Monday, June 24, 2013

"သီချင်း၏ အနုပညာရသကို ပံ့ပိုးပုံဖော်ကြသည့်ဂီတမှူးများ"


သီချင်းတစ်ပုဒ်ဆိုတစ်ပုဒ် ပရိသတ် ရင်ထဲ ရောက်ရှိအောင်လုပ် ဆောင်ကြရာတွင် ဂီတမှူးများ၏ အခန်းကဏ္ဍမှာလည်း အရေးကြီးသည်။ သင်္ကြန်မိုး၊ မှုံရွှေရည်၊ လွမ်းငွေ့တဝေဝေစသည့် ရုပ်ရှင် ကားများတွင် သီဆိုထည့်သုံးခဲ့သော တေးသီချင်းများမှာ ယခုထိ လတ်ဆတ်နေတုန်းဖြစ်သည်။ ယင်းသို့ ရှင်သန်ရန်အတွက် တေးဂီတဖန်တီးမှုအပိုင်းဖြစ်သည့် ဂီတမှူး၏ အခန်းကဏ္ဍသည် အင်မတန် အရေးကြီးသည်။

၎င်းနှင့်ပတ်သက်၍ ဂီတပညာရှင်ဓိရာမိုရ် ပြောပြသည်မှာ "မြန်မာပြည်မှာ ဂီတလောကထဲ စတင်ဝင်လာကြရင် တီးဝိုင်းက Player တွေနဲ့ သူ့ဘာသာသူအလျဉ်းသင့်သလို arrangement လုပ်ကြတာများတယ်။ ဒါပေမဲ့ ကိုယ်တွေ ကကျတော့ သီချင်း တစ်ပုဒ်ကို ဒီ့ထက်ပိုပြီးလေးနက်အောင်၊ စာသားတွေကို ဒီထက်ပို လေးနက်အောင်ခံစားချင်တယ်။

အဲဒီစာသားတွေအတွက်လိုအပ်တဲ့ အသံတွေမှန်သမျှကိုဇာတ်ပို့ လိုမျိုး တတ်နိုင်သလောက် အဲဒီအထဲကို ထည့်ပေးရတယ်။အဲဒီအခါကျတော့ သီချင်းတစ်ပုဒ်က ဘယ်လိုဖြစ်လာမလဲဆိုရင် ပိုပြီးတော့ လေးနက် စရာရှိတာလည်း လေးနက်လာတယ်။ ပိုပြီးတော့ လွမ်းစရာရှိတာလည်း ပိုလွမ်းလာတယ်၊ ပိုပြီးတော့ စဉ်းစား စရာရှိတာ စဉ်းစားလာမယ်။ ပိုပြီးတော့လည်း ခံ့ညား လာမယ်။ အဲဒီလိုမျိုးပေါ့။ ဒါကတော့ ဂီတမှူးတွေရဲ့ အဓိက အလုပ်လို့မြင်ပါတယ်။ Player တစ်ယောက်ကတော့ ဂီတမှူးနဲ့ ညှိနှိုင်းပြီးတော့ သူဘယ်လိုကောင်းအောင်တီးမလဲဆိုတာ ညှိလို့ ရတယ်။

သူတို့ကလည်း အရေးပါတယ်။ ဒါပေမဲ့ သီချင်း တစ်ပုဒ် ရဲ့ ကောင်းကျိုး၊ ဆိုးကျိုး၊ သီချင်းတစ်ပုဒ်ရဲ့ အရသာက ဂီတမှူး တွေအပေါ်မှာ မူတည်နေပါတယ်။ ဂီတမှူးတင်ပြပုံကောင်း ရင်ကောင်းသလောက် အဲဒီသီချင်းက ကောင်းမှာပါ။ ဂီတမှူး ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာက ကိုယ်ယုံကြည်တဲ့ ဂီတကို တအားခံစားနိုင်ရမယ်။ နောက်ပြီးတော့ စာသားတွေရဲ့ဖြစ်တည် မှု၊ သူ့ရဲ့ကွဲပြားမှုတွေကို နားလည်ရမယ်။ နောက်ပြီး သူ့ကို အရောင် တင်တဲ့ နေရာမှာ လောဘကြီးနေလို့လည်း မရဘူး။ ဂီတမှူးဆိုတာ လိုအပ်ရင်လိုအပ်တဲ့နေရာမှာ လိုအပ်တဲ့တူရိယာကို အကောင်းဆုံး အသုံးချနိုင်စွမ်း ရှိတာဟာ ဂီတမှူးကောင်းတစ်ယောက်ရဲ့ အရည်အချင်းပါ" ဟု သုံးသပ်ပြောပြခဲ့သည်။

