုတ်သိုင်းကားတွေထဲကလိုပေါ့ သွေးကြွေးဆပ်တယ်လို့ဆိုပြီး ပြသတာ သူလုပ်တာအောင်မြင်လျှင် သူသာလျှင်အမှန်ဖြစ်သည်လေ။
ဒါကတော့ လူတယောက်နဲ့ တယောက်ခံယူချက်ခြင်း အခြေအနေခြင်းကွာဟနေလို့လို့ပဲ ကျမမြင်ပါတယ်။

ကျမဆိုလျှင် လွန်စွာခေါင်းမာတဲ့သူမို့ ကိစ္စတော်တော်များများမှာ ကိုယ်လုပ်တာသာ အမှန်လို့ပဲမြင်နေတတ်ပါတယ်။ ဒါပေမယ့် ဖုံးကွယ်ဖို့တော့ မကြိုးစားတတ်ပါဘူး။ တဘက်သားကို မထိခိုက်အောင်တော့ သတိထားပေမယ့် ကိုယ့် လုပ်ရပ်ကြောင့် ထိခိုက်သွားခဲ့ရင်တော့ ငါမှားသလားလို့ ပြန်တွေးမိပါတယ်။ ဒါပေမယ့် တခါတရံတော့ ငါမှန်နေသားပဲလို့တော့ ဖော့တွေးတတ်တာပါပဲ။

ကြီးမားတဲ့အမှားဖြစ်စေ သေးငယ်တဲ့အမှားဖြစ်စေ မှားနေတာကို ကိုယ်တိုင် သိသွားတဲ့အချိန်မှာတော့ ရှက်မိကြတာ သဘာဝပါပဲ။ မမှားသော ရှေ့နေဆိုတာတောင်မရှိဘူးဆိုတဲ့ စကားလိုပေါ့ အမှန်တရားဘက်ကို ရှာပြထောက်ပြရတဲ့ အလုပ်လုပ်သူတွေတောင် အမှားရှိနေတာပါပဲ။ လူသားဆိုတာ အမှားကို ကျူးလွန်တတ်တဲ့ သူတွေဆိုပေမယ့် အမှန် အမှားပိုင်းခြား သိမြင်နိုင်တဲ့ အသိတရားပေးနိုင်တဲ့ ဥဏှောက်ပါလာတဲ့အတွက် စဉ်းစားဆင်ခြင်နိုင်ကြပါတယ်။ နောက်တခုကတော့ ဘာသာတရားအရ အမှားကို ထိန်းချုပ်နိုင်စွမ်းရှိကြပါတယ်။

ဘာသာရေးမှာတောင် လူတွေဟာ ဘယ်ဘာသာက မှားနေတယ် ဘယ်ဘာသာကမှ မှန်တယ်လို့ ယူဆတတ်ကြပြန်ပါတယ်။ ဘယ်ဟာ အမှန် ဘယ်ဟာအမှားဆိုတာ လူတယောက်ရဲ့ စိတ်ခံယူချက်နဲ့သာ ဆိုင်တယ်လို့ထင်ပါတယ်။ ငါတို့လုပ်တာကမှ အမှန် မင်းတို့မှားနေတယ်ဆိုတာဟာ အတော်ပြောရခက်ပါတယ်။ စောင့်ကြည့်ဆုံးဖြတ်ဖို့ အချိန်တခုလည်း လိုအပ်ပါတယ်။ "ဟင့်အင်း ၀န်မခံနိုင်ပါဘူး" "ငါလုပ်တာမှန်နေသားပဲ ဒါကြောင့် ငါစိတ်ချမ်းသာတယ်" လို့ ပြောတဲ့ သူကို နင်မှားနေတယ်လို့ပြောနေလို့ ရမှာမဟုတ်ပါဘူး။ ကိုယ်တိုင်ကသာ အမှန်အမှားကို တချိန်မှာ ဆုံးဖြတ်နိုင်မှာပါ။ အမှားဖြစ်စေ အမှန်ကိုဖြစ်စေ မိမိဆုံးဖြတ်ချက်အလျှောက် ပြုမူမိတဲ့ ကိစ္စကို ကိုယ်တိုင်သာလျှင် တချိန်မှာ သေခြာစွာ ကွဲပြားစွာ ပိုင်းခြားနိုင်မှာပါ။ ခုလို လုပ်ခဲ့တာ အမှန်လား အမှားလား။

ကျမကတော့ အမှားတွေလုပ်မိခဲ့လျှင်တောင်မှ ယခုချိန်မှာ လူသားပီသစွာ ပြုမူမိတယ်လို့ပဲ ယူဆမိမှာပါ။ ဒါပေမယ့် မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ကိုယ့်လုပ်ရပ်အပေါ်မှာ ကိုယ်သာလျှင် တာဝန်ရှိပါတယ်လိုသာ ပြောချင်ပါတယ်။


အင်ကြင်း

12:30 am
20 August 2011.

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...