Monday, August 15, 2011

ငြိမ်းချမ်းရေး

by Hla Shwe on Sunday, August 14, 2011 at 9:46pm


အခုတလော
ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးတွေ
မကြားချင်မှအဆုံး
ကမ္ဘာဦးအစကလူတွေ
မီးကို ရှာဖွေတွေ့ရှိသလိုမျိုး
အာဒံက ဧဝကို စပြီး မြင်လိုက်ရသလိုမျိုး
တကယ့်ကို အငမ်းမရ။


ထမင်းစားတဲ့အခါ
ဟင်းမပါရင်သာ နေရင်နေမယ်
ငြိမ်းချမ်းရေးက ပါတယ်
အပြင်ထွက်တဲ့အခါ
လမ်းစရိတ်မပါရင်သာ မပါမယ်
ငြိမ်းချမ်းရေးက ပါတယ်
အမယ် ... လမ်းသွားရင်း ခလုတ်တိုက်မိတဲ့အခါမှာတောင်
ရုတ်တရက် ယောင်အော်မိလိုက်တာက
“အမေ့ ... ငြိမ်းချမ်းရေး” ...တဲ့။

ရေဒီယိုကလည်း ငြိမ်းချမ်းရေးပဲ
ရုပ်မြင်သံကြားကလည်း သူ့ထက်ကဲ ငြိမ်းချမ်းရေးပေါ့
အင်တာနက်ဝက်ဘ်ဆိုက်တွေကတော့ ပြောတောင်မပြောချင်ဘူး
ငြိမ်းချမ်းရေးက တပြားသားမှမလျှော့ဘူးတဲ့လေ။

အိုဘားမားနဲ့ မစ္စစ်ကလင်တန်ကလည်း ငြိမ်းချမ်းရေးပဲ
ဒေါ်အောင်ဆန်းစုကြည်ကလည်း ငြိမ်းချမ်းရေးပဲ
နယ်ဆင်မင်ဒဲလားကလည်း ငြိမ်းချမ်းရေးပဲ
ဒလိုင်းလားမားကလည်း ငြိမ်းချမ်းရေး
နေတိုး (NATO) ကလည်း ငြိမ်းချမ်းရေး
ဒဂုန်တာရာကလည်း ငြိမ်းချမ်းရေး
ဒေါက်တာစင်သီယာမောင်ကလည်း ငြိမ်းချမ်းရေး
အခု ဒီကဗျာကို ရေးနေတဲ့ မောင်ငြိမ်းအေးကလည်း
သံယောင်လိုက်ပြီးတော့ ငြိမ်းချမ်းရေး ...တဲ့။

ငြိမ်းချမ်းရေးမိုးတိမ်တွေ
ကောင်းကင်ကြီး ပြိုကျမတတ် အိ ... အိလာတော့
ရွာချလိုက်တာက စကားလုံးတွေ
ငြိမ်းချမ်းရေးဆိုတာက စကားလုံးသက်သက်တင်ပဲလား ... ပြီးတော့
ငြိမ်းချမ်းရေးဆိုတာ ကျနော်တို့ ပြောခွင့်ရှိသလား
ငြိမ်းချမ်းရေးနဲ့ မထိုက်တန်တဲ့ လူတွေရော ရှိသလား
ငြိမ်းချမ်းရေးကို သားပိုက်ကောင်လို လုပ်ထားတဲ့သူတွေ ရှိသလား
ငြိမ်းချမ်းရေးကိုယ်တိုင်ကရော ငြိမ်းချမ်းရေးရရဲ့လား။

တကယ်တော့ ငြိမ်းချမ်းရေးဆိုတာ
ပါးစပ်ကိစ္စသက်သက် မဖြစ်စေရဘူးလေ
ရင်ထဲက လာရမယ်
နှလုံးသားချင်း ဂျက်ပင်ထိုးရမယ်
လေးစားမှုချင်း တခြင်ထောင်တည်း အိပ်ရမယ်
လူကိုလူလိုလည်းမြင်တတ်ဖို့ အရေးကြီးသေးတယ် မဟုတ်လား။

ငြိမ်းချမ်းရေးဟာ သေနတ်မဟုတ်ဘူး
ငြိမ်းချမ်းရေးဟာ လူမျိုးကြီးဝါဒမဟုတ်ဘူး
ငြိမ်းချမ်းရေးဟာ လူမျိုးရေးမဟုတ်ဘူး
ငြိမ်းချမ်းရေးဟာ တိုင်းစွဲပြည်နယ်စွဲစိတ်ဓာတ်မဟုတ်ဘူး
ငြိမ်းချမ်းရေးဟာ ခွဲထွက်ခွင့်မဟုတ်ဘူး
ငြိမ်းချမ်းရေးဟာ ငြိမ်းချမ်းရေးပဲ။

ငါနဲ့ ငါသာနှိုင်းစရာ ဖြစ်နေသမျှ
ငြိမ်းချမ်းရေးပန်းတွေ မပွင့်လန်းနိုင်ဘူး
အဲဒီပန်းတွေ ပန်ဆင်ခွင့်မရနိုင်သလို
ပန်ဆင်ခွင့်လည်း ပေးနိုင်တော့မှာမဟုတ်ဘူး
ငြိမ်းချမ်းရေး လိုချင်ရင်
ငြိမ်းချမ်းရေးပဲ ပေးရမယ်
ခင်ဗျား မငြိမ်းချမ်းသေးသမျှ
ကျနော်လည်း ငြိမ်းချမ်းမှာမဟုတ်ဘူး
ကျနော် မငြိမ်းချမ်းသေးသမျှ
ခင်ဗျားလည်း ငြိမ်းချမ်းမှာမဟုတ်ဘူး
ကျနော်တို့အားလုံး ငြိမ်းချမ်းချင်တယ်ဆိုရင်
ကျနော်တို့အားလုံး အစစ်အမှန် ငြိမ်းချမ်းနေကြမှဖြစ်မယ်။

ကဲ ...
ကျနော်တို့အားလုံး အစစ်အမှန် ငြိမ်းချမ်းဖို့အတွက်
ခင်ဗျားရဲ့ကျောက်ကပ်တလုံး ကျနော့်ကိုပေး
ကျနော့်ရဲ့အသည်းတခြမ်း ခင်ဗျားယူ
ဒါဆိုရင် ကျနော်မသေရင် ပြီးတာပဲ မဟုတ်တော့ဘူး
ခင်ဗျားရှင်ရင်လည်း ပြီးတာပဲ မဟုတ်တော့ဘူး
ကျနော်တို့အားလုံး အတူတကွ စိမ်းစိမ်းစိုစို ရှင်သန်ဖို့
ခင်ဗျားတို့အားလုံး လန်းလန်းဆန်းဆန်း ကြီးပြင်းဖို့
ငြိမ်းချမ်းရေးက မရှိမဖြစ်မိန်းမပဲ
ငြိမ်းချမ်းရေးဆိုတာ စကားလုံးသက်သက်မဟုတ်ဘူး။ ။

မောင်ငြိမ်းအေး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...