Monday, August 1, 2011

မိုးစာ

Cloud Cuckoo Land created a doc.
မိုးကလေး တဖွဲဖွဲ ရွာလိုက်သည်နှင့် မန္တလေးသူ၊ မန္တလေးသားတွေ ကတော့ အိမ်ထဲကအိမ်ပြင် မထွက်တော့ဘဲ အိမ်ထဲမှာပဲ နှပ်နေကြတော့သည်။ မသွားမဖြစ်သည့် ရုံးသူရုံးသား၊ ၀န်ထမ်းတွေကသာ မိုးကာလေးဝတ်ကာ မိုးဖွဲဖွဲထဲ သွားလာနေကြသည်ကို တွေ့ရသည်။ မိုးဖွဲဖွဲကို ငေးကြည့်ရင်း ရင်မောနေသူတွေကတော့ ပန်းရန်သမားတွေ၊ လက်သမားတွေ ဖြစ်သည်။ နေ့တွက်ကလေးကို ခွဲခြမ်း စားသောက်ရသော သူတို့မှာ မိုးရွာ၍ အလုပ်နားကြရတော့ တစ်နေ့စာ စားသောက်ရေး အတွက် အကြွေးဝယ်၊ ငွေချေးရတော့သည်။


မန္တလေးလို မြို့ကြီးတွေမှာတော့ မိုးတွင်း စားသောက်ဖို့ ကြိုတင်စုဆောင်း သိုလှောင်ထားရသည့် မိုးစာဆိုတာ မရှိပေ။ နွေနွေ၊ မိုးမိုး၊ ဆောင်းဆောင်း လိုချင်တာကို ၀ယ်၍ ရနိုင်သည့် ဈေး၊ ဆိုင်၊ စူပါမားကတ်ကြီးတွေ ရှိနေသည်။ သူတို့အဖို့ မိုးစာ ဆိုတာကို သီးသန့် စုဆောင်း သိုလှောင်ထားစရာ မလိုပေ။ မိုးကောင်းပြီး လုပ်ငန်းခွင် ၀င်ကြရသည့် ဒေသတွေမှာတော့ မိုးစာကို သီးသန့် စုဆောင်းထားကြရသည်။
မိုးကောင်း၍ ရေတွေကြီးလာလျှင် ကိုယ့်အိမ်ထဲမှာပဲ နေလျင်နေ၊ လယ်ယာလုပ်ငန်းခွင်ထဲကိုပဲဆင်း စုဆောင်းထားသည့် မိုးစာနှင့် စခန်းသွားကြရသည်။ အလွယ်တကူ ၀ယ်ယူရရှိနိုင်သည့် ဈေးကလည်း မိုးထဲလေထဲတွင်
ရောင်းချရတာ အဆင်မပြေတော့ ဈေးက ကျိုးတိုးကျဲတဲ ဖြစ်နေတတ်သည်။
လယ်သမားများ ဖြစ်ကြသည့် ကျွန်တော်၏ မိဖများကတော့ မိုးစာကို ကြိုတင်၍ စုဆောင်း သိုလှောင် ထားတတ်သည်ကို ငယ်ငယ်ကတော့ ဘာကြောင့် ဟူ၍ မစဉ်းစားမိခဲ့ပေ။ ကျွန်တော့်အမေ၏ အစ်မ အကြီးဆုံးကို ကျွန်တော်က အမိဟု ခေါ်ပြီး ထိုအစ်မ အကြီးဆုံး၏ ယောက်ျားကိုတော့ အဖဟု ခေါ်သည်။ လောင်းလုံမြို့နယ်ထဲတွင်ပါသည့် ကျွန်တော်တို့ ရွာကလေး၏ အမည်က မြေရှောင်ရွာ ဖြစ်သည်။
ကျွန်တော်တို့ တနင်္သာရီတိုင်းက မိုးများသည့်ဒေသ ဖြစ်လေရာ မိုးတွင်းရောက်ပြီဆိုလျှင် နေ့တိုင်းလိုလို မိုးရွာသည်။ မိုးရေချိန်ကလည်း များသည်။ တစ်နေကုန် နေ့ရောညပါ လုံးဝ မစဲဘဲ တစ်ပတ် ၁၀ ရက် ရွာသည့်နေ့တွေ ရှိသည်။ ရွာလိုက်၊ ရပ်လိုက်၊ ပြန်ရွာလိုက်ကတော့ နေ့တိုင်း ဖြစ်သည်။

