Monday, August 15, 2011

တွေ့ဆုံပွဲမှ ဆွေးနွေးပွဲသို့ (၂)

by cherrymyodaw on Sunday, August 14, 2011 at 3:46pm
 
ပြီးခဲ့တဲ့အပတ်က ထွက်လာတဲ့ ဂျာနယ်အားလုံးလိုလို ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံကြတဲ့သတင်းကို မင်္ဂလာသတင်းအဖြစ် ၀မ်းသာအားရ ဖော်ပြကြတယ်။
ဒါတင်မက ဆောင်းပါးတွေရေးပြီးလည်း ကြိုဆိုထောက်ခံကြတာ တွေ့ရတယ်။



အားလုံး ကြိုဆိုထောက်ခံ

ဂျာနယ်တချို့က နိုင်ငံရေးပါတီ အသီးသီးနဲ့ အလွှာပေါင်းစုံက ပြည်သူများရဲ့ အာဘော်ကို ဖော်ပြရာမှာ အားလုံး အားတက်သရော ထောက်ခံကြတာ တွေ့ရတယ်။'အလဲဗင်း' အွန်လိုင်းသတင်းစာမှာ ဖော်ပြထားတဲ့
စာရေးသူရဲ့'တွေ့ဆုံပွဲမှ ဆွေးနွေးပွဲသို့' ဆောင်းပါးကို ဖတ်ရှုပြီး ထင်မြင်ချက်ပေးသူ အားလုံးကိုလည်း ကြိုဆို ထောက်ခံကြတာကို ထူးထူးခြားခြား တွေ့ရတယ်။ အွန်လိုင်းမှာ ထင်မြင်ချက် ၀င်ပေးတယ်ဆိုတာက ဘယ်သူဘယ်ဝါ နာမည်မဖော်ဘဲ ရေးကြတာ ဆိုတော့ အားလုံး ထောက်ခံတာမျိုး ရှိခဲတယ်။ တစ်ခါတလေ မူရင်း အကြောင်းအရာကို သေးသိမ်သွားအောင် တမင်တကာ ၀င်နှောက်သူ တစ်ယောက်ကြောင့် ထင်မြင်ချက်ပေးသူချင်း ရန်ဖြစ်ကြတာနဲ့ပဲ အချိန်ကုန်သွားတာမျိုးတွေ ရှိတယ်။


နေနဲ့ လကို တသလို

ဂျာနယ်ဆောင်းပါးရှင်တွေရေးတဲ့ ဆောင်းပါးအားလုံးမှာလည်း တွေ့ဆုံပွဲမှတစ်ဆင့် အဓိပ္ပာယ် ပြည့်ဝပြီး အနှစ်သာရရှိတဲ့ ဆွေးနွေးပွဲများ ဖြစ်လာဖို့ မျှော်လင့်ကြောင်း သိသိသာသာ ဖော်ပြထားကြတယ်။ ပြည်သူအားလုံးကလည်း အလွန့်အလွန် လိုလား တောင့်တနေကြတယ်။ 'ကမ္ဘာဦးလူတို့ နေနဲ့လကို တောင့်တကြသလို'လို့ ပြောရင်တောင် ဒေါသသင့်ရာရောက်မယ် မထင်ဘူး။ ဘာကြောင့်လဲဆိုတော့ အသက် ၇၀ တန်း ရောက်နေပြီ ဖြစ်တဲ့ စာရေးသူတောင် ငြိမ်းချမ်းခြင်း စတဲ့ အမြိုက်အရသာတွေကို တစ်ကြိမ်တစ်ခါမှ ပြည့်ပြည့်၀၀ မခံစားခဲ့ရဖူးလေတော့ ငယ်ရွယ်သူတွေဆို ပိုဆိုးမှာပေါ့။

