Sunday, August 21, 2011

"ပထ၀ီနိုင်ငံရေးနှင့် မြန်မာနိုင်ငံ"


Min Thant Syn created the doc:
ကိုဂျူးက မြန်မာနိုင်ငံဟာ ဒေသတွင်းဘယ်လိုမှ အချက်အခြာမကျဘူး၊ ကုန်သွယ်ရေး လမ်းကြောင်း စစ်ရေးလမ်းကြောင်း ဘယ်ပေါ်မှာမှ မရှိပါဘူး။ ဘာမှအရာမရောက်တဲ့ ဘင်္ဂလားပင်လယ်အော် မြောက်ဘက် ဂျောင်ကလောင် ထဲမှာရောက်နေတဲ့အတွက် ဘယ်လမ်းကြောင်းကိုမှ စိုးမိုးထားတာမရှိပါဘူးလို့ ရေးထားပါတယ်။ ဒီလိုပဲ မြန်မာနိုင်ငံက ဘာအဖိုးတန်ပစ္စည်းမှလဲ ဟုတ်တိပတ်တိထွက်တာ မဟုတ်ဘူးလို့လဲဆိုတယ်။ ဒါကိုကြည့်ရင် ကိုဂျူးက မြန်မာနိုင်ငံ အနေအထားကို နိုင်ငံရေး ပထ၀ီဝင်အရ ပြောနေတာပဲ။ ပထ၀ီနိုင်ငံရေးအရပြောနေတာ မဟုတ်ဘူးဆိုတာ သိသာပါတယ်။ ဒီနှစ်ခုဟာ အတော်ခြားနားပါတယ်။

နိုင်ငံရေးပထ၀ီဝင် (Political Geography) ဆိုတာက နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး ဖြစ်စဉ်များကို အဲဒီနိုင်ငံရဲ့ ပထ၀ီအခြေခံအချက်အလက်များနဲ့ ဆက်စပ်လေ့လာတာပါ။ ဥပမာ။ ဗြိတိန်နိုင်ငံရဲ့ ကျွန်းစုနိုင်ငံအနေအထားကြောင့် ရေတပ်အင်အားကို ဦးစားပေးတာ၊ ရေကြောင်းကုန်သွယ်ရေးဟာ အဓိကအသက်သွေးကြောဖြစ်တယ် ဆိုတာမျိုး ဖြစ်ပါတယ်။ ဒီလိုချဉ်းကပ်ပုံကို ဂရိခေတ်မှာထဲက တွေ့ရပါတယ်။ အရစ္စတိုရယ်က တိုင်းပြည်နဲ့ လူမျိုးအပေါ် ရာသီဥတုရဲ့ အကျိုး သက်ရောက်မှုကို သူရဲ့ Politics ဆိုတဲ့စာအုပ်မှာ စပြီးသုံးသပ်ပြခဲ့ပါတယ်။
ပထ၀ီနိုင်ငံရေး(Geopolitics) ကတော့ ပထ၀ီအနေအထားများကို နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားအတွက် အသုံးချတဲ့ ၊ နိုင်ငံရဲ့ အဂ္ဂမဟာဗျူဟာနဲ့ ပထ၀ီအနေအထား ဆက်စပ်လေ့လာတဲ့ ပညာရပ် ဖြစ်ပါတယ်။ ပထ၀ီနိုင်ငံရေး ပညာရှင်အများစုဟာ ပထ၀ီပညာရှင်များ မဟုတ်ပါဘူး။ နိုင်ငံရေးသိပ္ပံပညာရှင် များသာ ဖြစ်ပါတယ်။