နွေရာသီကတည်းက မိုးစာအတွက် အမိက ပြင်ဆင်နေပြီ ဖြစ်သည်။ ငါးခြောက်တွေ အများအပြားဝယ်ကာ စဥ့်အိုးတွင် သိုလှောင်ထားသည်။ ငါးခြောက်ကို ကြွပ်နေအောင်လှန်းပြီး အတုံးကလေးတွေတုံးကာ စဥ့်အိုးထဲတွင်
ငါးခြောက်တစ်ထပ်၊ ဖွဲတစ်ထပ်ဖြင့် လှောင်ထားရသည်။ ငါးခြောက်က ဆားပါတော့ မိုးငွေ့ရိုက်သည်နှင့် အစိုဓာတ်ပြန်ပေါက်ကာ စိုလာတတ်သည်။ ဖွဲက အစိုဓာတ်ကို ထိန်းပေးတော့ ငါးခြောက်တွေ အစိုမပြန်တော့ဘဲ
ခြောက်နေတော့သည်။
ထို့အတူ မရမ်းသီးခြောက်တွေကိုလည်း မရမ်းပြားအဖြစ် စဥ့်အိုးကြီးတွေထဲ ထည့်သိပ်ကာ မိုးစာ လှောင်ထားရသည်။ ထိုမရမ်းပြားက မိုးတွင်း တစ်လျှောက်လုံး အချဉ်နေရာတွင် သုံးသည်။ အချဉ်နေရာတွင် သုံးရန် အတွက် သစ်တိုသီးတွေကိုလည်း အချဉ် တည်ထားရသည်။ သစ်တိုသီး အမှည့်ကို အခွံနွှာပြီး အလုံးလိုက် ဆားရည်စိမ်သလို၊ နှစ်ခြမ်းခွဲ အစေ့ထုတ်ပြီးလည်း ဆားရည်စိမ်သည်။ တချို့ကတော့ အခွံမနွှာတော့ဘဲ အလုံးလိုက် စိမ်သည်။ ချဉ်သွားလျှင် အပေါ်ယံအခွံကို လက်ဖြင့် ပွတ်လိုက်သည်နှင့် ကွာကျသွားသည်။
တညင်းသီး ဆားရည်စိမ်ကလည်း မိုးစာ ဖြစ်သည်။ နွေအကုန် မိုးအကူးတွင် လှိုင်လှိုင်ပေါလာသည့် တညင်းသီးများကို ဆားရည်စိမ်ထားပြီး မိုးတွင်းကာလ စားကြခြင်း ဖြစ်သည်။ မိုးထဲပစ်ထားပြီး အပင်ပေါက်လာသည့် တညင်းဝက် စိမ်းစိမ်းတွေကိုလည်း ဆားရည်စိမ်ထားကြသည်။

ငါးပိကတော့ စဥ့်အိုးတွေဖြင့် သိပ်ထားသည် ဖြစ်ရာ မိုးတွင်းသာမက နွေရော၊ ဆောင်းမှာပါ ငါးပိအိုးတွေကတော့ အိမ်တွင် ရှိသည်။ မိုးတွင်းကာလတွင် ငါးပိလုပ်၍ မရပေ။ နွေရာသီ ကတည်းက ငါးပိကိုဝယ်ပြီး နေလှန်းကာ
သစ်သားဆုံကြီးဖြင့် ညက်သထက်ညက်အောင် ထောင်းရသည်။ ညက်သွားပြီ ဆိုတော့မှ စဥ့်အိုးထဲတွင် လေ၀င်ပေါက် မရှိအောင် ဖိသိပ်ထည့်ရသည်။ ငါးပိကပိုပြီး ဖိကာဖိကာ သိပ်ရသည်။ လေ၀င်သွားသည်နှင့် ပွတက်လာကာ ငါးပိပျက်တော့သည်။ ငါးပိရည်တွေ အများကြီး ထွက်လာပြီး ငါးပိကတော့ ပျက်သွားတော့သည်။ ငါးပိရည် ထွက်မလာနိုင်အောင် ဖိသိပ်ထည့်ရသည်။
ကျွန်တော်တို့ ငယ်ငယ်ကတော့ ဟင်းချိုမှုန့်တွေ မသုံးပေ။ ငါးအချိုခြောက်တွေကို ကျပ်တင်ထားပြီး ဟင်းထဲထည့်ခတ်သည်။ ပုစွန်ခြောက်ကို ဖန်ပုလင်းနှင့် ထည့်ထားကာ ဟင်းထဲ ထည့်ခတ်သည်။ ဟင်းချက်ရာ၊ အသုပ်သုပ်ရာတွင် သုံးသည်။ သည်ဘက်ပိုင်း ရောက်လာတော့ လွယ်သည့် ဟင်းချိုမှုန့်တွေကိုပဲ သုံးလာကြရာ ဟင်းခတ်သည့် ကျပ်တင်ငါး အချိုခြောက်တွေ ရှားပါးစာရင်း ၀င်သွားသည်။ ပုစွန်ခြောက်ကိုတော့ သုံးနေကြဆဲ ဖြစ်သည်။
မိုးတွင်း လယ်ထဲဆင်းရပြီ ဆိုသည်နှင့် အမိက သူရင်းငှား (ရင်ခ)တွေ စားဖို့အတွက် မိုးစာတွေကို လယ်ထဲပို့သည်။ ထိုမိုးစာများကို ချက်ပြုတ် စားသောက်ရင်းပင် မိုးအလုပ်ကို လုပ်ကြရသည်။ တစ်ခါတရံ ဟိုကခူး၊ ဒီကခူးလာသည့် ဟင်းသီးဟင်းရွက် ကလေးတွေပါသည်။ လယ်ကွက်ထဲ ၀င်လာသည့် ငါးတွေကို ကတွက်ပေါက်က မြုံးထောင်ကာ ဖမ်းထား ည့်ငါး ပါသည်။ တစ်မိုးလုံး မိုးစာနှင့်ပဲ စခန်းသွားကြရသည်။

