Monday, August 15, 2011

ခေတ်ကာလ ပြုပြင်ပြောင်းလဲရေး + “ အိုင်တီခေတ်မျိုးဆက်သစ်များ လာတော့မည်”

by Socretes Athenisian on Sunday, August 14, 2011 at 12:13pm
//Views on their next generation by two Myanmar authors from different periods of time.//

ခေတ်ကာလ ပြုပြင်ပြောင်းလဲရေး 
-သခင်ကိုယ်တော်မှိုင်း-23,7, 2011။-

“သတိမမူ ဂူမမြင်”ဟူသော စကားကဲ့သို့ လောကလူတို့သည် အခြားအခြားသော ကိစ္စကြီးငယ်တို့ကို၊ ဂရုတစိုက်လုံ့လပြု လျက် ရှိကြသော်လည်းထိုထိုသို့သော် ကိစ္စ အပေါင်းတို့ထက် အရေးကြီး၍ ယခုလည်း မိမိတို့အား ပြုပြင်လျက် နောင်လာ နောင်သား အဓွန့်ရှည်စွာသော သားမြေးမြစ် အစဉ်အဆက် တို့၏ ကောင်းကျိုး မကောင်းကျိုး တို့ကို ပြုပြင်တတ်သည့်အပြင် “ ကမ္ဘာကျေ သော်လည်း ဥဒါန်းမကျေ” ဟူသော စကားကဲ့သို့ နောင်သော ရာဇ၀င်မှတ်တမ်း အရပ်ရပ်တို့တွင် ယခုကာလ လူ ဖြစ်ရသော ကျွန်ုပ်တို့ ဓာတ်ပုံကြီးသဖွယ် အထိမ်းအမှတ်တခု အဖြစ် ကမ္ဘာအရှည် တွေ့ မြင်နိုင်ကြရန်၊ ကျန်ရစ်မည်ဖြစ်သောတွေ့ မြင်နိုင်ကြရန်၊ ကျန်ရစ်မည်ဖြစ်သော ခေတ်ကြီး၏ အကြောင်းကိုမူကား ကောင်းစွာ ဂရုမစိုက်နိုင် အမှုမဲ့အမှတ်ဖြင့် နေကြလေသည်၊


သို့သော် ထိုထိုသောကိစ္စကြီးငယ်တို့က ကျွန်ုပ်တို့အား ကြီးမား ခိုင်ခန့်သော အကျိုးကို ပေးနိုင်စွမ်းမည်မဟုတ်။

ခဏခေတ္တတဒင်္ဂမျှသော မျက်မှောက်အကျိုး ကလေးကို ပေးတပ်ချေသည်။ “ခေတ်ကြီး”က မှသာလျှင် ကမ္ဘာအရှည်တည်တံ့ ခိုင်မြဲသော အကျိုးထူး အကျိုးမြတ်တို့ကို ပေးစွမ်းနိုင်သဖြင့် ကျွန်ုပ်တို့သည် ခေတ်ကာလကြီးကို အထိမ်းအမှတ် မရှိ အမှုမဲ့ အမှတ်မဲ့ တက်မကိုင် ကင်းသောလှေ သင်္ဘောကဲ့သို့ ရောက်လိုရာရောက် မျောလိုရာမျော မထားပဲ အရပ်ရပ်သော ကိစ္စတို့ထက် အလေးပေး ဂရုမူထိုက်ပေသည်။

ယခုလည်း ပစ္စုပ္ပန်ခေတ်ကြီး ကျရောက် လျက်ရှိသည်။ နောင်အခါလည်း အနာဂတ်ခေတ်များ လာရောက်ဦး မည်ဖြစ်၍ ကမ္ဘာတည်သမျှ ကာလပတ်လုံး တခေတ်မှတခေတ်သည် ပြောင်းလဲလျက်ရှိချေ မည်။ အစဉ်သဖြင့် ရွေ့ရှားပြောင်းကြွနေသော အရာဖြစ်ပေသည်၊  “ခေတ်” ဟူသော စကားသည် ပညက်သမုတ်အပ်သော အခေါ် ဝေါဟာရအတိုင်းပင် ကမ္ဘာအရှည်တည်တံ့သောအရာမျိုးမဟုတ်၊

သို့သော် ကိုယ့်ခေတ်ကိုယ်သာဆိုင်သည်ဟု မှတ်ရသည်။ အချို့တို့မှာ မိမိတို့ခေတ်ကြီး တခုလုံးကို မကောင်းချလျက် ရှေးလွန်လေပြီးသော ခေတ်ဟူသမျှတို့ကို အကောင်းချည်းသာ ထား လျက် ယခုကာလရှေးကလို နေရာမကျပေါင်ကွယ်။

ရှေးကခေတ်များသာ အောက်မေ့ တမ်းတ ညည်းတွားကာ နေတတ်ကြပေသည်။
ထိုသူတို့မှာ ယခုခေတ်ကာလကြီး၏ ကောင်းသောအချက် အလက်တို့ကို သတိမူကြသောသူများ မဟုတ်ကြပေ။
တောင်းတိုင်းကောင်းသည်ဟု ထင်မှတ်ကြ သူများဖြစ်ကြပေသည်။

မိမိတို့မော်တော်ကားစီးရသော ခေတ်မှသာလျှင် လူဖြစ်ကျိုးနပ် သည်ဟု ထင်နေကြသော သူများအား အမောင်တို့ ရှေးခေတ်များမှာ အမောင်တို့လို မော်တော်ကား စီးရခြင်း၊ မီးရထားစီးရခြင်းများကားမရှိ ဟုတ်မှာပါ၏။ အချို့တို့မှာကား မိမိတို့ခေတ်ကာလ မော်တော်ကားကလေး စီးရသည်ကိုပင်၊ ရှေးက ထက် အလွန်အကျူး ကောင်းလှပေသည် ထင်မှတ်လျက်၊ မိမိတို့ဆင်းသက်ခဲ့ကြသော ဘိုးဘွား မိဘ လက်ထက်ကို အထင်အမြင် သေးသိမ်လျက် ရှိတတ်ကြ လေသည်။

