Monday, August 1, 2011

မိုးရေထဲက ဆရာမ

(ကျွန်မဘဝ တပိုင်းတစလေးပါ.. မျှဝေပါတယ်)

ကျွန်မကျောင်းနေစ ကလေးဘဝမှာ ကျွန်မနေတဲ့ ရွာဟာ တော်တော်ဆင်းရဲပါတယ်။ ရွာခံတွေက တခြားစီးပွားမလုပ်တတ်ဘဲ တောင်ယာတွေပဲ လုပ်ကိုင်စားကြတယ်။ ရွာရှိလူနေအိမ်အများက ထရံကာ၊ သက်ကယ်မိုးတွေပါ။ ချမ်းသာတဲ့လူ အနည်းစုကသာ တိုက်တွေ၊ သွပ်တွေနဲ့ နေကြပါတယ်။ သက်ကယ်တွေက သိတဲ့အတိုင်း တာရှည်မခံပါဘူး။
အလွန်ဆုံးခံ တစ်မိုး၊ နှစ်မိုးပါပဲ။ ယက်လုပ်တဲ့ သက်ကယ် အထူအပါးပေါ်လည်း မှုတည်ပါတယ်။ နွေမှာ တအားပူရင် သက်ကယ်တွေက ကြွပ်ဆတ်ပြီး ကော့လိမ်နေတတ်တယ်။ ကြာရှည် နေအလှန်းခံရတော့ ဆွေးမြေ့မြန်ပါတယ်။ မိုးမရောက်ခင် သက်ကယ်အသစ် မလဲနိုင်ရင် အဲဒီအိမ်ဟာ ရှိသမျှ ပန်းကန်ခွက်ယောက်တွေနဲ့ မိုးရေခံကြရတယ်။ ရှိသမျှ မိုးကာတွေနဲ့ မိုးယိုပေါက်တွေကို တတ်နိုင်သမျှ ဖာထေးကြရတယ်။ မိုးကြီးရင်တော့ ရှိသမျှပစ္စည်းတွေကို မိုးကာနဲ့ အုပ်ထားရုံပဲ တတ်နိုင်ခဲ့တယ်။

ကျွန်မတို့ရွာမှာရှိတဲ့ကျောင်းက မူလတန်းအထိပဲရှိလို့ ရွာက လူတွေက ကိုယ်ထူကိုယ်ထနဲ့ တွဲဖက်အလယ်တန်းကျောင်း ဆောက်ခဲ့ပါတယ်။ အစိုးရကျောင်းမဟုတ်တော့ ဆရာမတွေကို လိုက်ငှားခဲ့ရတယ်။ ဆရာမတွေက အများအားဖြင့် တောင်ကြီးမြို့၊ ရွှေညောင်မြို့ပေါ်ကဖြစ်တယ်။ ရွာကဆင်းရဲတော့ ဆရာမတွေကို အုတ်နဲ့တိုက်နဲ့ မထားနိုင်ခဲ့ပါဘူး။ ခြေတံတို တဲထက်ကြီးတဲ့ အိမ်လေးမှာ ဆရာမတို့ နေခဲ့ကြရတယ်။ ထုံးစံအတိုင်း ရွာမှာ အများဆုံးတွေနိုင်တဲ့ သက်ကယ်မိုးထရံကာ အိမ်လေးပေါ့။

မြို့ပေါ်မှာနေ မြို့ပေါ်မှာကြီးလာကြတဲ့ ဆရာမတွေက စေတနာရှိလို့သာ ရွာတွေမှာ အပင်ပန်းခံပြီး စာလာပြကြတယ်။ နွေဆိုရင် ကျောင်းပိတ်လို့ ထားလိုက်ပါတော့။ ဆောင်းဆိုရင်လည်း သိပ်မဆိုးသေးဘူး။ မိုးဆိုရင် သူတို့တော်တော် ဒုက္ခရောက်ကြရတယ်။ မိုးယိုနေတဲ့ အိမ်မှာနေ၊ ဗွက်တွေထူတဲ့လမ်းမှာလျှောက် မြို့ပေါ်မှာ ကျော့ကျော့မော့မော့နေနိုင်ရက်နဲ့ တောထဲရွာထဲမှာ စာလာပြကြတဲ့ သူတို့ရဲ့စေတနာနဲ့ အနစ်နာကတော့ နှိုင်းပြစရာတောင် မရှိလောက်အောင်ပါပဲ။ အဆိုးဆုံးက မိုးရွာရင် ထင်းမီးမစွဲတဲ့ ကိစ္စပဲထင်ပါတယ်။ မြို့မှာလို လျှပ်စစ်မီး၊ မီးသွေးနဲ့ ထမင်းချက်တာမဟုတ်တော့ မိုးတွေရွာရင် အိမ်အောက်မှာ ပုံထားတဲ့ထင်းတွေ မိုးရေစိုပြီး မီးမွေးမရတော့ပါဘူး။ ပြောင်းလာစ ဆရာမတွေကို အနီးအနား ရွာခံတွေက တတ်နိုင်သလောက် ကူညီကြပါတယ်။ ထင်းဆိုရင် တစ်အိမ် တစ်လှည့်ကျ၊ ရန်ပုံငွေတွေ ကောက်ပြီး ပြုပြင်သင့်တာတွေ ပြုပြင်ပေးခဲ့တယ်။ ဒါပေမယ့်လည်း ဆင်းရဲတဲ့ရွာဆိုတော့ ထင်သလောက် အရာမရောက်ခဲ့ပါဘူး။