ဒါ့ကြောင့် ကိုဂျူးပြောတဲ့ မြန်မာနိုင်ငံအနေအထားဟာ နိုင်ငံရေးပထ၀ီဝင် သဘောတရားအရ သုံးသပ်ပြောဆိုတာသာ ဖြစ်ပါတယ်။ ပထ၀ီနိုင်ငံရေးအရတော့ ဘာမှ သယံဇာတမရှိတဲ့ လွင်တီးခေါင် နယ်မြေတစ်ခုဟာလည်း အရေးပါနိုင်ပါတယ်။ တရုတ်နဲ့ အိန္ဒိယကြားမှာရှိတဲ့ ကုန်းတွင်းပိတ် ဆစ်ကင်းပြည်နယ်ကို အိန္ဒိယက အတင်းသိမ်းပြီး နိုင်ငံအတွင်း သွတ်သွင်းခဲ့တာဟာ ဒီသဘောပါဘဲ။ ၁၈၆၇ ခုနှစ်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဆဲဝပ်ဒ် (Mr. W. H Seward) က ရုရှားနိုင်ငံကနေ အလာစကား ပြည်နယ်ကို ဒေါ်လာ ၇.၂ သန်းနဲ့ဝယ်ဖို့ အတင်းတိုက်တွန်းခဲ့တယ်။ တစ်နှစ်ပတ်လုံး ရေခဲနေတဲ့နယ်မြေ၊ အက်စ်ကီမိုးတွေပဲ နေနိုင်တဲ့နယ်မြေကို ၀ယ်ဖို့လုပ်တာ ရူးလို့ပဲဆိုပြီး ဒီမြေ၀ယ်ယူမှုကို ဆဲဝပ်ဒ်အရူးထမှု (Seward Folly) လို့ ဝေဖန်ခဲ့ကြတယ်။ ဆဲဝပ်ဒ်က အမေရိကတိုက်ပေါ်မှာ ဥရောပနိုင်ငံတစ်နိုင်ငံက မြေလာပိုင်နေတာဟာ တစ်ချိန်မှာ အမေရိကန်အတွက် အန္တရာယ်ရှိလာနိုင်တယ်လို့ ပြောခဲ့တယ်။ နောက်ဆုံးမှာ အမေရိကန်က အလာစကားကို သူပြောတဲ့ဈေးနဲ့ပဲ ၀ယ်လိုက်နိုင်တယ်။ စစ်အေးခေတ်တုံးကသာ အလာစကာဟာ ရုရှားတွေလက်အောက်မှာ ရှိနေရင် ဘယ်လောက်အန္တရာယ်ကြီးမယ်ဆိုတာ တွေးကြည့်နိုင်ပါတယ်။ ဆဲဝပ်ဒ် လုပ်သွားတာက ပထ၀ီနိုင်ငံရေးအရဖြစ်ပါတယ်။
ဒါဆိုရင် ပထ၀ီနိုင်ငံရေးအရ မြန်မာနိုင်ငံဟာ တရုတ်နဲ့ အမေရိကန်အတွက် ဘာကြောင့် အရေးပါနေသလဲ။ ဒါကိုမပြောခင် အမေရိကန် အမျိုးသားလုံခြုံရေး မဟာဗျူဟာမှာ အရေးပါတဲ့ ထိန်းချုပ်ရေးမူဝါဒ (Containment Theory) ကို အရင်ပြောဖို့ လိုပါတယ်။
ထိန်းချုပ်ရေးမူဝါဒ
၁၉၄၇ ခုနှစ်မှာ ၀ါရင့်အမေရိကန် သံတမန်တစ်ဦးဖြစ်တဲ့ ဂျော့ကင်နန် George Kennan တင်ပြခဲ့ တဲ့အယူအဆပါ။ အတိုချုပ်ကတော့ ကွန်မြူနစ်ဝါဒ သြဇာလွှမ်းမိုးလာမှုကို စစ်ရေး၊စီးပွားရေး၊ နိုင်ငံရေး နည်းလမ်းများနဲ့ ထိန်းချုပ်ရမယ်။ အဲဒီလုပ်ရင် ဆိုဗီယက်အနေနဲ့ အမေရိကန်ကို လိုက်ပြိုင်ရင်း တစ်ဖြေးဖြေးအင်အားကုန်ခန်းပြီး ပြိုလဲသွားလိမ့်မယ်ဆိုတဲ့ အယူအဆဖြစ်ပါတယ်။ ဒီအယူအဆအရပဲ စစ်ရေးအရ ဗီယက်နမ်မှာ ၀င်ခဲ့တာ၊ ဥရောပမှာနေတိုး၊ အရှေ့အလယ်ပိုင်းနဲ့ တောင်အာရှဒေသမှာစင်တိုး၊ အရှေ့အာရှဒေသမှာ ဆီတိုးဆိုတဲ့ စစ်မဟာမိတ်အဖွဲ့တွေပေါ်ခဲ့တာပါ။ အဲဒီတုံးက ဖြစ်စဉ်တွေကို ပြန်ကြည့်ရင် ဆိုဗီယက်နဲ့ တရုတ်နိုင်ငံများရဲ့ နယ်နမိတ်တစ်လျှောက်မှာ ခြံစည်းရိုးခတ်သလို အနောက်အုပ်စု လိုလားတဲ့နိုင်ငံတွေ၊ အနောက်အုပ်စုရဲ့ မဟာမိတ်မဟုတ်ရင်တောင် ကွန်မြူနစ်တပည့်မခံမယ့် ကြားနေနိုင်ငံတွေဖြစ်အောင် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးနည်းတွေနဲ့ လုပ်ခဲ့တာတွေ့နိုင်ပါတယ်။
ဒီနေရာမှာ ထိန်းချုပ်ရေးအယူအဆဟာ စစ်အေးတိုက်ပွဲလွန်ကာလမှာ အမေရိကန်အမျိုးသား လုံခြုံရေးမူဝါဒမှာ ဆက်ပြီး အသုံးဝင်သေးရဲ့လားလို့ မေးစရာ ရှိပါတယ်။
စစ်အေးခေတ်လွန်အမေရိကန်အမျိုးသားလုံခြုံရေးမဟာဗျူဟာ
စစ်အေးခေတ်လွန်ကာလမှာ အမေရိကန်ကို အရင်ဆိုဗီယက်ကလုပ်သလို ကမ္ဘာအဆင့်မှာ စိန်ခေါ်နိုင်တဲ့နိုင်ငံ မရှိတော့ပါဘူး။ ကာကွယ်ရေးအသုံးစရိတ်ကို ကြည့်ရင် ၂၀၀၈ အတွက် စစ်အသုံးစရိတ် ၄၈၁. ၄ ဘီလီယံရှိတယ်။ ဒီအထဲမှာ အီရတ်နဲ့ အာဖဂန်စစ်ပွဲအတွက် အသုံးစရိတ် ၁၄၅ ဘီလီယံမပါသေးဘူး။ အားလုံးပေါင်းရင် ၆၂၆ ဘီလီယံကျော်ရှိတယ်။ ကမ္ဘာပေါ်မှာ စစ်အသုံးစရိတ် ဒုတိယအများဆုံး ရုရှားက ၄၀ ဘီလီယံကျော်ပဲ သုံးနိုင်တာကိုကြည့်ရင် အမေရိကန်ကို ယှဉ်ဖို့မလွယ်ဘူးဆိုတာ ထင်ရှားပါတယ်။
ဒါ့ကြောင့် အမေရိကန်အမျိုးသားလုံခြုံရေးမဟာဗျူဟာမှာ နောက်ထပ်ပေါ်လာနိုင်တဲ့ စိန်ခေါ်မှုတွေဟာ ဒေသတွင်းစိန်ခေါ်မှုတွေပဲ ဖြစ်တော့မယ်။ ဒါ့ကြောင့် ဒေသတွင်းနိုင်ငံတစ်ခုဟာ အဲဒီဒေသအတွင်းက အမေရိကန်ရဲ့ အကျိုးစီးပွားကို ခြိမ်းခြောက်နိုင်တဲ့အဆင့်အထိ မရောက်အောင် ကြိုတင်ထိန်းချုပ်ထားရမယ်ဆိုတဲ့ အယူအဆကို ပြောင်းလဲကျင့်သုံးလာခဲ့တယ်။ နောက်တစ်ခါ စစ်အေးတိုက်ပွဲ ကာလတုံးက မဟာဗျူဟာအရ အရေးစိုက်ရမယ့်ဒေသက ဥရောပဖြစ်ပေမယ့် ၂၁ ရာစုမှာ အာရှတိုက်ဖြစ်လာပြီလို့ ဆိုတယ်။ ဒါဟာ တရုတ်ရဲ့အင်အားကြီးထွားလာမှုကို ရည်ညွန်းလိုက်တာပါပဲ။ ဒါ့ကြောင့် အမေရိကန်ဟာ အာရှတိုက်မှာ ထိန်းချုပ်ရေးဝါဒကို ဆက်လက်ကျင့်သုံးဦးမယ်ဆိုတာ သိသာပါတယ်။