မြန်မာပြည် အလယ်ပိုင်းက နေရာတွေရောက်တော့ သူတို့လည်း မိုးစာတွေ ပြုလုပ် ရောင်းချနေကြသည်ကို တွေ့ရသည်။ မှိုခြောက်၊ မျှစ်ခြောက်၊ လက်ပံပွင့်ခြောက်၊ မရမ်းသီးခြောက်၊ သရက်သီးခြောက် စသည့်
အပွင့်အခြောက်တွေကို တွေ့ရသည်။ သူတို့ကလည်း မိုးရာသီ လယ်ထဲဆင်းလျှင် ထိုအခြောက်အခြမ်းများ၊ ပဲမျိုးစုံကို သုံးကြရသည်။

စဥ့်ကိုင်းမြို့က နာမည်ကြီး မီးကုန်ပဲလှော်နေသူတွေကို စကားစပ်မိတော့ မိုးတွင်း လယ်လုပ်ချိန်၊ နွေရာသီ လယ်နားချိန်၊ ဆောင်းရာသီ လယ်သိမ်းချိန်တွေထဲမှာ လယ်လုပ်ချိန် နှင့် လယ်သိမ်းချိန်တွေသည် ပဲလှော်
ရောင်းအားတက်ချိန်ဟု ဆိုကြသည်။ တောင်သူ လယ်လုပ်သူတွေက လယ်လုပ်ငန်း၊ တောင်သူလုပ်ငန်းတွေကို ၀ီရိယ စိုက်နေကြရတော့ စားရေး၊ သောက်ရေးဘက်ကို ကရိကထများအောင် မလုပ်ကြပေ။ ၀မ်းဖြည့်ရုံပဲ
လုပ်ကြရသည်။
ယခုနောက်ပိုင်းမှာတော့ ဟင်းသီးဟင်းရွက်၊ အပင်အမြစ်တွေကို အခြောက်ပြုလုပ်ပြီး ရောင်းနေကြလေရာ ထိုအခြောက်အခြမ်းများက မိုးစာသာ မကတော့ဘဲ ရှားပါးချိန်၊ လတ်ဆတ်သည့် သီးနှံတွေ မပေါ်မီ ထိုသီးနှံအခြောက်ကိုပဲ စားကြလေရာ အိမ်တွင် အဆင်သင့်ထားသည့် စာရင်းတွင် ပါလာသည်။ မြစ်နား၊ ချောင်းနား နေသူတွေမှာ မိုးရာသီ မြစ်တွေ၊ ချောင်းတွေ ရေလျှံလာလျင် ရွာထဲထိ ၀င်လာလေရာ ထိုအခြောက်အခြမ်းများ၊ ပဲမျိုးစုံကိုပဲ အားကိုး စားသောက်ကြရသည်။
တစ်နှစ်က မိုးဦးလေဦးတွင် ကျွန်တော် ထားဝယ်ကို ရောက်သွားသည်။ အမိအဖတို့၏ လယ်ကို အစ်မက ဦးစီးပြီး လုပ်နေသည် ဆိုတော့ ကျွန်တော် ရွာကို အလည်ဆင်းသွားခဲ့သည်။ ကျွန်တော် ရောက်သွားချိန်က ထမင်းစားချိန် ဖြစ်နေလေရာ သူရင်းငှား နှစ်ယောက်နှင့်အတူ ကျွန်တော်ပါ ထမင်းဝိုင်း ၀င်ထိုင်လိုက်သည်။ ထမင်းစားပွဲတွင် ငါးသေတ္တာငါးချက်၊ အသင့်စား ကြာဆန်ဟင်းရည်၊ အတို့အမြှုပ်တို့ ပါဝင်သည်။ ကျွန်တော်တို့ ငယ်ငယ်က စားခဲ့ရသည့် မိုးစာ တစ်ခုမှ မပါဝင်ပေ။

