Friday, June 14, 2013

ထူးဆန်းသောကား

by Maung Sue (Notes) on Thursday, June 13, 2013 at 9:06pm


"မနက်က ကျွန်မ ထူးဆန်းတဲ့ကားတစ်စီး မြင်ခဲ့တယ်"
 ဒွန်နာက ဘာ့ခ်ရဲ့အရှေ့မှာ အာလူးထောင်းပန်းကန်နဲ့ ဟမ်ဘာဂါပန်းကန်ကို ချပေးရင်း ပြောသည်။ ထို့နောက် ဘာ့ခ်၏ (ရေကုန်နေပြီဖြစ်သော) ဖန်ခွက်အတွင်းသို့ ရေဖြည့်ပေးလိုက်သည်။
"ဟုတ်လား"
ဟု ပြောရင်း ဘာ့ခ်က ရေကိုတစ်ငုံစာ သောက်လိုက်၏။
"ထူးဆန်းတဲ့ကား လို့ မင်းပြောလိုက်တာလား"


"ဟုတ်တယ်"

ဒွန်နာက မျက်မှောင်ကြုံ့လိုက်ရင်း
"ကျွန်မ ခြံထဲမှာ ပန်းပင်တွေ ရေလောင်းနေတုန်း အဲ့ဒီကားကို တွေ့တာ။ ကားက အတော်ပြင်းပြင်းထန်ထန် ထုရိုက်ခံထားရပုံမျိုးပဲ။ အဲ့ဒီကားအဖြူလေး ဖြည်းဖြည်းချင်း မောင်းလာပြီး ဟောဟိုနေရာမှာ ရပ်သွားတယ်"

ပြတင်းပေါက်ကို လက်ညှိုးထိုးရင်း ပြောသည်။

"ပြီးတော့ အကောင်ထွားထွား လူနှစ်ယောက်ဟာ ကားပေါ်ကဆင်းလာပြီး ဟာရိုးလ်နဲ့ မေရီတို့အိမ်ရဲ့ နောက်ဖေးဘက်ကို ဝင်သွားတော့တာပဲ"

"ဟာရိုးလ် ? ဟိုရဲကို ပြောတာလား"

"ဒီနားမှာ တခြား ဘယ်ဟာရိုးလ် ရှိသေးလို့လဲ"

ဒွန်နာက ရယ်မောပြောရင်း ခုံမှာဝင်ထိုင်ပြီး ကော်ဖီကို တစ်ငုံငုံလိုက်၏။

"ကျွန်မလည်း အိမ်ဘေးကနေ ပတ်ကြည့်တော့မှ အဲ့ဒီလူထွားနှစ်ယောက် ဘာတွေလုပ်နေတယ်ဆိုတာ မြင်ရတော့တယ်။ ကိုလူထွားနှစ်ယောက် ကံဆိုးချင်တော့ ဟာရိုးလ်ရဲ့ခွေး မဂ္ဂီက ရူးနေသလိုကို ဟောင်တော့တာရှင့်။ ကိုလူထွားနှစ်ယောက်လည်း အသည်းအသန် ထွက်ပြေးပြီး ကားပေါ်တက် မောင်းပြေးရတော့တာပေါ့။ မဂ္ဂီ့ကို အတော်ကြောက်သွားပုံပဲ"

"မဂ္ဂီက ရဲခွေးပဲ၊ ဒီလောက်တော့ရှိမှာပေါ့"

"ဒါကြောင့်လည်း ဟိုနှစ်ယောက် ကြောက်သွားကြတာနေမှာပေါ့"
ဟု ပြောရင်း ဒွန်နာက ရယ်နေသည်။

"သူတို့ မင်းကို မြင်သွားသေးလား ဒွန်နာ"

"ဘယ်သူလဲ"

"အဲ့ဒီ အကောင်ထွားထွားနှစ်ယောက်ဟာပေါ့။ သူတို့ နောက်ဖေးလမ်းကြားကနေ ပြေးထွက်လာတော့ မင်းကို မြင်သွားသေးလား"

"အင်း သေချာတာပေါ့၊ သူတို့ မြင်သွားတယ်လေ"
ဒွန်နာက ဘာ့ခ်ကို ကြည့်ရင်း ပြောသည်။

"ကျွန်မ သူတို့ကို သေသေချာချာ စိုက်ကြည့်နေခဲ့တာပဲ။ သူတို့ ကားပေါ်တက်ပြီး မောင်းပြေးတာ လမ်းထိပ်ထောင့်ချိုး ရောက်ပြီး ကွေ့သွားတဲ့အထိ ကျွန်မ ကြည့်နေခဲ့တာလေ။ သူတို့ ကျွန်မကို မြင်သွားမှာ ကျိန်းသေပဲ။ ကျွန်မ သူတို့ရဲ့ ကားနံပါတ် မှတ်ဖို့တောင် ကြိုးစားခဲ့သေးတယ်။ ဒါပေမဲ့ အဲ့ဒီကားမှာ ကားနံပါတ်မပါဘူး"