ကိုယ်စိတ်နှစ်ပါးချမ်းသာဖို့

ဒီခေတ် လူလတ်ပိုင်းနဲ့ လူငယ် အများစုက သန်းခေါင်ယံ အလည်လာသူများ (midnight visitors) များ ကြီးစိုးတဲ့ ခေတ်တစ်ခေတ်ကို ကြုံဖူးခဲ့ကြလေတော့ အခု ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံကြရာမှာ အရင် အကြိမ်တွေနဲ့မတူ သတင်းမီဒီယာတွေကို တွေ့ဆုံခွင့်ပေး၊ မေးတာကိုဖြေ လုပ်ခဲ့ရုံသာမက ပူးတွဲကြေညာချက်ပါ ထုတ်ခဲ့တာကြောင့် ဒီတစ်ကြိမ်တော့ တကယ်ထူးပြီ ဆိုပြီး ရွှင်လန်းအားရ ဖြစ်နေကြတယ်။ဒါတင်မက 'ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေး အတွက် နှစ်ဖက် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြပါသည်'ဆိုတဲ့ ပူးတွဲ ကြေညာချက်ကြောင့် ပိုပြီး အားတက်ကြရတာ ဖြစ်တယ်။

ဘာကိုလိုလားတောင့်တသလဲ

ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေးဆိုတာ ဘာလဲ။ ပြည်သူတွေက ဘာကို လိုလားတောင့်တ နေကြသလဲ။ မြန်မာနိုင်ငံရဲ့ ၈၀ ရာခိုင်နှုန်းလောက်ရှိတဲ့ ပြည်သူတွေဟာ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းနဲ့ စိုက်ပျိုးရေး ဆက်စပ်လုပ်ငန်းတွေမှာ ပါဝင် လုပ်ကိုင်နေကြပြီး ကျေးလက်ဒေသများမှာ နေထိုင်ကြတယ်။ အများစုက မူလတန်းနဲ့ အလယ်တန်း ပညာလောက်ပဲ သင်ခဲ့ကြရတယ်။ ကျေးလက် လူ့အဖွဲ့အစည်းမို့ အနေအထိုင် ရိုးသားတယ်။
လိုအပ်မှုလည်း နည်းတယ်။ဆန်းပြား ထွေလီမှု(sophisticated) သိပ်မရှိဘူး။ အနေရိုးသလို သူတို့ရဲ့ လိုလား တောင့်တမှုလည်း ရိုးစင်းတယ်။ မြို့နေ ပညာတတ်တွေလို 'ပစ်တိုင်းထောင်ရုပ် ကြိုးရှုပ်အောင်' မလုပ်တတ်ကြဘူး။


ချစ်တီးကို ကြောက်ရသလို

ရှစ်ဆယ်ရာခိုင်နှုန်းမက ကိုးဆယ်ရာခိုင်နှုန်းလောက်ရှိတဲ့ သာမန် ပြည်သူတွေအားလုံးရဲ့ လိုလားတောင့်တချက်က မိရိုးဖလာ လုပ်ကိုင် စားသောက်နေတဲ့ အလုပ်အကိုင်လေးတွေကို အေးအေးချမ်းချမ်း အကြောက်အလန့်ကင်းကင်း လုပ်ကိုင် စားသောက်ပြီး နေချင်တာလောက်ပါပဲ။ ဒါထက် တစ်ဆင့်တိုးပြီး တောင့်တရမယ် ဆိုရင်တော့ ထွန်တုံးပိတ်ချိန်တွေမှာ ရှင်ပြုနားသ အလှူမင်္ဂလာတွေ၊ ဘုရားပွဲတွေ ပျော်ပျော်ပါးပါး ကျင်းပချင်တယ်။ လွတ်လွတ်လပ်လပ် သွားချင်လာချင်တယ်။ ပြောချင် ဆိုချင်တယ်။ ကြည့်ချင် မြင်ချင်တယ်။ ဒီမိုကရေစီတွေ၊ အော်တိုကရေစီတွေ၊ ဟိုလူးရှင်း၊ ဒီလူးရှင်းတွေကို နားမလည်ပါဘူး။ စိတ်လည်း မ၀င်စားပါဘူး။ ကိုယ့်လယ်လေး ကိုယ်စိတ်ချလက်ချ လုပ်ခွင့်ရရင်ပဲ ကျေနပ်ပါတယ်။ သူ့ကျွန်ဘ၀ နေရစဉ်ကလို ချစ်တီးက လယ်လာသိမ်းမှာကို တကြောင့်ကြကြနဲ့ ကြောက်လန့်နေရတဲ့ ဘ၀မျိုး ဘယ်သူမှ ပြန်မရောက်ချင်ကြတော့ဘူး။


