Saturday, August 20, 2011

"ဗိုလ်ချုပ် အကြောင်းရေးသော စာတစ်ပိုဒ် "

Cloud Cuckoo Land created the doc:

ယခု မျက်မှောက် ကာလတွင် ဗိုလ်ချုပ် အောင်ဆန်း အကြောင်းရေးသော လုံးချင်း စာအုပ်၊ ဆောင်းပါး စသည် တို့ကို ပြည်သူ အပေါင်း အထူး စိတ်ဝင်စားကြ ပါသည်။ ယခုခေတ် ကာလမှ မဟုတ်၊ ကျွန်တော်တို့ ငယ်ငယ် ကတည်းက ဗိုလ်ချုပ်အောင်ဆန်း အကြောင်း စာပေတွေကို သင်ဖူးပါသည်။ ဗိုလ်ချုပ်က မိန့်ခွန်းတစ်ခု ပြောရာ မှာ လွတ်လပ်တယ် ဆိုတိုင်း လမ်းမပေါ် ဆေးရိုး ဖြန့်ခင်း လို့ မရဘူး။ လမ်းမပေါ်မှာ ဆေးရိုး ဖြန့် ခင်း တာဟာ လွတ်လပ်ရေး မဟုတ်ဘူး။ စည်းကမ်း မရှိတာဟု ဆိုပါသည်။ ဗိုလ်ချုပ်က ဒီလိုပြောခဲ့တယ် ဆိုတာကို ကျွန်တော်သည် အထက်တန်း ကျောင်းသားဘဝ ကတည်းက ဖတ်ဖူးပါသည်။ သို့သော် မေ့မေ့ ပျောက်ပျောက် ပါပဲ။ ဒီလိုနဲ့ ဆယ်တန်းအောင်ပြီး ဆေးတက္ကသိုလ် ဆက်တက်ပါ၏။


အဲ့ဒီတုန်းက ပြည်လမ်းရှိ အတန်းငယ် ဆေးကျောင်းသား များကို ထားသော လိပ်ခုံး အဆောက် အအုံဝင်းသို့ တက်ရပါသည်။ ထိုစဉ်က အလွန် လှပသော လိပ်ခုံး ခန်းမကြီးကို မဖျက်ရသေးပါ။ ထိုစဉ်က အဓိက စာသင် ခန်းမကြီး ၂ ခုရှိရာ သီရေတာ(A) နှင့် သီရေတာ (B) ဟု ခေါ်၏။ ကျွန်တော်တို့က ခန်းမ (A) သို့မဟုတ် သီရေတာ (B) ၌ စာသင်ရာ ကျောင်းသား ၂၀ဝ ဆံ့သော ခန်းမကြီးဖြစ်၏။ နောက်ဆုံး ခုံတန်း၌ ထိုင် ရသော ဆေးကျောင်းသား များသည် ဆရာ စာသင်တာကို သိပ်မကြားရပါ။ ထို့ကြောင့် မိန်းကလေးများ က ရှေ့ဆုံး ခုံတို့၌ ၄င်းတို့၏ လွယ်အိတ်၊ စာအုပ်၊ ထမင်းဘူးတို့ကို ချကာ နေရာ ဦးကြ၏။ လွတ်လပ်ရေး ရတယ်ဆိုပြီး စည်းကမ်းမဲ့သလို ဖြစ်နေကြပါ၏။ ဒါကို ကျွန်တော်တို့ ယောကျာ်းလေးတွေ က ခွင့်လွှတ်တယ်။ ခန္တီ ပါရမီကြောင့် လည်းကောင်း၊ ခွင့်လွှတ် နားလည် တတ်သော မြင့်မြတ် စိတ်ထားကြောင့် လည်းကောင်း ခွင့်လွှတ်တာဟု မထင်စေချင်ပါ။ ယောကျာ်းလေးတွေ ကလည်း သူ့အကွက်နဲ့ သူပါ ။ ယောကျာ်းလေးများက စာကို ဒီလောက် စိတ်မဝင်စားပါ။ သူတို့က သီရေတာ(A) ရဲ့ နောက်တံခါးဝက ထွက်သော် လူသွားစင်္ကြံ ရှိရာ ၄င်းစင်္ကြံကို ပိတ်ဆို့၍ ခြင်းလုံးခတ် ကြပါသည်။ အဲ့ဒီအထဲမှာ ကျွန်တော်လည်း ပါသည်။
စဉ်းစားကြည့်ပါက ဗိုလ်ချုပ်က လွတ်လပ်ရေးဆိုတာ လမ်းမပေါ် ဆေးရိုးဖြန့် မလှန်းရဘူးလို့ ဆုံးမ တယ်။ စင်္ကြံလမ်းကို ပိတ်ဆို့ပြီး ခြင်းခတ်တာဟာ အတူတူပဲပေါ့။ ဆေးကျောင်းသား တွေအားလုံး ဗိုလ်ချုပ်ရဲ့ ပြောစကားတွေကို အထက်တန်း ကျောင်းမှာ သင်ဖူးပါတယ်။ ဒီတော့ စကား နားမထောင် သလို ဖြစ်နေပါ၏။ ဒါက အတိတ်က ကိစ္စပါ။ ဒီလိုနဲ့ ပစ္စုပ္ပန်ကို ရောက်လာပါပြီ။ ၂၀၁၁ မှာ ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်က လမ်းဘေး ဈေးသည်တွေ လမ်းဘေး မှာ ဈေးရောင်းရန်မသင့် ပါကြောင်း မေတ္တာ ရပ်ခံရပါသည် ဆိုပါသည်။ တကယ်တော့ လမ်းဘေးမှာ ဈေးရောင်း တာတင် မကပါ။ ကတ္တရာ လမ်းမ ပေါ်ကိုပါ တော်တော် တက်ပြီး ရောင်းနေကြ တာပါ။ ဆိုင်ခန်း နဲ့ ရောင်းတဲ့ ဈေးသည်တွေ ကျပြန်တော့ ဈေးအတွင်းမှာ ဆိုရင် လူသွားလမ်း စင်္ကြံ ပိတ်လောက်အောင် ပစ္စည်းတွေ ကို ဆိုင်ဘက်သို့ ကျူးကျော် ပါသည်။

