Saturday, August 20, 2011

"ငါတို့ မကောင်းတာ ဘာမှ မလုပ်” ဆိုတဲ့ လူများ"


Cloud Cuckoo Land created the doc:

တစ်ချို့လူတွေက “ငါတို့ မကောင်းတာ ဘာမှ မလုပ်တာ” ဆိုတာကို ပြောလေ့ရှိကြပါတယ်။ ဒါဟုတ်ပါရဲ့လားဆိုတာ အဲဒီလူတွေ အပါ ၊ မိမိ နှင့် ဖတ်သူ အားလုံးအတွက် ရေးသားပါတယ်။ စာလေးနေ ရင်တော့ သိပြီးအချက်ကို မြန်မြန် ကျော်ဖတ်လိုက်ပါ။ ပြောလိုရင်းကို ဖတ်သူတစ်ခုခု ရရင်ကျေနပ်ပါပြီ။


မကောင်းသောအကျင့်

ဗုဒ္ဓဟောတော်မူခဲ့သော ကောင်းသောအကျင့် ကိုကျင့်ခြင်း (ကောင်းမှုကုသိုလ်) နှင့် ပတ်သက်၍ကား ဗုဒ္ဓ ဘာသာဝင်အများစု သိကြပါတယ်။ ဒါပေမယ့် အလေးအနက် မသိလို့ “စကားလေးတစ်ခွန်း” ပင် ဖြစ်စေဦးတော့ ဒုစရိုက်မှု (အကုသိုလ်) ကို လွယ်လွယ်ပြုမိပြီးသားဖြစ်သွားနိုင်သည့်အတွက် ဒုစရိုက် (၁၀) ပါးမှ သည် အကျယ်ချဲ့သော် ဒုစရိုက် ( ၄၀ ) ဖြစ်သွားခြင်းကို တင်ပြလိုပါတယ်။

ဒုစရိုက် (၁၀) ပါး အပြား (၄၀)

ကာယကံ သုံးပါး (ကာယ ဒုစရိုက်)

( ၁ ) သူ့အသက်သတ်ခြင်း (ပါဏာတိပါတ)
( ၂ ) ပိုင်ရှင်မပေးသော ပစ္စည်းကို ခိုးယူခြင်း (ဝါ) အရှင်သည် ကိုယ်၊ နှုတ်တို့ဖြင့် မပေးအပ်သော သူ့ဥစ္စာ ကို ခိုးယူမှု (အဒိန္နာဒါန)
( ၃ ) ကာမဂုဏ်တို့၌ ယုတ်ယုတ်မာမာကျင့်မှု (ကာမေသုမိစ္ဆာစာရ)

ဝစီကံ လေးပါး (ဝစီဒုစရိုက်)

( ၄ ) မုသားပြောဆိုမှု (မုသာဝါဒ)
( ၅ ) ချောပစ် ကုန်းတိုက်မှု (ချစ်သူ နှစ်ဦး ကွဲကွာသွားအောင် သို့မဟုတ် မိမိအားချစ်လာအောင် ချစ်သူ နှစ်ဦးကိုရန်တိုက်ပေးမှု)၊ (ပိသုဏဝါစာ)
( ၆ ) ကြမ်းကြမ်းတမ်းတမ်း အယုတ်တမာ ဆဲဆိုမှု (ဖရုသဝါစာ)
( ၇ ) ပြိန်ဖျင်းသော စကားကို ပြောဆိုမှု (သမ္ဖပ္ပလာပဝါစာ)

မနောကံ သုံးပါး (မနောဒုစရိုက်)

( ၈ ) သူတစ်ပါးစည်းစိမ်ကို “ငါ့ဟာဖြစ်လျှင်ကောင်းလေစွ” ဟု မတရားကြံစည်မှု (အဘိဇ္ဈာ )
( ၉ ) သေကျေပျက် စီးသွားလျှင် ကောင်းလေစွဟု သူတစ်ပါးကို ပြစ်မှားမှု (ဗျာပါဒ)
( ၁၀ ) အယူမှားမှု ( ကံ, ကံ၏ အကျိုးကို မယုံကြည်မှု) (မိစ္ဆာဒိဋ္ဌိ)

ဒါ ဒုစရိုက် ဆယ်ပါးပါ။ အပယ်ရောက်ကြောင်း တွေဖြစ်ပါတယ်။ စာအနေနဲ့တော့ “အကုသလကမ္မပထ တရား” လို့ခေါ်ပါတယ်။ ဒီ ဆယ်ပါးကို

