Sunday, August 21, 2011

"နိုင်ငံရေးသမားနှင့်စာရေးဆရာ"

Min Thant Syn created the doc:

(၁)
နိုင်ငံရေးသမားနှင့် စာရေးဆရာကို မနှိုင်းယှဉ်မီ နိုင်ငံရေးသမားဆိုတာ ဘာလဲ၊ စာရေးဆရာဆိုတာ ဘာလဲကို ရှင်းပြဖို့ လိုပေလိမ့်မည်။
နိုင်ငံရေးဆိုတာ ဘာလဲ။
နိုင်ငံရေးဆိုသည်မှာ စီးပွားရေး တောင်းဆိုချက်ကို လူထုအင်အားဖြင့် လှုပ်ရှားပြုမူခြင်းပင် ဖြစ်သည်။
စာပေဆိုတာ ဘာလဲ။
စာပေဆိုသည်မှာ လူ့ဘ၀အကြောင်းအရာကို စာဖတ်သူ ရသပေါ်အောင် ဖွဲ့နွဲ့ထားသော အရေးအသားဖြစ်သည်။

နိုင်ငံရေး ဆောင်ရွက်သူသည် နိုင်ငံရေးသမားဖြစ်သည်။ စာပေရေးသားသူသည် စာရေးဆရာ ဖြစ်သည်။ ဤသို့ အကြမ်းဖျင်း သိရသည်။ သည့်ထက် တင်းပြည့် ကျပ်ပြည့် အဓိပ္ပာယ်ဖြင့် ဆိုရလျှင် နိုင်ငံရေးကို မိမိဘ၀၌ မြှုပ်နှံကာ နိုင်ငံရေး တစ်ခုတည်းကိုသာ ဆောင်ရွက်သူကို နိုင်ငံရေးသမားဟု ခေါ်သင့်ပေသည်။ စာပေကို မိမိဘ၀၌ မြှုပ်နှံကာ စာပေတစ်ခုတည်း ကိုသာ ရေးသားသူကို စာရေးဆရာဟု ခေါ်သင့်ပေသည်။
ယင်းအဓိပ္ပာယ် ဖွင့်ဆိုချက်အတိုင်း အတိအကျ သတ်မှတ်ရန် မဟုတ်ပေ။ နိုင်ငံရေးသက်သက်၊ စာပေသက်သက် ဆောင်ရွက်သူများ ရှိသလို ရောနှော ဆောင်ရွက်ကြသူများလည်း ရှိပေသည်။ လောက၌ သတ်သတ်ဟူ၍ မရှိနိုင်ပေ။ သို့သော် ယင်းအင်အား အများဆုံး ရှိသူကို တိုင်းတာ၍ ခေါ်ဝေါ် မှတ်ယူကြခြင်းသာလျှင် ဖြစ်ပေသည်။
ဤနေရာ၌ နိုင်ငံရေးသမားသက်သက်၊ စာရေးဆရာ သက်သက်ဟူ၍ နှိုင်းယှဉ်လိုခြင်း မဟုတ်ဘဲ နိုင်ငံရေးသမားနှင့် စာရေးဆရာ လုပ်ငန်းနှစ်ရပ်ကိုသာ နှိုင်းယှဉ်လိုခြင်းဖြစ်၍ ရှေ့ဆက်ကြပေအံ့။