သို့သော်အမောင်တို့ ခေတ်တွင် အနော်ရထာ မင်းစော၊ ဟံသာဝတီဆင်ဖြူရှင်များရှင်၊ အလောင်းမင်းတရား၊ ဗန္ဓုလတို့ကဲ့သို့ တိုင်းပြုပြည်ပြု ဘုန်းအားရုန်းအားနှလုံးအားဖြင့် သုံးပါးဗလပြည့်စုံလင်သော ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်များ ရှိပါ၏လော၊
အစွမ်းအစမျှ ထင်ပါ၏လောဟု မေးမြန်းပါက မရှိကြောင်း ၀န်ခံလျက် ငါတို့ခေတ်မှသာ ခေတ်မဟုတ် ပါတကားဟု တွေးတော မိကြပေလိမ့်မည်။

ဤသို့သော အကြောင်းရှိသဖြင့် ဤ ခေတ်တွင်ကောင်းရပေသည်ဟု အကျိုးနှင့်အကြောင်း တိုင်းထွာဆင်ခြင်၍ ရှေးခေတ်များကို အတု ယူနည်း ခိုးလျက် မိမိတို့ဆရာ အဖြစ် ထားသင့် ပေသည်။ ရှေးခေတ်များကို အပြစ်အနာရှာ၍ ကဲ့ရဲ့ရှုတ်ချ ပြောရန်မလို၊ ထိုခေတ်များမှာ ကောင်းလျှင်ကောင်းသည့်အလျောက် ဆိုးလျင်ဆိုးသည့် အလျောက်၊ ဤသို့သော အကြောင်းရှိသဖြင့် ဤခေတ်တွင်ဆိုးရလေသည်။ အထက်က ပြဆို ခဲ့သည့်အတိုင်း ကိုယ့်ခေတ်ကိုယ်နှင့်သာ ဆိုင်သည်ဟု အမှတ်ထားကာ မိမိတို့ခေတ်ကို မိမိတို့ လုံခြုံအောင် စောင့်ရှောက် ကြရန် ဖြစ်ပေသည်။

ခေတ်ကာလ၏ အကောင်းအဆိုးမှာ လူတို့၏လက်တွင်းတွင်ဖြစ်ပေသည်။ အိုးထိန်သည် ၏လက်တွင်း ရှိရွံ့စေးကဲ့သို့ ခေတ်ကာလမှာမူ၊ လူတို့၏ပြုပြင်ရာဖြစ်ပေသည်။
လူအပေါင်းတို့ လုံ့လ၊ ၀ိရိယ၊ ဉာဏ်ပညာ အမျှော်အမြင်ဉာဏ်နှင့် သေးကွေးသောအခါများ၌ ခေတ်ညံ့ခေတ်ဆိုးများ ဖြစ် တတ်ပေသည်။

လူတို့ လုံ့လ၊ ၀ိရိယ၊ ဉာဏ်ပညာ ကြီးမားခိုင်ခံသောအခါများတွင် ရွှေမိုးငွေမိုး စွေ ဖြိုးရွာသွန်း အတိုင်းထက်အလွန် ကောင်းမြတ်သော ခေတ်ကြီးများ ဖြစ်လာရကြောင်းကို ရှေး ဟောင်းရာဇ၀င် အစဉ်အလာများ၌ ထင်ရှားတွေ့မြင်ကြရပေသည်။
ယခုခေတ်တွင်ပင်လည်း၊ တိုင်း ကြီးပြည်ကြီး အသီးသီးတို့တွင် မျက်မြင်ဒိဠဖြစ်ပေသည်။

ကျွန်ုပ်တို့မြန်မာပြည် လက်ရှိခေတ်ကာလကြီးကို တွေးတောကြံဆ ရှေ့နောက်တိုင်းထွာ လိုက်သော် များစွာအရေးကြီးနေသော အခါကာလကြီးနှင့် ကြုံကြိုက်လျက် သတိမူမိသူတို့ စိုးရိမ် ကြောင့်ကျဘွယ်ရာဖြစ်၍ နေပေသည်။ထို့ကြောင့် ခေတ်ဆိုးနှင့်ခေတ်ကို အပြစ် မဆိုသာ၊ ထိုခေတ်တွင်ရှိသော လူတို့ကိုသာ အပြစ်ဆိုစရာ ဖြစ်သောကြောင့် ငါတို့ခေတ်အတွက် ငါတို့တာဝန်ကြီးပေတကားဟု များများကြီး နှလုံးသွင်း အပ်ပေသည်။

ယခုအခါ မြန်မာလူမျိုးတို့မှာ လွန်ခဲ့သောခေတ်ကကဲ့သို့ ဖြစ်သမျှနှင့် တင်းတိမ်ရောင့်ရဲခြင်းမရှိ၊ ရှေ့သို့တိုးတက်လိုသောစိတ်၊ ကောင်းနိုးရာရာတို့ကို တက် လှမ်းဆွတ်ခူး အသုံးပြုလိုသောဆန္ဒဖြင့် ကာယစိတ္တနှစ်ဠနလုံး၌၊ မငြိမ်သက်ပဲ၊ လှုပ်လှုပ်ရွရွပြောင်း ရွေ့နေသော ကြားခေတ်ကြီးနှင့် ကြုံကြိုက် လျက် ရှိရပေသည်။

ယခုအခြေအနေကိုထောက်ဆ သော် အိုးထိန်းစက်ပေါ်တွင် တင်ထားသော ရွံ့စေးကဲ့သို့ဖြစ်နေပေသည်။
ပုံပန်းသဏ္ဌာန် ကျကျနန မရှိသေး၊ အိုးထိန်း ဆရာကြီး လက်က ညံ့လျင်ညံ့သည့်အလျောက်၊ ကောင်းလျင်ကောင်းသည့် အ လျောက် ဖြစ်ရချေသည်။