အနေဆင်းရဲ၊ အစားဆင်းရဲတဲ့ရွာမှာ အကြောင်းအမျိုးမျိုးကြောင့် တစ်နှစ်ပဲလုပ်ပြီး ပြောင်းသွားကြတဲ့ ဆရာမတွေ ရှိသလို တပည့်တွေကို သံယောဇဉ်ဖြစ်ပြီး ပစ်မထားရက်ခဲ့လို့ နှစ်နဲ့ချီပြီးလုပ်ခဲ့တဲ့ ဆရာမတွေလည်းရှိပါတယ်။ တစ်ခါခါ ဆရာမတွေ မလုံလောက်လို့ ကျောင်းအုပ်ကြီး ကိုယ်တိုင် အတန်း၂တန်း ၃တန်းကို သင်ခဲ့ရတာလည်း ရှိခဲ့ပါတယ်။ ဒါတောင် ကျွန်မနေတဲ့ရွာက ချောင်မကျသေးပါဘူး။ မြို့နဲ့ အလွယ်တကူ သွားလာနိုင်တဲ့ရွာလေးပါ။ ကျွန်မတို့ရွာနဲ့ နီးစပ်ရာတချို့ရွာက ကားလမ်းတောင် မပေါက်ပါဘူး။ နွားလှည်းနဲ့ပဲ သွားကြရတယ်။ ဘယ်လိုပဲ ခက်ခဲပါစေ.. ဆရာမတွေက စေတနာရှိရှိ စာသွားပြခဲ့ကြတယ်။ နေနိုင်လို့ပဲဖြစ်ဖြစ်၊ မနေနိုင်လို့ပဲဖြစ်ဖြစ် သူတို့ မွေးထုတ်ပေးလိုက်တဲ့ ပညာတတ်တွေက လက်ချိုးရေလို့ မကုန်ခဲ့ပါဘူး။

ကျွန်မတို့ ငယ်ငယ်က ရွာမှာ ဘွဲ့ရပညာတတ်ဆိုတာ ရှားပါတယ်။ ဆယ်တန်းအောင်ထားတဲ့သူဟာ ရွာသားတွေရဲ့ အထင်ကြီး လေးစားမှုကို ခံကြရတယ်။ တက္ကသိုလ်တက်နေတဲ့လူဆိုရင် မပြောပါနဲ့တော့။ အဲဒီလူရဲ့နာမည်ကိုတောင် မခေါ်တော့ဘဲ တက္ကသိုလ်ကျောင်းသား တက္ကသိုလ်ကျောင်းသားနဲ့ တဖွဖွ ချီးကျူးလို့ မဆုံးတော့ပါဘူး။

မိုးတွေရွာရင် ဆရာမတွေက မိုးရေနဲ့အတူ တစ်ချိန်က ရွာမှာနေခဲ့ဖူးတဲ့ ပင်ပင်ပန်းပန်းဘ၀ကို အမှတ်တရ အနေနဲ့ သတိရချင်ရကြမယ်။ ဒုက္ခရောက်ခဲ့တာကို သားသမီးမြေးတွေကို ပြောပြပြီး လွမ်းချင်လည်း လွမ်းနေကြမယ်။ ကျွန်မတို့ကို မှတ်မိချင်မှမှတ်မိကြမယ်။ ဒါပေမယ့် ကျွန်မတို့က မိုးရေလိုအေးမြတဲ့ သူတို့ရဲ့ စေတနာ၊ အနစ်နာနဲ့ ကရုဏာတွေကို ဘယ်လိုမှမေ့လို့ရမှာ မဟုတ်ပါဘူး။

မိုးတွေရွာရင် အထူးသဖြင့် မိုးတွေယိုတဲ့ အိမ်၊ ရွံ့ဗွက်တွေ ထူတဲ့လမ်းကိုလျှောက်မိရင် တစ်ချိန်က ဆရာမတွေကို ပိုလွမ်းမိပါတယ်။ မိုးစက်မိုးပြောက်တွေနဲ့ အတူ ဆရာမတွေကို ကျေးဇူးတင်ကြောင်း၊ အားနာမိကြောင်း၊ အောင့်မေ့မိကြောင်း၊ သူတို့မွေးထုတ်ပေးလိုက်တဲ့ ပညာတတ်တပည့်တွေ မိုးအောက်မှာ ရှိနေပြီဖြစ်တဲ့အကြောင်း သူတို့ပျိုးခဲ့တဲ့ မျိုးစေ့လေးတွေ မိုးရေနဲ့အတူ အညှောင့်ပေါက်ပြီး စိမ်းလန်းစိုပြေခဲ့ပြီ ဆိုတဲ့အကြောင်း ပြောပြချင်ပါတယ်။ တစ်ချိန်က မိုးသံနဲ့အတူ စာအံသံတွေညံခဲ့တဲ့ တောင်ကြီး-ရပ်စောက်သွားလမ်းပေါ်က ဟဲကယ်ရွာ တွဲဖက်အလယ်တန်းကျောင်းကို ဆရာမတွေ ပြန်အောင့်မေ့မိခဲ့မယ်ဆိုရင် ကျွန်မဟာလည်း သူတို့မွေးထုတ်ခဲ့တဲ့ တပည့်တစ်ဦးဖြစ်ကြောင်း မိုးရေနဲ့အတူ သတင်းပါးလိုက်ချင်ပါတယ်..... ။

မင်္ဂလာပါ ဆရာမ... ကျေးဇူးတင်ပါတယ် ဆရာမ

နိုင်းနိုင်းစနေ (Tuesday, June 19, 2007)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...