(၂)
နိုင်ငံရေးနှင့် စာပေ မည်သည့်နေရာ၌ တူကြသလဲ။
နိုင်ငံရေးသည် စီးပွားရေး တောင်းဆိုချက်နှင့် သက်ဆိုင်သလို စာပေသည် လူ့ ဘ၀နှင့် သက်ဆိုင်သည်။ ဟော…. တူကြပေပြီ။
စီးပွားရေးဆိုသည်မှာ စားဝတ်နေရေးပင် မဟုတ်လော။ လူ့ဘ၀ဆိုသည်မှာလည်း စားဝတ်နေရေးပင် မဟုတ်လော။ နိုင်ငံရေးဝေါဟာရအားဖြင့် သိပ္ပံကျကျ စီးပွားရေးဟု ခေါ်ကြသည်။ စာအုပ်သံ ပါပါ၊ တက္ကသိုလ်ဟန်ပါပါဖြင့် ခေါ်လျှင် ဘောဂဗေဒ ဟုလည်း တစ်နည်းခေါ်နိုင်သေးသည်။ လူ့ဘ၀ဟု စာဆန်ဆန်ခေါ်လျှင်လည်း ရသည်။ ကဗျာဆရာတို့က ဘ၀ဟု လှလှကလေး ခေါ်ကြပေသည်။
စီးပွားရေးနှင့် လူ့ဘ၀အနှစ်သာရချင်း အတူတူပင် မဟုတ်ပေလော။
စီးပွားရေးအကြောင်း ပြောလျှင် လူ့ဘ၀ ပါရမည်။ လူ့ဘ၀အကြောင်းပြောလျှင် လူတွေ၏ စီးပွားရေး ပါရမည်။ မပါ၍ မဖြစ်၊ လူ့ဘ၀သည် စီးပွားရေး တောင်းဆိုချက်ဖြင့် လှုပ်ရှားနေသော ဘ၀ဖြစ်သည်။ ငြိမ်သက်နေသော ဘ၀မဟုတ်ပေ။ လူ့ဘ၀၏ အသက်သည်ပင်လျှင် စီးပွားရေးတောင်းဆိုချက် ဖြစ်ပေသည်။ စီးပွားရေး တောင်းဆိုချက် မရှိလျှင် လူ့ဘ၀သည် သေနေခြင်းပင်။
လူ့ဘ၀သည် မည်သို့ရှိသလဲ။ လူ့ဘ၀သည် လူတန်းစားများဖြင့် ပိုင်းခြားစိတ်ဖြာလျက် ရှိပေသည်။ စီးပွားရေး တောင်းဆိုချက်သည် လူတန်းစားက တောင်းဆိုသော စီးပွားရေး တောင်းဆိုချက်သာလျှင် ဖြစ်ပေသည်။ နိုင်ငံရေးသည် ပင်လျှင် လူတန်းစား နိုင်ငံရေး ဖြစ်ပေသည်။ လူတန်းစားမှ ကင်းသော နိုင်ငံရေးဟူသည် မရှိနိုင်ပေ။

(၃)
နိုင်ငံရေးသည် စီးပွားရေး တောင်းဆိုချက်၊ စာပေသည် လူ့ဘ၀ကို ရေးသားခြင်း။
စီးပွားရေးကို မည်သို့ တောင်းဆိုသလဲ။ လူထုအင်အားဖြင့် လှုပ်ရှားကာ တောင်းဆိုသည်။ ဟော…. နိုင်ငံရေး၌ လူထုအင်အားကို တွေ့ရှိရပေပြီ။
လူ့ဘ၀ကို မည်သို့ရေးသားသလဲ။ စာဖတ်သူ ရသပေါ်အောင် ဖွဲ့နွဲ့သည်။ ဟော….စာပေ၌ စာဖတ်သူကို တွေ့ရှိ ရပေပြီ။
နိုင်ငံရေး၌ လူထုအင်အား။ စာပေ၌ စာဖတ်သူ။ အတူတူပင်ဖြစ်သည်။ စကားလုံး အခေါ်ကွဲသော်လည်း အနှစ်သာရ အားဖြင့် အတူတူပင် ဖြစ်ပေသည်။ စာဖတ်သူ၊ စာဖတ်ပရိတ်သတ်သည် လူထုဖြစ်သည်။ တစ်နည်းအသေးစိတ်အတိအကျ ဆိုရလျှင် စာဖတ်သူသည် လူထုအစိတ်အပိုင်း တစ်ရပ်ပင်ဖြစ်ပေသည်။
နိုင်ငံရေးသမားသည် လူထုမပါဘဲ မရပ်တည်နိုင်၊ စာရေးဆရာသည် စာဖတ်သူမပါဘဲ မရပ်တည်နိုင်၊ နိုင်ငံရေးသမား နှင့် စာရေးဆရာ နှစ်ဦးစလုံး လူထု၌ အမြစ်တွယ်လျက်ရှိသည်။
လူထု၌ အခြေမစိုက်သော နိုင်ငံရေးသည် ကျဆုံးမည်ဖြစ်၍ စာဖတ်သူ လူထု၌ အခြေမစိုက်သော စာပေသည်လည်း တိမ်ကောရမည်သာ ဖြစ်ပေသည်မဟုတ်လော။