လမ်းဘေး လူနေ တိုက်ခန်း ဆိုင်ခန်းများကတော့ မိမိတို့ဆိုင်ရှေ့ ကတ္တရာ လမ်းပေါ်မှာ သစ်သား ငုတ်တိုမြားပြ ထားသော ပျဉ်လေးတွေ ထောင်ကာ မြားအတွင်း ယာဉ်မရပ်ရ၊ ဤနေရာသည် ___ဆိုင် ___ ကုမ္ပဏီသို့ လာသော ယာဉ်များသာ ရပ်ရန် စသည်ဖြင့် လမ်းမပေါ်တက်၍ နေရာ ဦးကြပါသည်။ တချို့တွေကတော့ ဘတ်စ်ကားဂိတ် လူနားခိုသော အမိုးအောက်မှာ ကွမ်းယာ ရောင်းကြပါသည်။ ဆေးလိပ် ရောင်းကြ၏။ တချို့ကတော့ အများပိုင် လမ်းပေါ်မှာ လေးတိုင်စင် ခေါက်သိမ်း၍ ရသော ကျူးကျော်အမိုးဖြင့် ဈေးရောင်းကြ ပါ၏။ အချို့ကတော့ မြေစိုက်ထီးနဲ့ ဈေးရောင်းကြ ပါသည်။ တချို့ကျတော့ မီးစက် တွေကို လမ်းဘေးမှာ ချထားပြီး အချို့က ပန်းအိုးတွေ ချထားပါသည်။ ဗိုလ်ချုပ်က 'ဆေးရိုး' တစ်မျိုးတည်း နဲ့ ဥပမာ ပေးသွားတာပါ။ သို့သော် မြေစိုက် ထီး၊ လေးတိုင်စင် ထီး၊ လမ်းဘေး မီးစက်၊ လမ်းဘေး ဈေးသည်၊ ပန်းအိုး အားလုံး အကျုံးဝင် ပါသည်။ ဒါတွေအားလုံး စည်းကမ်း မရှိတာပါ။