သို့အတွက် အိုးထိန်းနှင့်တူသော ယခုခေတ်ရှိလူများက ချို့ယွင်းပျက်ပြယ် ခြင်းမရှိပဲ၊ ခိုင်ခန့်လှပသော အိုးသစ်အိုးကောင်း များ ဖြစ်လာရန် အထူးသဖြင့် ညွှန်ပြအားစိုက် သတိဝိရိယ ကြီးရမည့် အခါကြီး ဖြစ်ပေသည်။

ဤသို့စသဖြင့် စာပေ၏အင်အားသည် မည် မျှကြီးမားကြောင်းကို တွေ့ရပေသည်။ ကျမ်းဂန်စာပေသည် အချုပ်ဖြစ်၍ ခေတ်ကိုသော်၎င်း၊ လူကိုသော် ၎င်း၊ ချုပ်ခြယ်လျက် ကောင်းကျိုးမကောင်းကျိုးကို ပေးနိုင်သည်မှာ ရာဇ၀င်တွင် သက်သေသာဓက အထင်အရှားဖြစ်ပေသည်။ လူကို အစိုးရသည်မှာ စိတ်ပင်ဖြစ်၏။ စိတ်ကို အစိုးရသည်မှာ ပညာပင်ဖြစ်သည်။ ပညာကို အစိုးရသည်မှာ ဗဟုသုတအတတ်ပင် ဖြစ်သည်။ ဗဟုသုတ အကြားအမြင် အတတ်ပညာကိုမူကား ကျမ်းဂန်စာပေက အချုပ်ဖြစ်၏။

သို့အတွက် ခေတ်ကာလပြောင်းလဲရေးများတွင် စာပေများကို အထူးစောင့်ရှောက်သင့် ပေသည်။ တည်ငြိမ်သောအခါများ၌ အရေးမကြီးလှုန့်လှုန့်ဝါ၀ါ မငြိမ်မသက်နှင့်လူတို့သည် ဤအရာ ကောင်းနိုးနိုး၊ ထိုအရာကောင်းနိုးနိုးဖြင့် တွေ့သမျှမြင်သမျှတို့ကို လက်လှမ်းဘမ်းဆုတ်နေသည့် အခါကြီးတွင် သင့် မလျော်သော စာပေများကို ကိုင်တွယ်မိမည်ကို စိုးရိမ်ရပေသည်၊

သို့အတွက် ထိုသို့သောစာပေများကို အုပ်စိုးပပျောက် မပြူမထွက်ဝံ့အောင် လူကိုအကျိုးဖြစ် ထွန်းစေမည့် စာ ကြီးပေကြီး ကောင်းမွန်သန့်ပျံ့သော အတတ်ပညာများကို အထူးဂရုပြု၍ စာပေ၀န်ထမ်းကြီး အဖြစ် ဆောင်ရွက် ကြပါမှ သင့်လျော် လျှောက်ပတ်မည် ဖြစ်ကြောင်း။ ။

ရည်ညွှန်း။ ။ မာ့က်စ်ဝါဒနှင့် တို့ဗမာ (စာမျက်နှာ ၂၄ မှ ၂၉ အထိ)

မှတ်ချက်။ ။ ဤဆောင်းပါးပါအချက်များ၊ စာလုံးပေါင်းများမှာ စာရေးသူ ဆရာကြီး သခင် ကိုယ်တော်မှိုင်း၏ မူရင်း အချက်အလက်နှင့် စာလုံးပေါင်းများအတိုင်း ဖော်ပြခြင်းဖြစ်ကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။

23,7, 2011 နေ့သည် သခင်ကိုယ်တော်မှိုင်း-ကွယ်လွန်ခြင်း နှစ်ပတ်လည် နေ့ ဖြစ်ပါသည်။
www.hittaing.org
www.hittai.org
www.hittai.net
------------------------------------------------------------------------------------------------------------------------------------

“ အိုင်တီခေတ်မျိုးဆက်သစ်များ လာတော့မည်”
ဦးဖိုးသာအောင် ။
14/8, 2011။-



ကိုယ့်ကြမ္မာကိုယ်ဖန်တည်းနိုင်သည် ဆိုသည်မှာ ပုထုဇဉ်တို့အတွက် မဟုတ်ပေ၊
မဂ်ဥာဏ် ဖိုလ်ဥာဏ်တည်ဆောက်ထားသည့် အရိယာတို့အတွက်သာဖြစ်သည်၊

ပုထုဇဉ်တို့သည်ကား ကံပြတ်တရားအလုပ်ကို မလုပ်သည့်ပြင် အနုမတက္ကသံသရာမှ ကံများနှင့် ယခုပစ္စုပ္ပန်ကံတို့ ပေါင်းစပ်မှု၏ အကျိုးပေးသက်ရောက်မှုကို မရှောင်မလွှဲသာ ခံကြရသည်သာ ဖြစ်သောကြောင့် ကိုယ့်ကြမ္မာကိုယ်ဖန်တည်းနိုင်စွမ်းမရှိဟူ၍သာ ယူရမည်ဖြစ်သည်။

နိုင်ငံရေးသည် ဘာသာရေးမဟုတ်၊
နိုင်ငံရေးသည် ပုထုဇဉ်တို့၏ အလုပ်သာဖြစ်သည်၊ ထို့ကြောင့် ပုထုဇဉ်နိုင်ငံရေးသမားတို့သည် မည်သူမျှ ကိုယ့်ကြမ္မာကိုယ် မဖန်တည်းနိုင်ကြချေ၊
ကံပြုသမျှနုကြရသည်သာဖြစ်သည်။