ပဋိညာဉ် ကတိက၀တ်နဲ့

ကိုးဆယ့်ငါး ရာနှုန်းလောက်ရှိတဲ့ ပြည်သူတွေ လိုလား တောင့်တနေကြတဲ့ အေးအေးချမ်းချမ်း လုပ်ကိုင် စားသောက်နေနိုင်တဲ့ ဘ၀မျိုးကို အမြန်ဆုံး ရရှိအောင် ဆောင်ရွက်ပေးဖို့ အတွက် နိုင်ငံအုပ်ချုပ် မင်းလုပ်တဲ့ အစိုးရများနဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေမှာ လုံးဝ တာဝန်ရှိပါတယ်။ တိုင်းကျိုးပြည်ကျိုးနဲ့ ပြည်သူ့အကျိုးကို သယ်ပိုးထမ်းဆောင်ပါမယ် ဆိုတဲ့ ပဋိညာဉ် ကတိက၀တ်နဲ့ နိုင်ငံ့ဘဏ္ဍာက လစာ ရိက္ခာကို ရယူခံစားနေကြသူများ မဟုတ်လား။ ဒီတာဝန်ကို ကျေကျေပွန်ပွန် မထမ်းဆောင်နိုင်ရင် ပဋိညာဉ် ချိုးဖောက်ရာ ရောက်ပါတယ်။


အားလုံးရဲ့ တာဝန်

နိုင်ငံ့တာဝန်ဆိုတာ အင်မတန် ကြီးလေးတဲ့ တာဝန်ကြီး ဖြစ်တယ်။ အစိုးရဆိုတဲ့ အဖွဲ့အစည်း တစ်ခုတည်းအားနဲ့ မလုံလောက်ဘူး။ နိုင်ငံအရေး လုပ်မယ်ဆိုတဲ့ နိုင်ငံရေး အဖွဲ့အစည်း အားလုံး လူပုဂ္ဂိုလ်အားလုံး ပါဝင် လုပ်ဆောင်ကြဖို့ လိုတယ်။ သူ့အဖွဲ့ ကိုယ့်အဖွဲ့၊ သူ့လူကိုယ့်လူ၊ သူ့ဝါဒ ကိုယ့်ဝါဒဆိုတဲ့ ဂိုဏ်းဂဏ အမြင်တွေနဲ့ မကြည့်ဘဲ တိုင်းပြည်အတွက်ဆိုတဲ့ ပန်းတိုင် တစ်ခုတည်းကို ကြည့်ပြီး ဆောင်ရွက်ကြရမှာ ဖြစ်တယ်။ အထူးသဖြင့် ငါတို့မှ တိုင်းပြည်ချစ်တယ်၊ ငါတို့သာ တိုင်းပြည်ကို ကယ်တင်နိုင်တယ် ဆိုတဲ့ အတ္တစွဲနဲ့ မာန်မာန တိမ်သလ္လာဖုံးနေမှု တို့ကို လုံးဝ ဖယ်ရှားစွန့်ပစ်နိုင်ရမှာ ဖြစ်တယ်။


ကာလရှည်ကြာကင်းကွာ

မြန်မာနိုင်ငံမှာ ဒီမိုကရေစီစံနှုန်းများနဲ့ ကင်းကွာခဲ့တာ နှစ်ပေါင်းငါးဆယ် ရှိတော့မှာ ဖြစ်တယ်။ ဒီကာလရှည်ကြီး အတွင်းမှာ တစ်ပါတီ တစ်ဖွဲ့တစ်စည်းတည်းရဲ့ သဘောနဲ့ တိုင်းပြည်ကို အုပ်ချုပ်ခဲ့တာ ဖြစ်လေတော့
မုန်းတီးနာကြည်းမှုတွေ၊ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် မယုံသင်္ကာ ဖြစ်မှုတွေ၊ ကိုယ့်အဖွဲ့အစည်း တည်တံ့ဖို့အတွက် ကိုယ်နဲ့မတူတဲ့ တခြား အဖွဲ့အစည်းအားလုံးကို ချေမှုန်းပစ်ရမယ် ဆိုတဲ့ အာဃာတတွေဟာ ဟိုဘက်ဒီဘက် အဖွဲ့အစည်းအားလုံးမှာ ရှိခဲ့ကြတယ်။ ဒါဟာ အပြစ်ဆိုစရာတော့ မဟုတ်ဘူး။ မငြိမ်းချမ်းတဲ့၊ တိုင်းရင်းသား အချင်းချင်း လက်နက်ကိုင် တိုက်ခိုက်နေတဲ့ အခြေအနေမှာ ဒါမျိုးတွေဟာ ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်တယ်။


