Saturday, June 29, 2013

လူလေးသို့ပေးစာများ (စာ-၃၁)

by Mya Than Tint (Notes) on Monday, May 28, 2012 at 6:32am
 
လူလေး
မြင့်မြတ်တဲ့ အရည်အချင်းတိုင်း၊ ကောင်းတဲ့ အရည်အချင်းတိုင်းမှာ အတူတွဲပါလာတတ်တဲ့ မမြင့်မြတ်မှုတွေ၊ မကောင်းမှုတွေ ရှိတတ်တယ်။ အဲဒီကောင်းမှုတွေ၊ မြင့်မြတ်မှုတွေဟာ လိုအပ်သည်ထက် ပိုသွားရင်၊ နယ်နိမိတ်ကို ကျော်သွားရင် မကောင်းမှုထဲကို နစ်မြုပ်သွားတော့တာပဲ။ ရက်ရောသဘောထားကြီးမှုဟာ လွန်သွားရင် လက်ဖွာတဲ့အဖြစ်ကို ရောက်သွားတယ်။ ခြိုးခြံချွေတာခြင်းဟာ လွန်သွားရင် ကပ်စေးနဲတဲ့အဖြစ်ကို ရောက်သွားတယ်။  သတ္တိကောင်းခြင်းဟာ လွန်သွားရင် မိုက်ရူးရဲအဖြစ်ကို ရောက်သွားတတ်တယ်။ သတိထားခြင်းဟာ လွန်သွားရင် ကြောက်တဲ့ အဖြစ်ကို ရောက်သွားတတ်တယ်။ ဒါကြောင့်မို့ ကောင်းမှုကို မှန်မှန်ကန်ကန်လုပ်ဖို့ဟာ မကောင်းမှု ကို ရှောင်ဖို့ထက် ခက်တယ်။ မကောင်းမှုဆိုတာ သူ့နဂိုပကတိအားဖြင့် အရုပ်ဆိုးတယ်။ မြင်လိုက်ရရုံနဲ့ကို စက်ဆုတ်စရာကောင်းတယ်။
ဒါကြောင့်မို့ မကောင်းမှုဟာ လူကို သူ့နဂိုပကတိရုပ်နဲ့ ဆွဲဆောင်နိုင်တာ မဟုတ်ဘူး။ ပထမတစ်ကြိမ်မှာ မကောင်းမှုဟာ ကောင်းမှုယောင်ဆောင် ရုပ်ပြောင်းရုပ်လွှဲလုပ်ပြီးမှ လူကိုဆွဲဆောင်လို့ရတယ်။ ဒါပေမယ့် ကောင်းမှုဆိုတာကတော့ နဂိုပကတိအားဖြင့် လှပတယ်။ မြင်မြင်ချင်း နှစ်လိုခုံမင်စရာကောင်းတယ်။ ဒီမှာတင် ကိုယ်က ကောင်းမှုကို သဘောကျသည်ထက် ကျလာပြီး ခုံမင်သည်ထက် ခုံမင်လာတော့တာပဲ။ အခြားသော အလှအပများလို ကောင်းမှုဟာလည်း ပိုတယ်လို့ မရှိဘူး၊ လွန်တယ်လို့ မရှိဘူးလို့ ယူဆလာတတ်တယ်။ အဲဒီမှာတင် ဘယ်အချိန်မှာ အသင့်အတင့်ဖြစ်အောင်၊ မယုတ်မလွန်ဖြစ်အောင် လုပ်ရမယ်ဆိုတာကို သတိရဖို့ လိုလာပြီ။ ကောင်းမွန်တဲ့ကိစ္စတစ်ခုက ပေါ်ထွက်လာမယ့် ရလဒ်ကို ဘယ်လို သင့်တင့်အောင် သုံးစွဲရမလဲဆိုတာကို စဉ်းစားတတ်ဖို့လိုလာတယ်။

ခု ဒီလိုတွေးခေါ်ပုံမျိုးကို ကောင်းမှုကိစ္စနဲ့ ထင်ဟပ်ပြီး မပြတော့ဘူး။ အဲဒီလို မစဉ်းစား မဆင်ခြင်လို့ သာမာန်ကောင်းတဲ့ အရည်အချင်းတစ်ခုဟာ ဘယ်လောက် လှောင်ပြောင်စရာ ဖြစ်သွားသလဲ၊ ဘယ်လောက် အပြစ်ပြောစရာ ဖြစ်သွားသလဲဆိုတာလောက်ကိုပဲ ပြလိုက်မယ်။ အဲဒီအရည်အချင်းကတော့ တခြားမဟုတ်ဘူး။ ပညာအလွန်အကျွံတတ်တဲ့ ကိစ္စပဲ။ ပညာကို ဉာဏ်နဲ့ မအုပ်တတ်ရင် အမှားတွေ့တတ်တယ်။ ဘဝင်မြင့်တဲ့အဖြစ်ကို ရောက်တတ်တယ်။ ပညာရှိမဟုတ်ဘဲ ပညာရိအဖြစ်ကို ရောက်တတ်တယ်။ မင်းဟာ ပညာထူးချွန်သူတစ်ယောက်ဖြစ်လာမှာဖြစ်တဲ့အတွက် ဖေဖေ့အတွေ့အကြုံကနေ ထုတ်နုတ်ပြောလိုက်တဲ့ အဲဒီစကားတွေဟာ အသုံးချလိမ့်မယ်လို့ မျှော်လင့်တယ်။