ကမ္ဘာပေါ်တွင် သူ့ခေတ်နှင့်သူ ဘုန်းမီးနေလထွန်းတောက်ခဲ့ကြသည့် နိုင်ငံများ တိုင်းပြည်များ ရှိခဲ့ကြသည်၊
သို့သော် သူ့ကြမ္မာ သူဖန်တည်းနိုင်စွမ်း မရှိကြသဖြင့် ပျက်ချိန်တန်က ပျက်ခဲ့ကြရသည်ပင်၊
မွန်ဂိုအင်ပိုင်ယာ ခေတ်၊ အသောကရာဇာ ခေတ်၊ အရှေ့အလယ်ပိုင်းက ဖါဒိုတို့ခေတ်၊ ရောမခေတ်၊ ဟန်နီဘောခေတ်၊ နပိုလီယံ ခေတ်၊ အလက်စန္ဒားတို့ခေတ်၊ ဗြိတိသျှအင်ပိုင်ယာ ခေတ် စသည် စသည်တို့သည်လည်း သူ့ခေတ်နှင့်သူ ဖြစ်ထွန်း ပေါ်ပေါက်ခဲ့ကြလင့်ကစား ပျက်ချိန်တန်တော့ ပျက်ကြရသည်သာ ဖြစ်ပါသည်၊

ထို့သို့ ပျက်ခြင်းမှာလည်း ကိုယ့်ကြမ္မာ ကိုယ်မဖန်တည်းနိုင်၍သာ ဖြစ်သည်၊

ယနေ့ အိုင်တီခေတ်၊ ဝီကီလိခေတ်တွင်လည်း စစ်ရေး၊ စီးပွားရေးနှင့် နည်းပညာများ ရှေ့တန်းရောက် နိုင်ငံများကလည်း သူ့ထက်ငါ အလုအယက်နှင့် ရှေ့သို့ ရောက် သထက်ရောက်အောင် ပြိုင်ကြဆိုင်ကြ၊ ပေါင်းကြသင်းကြ၊ တိုက်ကြခိုက်ကြနှင့် မပြီးဆုံးနိုင်သည့် လောဘတိုက်ပွဲပြီးကို တိုက်ခိုက်နေကြရသည်ပင် မဟုတ်ပါလား၊ 

မည်သည့်နိုင်ငံက မည်မျှပင် တိုးတက်ဖြစ်ထွန်းနေပါစေ ကိုယ့်ကြမ္မာကိုယ် ဖန်တည်းနိုင်စွမ်းဖြင့် အောင်မြင်နေသည်ဟု ယူဆလျှင်တော့ မှားပါလိမ့်မည်၊
အတိတ်က ပြုလုပ်ခဲ့သည့်ကံများနှင့် ယခုပစ္စုန်ကံတို့၏ မှန်ကန်စွာ ပေါင်းစပ်နိုင်မှုကြောင့် တိုက်ဆိုင်ရရှိသည့် အကျိုးရလာဘ်ပင် ဖြစ်သည်ဟူ၍သာ မှတ်ယူရပါမည်၊

ကံစိတ်ဥတုအဟာရဆိုသည့် မဟာမူလဘူတ ဓါတ်ကြီးတို့သည် စဉ်ဆက်မပြတ် ဖောက်ပြန်ပျက်စီး နေသည်သာ ဖြစ်သည့်အတွက် ကံ စိတ် ဥတုအဟာရနှင့် မကင်းနိုင်သည့် ပုထုဇဉ်လူသားတို့အတွက် မည်သည့်အခါမျှ မပိုင်ချေ၊

အတ္တမဟုတ် နတ္တသာဖြစ်နေသည့်အတွက် ရေစီးတခါ ရေသာတလှည့် လောကတွင် သည်ကွေ့ သည်တက်နှင့်လှော်တတ်ဖို့သာ ဖြစ်သည်၊
ယုံကြည်ချက်ကို အလွဲသုံးစားလုပ်ကာ မုချတို့ ဒိဌတို့ကို ဆုတ်ကိုင်ထားလျှင် နစ်ဖို့ရန်သာ ရှိသည်၊ မှားနေလျှင် အမြန်ပြင်ပြီး အမှန်ဘက်ကို အမြန်ပြောင်းရမည်၊

ပြုလွယ်ပြင်လွယ်ခေတ်ကို ဆုတ်ကိုင်ကြရမည်သာ ဖြစ်သည်၊
ထို့ကြောင့် အစွဲနှင့် အစွန်းကို မြင်အောင် ကြည့်ကြပြီး ရှောင်နိုင်ကြမှသာ အမှန်နှင့် အောင်မြင်မှုဆီသို့ နီးကပ်သွားမည်သာ ဖြစ်ပါသည်၊

ကိုယ့်အား ကိုယ့်ကိုး ထိုလူမျိုး အကျိုးမယုတ်ပြီ၊ သူများနှာခေါင်းအငှားတောင်း အကြောင်းမလုပ်သင့်ဟု ဆိုရိုးစကားတွေရှိပါသည်၊
ကိုယ့်အားကိုယ်ကိုးသည် ဆိုသည်မှာ မိမိတို့၏ ဇွဲ ဝရီယ၊ လုံ့လ တို့ကို မလျှော့တမ်းဆောက်ရွက်ရမည်ကို ဆိုလိုသည်၊

ဆရာ မရှာနှင့် အကူအညီမရှာနှင့် အပေါင်းအသင်း မရှာနှင့်ဟု မဆိုလိုပါ၊ ဒါကို ကွဲပြားစေချင်ပါသည်၊
သူများနှာခေါင်း အငှားတောင်း အကြောင်းမလုပ်သင့်ဆိုသည် မှာလည်း အကြောင်းမရှိဘဲလျှက် အငှားမတောင်းသင့်ပါ၊
ငှားရမည့်အကြောင်း ရှိက ငှားကို ငှားရပေတော့မည်၊
အသက်မရှုနိုင်သောလူနာအဖို့ အငှားအောက်စီဂျင်လိုအပ်သည်ပင်ဖြစ်သည်၊