တရုတ်နိုင်ငံကို ထိန်းချုပ်ရေး
ဘုရှ်သမ္မသက်တမ်းအစမှာ တရုတ်နိုင်ငံကို မဟာဗျူဟာမြောက် ပြိုင်ဘက်ဆိုတဲ့စကားကို စပြီးသုံးပါတယ်။ အမေရိကန်က တရုတ်နိုင်ငံစစ်ရေး၊ စီးပွားရေးအင်အားကြီးမားလာမှုဟာ စစ်အေးတိုက်ပွဲတုံးက ဆိုဗီယက်စစ်အင်အား ကြီးလာတာ၊ ဂျပန်စီးပွားရေးအင်အား ကြီးမားလာတာနဲ့မတူဘဲ ဘက်စုံခြိမ်းခြောက်မှုလို့မြင်ပါတယ်။ ဘာလို့လဲဆိုတော့ ဆိုဗီယက်က စစ်အင်အားကြီးပေမယ့် စီးပွားရေးက မအောင်မြင်ဘူး၊ ဂျပန်ကျတော့ စီးပွားရေးအင်အားကောင်းပေမယ့် ကာကွယ်ရေးမှာ အမေရိကန်အရိပ်ခို နေရတာကိုး။ ဒါပေမယ့် တရုတ်နိုင်ငံကို ထိန်းချုပ်ရာမှာတော့ ၂၁ ရာစု ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ စစ်အေးခတ်လို အင်အားသုံး Blunt Force နဲ့ လုပ်လို့မဖြစ်ပါဘူး။ တစ်ဖက်က ကြီးမားတဲ့ တရုပ်ဈေးကွက်ကို ၀င်နိုင်ဖို့လိုသေးတာကိုး။ ဒါ့ကြောင့် တရုတ်နဲ့ ဆက်ဆံရေးကောင်းအောင်လုပ်သလို တစ်ဖက်ကလည်း တရုတ်ကို လွတ်လပ်စွာကုန်သွယ်ခွင့်၊ လူ့အခွင့်အရေး၊ တိုင်ဝမ်ပြဿနာ၊ တိဘက်ပြဿနာ စတာတွေနဲ့ ကျပ်ပေးနေတာ တွေ့နိုင်ပါတယ်။ စစ်ရေးအရလည်း အရေးအကြောင်းဖြစ်လာရင် တရုတ်ကို ဖိအားပေးနိုင်ဖို့ ပြင်ဆင်လာပါတယ်။ ဒီနေရာမှာ မြန်မာနိုင်ငံရဲ့ ပထ၀ီနိုင်ငံရေးအရ အရေးပါမှုကို တွေ့နိုင်တာပါ။
တရုတ်နိုင်ငံမှာလည်း အားနည်းချက်ရှိပါတယ်။ အဲဒါကတော့ လောင်စာလိုအပ်ချက်ပါ။ တရုတ် နိုင်ငံဟာ အရင်တုံးက ရေနံတင်ပို့တဲ့နိုင်ငံပါ။ စီးပွားရေးတိုးတက်လာတာနဲ့အမျှ ရေနံသုံးစွဲမှုပိုများလာလို့ ရေနံတင်သွင်းလာရာကနေ ၂၀၀၄ ခုနှစ်မှာ ဂျပန်ကိုကျော်ပြီး ကမ္ဘာပေါ်မှာ ရေနံအများဆုံးတင်သွင်းတဲ့ နိုင်ငံဖြစ်လာပါတယ်။ ဒါတောင်မှ တရုတ်နိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက် ၇၀% ကိုကျောက်မီးသွေးက ယူနေတာပါ။ ဒါ့ကြောင့် အနာဂတ်မှာ ရေနံလိုအပ်ချက်ဟာ ဒီထက်ပိုများဖို့ပဲရှိပါတယ်။ တစ်ခါ တရုတ် နိုင်ငံရဲ့ ရေနံလိုအပ်ချက် ၈၅% ကို အရှေ့အလယ်ပိုင်းက ရယူပြီး ဒါတွေအားလုံးကို မလက္ကာရေလက်ကြားက ဖြတ်သယ်နေတာပါ။ အဲဒီတော့ တရုတ်နိုင်ငံနဲ့ တိုင်ဝမ်ပြဿနာလို အကြောင်းများကြောင့် ထိပ်တိုက် တွေ့ရမယ်ဆိုရင် တရုတ်နိုင်ငံရဲ့ စွမ်းအင်သယ်ပို့တဲ့ လမ်းကြောင်းကို ချုပ်ကိုင်နိုင်ဖို့လိုပါတယ်။
အရှေ့အာရှမြေပုံကို ကြည့်လိုက်ရင် အမေရိကန်ဟာ တရုတ်နိုင်ငံကို ထိန်းချုပ်နိုင်ဖို့အတွက် ဆိုဗီယက်ကို လုပ်ခဲ့သလို ပြင်ဆင်ထားတယ်ဆိုတာတွေ့နိုင်ပါတယ်။ တောင်ကိုရီးယား၊ ဂျပန်၊ တိုင်ဝမ် တို့ဟာ အမေရိကန်ရဲ့ စစ်ရေးမဟာမိတ်ပါ။ ဖိလစ်ပိုင်မှာ အခြေစိုက်စခန်းမရှိတော့ပေမယ့် အကြမ်းဖက် ၀ါဒတိုက်ဖျက်ရေးအတွက် အင်အားတစ်ထောင်လောက်ချထားပြီး ဖိလစ်ပိုင်ဆိပ်ကမ်းနဲ့ လေယာဉ်ကွင်းများမှာ ရပ်နားခွင့်၊ အသုံးပြုခွင့်ရထားပါတယ်။ ဗီယက်နမ်ဟာ ကွန်မြူနစ်နိုင်ငံဖြစ်ပေမယ့် အစဉ်အလာအရ တရုပ်နိုင်ငံရဲ့ နယ်ချဲ့မှုကို အမြဲခံခဲ့ရလို့ အင်အားကောင်းတဲ့ တရုတ်နိုင်ငံအပေါ် အမြဲသံသယရှိပါတယ်။ ၁၉၇၉ ခုနှစ်မှာ နှစ်နိုင်ငံကြား စစ်ဖြစ်ဘူးတယ်။ ဒါ့ကြောင့် ကွန်မြူနစ်ဗီယက်နမ်ကို အမေရိကန် ၀င်ပူးထားတာပါ။ အရှေ့တောင် အာရှဒေသမှာ ထိုင်းက အမေရိကန်ရဲ့ အစဉ်အလာမဟာမိတ်ဖြစ်ပြီး စင်္ကာပူမှာ အမေရိကန်ရေတပ်နဲ့လေတပ် ရပ်နားခွင့်၊ ပြုပြင်ထိန်းသိမ်းရေးစခန်းတွေထားခွင့် ရထား ပါတယ်။ အင်ဒိုနီးရှားနဲ့လည်း စစ်ရေးပူးပေါင်းဆောင်ရွက်မှု၊ မလက္ကာ ရေလက်ကြားမှာ ပူးပေါင်းကင်းလှည့် မှုတွေလုပ်နေတယ်။ ဒါတွေအားလုံးဟာ တရုတ်နိုင်ငံရဲ့ အရှေ့ဘက်နဲ့ တောင်ဘက်မှာ အမေရိကန်အနေနဲ့ အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ရေးမူဝါဒကို ကျင့်သုံးနိုင်နေတယ်၊ လိုအပ်ရင် မလက္ကာ ရေလက်ကြားကို ပိတ်ပစ်နိုင်တယ်ဆိုတာပြတာပါပဲ။
