Monday, August 1, 2011

မှားယွင်းသောမျှော်လင့်ချက်များနဲ့ မြန်မာ့နိုင်ငံရေး

လူတွေဟာ မျှော်လင့်ချက်နဲ့ အသက်ရှင်တယ်လို့ဆိုပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာ မှားယွင်းတဲ့ မျှော်လင့်ချက်ဟာလည်း လူကို ဒုက္ခပေးတတ်ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်က ဖတ်ဖူးတဲ့ ဘကြီးအောင် ညာတယ် ဆိုတဲ့ ပုံပြင်လေးဟာ မှားယွင်းတဲ့မျှော်လင့်ချက် False Hope ရဲ့ အန္တရာယ်ကို ပြောတာလို့နားလည်မိပါတယ်။

နိုင်ငံရေးနယ်ပယ်မှာလည်း ဒီပြဿာနာရှိပါတယ်။ အထူးသဖြင့် ပြောင်းလဲရေးကို လူတွေလိုလား နေတဲ့အချိန်၊ စီးပွားရေးအခက်အခဲတွေ၊ နိုင်ငံရေးအကျပ်အတည်းတွေဖြစ်နေချိန်မှာ အချို့နိုင်ငံရေး သမားများ၊ ပါတီများက မစားရ၀ခမန်းကတိများနဲ့ ရွေးကောက်ပွဲနဲ့ဖြစ်ဖြစ် အခြားနည်းလမ်းနဲ့ဖြစ်ဖြစ် အာဏာရလာကြပါတယ်။ ဒါပေမယ့် တကယ်တမ်း ကျတော့ လက်တွေ့မကျလှတဲ့ ကတိများကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်တဲ့အခါမှာ ပြည်သူတွေက သူတို့ကို ဆန့်ကျင်တာပြန်ခံရပြန်ပါတယ်။
အချို့အရှေ့ဥရောပနိုင်ငံတွေမှာ ကွန်မြူနစ်ပါတီတစ်ဖြစ်လဲ ပါတီများ ပြန်အာဏာရလာတာ၊ ရုရှားက ပူတင် လက်ထက်မှာပြန်ပြီး ဗဟိုထိန်းချုပ်မှုအားကောင်းတဲ့ အုပ်ချုပ်မှုစနစ်ကို ကျင့်သုံးလာတာတွေဟာ မှားယွင်းတဲ့မျှော်လင့်ချက် များအပေါ် လူတွေက စိတ်ကုန်ပြီး ဟိုတုံးကမှ တော်သေးတယ်ဆိုတဲ့ စိတ်တွေဝင်လာတာကြောင့်ပါပဲ။ ဖိလစ်ပိုင်က အာကွီနို၊ အင်ဒိုနီးရှားက မီဂါဝါတီ တို့ဟာလည်း သူတို့အပေါ် လူတွေက မှားယွင်းတဲ့ မျှော်လင့်ချက်တွေထားခဲ့တဲ့ ဒဏ်တွေကို ခံခဲ့ရတာပါပဲ။
ကျွန်တော်တို့ နိုင်ငံဟာလည်း အပြောင်းအလဲ ကာလတစ်ခုကို ဖြတ်သန်းနေတာပါ။ ဘယ်ပုံဘယ်နည်းနဲ့ အဆုံးသတ်မယ်ဆိုတာ မသိပေမယ့် အဆုံးသတ်ပန်းတိုင်ကတော့ ဒီမိုကရေစီစနစ်ဆိုတာ သေချာပါတယ်။ ၁၉၈၈ နောက်ပိုင်းမှာ ဒီမိုကရေစီဟာ မြန်မာနိုင်ငံမှာ ရေးပန်းအစားဆုံး စကားလုံးတစ်ခု Brand Name ဖြစ်လာပါပြီ။ တပ်မတော်ကလဲ ဒီမိုကရေစီ၊ ဆန့်ကျင်ဘက်အဖွဲ့အစည်းများကလဲ ဒီမိုကရေစီ၊ လက်ဝဲ၀ါဒီဟောင်းများကလည်း ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးယူထားတဲ့ တိုင်းရင်းသားအဖွဲ့များ၊ လက်နက်ကိုင်တိုက်ပွဲဆင်နွဲဆဲ တိုင်းရင်းသားအဖွဲ့များကလည်း ဒီမိုကရေစီ ပြောနေကြတာပါ။ အောက်ခြေ သာမန်ပြည်သူများအထဲမှာတော့ ဘယ်လောက်ပြန့်နှံ့နေလဲဆိုတာ လက်လှမ်းမမီပါ။ သို့သော် မိတ်ဆွေများ အပြောအရတော့ ကျေးလက်တွေမှာတောင် ဒီစကားနဲ့ သိပ်မစိမ်းဘူးလို့ သိရပါတယ်။ ရွာလူကြီးကို မကျေနပ်ရင်တောင် နေနှင့်ဦးပေါ့၊ ဒီမိုကရေစီရမှတွေ့မယ်လို့ ပြောတတ်နေပြီလို့ ဆိုပါတယ်။