ဒုတိယ ကမ္ဘာစစ်မှာ ဂျာမဏီက ဘာဆိုင်းစာချုပ်ကို မကျေနပ်၍ သမိုင်းကြွေးဆပ်ရန်ပြင်ဆင် တိုက်ခိုက်ရာတွင် လိုအပ်သည့် မဟာမိတ်ဖွဲ့မှုကို ပြုလုပ်ခဲ့သလို အင်္ဂလန် အမေရိကန်တို့ကလည်း မဟာမိတ် နိုင်ငံများစုစည်း၍ တိုက်ခိုက်ခဲ့ကြပါသည်၊ 

ဝါဒခြင်း မတူသည့် ဆိုဗီယက်တို့ကိုပင် မဟာမိတ်ပြုကြသည် မဟုတ်ပါလား၊
ပေါင်းသင်းဆက်ဆံမှုတွေပြုလုပ်ခဲ့ကြသည် မဟုတ်ပါလား၊
ဖက်ဆစ်နာဇီတွေဘက်ကရော မဟာမိတ်တွေဘက်ကပါ အင်မတန်အမျှော်အမြင်ကြီးသည့် ပုဂ္ဂိုလ်များ ခေါင်းဆောင်ပြီး တိုက်ခိုက်ခဲ့ကြသည်ကို တွေ့ရပါသည်၊

ကိုယ့်ကြမ္မာ ကိုယ်ဖန်တည်းကြသည်ဆိုရာ၌ မိုက်မဲသည့် အထီးကျန်ရုန်းကန်ခြင်းမျိုးကို ရှောင်ရှားခဲ့ကြပါသည်၊
နောက်ဆုံးစစ်ပွဲ၏ အဆုံးအဖြတ်သည် တဦးနှင့်တဦး မဟာမိတ်ပြုနိုင်ခြင်းဖြင့်သာ အောင်မြင်ပြီးဆုံးသွားခဲ့ပါသည်၊
ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံး၍ ပြန်လည်ထူထောင်ရေး ကာလတွင်လည်း အပြန်အလှန်ပူးပေါင်း ဆောင်ရွက်ခြင်းများဖြင့်သာ တိုးတက်ဖြစ်ထွန်း လာကြရပါသည်၊
ဂျပန်နိုင်ငံသည် ဥဒါဟရုန်ပင် ဖြစ်ပါသည်၊

ကိုယ့်ကြမ္မာ ကိုယ်ဖန်တည်းရေး၊ ကိုယ့်အားကိုယ်ကိုးရေး လမ်းစဉ်ဆိုသည်မှာ မည်သူနှင့်မျှ မပူးပေါင်း၊ မည်သူနှင့်မျှ အပေးအယူမလုပ်၊ မည်သူ့အကူအညီကိုမှ မမျှော်လင့်ပါဟူသော အယူအဆမျိုး မဟုတ်ဆိုသည်ကို သေချာဂန သိထားကြရပါမည်၊

မြန်မာနိုင်ငံလို တတိယတန်းစား နိုင်ငံလေးကို မဆိုထားဘိ၊ အမေရိကန်၊ တရုတ်၊ အိန္ဒိယ စသည့်နိုင်ငံကြီးများပင်လျှင် စစ်ရေး စီးပွားရေး နိုင်ငံရေး ကိစ္စတိုင်းမှာ အပေးအယူနှင့် ပေါင်းသင်းသမှု ပြုနေကြသည်သာ ဖြစ်သည်၊

ဤသဘောတရားကို နားမလည်ဘဲ၊ ကျမတို့က ကျနော်တို့က အပေးအယူနိုင်ငံရေးမျိုးကို ဘယ်တော့မှ မလုပ်ဘူး ဆိုတဲ့ နိုင်ငံရေးခေါင်းဆောင်တွေအဖို့ တိုင်းပြည်ကိုဘယ်တော့မှ မကယ်တင်နိုင်ကြောင်းလက်တွေ့ သမိုင်းက သက်သေပြ နေပါတော့သည်၊


ကမ္ဘာကြီးပြားနေပါပြီ၊ ကမ္ဘာကြီးသည် ကျေးရွာကြီးတခု အဖြစ် ပြောင်းလဲလာနေသော ကာလတွင် တနိုင်ငံနှင့်တနိုင်ငံ အလွန်နီးကပ်လွန်းနေပြီဖြစ်သဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ယဉ်ကျေးမှုနှင့် နည်းပညာများသည်လည်း စီးဝင်ပြန့်နှံ့ နေကြပါပြီ၊
မည်သည့် အာဏာရှင်နှင့် တန်ခိုးရှင်ကမှ မတားဆီးနိုင်တော့ပါ၊

ဤအခြေအနေတွင် မတော်ချင်သာနေမည် မခေါ်ချင်လို့ မရတော့၊ မကောင်းတာသိသော်လည်း ပေါင်းရမှာလည်း ရှိလာသည်မဟုတ်ပါလား၊ ဒါကြောင့် ပေါင်းကြရတော့မည်၊ ဆက်ဆံကြရတော့မည်၊ ဤနေရာတွင် လူပေါင်းမမှားဖို့က မိမိတို့တာဝန်နှင့် ပါးနပ်မှု၊ ရွေးချယ်မှုအပေါ်မှာသာ တည်ပါသည်။

မြန်မာနိုင်ငံသည် ပြင်ပ ပရောဂ မပါဘဲ လူထုအားသက်သက်ဖြင့် ဒီမိုကရေစီနိုင်ငံဖြစ်လာနိုင်သည့် နိုင်ငံအမျိုးအစားမဟုတ်ပါ၊
အဘယ်ကြောင့်ဆိုသော် အင်အားကြီးတို့၏ မဟာဗျူဟာလမ်းကြောင်းပေါ်တွင် တည်ရှိနေသောကြောင့် ဖြစ်ပါသည်၊
တရုတ်၏ အိန္ဒိယသမုဒ္ဒရာထွက်ပေါက် တံခါးတချပ်အဖြစ် အသုံးပြုနိုင်သလို အမေရိကန်၏ စိုးရိမ်စိတ်ကိုလည်း ကြီးမားလာစေပါသည်၊