( ၁ ) ကိုယ်တိုင်ပြုလုပ်ခြင်း
( ၂ ) သူတပါးကိုပြုလုပ်ခိုင်းခြင်း
( ၃ ) ဒုစရိုက် အမှုကို ပြုလုပ်လျှင် ရနိုင်မည့် လောကီအကျိုးကို ပြောပြ၍ တိုက်တွန်းခြင်း
( ၄ ) သူတပါးတို့ အလိုအလျောက်ပြုနေသည် ကို ဝမ်းမြောက် သဘောတူခြင်း

ဒီလေးမျိုးနှင့် မြှောက်လိုက်တော့ ဒုစရိုက် ( ၄၀ ) ဖြစ်ပါတယ်။

ဘုရားရှင်ကတော့ သံသရာဘေး မြော်တွေး ရှုဖို့ ………
“ ရဟန်းတို့…. ကာယဒုစရိုက်, ဝစီဒုစရိုက်, မနောဒုစရိုက် ဟူသော တရားသုံးမျိုးတို့သည် မိမိကိုယ်ကို နှိပ်စက် ဖို့ရာလည်း ဖြစ်ကုန်၏။ သူတစ်ပါးကို နှိပ်စက်ဖို့လည်းဖြစ်နိုင်၏။ မိမိ သူတပါး နှစ်ဦးသားတို့ကို နှိပ်စက်ဖို့ရာလည်းဖြစ်ကုန်၏ ” ဟု ဟော်တော်မူပါတယ်။

စာရှည်သွားမှာစိုးတဲ့အတွက် သုစရိုက် ( ၄၀ ) ကိုတော့ ထပ်မဖော်ပြလိုတော့ပါ။

စဉ်းစားကြည့်ရအောင်ပါ။ ဘာလို့လည်းဆိုတော့ တစ်ချို့သူတွေက “ငါတို့ မကောင်းတာ မှ ဘာမှ မလုပ်တာ” ဆိုတာကိုပြောလေ့ ရှိကြတဲ့အတွက် နေ့စဉ်ဘဝထဲက လွယ်လွယ်ကူကူ တွေ့နိုင်တဲ့ တူမယ်ထင်တာလေးတွေ စဉ်းစား ပြောကြည့်ပါမယ်။ ဖတ်မိသူလည်း စဉ်းစား အကြံပေး ရေးသားစေ လိုပါတယ်။

( ၁ ) ခြင်တစ်ကောင်လာနားတယ်။ ဖတ်ကနဲရိုက်လိုက်တယ်။ သေသွားတယ်။ (ကိုယ်တိုင် ပြုတာပါ) “မင်းပါးမှာခြင် နားနေတယ်။ ရိုက်လိုက်” (သူတစ်ပါးကိုခိုင်းလိုက်ပါပြီ၊ သူက ရိုက်လိုက်လို့ သေသွားရင် ကိုယ်ကြောင့်ဖြစ်သွားပါပြီ) ၊ “မင်းအကြွေးတင်နေရင် ဝက်သတ်ရောင်းလိုက်ကွာ” (လောကီကျိုးကို ပြောပြ တိုက်တွန်းလိုက်တာပါ)။ “ချက်ကောင်းကို တည့်တည့်ကို မှန်တာကွာ ၊ သေသွားပြီ ၊ ပစ်တာတော်လိုက်တာ” (သူတစ်ပါးလုပ်တာကို ဝမ်းမြောက် သဘောတူတာပါ)

( ၂ ) “ဒီဂျာနယ် ၊ သတင်းစာလေးတော့ သူ့ ပြောမနေတော့ပါဘူးကွာ ၊ သူဖတ်ပြီးပြီယူသွားတော့မယ်” ( ခွင့်မပြုဘဲ ခိုးလိုက်ပါပြီ) ။ “အဲဒီဂျာနယ်ယူခဲ့ကွာ ငါတို့ဖတ်ရအောင် လူကြီးလည်းဖတ်ပြီးပြီပဲ” (သူတပါးကို ခိုင်းလိုက်ပါပြီ) ။ (အစည်းဝေး ၊ အလှူ စသည်မှာ) “ရေသန့်ဘူးခွံတွေ ယူခဲ့ကွာ ရောင်းလိုက်ရင်တစ်ဘူး ကျပ် ၁၀ - ၂၀ လည်း စုလိုက်မနည်းဘူး” (လောကီကျိုးပြောပြီးတိုက်တွန်းလိုက်ပါပြီ) ၊ “မင်းတို့ စာရင်းလိမ်ပြပြီးတောင်းလိုက်တာ တကယ်ကုန်တာထက်ပိုရတော့ ကောင်းတယ်ကွာ” (သူတစ်ပါးလုပ်တာ ဝမ်းမြောက် သဘောတူလိုက် မိပါပြီ)