တရုတ်ကလည်း ဒါကိုသိပါတယ်။ ဒါ့ကြောင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနဲ့ စီးပွားရေး၊ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်တာတွေ၊ တရုတ်နိုင်ငံရဲ့ အင်အားကြီးမားလာမှုဟာ ဒေသအတွက် အန္တရာယ်မရှိဘူး ဆိုတာတွေကို လုပ်နေတာပါ။ ဒါ့အပြင် မလက္ကာရေလက်ကြားရဲ့ အရေးကြီးမှုကို လျော့ချနိုင်ဖို့ ပါကစ္စတန်နိုင်ငံ ဂါဒါဆိပ်ကမ်းကနေ တရုတ်နိုင်ငံကို ဖြတ်ပြီး ရေနံပိုက်လိုင်းဆွဲပြီး အရှေ့အလယ်ပိုင်းက ရေနံကိုသယ်ဖို့၊ မြန်မာနိုင်ငံ ကျောက်ဖြူဆိပ်ကမ်းကနေ တရုတ်ကို ဓာတ်ငွေ့ပိုက်လိုင်းဆွဲဖို့ဆိုတဲ့ စီမံချက်တွေ လုပ်လာတာပါ။
ဒါ့ကြောင့်ချုပ်ပြောရရင် အမေရိကန်ရဲ့ တရုတ်ထိန်းချုပ်ရေးမူဝါဒမှာ တစ်ခုတည်းသော ကွပ်လပ်က အနောက်ဘက်က မြန်မာနိုင်ငံပါပဲ။ ဒီနိုင်ငံမှာ အမေရိကန်နဲ့ နီးစပ်တဲ့ အစိုးရတစ်ရပ်ရှိမယ်ဆိုရင် သူ့အတွက်အကျိုးရှိမယ်ဆိုတာ ထင်ရှားပါတယ်။ တကယ်လို့ ဓာတ်ငွေ့ပိုက်လိုင်းစီမံချက်သာ ဖြစ်သွားရင် ပိုအကျိုးရှိမှာပါ။ ဒါ့ကြောင့် ကိုဂျူးပြောသလို မြန်မာနိုင်ငံဟာ ပထ၀ီနိုင်ငံရေးအရ အရေးမပါဘူးဆိုတာ မဟုတ်ဘူးလို့ ဆိုချင်ပါတယ်။
စစ်စခန်းများ
ကိုဂျူးက မြန်မာနိုင်ငံမှာ စစ်စခန်းထားဖို့ဆိုတာ မလိုဘူးလို့ ပြောပါတယ်။ မှန်ပါတယ်။ စစ်စခန်း မလိုပါဘူး။ သို့သော် လေယာဉ်ဖြတ်ကျော်ပျံသန်းခွင့်၊ လေယာဉ်ကွင်းနဲ့ ဆိပ်ကမ်းတွေ အသုံးပြုခွင့်တွေကတော့ လိုနေဆဲပါဗျာ။ ဆော်ဒီအာရေးဘီးယားနဲ့ ကူဝိတ်မှာသာ Administrative Base မလုပ်နိုင်ရင် အီရတ်စစ်ပွဲကို တိုက်လို့မရပါ။ ဗုံးတစ်ခါ သွားကြဲရင်တော့ရမှာပေါ့။ အီရတ်စစ်ပွဲတုံးက တူရကီက လေတပ်စခန်းသုံးခွင့်နဲ့ လေယာဉ်ဖြတ်ကျော်ပျံသန်းခွင့်မပြုလို့ အမေရိကန်တွေ အီရတ်မြောက်ပိုင်းမှာ စစ်ဆင်ရေး မလုပ်နိုင်တာ မှတ်မိကြဦးမှာပါ။ အာဖဂန်စစ်ပွဲမှာလဲ ဗြိတိသျှတွေငှားပေးတဲ့ ဒေဂိုဂါစီယာကျွန်းနဲ့ ပါကစ္စတန် နယ်မြေကိုသာ အသုံးပြုခွင့်မရရင်၊ အမေရိကန်တွေ စစ်တိုက်လို့မရပါ။။ ဒါ့ကြောင့် မြန်မာ နိုင်ငံမှာ အခြေစိုက် စခန်းထားဖို့ လိုကောင်းမှ လိုမှာဖြစ်ပေမယ့် နယ်မြေအသုံးပြုခွင့်ကတော့ အရေးအကြောင်း ရှိရင် လိုလာမှာပါပဲ ။
အမေရိကန်- မြန်မာဆက်ဆံရေး
ကိုဂျူးက အမေရိကန်ဟာ မဆလခေတ်တစ်လျောက်လုံး မြန်မာနိုင်ငံကို ရှိတယ်လို့ သဘော မထားခဲ့ဘူးလို့ ဆိုပါတယ်။ ဒါမှားပါတယ်။
တော်လှန်ရေးကောင်စီခေတ်ရော မဆလခေတ်မှာပါ အစိုးရခြင်း၊ အထူးသဖြင့် မြန်မာစစ်တပ်အနေနဲ့ အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ထောက်လှမ်းရေးအဖွဲ့တွေအပါအ၀င် တပ်မတော် အရာရှိများဟာ အမေရိကန်စစ်ကျောင်းတွေမှာ ပုံမှန်သင်တန်း တက်ခွင့်ရပါတယ်။ ဦးနေ၀င်း ၁၉၆၆ မှာ အမေရိကန်ကို သွားလည်ခဲ့တော့ သမ္မတဂျွန်ဆင် ကိုယ်တိုင်အိမ်ဖြူတော်မှာ အခမ်းအနားနဲ့ ကြိုခဲ့ပါတယ်။ အမေရိကန်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ရဲ့ စာရင်းဇယားများအရ ၁၉၇၄ ကနေ ၁၉၈၈ အထိ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ခေါင်းစဉ်အောက်ကနေ မြန်မာစစ်တပ်ကို ရဟတ်ယာဉ် ၂၈ စီး၊ ဖော်ကာလေယာဉ် ၆ စီး၊ ဆေးဖျန်းလေယာဉ် ၅ စီးထောက်ပံ့ခဲ့ပြီး ဒေါ်လာ ၈၆ သန်းကျော်တန်ဖိုးရှိတဲ့ လေ့ကျင့်ရေးနဲ့ အခြားအကူအညီတွေ ပေးခဲ့တယ်လို့ဆိုပါတယ်။ အခြားစစ်ရေး၊ နိုင်ငံရေးအကူအညီများကတော့ အထောက်အထားရှာမရပါ။ သေချာတာတစ်ခုကတော့ ဒေသကောလိပ်(၂)၊ နောင် ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေလို့ခေါ်တဲ့နေရာက စာသင်ဆောင်နဲ့ အိပ်ဆောင်များကတော့ အမေရိကန်အကူအညီနဲ့ တည်ဆောက်ခဲ့တာပါ။ ဒါ့ကြောင့်ကိုဂျူးပြောတဲ့ ရှိတယ်လို့ သဘောမထား ခဲ့ဘူးဆိုတာ မမှန်ဘူးလို့ ပြောတာပါ။
အမျိုးသားအကျိုးစီးပွားများ