(၄)
စာရေးဆရာ၏ လုပ်ငန်းကား အဘယ်နည်း။
စာရေးဆရာသည် အနုပညာလုပ်ငန်းကို ဆောင်ရွက်သည်။ သူသည် လူ့ဘ၀ကို ထိတွေ့ ခံစား ရှုမြင်သုံးသပ်၍ အလှပညာဖြင့် ဖွဲ့နွဲ့သည်။ သူ၏ အတတ်ပညာသည်ကား သူ၏စာဖတ်ပရိတ်သတ် (၀ါ) လူထုစိတ်၌ စွဲလမ်းကပ်ငြိအောင်၊ နှစ်သက်ယုံကြည်အောင်၊ ရသခံစားအောင် ရေးသားရသော အတတ်ပညာ ဖြစ်သည်။ စာဖတ်ပရိတ်သတ်က သူ၏စာပေကို နှစ်သက်ခံစားခြင်း ရှိသလောက် သူ၏ စာပေအင်အားသည် ကြီးမားလာပေသည်။ သူ၏ အနုပညာသည် အောင်မြင်သည်ဟု ဆိုရပေမည်။
နိုင်ငံရေးသမား၏ လုပ်ငန်းကား အဘယ်နည်း။
နိုင်ငံရေးသမားသည် လူထုလှုပ်ရှားမှု လုပ်ငန်းကို ဆောင်ရွက်သည်။ သူသည် လူတန်းစားတို့ဖြင့် ပြွမ်းသော လူ့ဘ၀ကို တိုးဝှေ့ လေ့လာဝေဖန်ကာ နိုင်ငံရေးဘောဂဗေဒပညာ၊ နိုင်ငံရေးအဘိဓမ္မာတို့ဖြင့် ဆောင်ရွက်သည်။ နိုင်ငံရေးအာဏာရအောင် အားထုတ်သည်။ သူ၏ တစ်နည်းဆိုရသော် သူ့ပါတီ၏ နိုင်ငံရေးဝါဒ၊ လမ်းစဉ်များကို လူထုက လက်ခံနှစ်သက်၊ ယုံကြည် တက်ကြွလာအောင် ပြောဟောလှုပ်ရှား ဆောင်ရွက်ရသည်။ သူ၏ အတတ်ပညာကား သူ့နိုင်ငံရေးပါတီ၏ ၀ါဒ၊ လမ်းစဉ်ကို လူထုက နှစ်သက်လက်ခံ၊ ယုံကြည်တက်ကြွလာအောင် ပြုလုပ်သော အတတ်ပညာဖြစ်သည်။ လူထုက ယင်းနိုင်ငံရေးဝါဒ၊ လမ်းစဉ်ကို နှစ်သက်လက်ခံခြင်း ရှိသလောက် သူ၏ နိုင်ငံရေး အင်အားသည် ကြီးမားလာပေသည်။ သူ၏ နောက်ပါး၌ လူထုရှိမှ အောင်မြင်သည်ဟု ဆိုရပေမည်။
နိုင်ငံရေးသမားသည် လူထုနှင့် ညှိနှိုင်း၍ နိုင်ငံရေးလှုပ်ရှားမှုကို ဆောင်ရွက်ရသည်။ စာရေးဆရာသည်လည်း စာဖတ် ပရိတ်သတ် (လူထု အစိတ်အပိုင်းတစ်ရပ်) နှင့် ညှိနှိုင်း၍ ရေးသားရသည်။ လူထု၏ ဆန္ဒနှင့်ညှိ၍ မဆောင်ရွက်လျှင် ယင်းနိုင်ငံရေးသမားသည် ကျဆုံးသလို စာဖတ်ပရိတ်သတ်၏ ဆန္ဒနှင့် ညှိ၍ မရေးသားသော စာရေးဆရာသည်လည်း ကျဆုံးရမည် ဖြစ်ပေသည်။
နိုင်ငံရေးသမားတို့ မည်သည် လူထု၏ရှေ့မှ ကျော်တက်နေ၍လည်း မရ၊ နောက်ကျန်ရစ်နေ၍လည်းမရ၊ လူထုနှင့် တစ်သားတည်း တစ်ပြေးတည်း နေရပေမည်။ လူထု၏ ဆန္ဒအရသာလျှင် နိုင်ငံရေးသမားက လူထုကိုယ်စား စေပါးဆောင်ရွက်ခြင်း ဖြစ်ပေသည်။ နိုင်ငံရေးသမားက သတ်သတ်၊ လူထုက သတ်သတ် မဟုတ်ရပေ။ စာရေးဆရာသည် လည်း ထို့အတူပင်။ စာရေးဆရာသည် လူထု၏ ခံစားမှုကို ထင်ဟပ်ဖော်ပြရပေမည်။ သူ၏ စာပေသည် လူထုခံစားမှု ဝေဒနာ ကို ထင်ဟပ်ရပေမည်။ စာရေးသူ၏ ခံစားမှုနှင့် စာဖတ်ပရိတ်သတ်၏ ခံစားမှုသည် ကိုက်ညီရပေမည်။ စာရေးဆရာသည် ရောမမြို့ကြီး မီးလောင်နေစဉ် တယောထိုးပြရန် မဟုတ်ပေ။
နိုင်ငံရေးသမားသည် လူထုကို ချဉ်းကပ်ရာ၌ လမ်းမှန် ကမ်းမှန်ဖြင့်သာ ဖြောင့်မတ်တည်ကြည်စွာ ချဉ်းကပ်ရပေမည်။ လူထုအား လိမ်လီလှည့်ဖျား၍ မချဉ်းကပ်ရပေ။ စာရေးဆရာသည်လည်း ထို့အတူပင်။ စာရေးဆရာသည် စာဖတ် ပရိတ်သတ်၏ အကြိုက်ကို အလိုလိုက်ကာ စိတ်ကူးယဉ်စာပေ၊ ဘ၀ ထွက်ပြေးမှုစာပေတို့ဖြင့် မှိန်းယစ်အောင် ရေးသား ရမည် မဟုတ်ပေ။
နိုင်ငံရေးသမားသည် အခြေအနေမှန်ကို လူထုအား တင်ပြရပေမည်။ စာရေးဆရာသည်လည်း တကယ်ဖြစ်ပျက် နေသော ခေတ်ကို သရုပ်ဖော်ရပေမည်။
နိုင်ငံရေးသမားအား အဆုံးအဖြတ်ပေးရာသည် လည်းကောင်း၊ စာရေးဆရာအား အဆုံးအဖြတ် ပေးရာသည် လည်းကောင်း၊ စာရေးဆရာအား အဆုံးအဖြတ် ပေးရာသည်လည်းကောင်း လူထုပင်ဖြစ်သည်။