မြန်မာနိုင်ငံ၏ ဝါရင့်ဂီတမှူးတစ်ယောက်ဖြစ်သူ ဦးခင်မောင်ကြီးကလည်း" ဂီတမှူးတစ်ယောက်အနေနဲ့တော့ အကုန်လုံးနှံ့နှံ့စပ်စပ်သိထားရတာပေါ့။ ဘယ်နေရာမှာ ဘာလို မယ်။

ဘယ်နေရာမှာ ဘာပိုနေတယ်စသည်ဖြင့် ဥာဏ်ကွန့်မြူးနိုင်စွမ်း ရှိရမယ်။ ဒါမှ တစ်ဦးတစ်ယောက်ကောင်း မဟုတ်ဘဲအကုန်လုံး အောင်မြင်မှာလေ။ ရုပ်ရှင်မှာပဲဖြစ်ဖြစ်၊ ဂီတမှာပဲ ဖြစ်ဖြစ် ဖန်တီးမှုအပိုင်းက အဓိက အရေးကြီးတယ်။ ဒီဘက်ခေတ်မှာ တစ်ဦးတစ်ယောက်တည်း အကုန် လုပ်သွားတာတွေရှိတယ်။ တော်ကြ ပါတယ်။ သီချင်းတစ်ပုဒ်ဖြစ်ဖြစ်၊ နောက်ခံတီးလုံးပဲဖြစ်ဖြစ် အတီး ပိုင်းမပါ၊ မကွန့်မြူးရင် အဲဒီသီချင်း စာသား၊ အဲဒီဇာတ်ကား ဘယ်လောက်ပဲ စာသားလှနေပါစေ ထင်သလောက်ဖြစ်လာမှာ မဟုတ်ဘူး။

ဇာတ်ကားတစ်ကားအတွက် ဇာတ်ဝင်တေးက အဓိက ကျတယ်။ အဲဒီလိုကောင်းဖို့အတွက် တီးခတ်ပေး လိုက်ရတဲ့ ဖန်တီးသူ ဂီတမှူးကအစွမ်းကုန်ကြိုးစားရမယ်။ တာဝန်ယူရတဲ့ အပိုင်း ပိုကြီးတာပေါ့။ အရင် တုန်းကဆိုရင် ဂီတလုလင် ဦးကိုကို တို့၊ စန္ဒရားလှထွဋ်တို့၊ စန္ဒရားချစ်ဆွေတို့ခေတ်မှာ တေး သီချင်း တွေ၊ နောက်ခံတီးလုံးတွေကို သီးသန့်စီရေးကြ၊ တီးကြတယ်။ အကြောင်းအရာက ဘယ်လို၊ ဘယ်ပုံစံနဲ့သွားချင်တယ်စသည်ဖြင့်လာ အပ်ကြတာ။ ဒီတော့ အချိန်ယူပြီး ဖန်တီးကြရတော့ လက်ရာမြောက်တယ်။

ဂန္တဝင်တွင်ကြတာများတယ်။ ဂီတမှူးတစ်ယောက်ရဲ့ အဓိကတာဝန်က ယုံကြည်မှုရှိရမယ်။ မတူကွဲပြားတဲ့ ဂီတတူရိယာတွေကို အနည်းအကျဉ်းထက်မက နှံ့စပ်သိနားလည်နိုင်စွမ်းရှိရမယ်။ ဦးဆောင်နိုင်ရမယ်။ ဒါဟာ ဂီတမှူးကောင်းတစ်ယောက် ပါပဲ" ဟု သီချင်းတစ်ပုဒ်၏အလှ၊အနုပညာရသများကို ပြောပြခဲ့သည်။

မျိုးမောင်၊M ဘွယ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...