ဘာ့ခ်က ခက်ရင်းကို ပန်းကန်ထဲ ချရင်း ..
"မင်း အဲ့ဒီအကြောင်းတွေ ဟာရိုးလ်ကို ပြောခဲ့သေးလား၊ ဒါမှမဟုတ် မေရီ့ကိုပေါ့"

"ဟာရိုးလ်က အိမ်မှာမရှိဘူးလေ။ မေရီ့ကိုပြောဖို့ကျတော့လည်း သူမနဲ့ ကလေးတွေ ကြောက်သွားကြမှာ စိုးရိမ်တယ်"

ဒွန်နာက ဘာ့ခ်၏ စားလက်စ(တစ်ဝက်ခန့်ကျန်သေးသော)ပန်းကန်ကို ကြည့်ရင်း
"ကျွန်မ အဲ့ဒါကို မနက်ဖြန် နေ့လယ်စာအတွက် ထုပ်ထားပေးရမလား" ဟု မေး၏။

ဘာ့ခ်က ပန်းကန်ထဲမှ အာလူးထောင်းများကိုကြည့်ရင်း "ဟင့်အင်း ရတယ်" ဟု ငြင်းသည်။

"အဲ့ဒီလူတွေက သူတို့ကားကို မင်း ကြည့်နေတာ မြင်သွားတယ် ဆိုတော့ .. မင်း ဘာလို့ကြည့်တယ်၊ မင်း ဘယ်မှာနေတယ် .. ဆောရီး .. ငါတို့ဘယ်မှာနေတယ် ဆိုတာ သိသွားမှာပဲ"

"သေချာတာပေါ့ ဘာ့ခ်"

ဒွန်နာက ငြင်ငြင်သာသာပဲ ပြောသည်။

"ကျွန်မက ထူးဆန်းတဲ့ ကားတစ်စီး မြင်လိုက်ရတာနဲ့ပဲ အိမ်ထဲ ပြေးဝင်ပြီး ပုန်းနေရလောက်စရာ ချာတိတ်မတစ်ယောက် မဟုတ်ဘူးလေ ဘာ့ခ်ရဲ့။ သူတို့ အဲ့ဒီတုန်းက ပြဿနာတစ်ခုခု ဖန်တီးခဲ့မယ်ဆိုရင်တောင် ကျွန်မ လုံးဝမကြောက်ဘူးဆိုတာ သူတို့ကို သိစေချင်တယ်"

"ဒါ ရူးတာသက်သက်ပဲ"
ဘာ့ခ်က ဒေါသတကြီးပြောသည်။

"အဲ့ဒီ ရာဇဝတ်ကောင်တွေက မင်းကို တစ်ခုခုလုပ်သွားရင် ဘယ်လိုလုပ်မလဲကွ"

"ရာဇဝတ်ကောင်တွေ ဟုတ်မဟုတ် ဆိုတာ ကျွန်မတို့ မသေချာသေးပါဘူး ဘာ့ခ်ရယ်"

ဒွန်နာက ဘာ့ခ်ရဲ့ ပန်းကန်ကို လှမ်းယူလိုက်ရင်း အာလူးထောင်းများကို ခက်ရင်းဖြင့် မွှေနေလိုက်သည်။

"ရှင် ဒါတွေကို အလဟဿဖြစ်စေလိမ့်မယ်လို့ ကျွန်မ ထင်တောင်ထင်မထားမိဘူး။ ကျွန်မ ရှင့်အတွက် ဒါတွေ ချက်ပြုတ်ဖို့ အချိန်ဘယ်လောက်ပေးခဲ့ရတယ်ဆိုတာ သိရဲ့လား ဟင်"

"အိုကေ ဒွန်နာ။ အဲ့ဒါတွေကို ရေခဲသေတ္တာထဲ ထည့်ထားလိုက်။ ကိုယ် ဒီည ပြန်လာရင် စားလိုက်မယ်။ ဟုတ်ပြီလား"

ဘာ့ခ်က ဒွန်နာ ခက်ရင်းကိုချပြီး ပန်းကန်ကို မီးဖိုထဲ ယူမသွားမချင်း ခပ်စိမ်းစိမ်း ကြည့်နေလိုက်သည်။

"ဒီလိုပုံစံနဲ့ ငါ ဘယ်လိုလုပ်ပြီး အပြင်သွားရမလဲတောင် မသိတော့ဘူး။ မင်း ရုပ်သံလိုင်းတွေ မကြည့်ဘူးလား ဒွန်နာ"