( ၃ ) ကာမဂုဏ်များတွင် ယုတ်ယုတ်မာမာ ပြုမှုကိုတော့ ဖတ်သူကိုယ်တိုင် စဉ်းစားခြင်း ၊ ရှာဖွေ ဖတ်ရှုခြင်းပြုစေလိုပါတယ်။ ဒီစရိုက်ဆိုး ဟာလည်း တော်တော်ဆိုးဆိုးဝါးဝါးဖြစ်လာနေပါတယ်။

( ၄ ) မုသား ပြောဆိုမှု ၊ အများဆုံးကျူးလွန်လေ့ရှိပါတယ်။ လွယ်လွယ်ကူကူ ကျူးလွန်ဖြစ်တဲ့အတွက် အများဆုံးဖြစ်ပါလိမ့်မယ်။ ကိုယ်တိုင်လည်း ရှောင်နိုင်ဖို့ ကြိုးစားဆဲပါ။ အချက်လေးမျိုးကို ထပ်မပြောလိုတော့ပါဘူး။ “ငါမအားသေးဘူး၊ အရေးကြီးအလုပ်ရှိတယ် ၊ နောက်မှ တွေ့ကြတာပေါ့”။ “ ဖုန်းလာနေတယ် အရေးကြီးတဲ့သူမဟုတ်ရင် ငါမရှိဘူး ပြောလိုက်”၊ “ဒီလူတွေ ငါ့ကားနဲ့လိုက်ပို့ရင် ဆီကုန်လိမ့်မယ်ကွာ၊ ကားပျက်နေတယ်သာ ပြောလိုက်တော့”။ “ မင်းရဲ့သား နေမကောင်းလို့ အလုပ်မဆင်းနိုင်ဘူး၊ ခွင့်ပေးပါ ပြောလိုက်တော့ လူကြီးက မင်းကို ငွေတောင်ပေးလိုက်သေးတယ်၊ လှိမ့်လုံးလေးတွေပိုင်ပါ့ကွာ” ။

( ၅ ) ကုန်းတိုက်ခြင်း - “ဒီကောင့်ကိုတော့ ယုံလို့မဖြစ်ဘူးဆရာ၊ ဒီကောင်က ဆရာ့ အထက်က လူကြီး နှင့် အဆက်သွယ်ရှိတယ်။ သွားပြောရင် ဆရာခံရမှာစိုးလို့ပါ”၊ “ငါတော့ ဒီလိုကြားလာတယ်၊ မင်းဆရာကို ပြောပေးပါ ၊ ဟုတ်ဟုတ် / မဟုတ်ဟုတ်သတိထားဖို့ပေါ့၊ ဟိုကောင်တွေက ကွယ်ရာမှာ သတင်းလွှင့် နေတယ်“။ “မင်းဒီသတင်းပြောလိုက်ရင် ၊ မင်းကိုလူယုံထားပြီး မင်းကောင်းစားမယ်” ။ “မယားငယ် နဲ့ တွဲခုတ်နေတယ်လို့ မင်းက အပြင်ဖုန်းကနေ သူ့မိန်းမ ကို ပြောလိုက်တော့ လင်မယား၊ရန်ဖြစ်လိုက်ကြတာ တဲ့ကွာ ..ဟား…ဟား…ဟား”။