ဒီမိုကရေစီကို လိုလားကြတာ ကောင်းတဲ့လက္ခဏာပါ၊ ဒါပေမယ့် သက်ဆိုင်သူများအနေနဲ့ သာမန် ပြည်သူများကို မှားယွင်းသောမျှော်လင့်ချက်များ မပေးဖို့တော့ သတိထားသင့်တယ် ထင်ပါတယ်။ ဒီမိုကရေစီနဲ့အတူ တာဝန်သိမှု၊ စည်းကမ်းရှိမှု၊ ဇွဲရှိမှု၊ စည်းလုံးညီညွတ်မှု၊ စွန့်လွှတ်စွန့်စား အနစ်နာခံမှုတွေ၊ အသိပညာအရည်အချင်းပြည့်ဝမှုတွေ၊ ဒီမိုကရေစီကို ဖော်ဆောင်ဖို့အတွက် လိုအပ်တဲ့ အဖွဲ့အစည်း ဆိုင်ရာ တည်ဆောက်မှုတွေ တပါတည်းပါလာမှသာလျှင် အဓိပ္ပါယ်ပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ကို ရနိုင်မှာ ဖြစ်ပါတယ်။
နောက်ပြီး ဒီမိုကရေစီဟာ နိုင်ငံတော်ရော၊ နိုင်ငံသားတစ်ဦးစီကိုရော ချက်ခြင်း ကြွယ်ဝချမ်းသာစေတဲ့ အကြောင်းတရား (Cause) မဟုတ်ပါဘူး။ လိုတရ ဆေးတောင်ဝှေးလဲ မဟုတ်ပါဘူး။ နောက်ပြီး ရွေးကောက်ပွဲ တစ်ခုတည်းနဲ့လဲ ဒီမိုကရေစီမဖြစ်ပါဘူး။ ဒီမိုကရေစီဟာ အေးချမ်းတဲ့၊ တန်းတူညီမျှမှုရှိပြီး ဥပဒေစိုးမိုးတဲ့ အသိုင်းအ၀ိုင်း ဖြစ်ပေါ်ဖို့၊ နိုင်ငံနဲ့ နိုင်ငံသားတွေ ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်နိုင်မယ့် အခွင့်အရေးနဲ့ အခြေအနေကိုသာ ဖန်တီးပေးမှာပါ။
အဲဒီတော့ မြန်မာနိုင်ငံမှာပါတီစုံ ရွေးကောက်ပွဲလုပ်တာနဲ့ လစ်ဘရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ခုရှိတာနဲ့ ပေမှီဒေါက်မှီ ဒီမိုကရေစီစနစ်ချက်ခြင်းပေါ်ထွန်းလာမယ်။ မြေကြီးပေါ်က ပဒေသာပင် ပေါက်သလို နေ့ချင်းညချင်း ချမ်းသာလာမယ်။ နိုင်ငံတကာက အကူအညီများ ဝေါကနဲရောက်လာပြီး တိုးတက်လာမယ်လို့ ထင်ရင်မှားသွားမှာပါ။
လစ်ဘရယ်ကျတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရှိတာရယ်၊ ရွေးကောက်ပွဲရှိတာရယ်၊ နိုင်ငံတကာက အကူအညီများ ပုံအောပေးတာရယ်နဲ့သာ တည်ငြိမ်မယ်။ တိုးတက်ချမ်းသာမယ်ဆိုရင် အာဖဂန်နဲ့ အီရတ်ဟာ ခုဆိုရင် ထိပ်တန်း ရောက်နေပြီပေါ့။