''ငါ့မောင်ကတော့ ငယ်ငယ်တုန်းက စားခဲ့ရတာတွေကို လွမ်းချင် လွမ်းနေမှာပဲ။ မိုးစာတွေလည်း သိပ်မလုပ်နိုင်တော့ဘူး။ လွယ်တာတွေပဲ ၀ယ်ချက်လိုက်တာပဲ။ ဈေးဆိုင်သွားပြီး ငါးသေတ္တာတို့၊ အသားလိပ်တို့၊
ခေါက်ဆွဲထုပ်ကလေးတွေ၊ ကြက်ဥရယ် ၀ယ်ထားလိုက်ရင် ပြီးရော။ ချက်ရတာလည်း မြန်တယ်။ မိုးစာ လုပ်ရတာကလည်း လက်ဝင်တာကိုး''
အစ်မက ပြောင်းလဲလာသည့် အနေအထားကို ပြောပြနေသည်။ အစ်မဆီကနေ ပြန်လာပြီး နောက်တစ်ရွာကို ကျွန်တော်ဝင်သည်။ ထိုရွာမှာ ကျွန်တော့်အဒေါ် တစ်ယောက် ရှိနေသေးသည် ဆိုတော့ ၀င်ရောက် နှုတ်ဆက်သည်။
ညနေစာစား တစ်ညအိပ်ပြီး ပြန်ဖို့ အဒေါ်က ဆွဲခေါ်နေလေရာ ထားဝယ်ရောက်ဖို့ ခက်လာသည့် ကျွန်တော်လည်း အဒေါ် ကျေနပ်အောင် တစ်ည အိပ်လိုက်ရသည်။ညနေစာက မိုးစာတွေချည်း ချက်ထားသည်ကို တွေ့ရသည်။ အိမ်ရှေ့ ဖြတ်လာသည့် ဟင်းသီးဟင်းရွက်သည်ဆီက တစ်ခါတလေ ၀ယ်တာကလွဲ၍ အဒေါ်က မိုးစာနှင့်ပဲ မိုးတွင်းကို ဖြတ်သန်းနေဆဲ ရှိသည်ကို တွေ့ရလေသည်။