အမေရိကန်အလိုကျ ဒီမိုကရေစီနိုင်ငံတခု ဖြစ်လာရေးကိုလည်း တရုတ်က ဘယ်လိုမှ သဘောတူနိုင်မည် မဟုတ်ပါ၊

ဤအခြေအနေမျိုးတွင် လက်ရှိအာဏာနှင့် စည်းစိမ်ကို လက်မလွတ်ချင်သည့် စစ်အာဏာရှင်ခေါင်းဆောင် တစုကလည်း သူတို့၏ ပါဝါကို အစွမ်းကုန်သုံးကာ သူတို့ အာဏာတည်မြဲရေး အတွက် အပေးအယူလုပ်ရာတွင် လောလောဆယ်အားဖြင့် အရှေ့ဘက်က တရုတ်နှင့် ပိုမို နီးကပ်နေပါသည်၊ သို့သော် အာဏာရှင်ဟူသည် မည်သည့်အခါမှ တရားသေဝါဒစွဲ မရှိသဖြင့် စိတ်ချရသော အမျိုးအစားလည်း မဟုတ်ပါ၊

ဒါကို ကွန်မြူနစ်ဝါဒစွဲရှိသည့် တရုတ်ခေါင်းဆောင်များကလည်း ကောင်းကောင်းသိကြပါသည်၊
ဒါကြောင့် စီးပွားရေးနှစ်ရှည်စာချုပ်များဖြင့် အထပ်ထပ်ချုပ်ဆိုရစ်ပတ်ခဲ့သည်ပင် ဖြစ်ပါသည်။

ကွန်မြူနစ်ဆန့်ကျင်တိုက်ဖျက်ရေးကို လုပ်ပြခဲ့သည့် ဗိုလ်နေဝင်းစစ်အာဏာရှင် အစိုးရကို အမေရိကန်အနေဖြင့် သဘောတူကြည်ဖြူပြီး အားပေးမှုများပင် ပြုခဲ့ပါသည်၊

သို့သော်လည်း ကမ္ဘာ့ပြောင်းလဲမှုနှင့်အတူ စစ်အာဏာရှင်နိုင်ငံမှ ဒီမိုကရေစီနိုင်ငံတခုဖြစ်လာစေရေး အပြောင်း အလဲအတွက် အမေရိကန်၏ ကိုင်တွယ်မှုမှာ မြန်မာစစ်အစိုးရကို တရုတ်နှင့် နီးကပ် သွားအောင်တွန်းပို့သလို ဖြစ်ရပြန်ပါသည်၊

အမေရိကန်တို့အနေဖြင့် မြန်မာအစိုးရသည် တရုတ်နှင့်ပူးပေါင်းသွားသည် ရှိသော်လည်း ဘာမျှဂရုပြုစရာမဟုတ်သည့် အခြေအနေမျိုးပင် ဖြစ်နေပြီလား၊ တရုတ် အမေရိကန် စီးပွားရေးဆက်ဆံမှု၏ အကျိုးအမြတ်နှင့် နှိုင်းယှဉ်လျှင် မြန်မာ့ ဒီမိုကရေစီရေး ကိစ္စသည် အမေရိကန်တို့အတွက် အသေးအမွှား ကိစ္စပင်ဖြစ်နေပြီလား ဆိုတာကတော့ ထည့်သွင်းစဉ်းစားကြရပါမည်။


နောက်တချက်ကလည်း လူထုကထောက်ခံသည့် အတိုက်အခံ အင်အယ်ဒီပါတီ ခေါင်းဆောင်များသည်လည်း အမေရိကန် လိုလားသူများ (သို့မဟုတ်) အမေရိကန်က ကျင့်သုံးသည့် အရင်းရှင်ဒီမိုကရေစီ (တနည်း) လစ်ဘရယ်ဒီမိုကရေစီကို ကြိုက်နှစ်သက်သူများမှ ဟုတ်ကြပါရဲ့လား ဆိုတာကိုလည်း အမေရိကန်တို့ဘက်က ထည့်သွင်းစဉ်းစားကြမည်မှာ သေချာပါသည်၊

ပြည်ပကိုထွက်ပြီး နိုင်ငံခြားအကူအညီကို မရှာကြဘဲ စင်ပြိုင်အစိုးရဖွဲ့ကြ၊ အမည်နာမ အသီးသီးနှင့် အဖွဲ့တွေဖွဲ့ကြ သူတွေဟာလည်း မြန်မာနိုင်ငံတွင်မည်သို့သော ဒီမိုကရေစီစနစ်ကို ကျင့်သုံးပါမည်လို့တောင် ပြတ်သားစွာ မပြောနိုင်ကြဘဲ ပြည်ပက ပေးစာကမ်း စာလေး လောက်နှင့် စစ်အစိုးရကို ဆန့်ကျင်ပြနေရုံလောက်သာ ဖြစ်ကြပါသည်၊

လူထုက အမှန်တကယ်လိုလားသည့် အပေးအယူနိုင်ငံရေးနှင့် အနောက်နိုင်ငံကြီးများ၏ အကူအညီကို ရယူရေးဆိုတာကို စိတ်မဝင်စား၊ နားမလည်၊ ကြောက်ရွံ့နေကြသည့်ပြင် အမေရိကန်ဝင်လာမည်ကိုပင် တားဆီးကာကွယ် နေကြသကဲ့သို့ ဖြစ်နေကြ ပါသည်၊ 

မည်သို့ပင်ဖြစ်စေ အဆုံးအဖြတ်ပေးနိုင်သည့် ဒေါ်စုနှင့် ကတ်ကင်းဘဲလ်၊ ဒေါ်စုနှင့် ဂျင်ဝက်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြသော်လည်း မြန်မာ့အရေးသည် ထူးခြားလာမှုမရှိသဖြင့် ပြည်တွင်းပြည်ပ အတိုက်အခံတို့အဖို့ အပေးအယူနှင့် မဟာမိတ်ဖွဲ့ နိုင်ငံရေးလမ်းစဉ်မှာ မှုံဝါးမှေးမှိန်နေသည်ကတော့ အသေအချာပင် ဖြစ်နေပါသည်၊