မြန်မာနိုင်ငံမှာလည်း နက်ရှိုင်းတဲ့ တိုင်းရင်းသားပြဿနာများ၊ လက်နက်ကိုင် သောင်းကျန်းမှု ပြဿာနာများ၊ စီးပွားရေး ပြဿနာများရှိပါတယ်။ ဒါတွေဟာ စစ်တပ်က အုပ်ချုပ်လို့ ဖြစ်တာဆိုပြီး ပုံချလို့တော့မရပါဘူး။ ဥပမာ တိုင်းရင်းသား လက်နက်ကိုင်သောင်းကျန်းမှု အများစုဟာ ပါလီမန်ဒီမိုကရေစီခေတ်မှာ စခဲ့တာပါ။ တော်လှန်ရေးကောင်စီ လက်ထက်မှာ ကာကွယ်ရေးတွေ ဗကပဖြစ်တာ၊ ရှမ်းသောင်းကျန်းမှုကျယ်ပြန့်လာတာနဲ့ ဦးနုရဲ့ ပါလီမန်ဒီမိုကရေစီပါတီ တော်လှန်ရေး လုပ်တာပဲရှိပါတယ်။ နအဖခေတ်မှာ ကျောင်းသားတပ်မတော် အသစ်ပေါ်လာပါတယ်။ ကျန်တာတွေကတော့ ပါလီမန်ဒီမိုကရေစီခေတ်မှာ ပေါ်ခဲ့တာပါ။
ဒီလိုပါပဲ လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေးဥပဒေဟာ ပါလီမန်ဒီမိုကရေစီခေတ်က စခဲ့ပြီး ယနေ့ လယ်သမားတွေ မြေပိုင်ဆိုင်ခွင့် ပြဿနာကြုံနေရတာရဲ့ အစပါပဲ။ နိုင်ငံတော်ဘာသာ ပြဿနာကြောင့် ကေအိုင်အို ပေါ်ခဲ့ရတာလည်းရှိပါတယ်။ ပြောရရင် အာဏာရ ဖဆပလပါတီအတွင်းက အကွဲအပြဲက စစ်တပ်ကို နိုင်ငံရေးဇာတ်ခုံပေါ် တင်ပေးခဲ့တာပါ။ ဒီပြဿနာတွေဟာ ခေတ်အဆက်ဆက်က စုလာခဲ့တဲ့ ပြဿနာတွေပါ။ ပြဿနာတွေ ရှည်ကြာလာတာနဲ့အမျှ သက်ဆိုင်သူတွေကြားမှာရှိတဲ့ နာကျည်းမှု၊ မယုံသင်္ကာရှိမှု၊ အစိုင်အခဲကြီးကလည်း ကြီးကြီးလာတာပါ။ ဒါ့ကြောင့် ဒီမိုကရေစီ စနစ်ဖြစ်တာနဲ့ ဒါတွေကို နေ့ချင်းညချင်း ရှင်းသွားမယ်ဆိုတာ မှားယွင်းတဲ့ မျှော်လင့်ချက်ပါ။ ဒီမိုကရေစီစနစ်ဟာ ဒါတွေကို ဖြေရှင်းနိုင်ဖို့ လိုအပ်တဲ့ ရေခံမြေခံတစ်ခုတော့ ဖြစ်နိုင်ပါတယ်။ ဒီရေခံမြေခံပေါ်မှာ အပင်ပေါက်ဖို့၊ ရှင်သန်ဖို့ အတွက်ဆိုတာကတော့ မျို့စေ့လည်းမှန်မှ၊ စိုက်နည်းလည်းမှန်မှ၊ ရာသီလဲမှန်မှ၊ စိုက်သူကလဲ ၀ိရိယရှိမှ၊ ပိုးမွှားလည်းကင်းမှ ဖြစ်မှာပါ။
အခုတော့ ဒီအခြေခံဥပဒေကိုသာပယ်ချလိုက်၊ တပ်မတော်အစိုးရပြုတ်ကျ၊ ဒီမိုကရေစီချက်ခြင်းရပြီး လက်ရှိရင်ဆိုင် နေရတဲ့ နိုင်ငံရေး၊ စီးပွားရေးပြဿနာတွေ ပြေလည်သွားမယ့်ပုံ လေသံပစ်နေတာတွေ ကြားရ၊ မြင်နေရပါတယ်။
တကယ်တော့ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ လုပ်ရမယ့်အဆင့်တွေ၊ အများကြီးကျန်ပါသေးတယ်။ အခု ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကိုပဲ အဆင့် တစ်ဆင့်အနေနဲ့ လက်ခံပြီး Evolution နဲ့ သွားမလား၊ ဒီမိုကရေစီလှုပ်ရှားသူများလိုချင်တဲ့ အခြေခံဥပဒေ ပေါ်လာတဲ့အထိ စောင့်ပြီးမှာ ဖြေရှင်းကြမလား။ ဒါတော့ မိမိနှစ်သက်ရာပါဘဲ။ သို့သော် ပြည်သူတွေကိုတော့ မှားယွင်းတဲ့ မျှော်လင့်ချက်တွေ မပေးမိဖို့တော့ လိုမယ်ထင်ပါတယ်။
ပိထောက်မြေ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...