တိုးတိုးသားမဟုတ်

ခုအချိန်မှာတော့ ဒီမိုကရေစီ ဆိုတဲ့ စကားဟာ နှစ်ကိုယ်ကြား ပြောရတဲ့ 'တိုးတိုးသား' မဟုတ်တော့ဘူး။ အာဏာရ အစိုးရ ကိုယ်တိုင်က နေ့စဉ်နဲ့အမျှ တဖွဖွပြောနေတဲ့စကား ဖြစ်နေပြီ။ လတ်တလောလေးမှာတင် အစိုးရအဖွဲ့က ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး 'ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေး အတွက် နှစ်ဖက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြပါသည်' ဆိုတဲ့ ကြေညာချက် ထုတ်ပြန်ခဲ့တယ်။ သတင်းသမားတစ်ယောက်ရဲ့ မျက်စိထဲမှာတော့ နှစ်ဖက် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းတွေ အများကြီး ရှိနေတာကို မြင်နေတာကြောင့် မျှော်လင့်ချက် ရောင်ခြည်ကလေး ခပ်ရေးရေး သန်းလာတယ်။


အပြန်အလှန်လေးစား

တွေ့ဆုံဆွေးနွေးမှု ဖြစ်မြောက်ဖို့၊ အောင်မြင်ဖို့ အတွက် ပထမဆုံး လိုအပ်ချက်က နှစ်ဖက်စလုံး ဒါမှမဟုတ် သုံးဖက်လေးဖက်စလုံးရဲ့ စိတ်အခံတွေမှာ သူ့ဘက်ငါ့ဘက် ဆိုတဲ့ အမြင်တွေကို ဖျောက်ပစ်ဖို့ လိုပါလိမ့်မယ်။
သူ့ဘက်ငါ့ဘက်ဆိုတဲ့ အခြေခံ ကနေ တစ်ဆင့်တက်ပြီး 'ငါနဲ့မတူ ငါ့ရန်သူ'ဆိုတဲ့ စိတ်ဓာတ်တွေ ပေါ်ထွက်လာစေပါတယ်။
မတူခြားနားတဲ့ အယူအဆတွေ ကိုယ်စီ ရှိနေကြတာကို အပြန်အလှန် အသိအမှတ်ပြု လေးစားပြီး တူညီတဲ့ပန်းတိုင် အတွက် အတူ လက်တွဲလုပ်လို့ ရတာတွေကို အတူ တွဲလုပ်ခြင်းဟာ ဒီမိုကရေစီရဲ့ အနှစ်သာရ ဖြစ်တယ်။ အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ကြားမှာ ကွဲလွဲချက်တွေ ရှိနေတာကို လတ်တလော မကိုင်တွယ်ကြသေးဘဲ တူညီချက်တွေကိုရှာပြီး အရင်ဆုံး ကိုင်တွယ်သင့်ကြတယ်လို့ ယူဆပါတယ်။


အားရှိသူနိုင်မြဲ

မြန်မာနိုင်ငံမှာ ရှိနေတဲ့ အဖွဲ့အစည်းအားလုံးမှာ မတူညီတဲ့ မူဝါဒလမ်းစဉ်တွေ ရှိနေကြပေမယ့် ဒီမိုကရေစီနိုင်ငံကြီး တည်ထောင်ချင်တယ် ဆိုရာမှာ တူကြတယ်။ အားလုံးဟာ ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်လူမျိုးကို ချစ်ကြတယ်။
တိုင်းပြည်နဲ့လူမျိုး ပျောက်မသွားဖို့ အသက်ပေး ကာကွယ်ကြမယ် ဆိုတဲ့ အချက်မှာ တူကြတယ်။ ဒီတူညီချက်တွေပေါ် အခြေခံပြီး ရှေ့ဆက် လုပ်စရာတွေ လက်တွဲ လုပ်ဆောင်လို့ ရတယ်။ အန္တရာယ်တွေကို စုပေါင်း
ကာကွယ်နိုင်ကြတယ်။ မြန်မာနိုင်ငံ ဆိုတာက လူဦးရေ ပေါက်ကွဲထွက်လုမတတ် များပြားတဲ့ နိုင်ငံကြီးနှစ်ခုကြားမှာ ညပ်နေတဲ့ နိုင်ငံ သေးသေးလေး တစ်ခုသာ ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ လူဦးရေဟာ သူတို့ နိုင်ငံကြီးနှစ်ခုက
ပြည်နယ်တစ်ခုရဲ့ လူဦးရေလောက်တောင် ရှိတာ မဟုတ်ဘူး။ နောက်ပြီး ကမ္ဘာကြီးတစ်ခုလုံးက ဒီမိုကရေစီခေတ်လို့ ဘယ်လောက်ပဲ အော်နေအော်နေ တကယ်တော့ 'အားရှိသူ အနိုင်ရစမြဲ' (might is right)ဆိုတဲ့ စစ်ဘုရင်ဝါဒက ကြီးစိုးနေဆဲ ဖြစ်တယ်။