၂၀၁၁ တစ်ခုသော လဝယ် ဗိုလ်ချုပ် အကြောင်း ရေးသားသော ဆောင်းပါး ပေါင်းချုပ် ဂျာနယ်သည် အထူး ရောင်းကောင်းပါသည်။ ဒီတော့ ဂျာနယ်သမား တွေကလည်း ဈေးတင် ရောင်းကြပါသည်။ စာရေး ဆရာကြီး တစ်ဦးကပင်လျှင် ဗိုလ်ချုပ်သည် ရောင်းကုန် မဟုတ်ဟု ဆောင်းပါး ရေးရသည် အထိ ဖြစ်ခဲ့ပါသည်။ ကျွန်တော်သည် တစ်ခုသော နံနက်ခင်းတွင် လမ်းဘေး ဂျာနယ်ဆိုင်၌ ဂျာနယ် ဖတ်နေစဉ် ကျွန်တော်လည်း လမ်းဘေးမှာ မတ်တတ်ရပ်၍ ဂျာနယ်ဖတ်တာဖြစ်၍ ကျွန်တော်လည်း လမ်းမပေါ် ဆေးရိုးဖြန့် ခင်းရ သလိုဖြစ်ရာ ဒီလိုလုပ်ဖို့ မသင့်ကြောင်း စဉ်းစားမိ၍ ဂျာနယ်ကိုငှားပြီး လက်ဖက်ရည် ဆိုင်ထဲ၌ ဝင်ဖတ်ပါ၏။ ဒီလို နေ့စဉ် အဖြစ်အပျက် အတစ်ခုကို သတိထားမိပါတယ်။ ရပ်ကွက်ထဲက လူအချို့သည် ဗိုလ်ချုပ် အကြောင်း ဆောင်းပါး ပေါင်းချုပ် ဂျာနယ်ကို လာလာဝယ်ကြ၏။ လူအချို့က ဗိုလ်ချုပ်ကို လေးစားလှချည်ရဲ့ ဟု ပြောကာ အိမ်ပြန်ကြ၏။ ၄င်းလူအချို့ကို လေ့လာတော့ သူတို့က သူတို့၏ မြေညီထပ် အောက်ခန်းရှေ့၌ ကျူးကျော် အဖီထုတ် ထားကြပါသည်။

အဲ့ဒီ ဗိုလ်ချုပ်ဆောင်းပါး ပေါင်းချုပ် ဂျာနယ်ကို လာဝယ် ကြသူတွေထဲမှာ ၄င်းတို့အိမ်ရှေ့ ကျူးကျော်မီးစက်ချ ထားတဲ့လူ တွေလည်း ပါတယ်။ ကျူးကျော် ပန်းအိုးသမားတွေ ပါသလို ကျူးကျော် ဈေးသည် တွေလည်း ပါတယ်။ အဲ့ဒီ ဆောင်းပါး ပေါင်းချုပ်ကို ကျွန်တော် ဖတ်ကြည့်တော့ အဲ့ဒီ ဆောင်းပါးပေါင်းချုပ် ဂျာနယ်ထဲမှာ လည်း လွတ်လပ်ရေးဆိုတာ လမ်းမပေါ်မှာ ဆေးရိုးဖြန့်လှန်းတာ မဟုတ်ဘူးလို့ ဗိုလ်ချုပ်ကပြောတဲ့ စာကြောင်း ထင်ထင် ရှားရှား ပါပါတယ်။ အဲ့ဒါ သူတို့ မဖတ်မိတာလား၊ ဘာလား သေသေချာချာ မသိတော့ပါ။ သို့မဟုတ် ဗိုလ်ချုပ်က ဆေးရိုးတစ်မျိုး တည်းကို ပြောသွားတာ။ ငါတို့ ကျုးကျော်တာက မြေစိုက်ထီးဟု မဆိုင်ဘူးထင်တာ လားလဲ မသိပါ။ ဘာမှန်းကို မသိတော့ပါဘူး။ ဒီတော့ ဗိုလ်ချုပ်ကို လေးစားတယ် ဆိုတာ ဘာလဲလို့ မေးရ မလို ဖြစ်နေပါတယ်။ ကျူးကျော်တယ်၊ နယ်ချဲ့တယ် ဆိုတာ ဗိုလ်ချုပ်ရဲ့လမ်းစဉ် မဟုတ်ပါဘူး။ အင်္ဂလိပ်ရဲ့ လမ်းစဉ်ပါ။ အင်္ဂလိပ်ကို နယ်ချဲ့ ကျူးကျော်သမား ရယ်လို့ သမိုင်းမှာ တင်စားခဲ့တာ သူတို့အသိပါ။
ဒီတော့ လေးစား တာက ဗိုလ်ချုပ်၊ လျှောက်တဲ့ လမ်းစဉ်က အင်္ဂလိပ်လမ်းစဉ် ဖြစ်နေပါ၏။ တကယ်တော့ အများနှင့် ဆိုင်သော ပစ္စည်းကို မိမိကိုယ်ပိုင်သဖွယ် လုပ်သော သဘောကတော့ လွတ်လပ်ခြင်းရဲ့ အခွင့် အရေး တစ်ခု မဟုတ်ပါဘူး။ သို့သော် လုပ်ကြပါ၏။ တစ်ခါတုန်းကလည်း NGO တစ်ခု သည် ကျေးလက်ဒေသ ရွာတစ်ရွာ၌ မိုးရေ လှောင်ကန်တစ်ခု တည်ဆောက် ပေးပါ၏။ မိုးရေ လှောင်ကန်ဟု ဆိုရာ၌ သွပ်မိုးကြီး ကြီးရှိသော အိမ်ကြီးတွေ ဘေးမှာသာ ဆောက်လို့ရပြီး သွပ်မိုးက ကျသောရေကို ရေတံလျောက်၊ ရေပိုက် တို့ဖြင့် သွယ်တန်း ၍ မိုးရေလှောင်ကန် ထဲသို့ ဝင်စေပါသည်။ ထိုအခါ ရွာထဲမှာရှိသော သူဋ္ဌေးအိမ် တစ်အိမ်က မိမိအိမ်ဟာ သွပ်မိုးဖြစ်၍ အိမ်ဘေးမှာ လာဆောက်ပါဟု ရပ်ရွာလူကြီးများ၊ NGO အရာရှိတို့ကို ပြော၍ သူ့ရဲ့ အိမ်ရှေ့မှာ ဂါလံငါးထောင်ဆံ့ မိုးရေ လှောင်ကန်ကြီး ဆောက်ပေးပါတယ်။ ဆောက်လည်း ပြီးရော သူက မိုးရေလှောင်ကန်ကြီးကို မောင်ပိုင် စီးချင်ပါသောကြောင့် မိုးရေ လှောင်ကန်ကြီး အပါအဝင် သွပ်မိုးအိမ်ကြီး ကို ခြံစည်းရိုး ခတ်လိုက်ရာ အများသူငါတို့က ရေခပ်၍ မရတော့ပါ။ ထိုအခါ လူအများက ရပ်ရွာ လူကြီးကို တိုင်၍ ခြံစည်းရိုးကို ပြန်ဖျက်ပေးပါ၏။ သို့သော် ၄င်း သူဋ္ဌေးအိမ်က ခွေးမွေးပြန်ပါ၏။ ခွေးအပေါင်းတို့ သည် မိုးရေ လာခပ်သော လူမှန်သမျှကို ကိုက်လွှတ်ရာ ကြာတော့ ရေတစ်ခွက် အတွက်နဲ့ ရန်လည်း မဖြစ်လိုတော့၍ ဘယ်သူက ဘာမျှမပြောတော့ပါ။ ဒီတော့ NGO ပိုက်ဆံနဲ့ ဆောက်ပေးတဲ့ မိုးရေလှောင်ကန် ကို သူဋ္ဌေးအိမ်က ပိုင်သွားပါ၏။