နိုင်ငံတကာဆက်ဆံရေးမှာ ထာဝရမိတ်ဆွေလည်းမရှိ၊ ထာဝရရန်သူလည်းမရှိ။ ထာဝရ အကျိုးစီးပွားသာ ရှိတယ်ဆိုတဲ့ ဆိုရိုးရှိပါတယ်။ ဒါ့ကြောင့် တရုတ်ရော၊ အမေရိကန်ရော မြန်မာနိုင်ငံကို သူတို့ အမျိုးသားအကျိုးစီးပွားအတွက် အသုံးချမှာပါပဲ။ မြန်မာနိုင်ငံကလည်း ဖဆပလခေတ်မှာရော၊ မဆလခေတ်မှာပါ မြန်မာအစိုးရ အဆက်ဆက်ဟာ အင်အားကြီးအိမ်နီးချင်းဖြစ်တဲ့ တရုတ်နဲ့ ရင်းနှီးအောင် ဆက်ဆံသလို တစ်ဘက်ကလည်း အနောက်နိုင်ငံများနဲ့ ဆက်ဆံရေးကို ကောင်းအောင်လုပ်ရင်း အင်အားချန်ခွင်လျှာ ညှိဖို့လုပ်ခဲ့တာကို တွေ့ရမှာပါ။ ပြောရရင် မြန်မာ့တပ်မတော်ရဲ့ လက်နက်များဟာ ၁၉၈၈ မတိုင်မီအထိ ဗြိတိသျှ၊ အမေရိကန်၊ အနောက်ဂျာမနီ၊ ဆွီဒင်နဲ့ ဆွစ်ဇာလန်နိုင်ငံများကဖြစ်ပါတယ်။ ဒါကို Jame's Defence က နှစ်စဉ်ထုတ်တဲ့ မှတ်တမ်းစာအုပ်များမှာ တွေ့နိုင်ပါတယ်။
န၀တအစိုးရ တက်ပြီး အနောက်နဲ့ ဆက်ဆံရေးပြတ်တောက်သွားတော့မှ တရုတ်လက်နက်ကို ပြေးဝယ်ရတာပါ။ ဒါတောင် တပ်မတော်အနေနဲ့ ၁၉၉၅ နောက်ပိုင်းမှာ အိန္ဒိယနဲ့ ဆက်ဆံရေးကောင်း အောင်လုပ်ပြီး တရုတ်ကို အင်အားထိန်းညှိဖို့ လုပ်လာတာတွေ့နိုင်ပါတယ်။ အခုဆိုရင် အိန္ဒိယနဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်လာတာ သတင်းတွေမှာ တွေ့ရမှာပါ။ ဒီလိုပဲ မဆလ လက်ထက်က မပါဝင်ခဲ့တဲ့ အာဆီယံထဲကို ၀င်ခဲ့တာဟာလည်း ဒီသဘောတရားပဲဖြစ်ပါတယ်။
ဒါ့ကြောင့် ကိုဂျူးပြောသလို မြန်မာနိုင်ငံဟာ ပထ၀ီနိုင်ငံရေးအရ အရေးမပါဘူးဆိုတာ ကျွန်တော် လေ့လာတွေ့ ရှိထားတာများနဲ့ ကွဲလွဲနေပါတယ်။ တရုတ်နောက်ဖေးပေါက်ကို အချိန်ကုန်ပြီး ဒလ၀မ် လုပ်နေတယ်လို့ ထင်ရင်လဲမှားပါတယ်။ အားလုံးဟာ ကိုယ့်အမျိုးသား အကျိုးစီးပွားပေါ် မူတည်ပြီး ဆောင်ရွက်နေကြတာပါပဲ။ ဒီရှုထောင့်ကနေ ချဉ်းကပ် သုံးသပ်မယ်ဆိုရင် အရှေ့တောင်အာရှက မြန်မာနိုင်ငံရဲ့အနေအထားကို ပိုပြီး ဆန္ဒစွဲကင်းကင်းနဲ့ သုံးသပ်နိုင်မယ် ထင်ကြောင်းပါဗျာ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...