ထိုနေ့ ညနေစာတွင် သစ်တိုသီးချဉ်ကို ငါးပိချက် ချက်ထားသည်။ တညင်းသီး ဆားရည်စိမ်ကို အမြှုပ် လုပ်ရသည်။ ငါးခြောက်ကို မရမ်းပြားခြောက်ခတ်ကာ ချက်ထားသည်။ထူးထူးခြားခြား ငါးအချိုခြောက် ကျပ်တင်ကို
ငရုတ်ကောင်းခတ်ကာ ဟင်းချိုရည် ချက်ထားသည်ကို သောက်ခဲ့ရသည်။
ကျွန်တော့်အဒေါ်က အချိုမှုန့်ကို မကြိုက်။ နည်းနည်းကလေးထည့်ပြီး နင်းကန် ချိုနေတာကြီးက မဟုတ်သေးပါဘူးကွယ်ဟု ဆိုသည်။ သူက ပုစွန်ခြောက်နှင့် ကျပ်တင်ခြောက်ကိုပဲ သုံးသည်။ အဒေါ့်ထံတွင် ကျပ်တင်ခြောက်တွေကို စဥ့်အိုးကြီးနှင့် ထည့်ထားသည်။ ထိုငါးကျပ်တင်ခြောက်တွေကို သူက ဟင်းခတ်ရာ ထည့်သည်။ ငရုတ်ကောင်းခတ်ပြီး ဟင်းချိုရည် ချက်သောက်သည်။ မီးကင်ပြီး အတို့အမြှုပ် လုပ်စားသည်။
သူချက်ကျွေးသည့် ညနေစာကို အားပါးတရ စားနေသည့် ကျွန်တော့်ကို ကြည့်ပြီး အဒေါ်က သဘောကျနေသည်။ နေ့လယ်က အစ်မတဲမှာ ထမင်းစားခဲ့သည့် ကျွန်တော့်ကို ထမင်းမှ စားခဲ့ရဲ့လားဟု မေးနေသည်။ ထမင်းစားပြီးတော့ အဒေါ်က ရေနွေးကြမ်း ချပေးသည်။ ကြံသကာတွေ ချကျွေးသည်။ ကျွန်တော်တို့ ထားဝယ်က ညင့်တပ်ဟုခေါ်သည့် ဓနိသကြားဖြင့် ချက်ထားသော သကြားခဲကို ချပေးသည်။ မိုးစာထဲတွင် အပါအ၀င် ဖြစ်သော အချိုများ ဖြစ်သည်။ ကြွပ်အောင်လှန်းပြီး ဖန်ပုလင်းကြီးများဖြင့် မိုးစာ သိမ်းထားသည့် အချိုများ ဖြစ်သည်။

အချိုမှုန့်နဲ့ဆား ရှိရင် ဘာပဲဖြစ်ဖြစ် အရသာ ရှိသွားတာပါပဲ ငါ့မောင်ရယ်ဟု ပြောလိုက်သည့် အစ်မ၏စကားနှင့် ဒီလောက် နည်းနည်းလေးနဲ့ နင်းကန်ချိုနေတာကြီးက မဟုတ်သေးပါဘူးကွယ် ဆိုတာကို သတိရနေမိသည်။
ယခုခေတ်က လွယ်ရာ၊ သက်သာရာကိုပဲ လိုက်နေလေတော့ရာ မိုးစာ ဟူ၍လည်း ကျွန်တော်တို့ ငယ်ငယ်တုန်းကလို တခုတ်တရ လုပ်မနေကြတော့ဘဲ အလွယ်စား၊ အသင့်စားတွေကပဲ နေရာ ၀င်ယူလာနေသည်ကို
တွေ့လာရသည်။
မိုးစာကို တခုတ်တရလုပ်ကာ စားသောက်နေဆဲ ရှိသည့် အသက် ၈၀ ကျော် အဒေါ်ကတော့ ကိုယ်တိုင် ချက်ပြုတ်၊ လျှော်ဖွပ်၊ မီးပူတိုက်၊ သန့်ရှင်းရေးလုပ်နှင့် လှုပ်လှုပ်ရှားရှား ရှိနေလေသည်။ အလွယ်စား၊ ရယ်ဒီမိတ် အစာများ စားသောက်ကာ အချိုမှုန့် လှိုင်လှိုင်၊ ကော်ဖီမစ် အတွဲလိုက်နှင့် စခန်းသွားနေကြသည့် ကျွန်တော်တို့ အစ်မတို့တစ်တွေ အဒေါ်လောက် သက်တမ်းရှည်ပါ့မလား၊ အဒေါ့်လို သက်တမ်းရှည်လျှင်လည်း အဒေါ့်လို လှုပ်လှုပ်ရှားရှား နေနိုင်ပါ့မလားဟု တွေးမိသည်။
ကျွန်တော်ကတော့ အဒေါ် ချက်ကျွေးလိုက်သည့် ထမင်းဝိုင်းမှ ကျပ်တင် ငါးခြောက် ဟင်းရည်လေးကို လွမ်းနေမိသည်။ ငယ်ငယ်တုန်းက ငြီးငွေ့အောင် စားခဲ့ရသည့် မိုးစာ ထမင်းဝိုင်းများကို လွမ်းသည်။ ကောင်းတာတွေ နေရာတွင် လွယ်တာတွေ နေရာယူတာ များလာလျှင် ကျွန်တော်တို့၏ တန်ဖိုးတွေ ပဲ့ပဲ့ပါသွားပြီး လုံးပါး ပါးသွားနိုင်သည်ဟု တွေးကာ မိုးစာကနေ တခြား အကြောင်းတွေကိုပါ ဆက်စပ် စဉ်းစားနေမိတော့သည်။

Written by စိုးဘားဒိုင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...