တွေ့နေ မြင်နေကြားနေရတာတွေ သဘောမျှသာ ပြောခြင်းဖြစ်တာမို့် ကံသုံးပါးလုံး အတွက် အားလုံးဥပမာပြဖို့ မစုံသေးပါဘူး။ ကျန် ဒုစရိုက် ငါးပါး (လေးမျိုးနှင့် မြှောက် တော့ အကျယ် - ၂၀ ) ကိုလည်းလွယ်လွယ်ကူကူ ပြုလိုက်မိတာမျိုး အများကြီးပါ။ စဉ်းစားကြည့်၊ သတိထား ကြည့်ရင် ဒုစရိုက် နဲ့ ငြိနေတာတွေ အများကြီးပါ။ ဆဲဆိုတာတွေ ၊ အတင်းအဖျင်း အကျိုးမဲ့စကားတွေ ပြောကြတာတွေအပါပေါ့။ ဆရာတော်တွေ ဟောတဲ့ တရားတွေမှာ လည်း အများအပြားပါ။ ဒုစရိုက်မဖြစ်ဖို့ ထိန်းသိမ်း သင့်တဲ့ ကံသုံးပါး ကို မိမိ တစ်နေ့တာဖြတ်သန်း ပြီးသွားတဲ့အခါ ဘာတွေများလုပ်ခဲ့လို့ ဘာတွေ သုစရိုက် ၊ ဒုစရိုက် လုပ်ခဲ့မိတယ်ဆိုတာ စဉ်းစားစေလိုပါတယ်။ ဥပဒေ ကြောင်းအရ ပြဋ္ဌာန်းထားတဲ ဒုစရိုက်ထက် ဓမ္မကြောင်းအရ ဒုစရိုက်ဟာ ပိုမိုလေးနက်သိမ်မွေ့လှပါတယ်။

မြတ်စွာ ဘုရားရှင်က “ရာဟုလောဝါဒသုတ်” မှာ “မလုပ်မီ ၊ မပြောမီ ၊ ၊ မကြံစည်မီ ကြည့်ရှု ဆင်ခြင်ပါ” ကြည့်ရှုဆင်ခြင်၊ ငြီးငွေ့၊ ရှက်ရွံ့၊ စက်ဆုပ်ရမည်။ ပြုမိပြီဆိုရင် ၊ ပညာရှိထံ၊ ဆရာ့ထံ၊ သီတင်းသုံးဖော်တို့ ထံ ၌ ပြောကြားရမည်၊ ဖွင့်ပြရမည်၊ ထင်စွာပြုရမည်၊ နောင်အခါ၌ စောင့်ရှောက်ခြင်းသို့ရောက်ရမည်၊ သုတ်သင်ရမည် ဆိုတာ ဟောတော်မူခဲ့ပါတယ်။ (အမ္ဗလဋ္ဌိက ရာဟုလောဝါဒသုတ်၊ မဇ္ဈိမနိကယ်၊ မဇ္ဈိမ ပဏ္ဏာသ ပါဠိတော် မြန်မာပြန်)

မိမိတို့ ဗုဒ္ဓဘာသာဝင် အားလုံးအနေဖြင့်လည်း သတိမထားမိဘဲ ဒုစရိုက်တွေ စုစုသွားပြီး ကြီးမားတဲ့ ကံအဖြစ်ပြောင်းသွား ခဲ့ရင် ဆိုးကျိုးကြီးကြီးမားမား လာမှာပါ။ ပေါ့ပေါ့ မထားသင့်တဲ့ ကြောက်စရာကံတွေ ပါ။

“မကောင်းမှုရှောင် ၊ ကောင်းမှုဆောင် ၊ ဖြူအောင်စိတ်ကိုထား” ဆိုတာ အများကြားဖူးပါတယ်။ တစ်နေကုန် စိတ်ကို ဖြူအောင်ထားဖို့ ဆိုတာ သိပ်ခက်သလို ဖြစ်လာအောင် ကျင့်ယူရမှာပါ။ အချိန်ကြာကောင်း ကြာပေမယ့် တဖြည်းဖြည်း ဖြူလာအောင်ကျင့်သင့်ကြောင်းတိုက်တွန်းလိုပါတယ်။

အဆုံးသတ်အနေနဲ့ “ငါတို့ မကောင်းတာ ဘာမှ မလုပ်တာ” ဆိုတာ ဟုတ်ပါရဲ့လား၊ ကျွန်တော်လည်း စဉ်းစားမယ်။ အားလုံးလည်းစဉ်းစားမယ်။ မျှဝေအကြံပေးကြမယ်။ တဖြည်းဖြည်း ကျင့်သုံး လိုက်နာမယ်ဆိုရင်…… မကောင်းသောအကျင့်စရိုက်မှ………ကောင်းသောအကျင့်ဆီသို့……

posted by win lwin

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...