ဤ အခြေအနေမျိုးတွင် လက်ရှိစစ်ဦးစီးအရပ်သား အစိုးရအပေါ် အမေရိကန်၏ ကိုင်တွယ်မှုမှာလည်း နေမြင့်လေ အရှုးရင့်လေ ဆိုသလို တရုတ် ဗိုက်အောက်သို့ ရောက်အောင် ကန်သွင်းသလို ဖြစ်နေပါတော့သည်၊

တရုတ်နှင့် အမေရိကန်တို့သည် အမှန်တော့ သူ့အလုပ်သူလုပ်နေကြခြင်းဖြစ်သည်၊ သူတို့လည်း လူသားတွေမှို့ မှားလျှင် နာမည် မှန်လျှင် သာမည် ဖြစ်သည်၊ သို့သော် မြန်မာနိုင်ငံနှင့် ပတ်သက်၍ သူတို့၏လုပ်ရပ် အမှန်အမှားသည် သူတို့ကို ကြီးကြီးမားမား အကျိုးသက်ရောက်မည်တော့ မဟုတ်ပါ၊

သူတို့နိုင်ငံခြားရေးမူဝါဒအတိုင်း သွားနေကြသည်မို့ နှေးခြင်းမြန်ခြင်းသည် သူတို့နိုင်ငံကြီးတွေအပေါ်တွင် မူတည်နေပါသည်၊
တရုတ်ရော အမေရိကန်ပါ သူတို့၏ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး သြဇာတို့ကို ချဲ့ထွင်နေကြပါသည်၊ မည်သည့်အခါမှ ရပ်တန့်သွားမည် မဟုတ်ပါ၊

ထို့ကြောင့် သူတို့အလုပ်ကို သူတို့လုပ်နေကြပါသည်၊
မြန်မာအစိုးရသည်လည်း သူတို့အလုပ်သူတို့လုပ်နေကြပါသည်၊ စစ်အာဏာရှင်တစုမှ စီးပွားရေးအာဏာရှင်တစု ဖြစ်ရေးကို အတင်းအဓမ္မလုပ်ဆောင်နေကြပါသည်၊

လယ်ယာတောတောင် ဥယျာဉ်ခြံမြေအစ၊ ဆည်မြောင်း မြစ်ချောင်း ပင်လယ်အထိ အာဏာရှင်တစုက လက်ဝါးကြီးအုပ် ခွဲဝေယူလိုက်ပါသည်၊
ဦးပိုင်လိုလို ကုမ္ပဏီပိုင်လိုလိုနှင့် သူတို့၏ လိုရာစွဲ ဥပဒေနှင့် အတင်းဆွဲပြီးမောင်ပိုင်စီးလိုက်ပါသည်၊

ရေကြောင်း လေကြောင်း ကုန်းကြောင်းမှအစ စီးပွားရေးလုပ်ငန်းအားလုံးကို ပုဂ္ဂလိကပိုင်လက်ထဲသို့ လွှဲသည်ဟုဆိုကာ စစ်အာဏာရှင်တစုနှင့် ပတ်သက်ရာ ပါတ်သက်ကြောင်းများ၏ လက်ထဲသို့ လွှဲလိုက်ကြခြင်းပင်ဖြစ်ပါသည်၊

သာမန်ပြည်သူတို့၏ တရားဝင်ပိုင်ဆိုင်မှုအတွက်လည်း အာမခံချက် မရှိတော့ပါ၊
လူထုအတွက် အလွန်စိုးရိမ်ထိတ်လန့်စရာကောင်းသည့် ကာလပင် ဖြစ်ပါသည်၊
သို့သော် လက်ရှိစစ်ဦးစီးအရပ်သား အစိုးရကတော့ ဒီမိုကရေစီဆိုတာကို တဖြည်းဖြည်းခြင်းဖော်ဆောင်ပေးမည်ဟု ဆိုနေပါသည်၊ စစ်အာဏာရှင်တို့၏ လောဘရမက်ကြောင့် အငတ်ဘေးကို ခါးစီးခံနေရသူများက ပြည်သူလူထုသာ ဖြစ်ပါသည်၊

နှစ်ပေါင်းလေးဆယ့်ကိုးနှစ် ခံခဲ့ရပြီးနောက် ထပ်ပြီး ဘယ်လောက်ကြာကြာ ခံကြရဦးမည်လဲဆိုတာ မပြောနိုင်ပါချေ။



ဒီအခြေအနေမျိုးမှာ ပြည်သူကို ကယ်တင်ပါမယ်ဆိုတဲ့ အတိုက်အခံတွေက ဘယ်လိုလမ်းစဉ်တွေ နည်းဗျူဟာတွေ မဟာဗျူဟာတွေ ချမှတ်ကြပြီး ဘာတွေလုပ်ကြမှာပါလဲ၊ 

ယနေ့အထိတော့ ရေရေရာရာ မရှိသလို ရေရေရာရာ ရှိသည့် အဖွဲ့မျိုးလည်း မပေါ်ပေါက်သေးပါ၊
မြန်မာပြည်၏ ကံကြမ္မာလို့ပဲ ဆိုရပါတော့မည်၊

ဒုတိယ ကမ္ဘာစစ်နှင့်အတူ မြန်မာပြည်လွတ်လပ်ရေးတိုက်ပွဲနှင့် ဖက်ဆစ်ဂျပန်တော်လှန်ရေးကို ဆင်နွှဲခဲ့ကြသည့် ခေါင်းဆောင်ကြီးတို့သည် ကွန်မြူနစ်ကြီးများ ဖြစ်ခဲ့ကြပြီး ကွန်မြူနစ်အတွေးအခေါ် အယူအဆတို့သည်လည်း မြန်မာနိုင်ငံရေး လောကတခုလုံးကို စိမ့်ဝင်ပြန့်နှံ့ လွှမ်းမိုးနိုင်ခဲ့ပါတော့သည်၊