"ကြည့်တာပေါ့ ဘာ့ခ်ရဲ့။ ဟိုရက်က လွှင့်သွားတဲ့ အစီအစဉ်တစ်ခုမှာ အဘွားကြီးနှစ်ယောက် သူတို့ရဲ့ အင်္ကျီ အဟောင်းတွေနဲ့ ဂွမ်းစောင်တစ်ထည်ဖြစ်အောင် ချုပ်ပြသွားတာ သိပ်လှတာပဲ။ လုပ်ပုံလုပ်နည်းကလည်း တော်တော်လွယ်တယ်။ ကျွန်မတို့အတွက် တစ်ထည်လောက် ချုပ်ရင် ကောင်းမလားလို့ စဉ်းစားနေတာ"

"အဲ့ဒီ စောက်ဂွမ်းစောင်တွေအကြောင်း တော်လိုက်တော့ ဒွန်နာ"

ဘာ့ခ် စားပွဲမှထပြီး အခန်းထောင့်တွင် ချိတ်ထားသည့် ဂျာကင်အင်္ကျီကို ဝတ်လိုက်သည်။

"ဘုရားသခင် အလိုတော်အတိုင်းပဲ ဒွန်နာ။ ဘာပဲဖြစ်ဖြစ် ဒီည ဂရုစိုက်ပါ။ အဲဒီကား ပြန်လာတာတွေ့တာနဲ့ ဟာရိုးလ်ကို ဖုန်းဆက်။ အိုး .. မဟုတ်သေးဘူး။ ရဲစခန်းကို အရင်ဆက်ပြီးမှ ဟာရိုးလ်ဆီ ဖုန်းဆက်ပါ။ ကိုယ် ပြန်မလာမချင်း ခြံထဲမှာပဲ စောင့်ကြည့်နေပါ။ ဟုတ်ပြီနော်"

"ကျွန်မက ဘာလို့များ အဲ့ဒီအချိန်ကြီးကျမှ ခြံထဲဆင်းနေရမှာလဲ ဘာ့ခ်ရယ်"

ဒွန်နာက ပြောရင်း ခြေဖျားထောက်ကာ ဘာ့ခ်ကို နမ်းလိုက်သည်။

"ကျွန်မ ရှင့်ကို အဲ့ဒီထူးဆန်းတဲ့ကားအကြောင်း မပြောပြသင့်ခဲ့ဘူးဆိုတာ သိပါတယ်။ အဲ့ဒီလိုပြောပြလိုက်ခြင်းအားဖြင့် ရှင့်အတွက် စိတ်ပူစရာတွေဖြစ်လာမယ်ဆိုတာလည်း သိပါတယ်"

"တစ်ခါတလေမှာ မင်းလုပ်လိုက်တဲ့ စောက်ရေးမပါတဲ့လုပ်ရပ်တွေက ငါ့ကိုစိတ်ပူစေတယ် ဒွန်နာ"

ဘာ့ခ်က ခေါင်းကိုခါယမ်းရင်း
"ငါပြောချင်တာက မင်း ဘာလို့ အဲ့ဒီလူတွေရဲ့ ပစ်မှတ်ဖြစ်အောင် မင်းကိုယ်မင်း ဖန်တီးခဲ့ရတာလဲ"

"ကျွန်မက ရှင်ထင်သလောက်လည်း မမိုက်မဲသေးဘူး ဘာ့ခ်"

ဒွန်နာ ဘာ့ခ် ကားဆီသွားရာလမ်းတလျှောက် လိုက်လာခဲ့သည်။ ဘာ့ခ် ကားပေါ်ရောက်သွားမှပင် "ပျော်ရွှင်ပါစေ ဘာ့ခ်" ဟု နှုတ်ဆက်လိုက်၏။

ကားမောင်းနေသော ဘာ့ခ် နောက်ကြည့်မှန်မှတဆင့် သူ့ဇနီး ဒွန်နာကို ကြည့်ရင်း ခေါင်းကို ယမ်းခါနေမိသည်။ ထိုစဉ်တွင် ရှေ့တူရှုဆီမှ ကားတစ်စင်း အပြင်းမောင်းဝင်လာသဖြင့် ဘေးသို့ ဆွဲကွေ့လိုက်ရာ ဘာ့ခ်မောင်းနှင်းနေသော ကား၏ ဦးတည်ရာသည် လမ်းဘေးရှိ သစ်ပင်ကြီးတစ်ပင်ဆီသို့ တည့်မတ်စွာ ..။

သူ ရှောင်လိုက်သော ကားသည် အတော်ပြင်းပြင်းထန်ထန် ထုရိုက်ခံထားရဟန်ရှိသည့် ထူးဆန်းသော ကားဖြူကလေးဖြစ်ကြောင်းကိုတော့ ဘာ့ခ်တစ်ယောက် သိရှိနိုင်တော့မည်မဟုတ်ချေ။
 
Holly Day ၏ Drive-by ကို ဆီလျော်အောင် ပြန်ဆိုသည်။ 

- ဆူး ခ က် မ င်း -

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...