ယခုလည်း နိုင်ငံပိုင် မြေကြီး၊ လမ်းဘေး စတာတွေကို တစ်ဦး တစ်ယောက်ချင်းက နေရာဦး၍ မပိုင်သင့်ပါ။ ဗိုလ်ချုပ် အကြောင်း ဆောင်းပါးတွေဖတ်၍ အင်္ဂလိပ် လမ်းစဉ် လိုက်နေလို့ကတော့ ဗိုလ်ချုပ်ကို လေးစားရာ မရောက်ပါ။ ဗိုလ်ချုပ်၏ အဆုံးအမကို ကျင့်သုံးမှသာ ဗိုလ်ချုပ်ကို လေးစားရာ ရောက်ပါမည်။ တချို့က ထင်ကြ ပါ၏။ ဗိုလ်ချုပ် အကြောင်း ဆောင်းပါးများသည် နိုင်ငံရေး အကြောင်း၊ အင်္ဂလိပ် တော်လှန်ရေး အကြောင်း၊ လွတ်လပ်ရေး တိုက်ပွဲများ အကြောင်းများသာဟု ထင်ကြ၏။ တကယ်တော့ ဗိုလ်ချုပ် ပြောစကားများတွင် လူမှုရေး ဒဿနတွေ အများကြီး ပါပါသည်။ ဒါ့ကြောင့် ဒါ့ကြောင့် ဒါ့ကြောင့်ရယ်ပါ။ ဖတ်ကြပါ၊ ဖတ်ကြပါ။ ပြီးရင် တလွဲတော့ မလုပ်ကြပါနဲ့ဟု နှိုးဆော်အပ်ပါကြောင်း။

ဒေါက်တာထွန်းဝင်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...