အန္တရာယ်တွေ ရှိနေတယ်

လူဦးရေနည်းပြီး စီးပွားရေးအရ ဖွံ့ဖြိုးမှု နောက်ကျနေတဲ့ မြန်မာနိုင်ငံ အဖို့ စီးပွားရေး အရ၊ လူမှုရေးအရ၊ ယဉ်ကျေးမှုအရ ဘက်ပေါင်းစုံက ၀ါးမြိုခံရနိုင်တဲ့ အန္တရာယ် အမြဲတမ်း ရှိနေတယ်။ တိုင်းပြည်ရဲ့ မြေပေါ်မြေအောက်
သယံဇာတတွေနဲ့ သစ်တောဝါးတောကြီးတွေ ပျောက်ကွယ်သွားမယ့် အန္တရာယ်လည်း ရှိနေတယ်။ အဲဒီနောက်က ကပ်ပါလာတဲ့ ဥတုရာသီ ဖောက်ပြန်မှုတွေနဲ့ အယ်လ်နီညိုတို့၊ လာနီညာ တို့ရဲ့ အန္တရာယ်တွေလည်း ရှိနေတယ်။ ဒီလို အန္တရာယ်တွေ ကျရောက်လာရင် အစိုးရ တစ်ဖွဲ့တည်း ခံရမှာ မဟုတ်ဘူး။ နိုင်ငံရေး အဖွဲ့အစည်းတွေသာ ခံရမှာ မဟုတ်ဘူး။ တစ်တိုင်းတစ်ပြည်လုံး ပြည်သူတွေအားလုံး ခံကြရမှာ။ သဘာဝဘေးဆိုး ကပ်ဆိုးတွေ ကြောက်စရာ ကောင်းသလို လူလုပ် ဘေးဆိုးကပ်ဆိုးတွေကလည်း ကြောက်စရာ ကောင်းပါတယ်။


မလွဲဧကံ

ဒီအန္တရာယ်တွေကို ဘုံရန်သူအဖြစ် သဘောထားပြီး 'အရေးကြီးက သွေးစည်းကြ' ဆိုသလို အားလုံး လက်တွဲ ကာကွယ်ကြဖို့ လိုတယ်။ 'ငါနဲ့မတူ ငါ့ရန်သူ' စိတ်ဓာတ်တွေ စွန့်ပစ်ပြီး ခံစရာရှိရင် အားလုံး အတူတူ ခံကြရမှာပဲ။ အားလုံး 'ဆိုးတူကောင်းဘက်'တွေပဲ ဆိုတဲ့ စိတ်ဓာတ်မျိုး မွေးကြရမယ်။ တစ်ဦးနဲ့တစ်ဦး သံသယစိတ်တွေနဲ့ တံဆိပ် အမျိုးမျိုးတပ်၊ နာမည် အမျိုးမျိုး ပေးနေတာတွေ ရပ်ပစ်ပြီး တိုင်းပြည်နဲ့ လူမျိုး မပျောက်ဖို့ ဆိုတဲ့စိတ် တစ်မျိုးတည်းနဲ့ ဆောင်ရွက်သွားကြရင် ပြည်သူလူထု တစ်ရပ်လုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်ကြရမှာ မလွဲဧကံပါပဲလို့ ပြောလိုက်ချင်ပါတယ်။

(လူထုစိန်ဝင်း)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...