အထူးသဖြင့် ကျောင်းသားလူငယ်ထုအတွင်း ပိုမိုသက်ရောက်မှု ရှိခဲ့ပါသည်၊
စစ်အာဏာရှင် ဗိုလ်နေဝင်းသည်ပင်လျှင် မြန်မာနိုင်ငံရေးသမားများ အကြိုက် ဆိုရှယ်လစ် ဆိုင်းပုဒ်ကို အယောင်ဆောင် တင်ခဲ့သည် မဟုတ်ပါလား။

ဒုတိယကမ္ဘာစစ်လက်ကျန် ကွန်မြူနစ်ဝါဒ၏ လွှမ်းမိုးခြင်းကို ခံခဲ့ရသည်မှာ ယနေ့တတိယမျိုးဆက်အထိပင် ဖြစ်ပါတော့သည်၊
စစ်ပြီး ဖ.ဆ.ပ.လ ခေတ်၊ မ.ဆ.လ ခေတ်နှင့် ယခု ရှစ်ဆယ့်ရှစ်ခေတ် အထိပါပဲ။

ကမ္ဘာကြီးသည် ဘယ်လောက်ပဲပြောင်းပြောင်း ဘယ်လောက်ပဲ ပြားပြား မြန်မာပြည်မှာက တတိယမျိုးဆက်အထိ ကွန်မြူနစ်ဝါဒ၏ လောင်းရိပ်အောက်မှာ မိနေကြဆဲပါ၊

ဒါကြောင့် လက်ကျန်လူကြီးတွေက ကိုယ့်ကြမ္မာကိုယ် ဖန်တည်းရေးတို့၊ ကိုယ့်အားကိုယ်ကိုးရေး တို့ကို တွင်တွင်အော်ပြ နေသည့် အထဲမှာ တွေဝေနေကြပါတော့သည်။


လက်ကိုင်ဖုန်း တလုံးနှင့် တော်လှန်ရေးအောင်မြင်ပါသည်ဆိုသည့် သဘောတရားကို မမှီနိုင် ဖြစ်နေကြပါသည်၊ သို့သော်လည်း အိုင်တီခေတ် လူငယ်မျိုးဆက်တို့ကို အထင်သေး၍ မရပါ၊ 

ကမ္ဘာ့အကြောင်း မြန်မာ့အကြောင်းကို သူတို့ ကောင်းကောင်းသိနေကြပါသည်၊ အစွဲအလမ်းဟောင်းများ၏ လွှမ်းမိုးမှုကိုလည်း ခေါင်းငုံ့မခံတော့ဘဲ ဖောက်ထွက်ပြီး မြန်မာပြည်ကို ကယ်တင်ကြပါလိမ့်မည်၊

အိုင်တီခေတ်ဆက်သွယ်ရေးကို အသုံးချကာ ဆက်ဆံရေး ပညာများကိုလည်း လိုက်စားတတ်မြောက်ကြပါလိမ့်မည်၊

နယူယောက်နှင့် ရန်ကုန်ကို စက္ကန့်ပိုင်းအတွင်း မြင်ကြားသိ ပါဝါများနှင့်အတူ နိုင်ငံရေး လက်ဝါးကြီးအုပ်ရန် မိုက်မိုက်မဲမဲ ကြံစည်နေကြသည့် ဂျပန်ခေတ် လက်ကျန်ကြီးတို့၏ ဖိုးလနတ်သားကို ထမင်းတောင်းသည့် ပုံပြင်ဟောင်းကို ဟာသပဒေသာ ထဲတွင် ထည့်သွင်းကြ ပါတော့မည်။

လေးဆယ့်ကိုးနှစ်တာမျှ ကြာညောင်းခဲ့ပြီဖြစ်တဲ့ စစ်အာဏာရှင်စနစ်ကို မျိုးဆက်ဟောင်းကြီးများ တော်လှန်ခဲ့ကြသော်လည်း မအောင်မြင်ခဲ့ပါ၊
ရှစ်ဆယ့်ရှစ်၏ အောင်မြင်မှုတို့ အသီးအပွင့်တို့ ဘာညာတွေ အရှက်ပြေ ပြောနေကြပေမယ့် လက်တွေ့မှာ တိုင်းပြည်သည် ဆိုးသထက်ဆိုးပြီး ဖွတ်သထက်ညစ် ခဲ့ပြီ မဟုတ်ပါလား၊

သို့သော် အိုင်တီခေတ်နှင့် လူငယ်သစ်တို့သည် သူတို့ခေတ်ကို သူတို့ပုံဖော်ပြီး သူတို့ဒီမိုကရေစီကို သူတို့ရအောင် ယူနိုင်ကြမည်ဟု ယုံကြည်ပါကြောင်း။ ။

(လေးစာလျှက်ပါ။)

ဦးဖိုးသာအောင်
၁၄ -သြဂုတ် - ၂၀၁၁

---------------------------------------------


မျိုးဆက်သစ်တို့ အမှန်တရားနှင့် ကမ္ဘာ့နိုင်ငံရေး စီးကြောင်း အတွေးသစ် တို့ သိရှိ လုပ်ဆောင်၍ ဒီမိုကရေစီ ဖော်ဆောင် နိုင်ကြပါစေ။
အာဏာရှင်စနစ်မှန်သမျှ မုချ ကျဆုံးစေရမည်။
ဒီမိုကရေစီတော်လှန်ရေး အောင်မြင်ရမည်။

ဟစ်တိုင်


ပြည်ပရောက် နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့၏ သတင်းမီဒီယာ

www.hittaing.org
www.hittai.org
www.hittai.net

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...