(၅)
ပြည်သူ့အကျိုးဆောင် နိုင်ငံရေးသမား၏ ရည်မှန်းချက်သည် ထာဝစဉ် ငြိမ်းချမ်းရေးပင်ဖြစ်သည်။ ငြိမ်းချမ်းမှ ပျော်ရွင်မည်၊ တိုးတက်မည်၊ သာယာမည်။ ပြည်သူ့အကျိုးဆောင် စာရေးဆရာ၏ ရည်မှန်းချက်သည်လည်း ငြိမ်းချမ်းရေးပင် ဖြစ်သည်။ အနုပညာသည် ငြိမ်းချမ်းမှ အစွမ်းကုန် အလှဆုံး ပွင့်ဖူးနိုင်ပေမည်။
နိုင်ငံရေးသမားသည် နိုင်ငံရေး လုပ်စားလျှင် (၀ါ) ကိုယ်ကျိုးရှာလျှင် ပျက်စီးလေတော့သည်။ စာရေးဆရာ သည်လည်း ငွေကြေးအတွက်လိုက်ကာ စာရေးလာလျှင် မှိန်လာတော့သည်။
နိုင်ငံရေးသမားသည် အာဏာရယူရေးအတွက် နည်းအမျိုးမျိုးဖြင့် ဆောင်ရွက်သူဖြစ်ရာ သေလျှင်မြေကြီး၊ ရှင်လျှင် ရွှေထီး လုပ်တတ်သည်။ ရက်စက်သည်။ စာရေးဆရာကား နူးညံ့သိမ်မွေ့သည်။ ဝေဒနာခံစားမှု၌ ထက်မြက်သည်။ ဆွတ်ပျံ့သည်။ တစ်စုံတစ်ရာကို စိစစ်ဝေဖန် တွေးခေါ်ပြီးမှ လက်ခံတတ်သည်။ နိုင်ငံရေးသမားသည် မှားလျှင် ပြင်မည်ဟူသော သဘောထားနှင့် တိုးလုပ်တတ်သည်။ စာရေးဆရာကား အမှားနည်းရန် ကြိုးစားသည်။ သစ္စာတရားကို ရှာဖွေသည်။ အဖြူပေါ်အမည်းထင်၍ ကမ္ပည်းထိုးရသူဖြစ်ရာ သတိကြီးစွာထားသည်။
ထို့ကြောင့် တစ်ခါတစ်ရံ နိုင်ငံရေးသမားနှင့် စာရေးဆရာသည် မသင့်မတင့် ဖြစ်တတ်သည်။ ပဋိပက္ခဖြစ်တတ်သည်။
သို့ဖြစ်ရာ နိုင်ငံရေးသမားနှင့် စာရေးဆရာသည် တူသည်။ မတူ။

ဒဂုန်တာရာ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...