အချို့သောပညာရှိများဟာ သူတို့ပညာအတွက် မာနတက်ကြပြီး သူတို့ပြောတာမှ အမှန်ထင်ကြတယ်။ သူတို့ဆုံးဖြတ်တာကိုပဲ လိုက်နာစေချင်တယ်။ ရလဒ်ကတော့ လူ့လောကကြီးဟာ အစော်ကားခံရတဲ့အတွက် မခံချင် ဖြစ်လာတယ်။ ဖိနှိပ်ခံရတဲ့အတွက် နာကျည်းလာတယ်။ ဒီမှာတင် တော်လှန်ဖီဆန်လာတော့တာပဲ။ ဒီလိုအနိုင်ကျင့်မှုကို ခါချချင်တဲ့အတွက် တရားဝင်အာဏာစက်ကိုတောင် စိန်ခေါ်လာကြတော့တာပဲ။ ဒါကြောင့် မင်းဟာ ပညာတတ်လေလေ၊ ရိုကျိုးနှိမ့်ချမှုရှိလေလေ ဖြစ်ရမယ်။ စကားစပ်မိလို့ ပြောလိုက်ရဦးမယ်။ နှိမ့်ချရိုကျိုးခြင်းဟာ မင်းရဲ့မာနကို နှစ်သိမ့်မှုပေးရာမှာ အသေချာဆုံးနည်းလမ်းပဲ။ မင်းစိတ်ထဲမှာ ဘယ်လောက်ပဲ သေချာနေပေစေ မသေချာတဲ့အသွင်ပေါ်အောင်နေပါ။ တစ်ဖက်သားအပေါ်မှာ ငါ့စကားနွားရ မပြောပါနဲ့။ ကျိုးကြောင်းရှိရှိတင်ပြပါ။ တခြားသူကို သဘောပေါက်အောင် ပြောနေတဲ့ အချိန်မှာ ကိုယ့်ကိုယ်ကို သဘောပေါက်အောင် ပြောတဲ့အသွင်ဆောင်ပါ။

အချို့သောသူများဟာ သူတို့ဘယ်လောက်ပညာတတ်ကြောင်း ပြသချင်တဲ့အတွက်၊ ဒါမှမဟုတ် သူတို့မှာ အတန်းပညာတွေ ဘယ်လောက်ရခဲ့ကြောင်းပြချင်တဲ့အတွက် ရှေးခေတ်ကလူတွေကို ခုခေတ်လူတွေထက် ပိုတော်တဲ့ လူတွေအဖြစ် ချီးမြှောက်ပြောပြီး ခုခေတ်လူတွေကိုတော့ အဆင့်အတန်းမရှိတဲ့လူတွေလို ပြောလေ့ရှိကြတယ်။ သူတို့အိတ်ထဲကို ကြည့်လိုက်ရင်လည်း ရှေးဟောင်းဂန္ထဝင်တစ်အုပ် နှစ်အုပ်လောက်တော့ အမြဲထည့်ထားကြတယ်။ သူတို့က ရှေးခေတ်ကစာတွေကိုပဲ ဖတ်တယ်။ ခုခေတ် စာညံ့ စာဖျင်း၊ စာပေါ့ စာလွင်တွေကို မဖတ်ဘူးလို့ ဆိုကြတယ်။ ပြီးတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ လောက်ကအတွင်းမှာ သိပ္ပံပညာမှာရော၊ အနုပညာမှာရော ဘာမှမယ်ရရ တိုးတက်မှုမရှိခဲ့ဘူးလို့လည်း ပြောကြသေးတယ်။ မင်းဟာ ရှေးဟောင်းစာပေတွေကို မလေ့လာဘဲမနေရုံတင်မကဘူး။ အဲဒီ ရှေးဟောင်းစာပေတွေကို ကျွမ်းကျင်နှံ့စပ်ရမယ်။ ခေတ်စာပေအကြောင်းကို ပြောတဲ့အခါမှာ လှောင်ပြောင်အထင်သေးတဲ့သဘောနဲ့ မပြောပါနဲ့။ ရှေးဟောင်း ဂန္ထဝင်အကြောင်းကို ပြောရာမှာလည်း ကိုးကွယ်ဆည်းကပ်တဲ့ သဘောနဲ့ မပြောပါနဲ့။ အဲဒီအရာတွေကို အကဲဖြတ်ရာမှာ ခေတ်နဲ့ အကဲမဖြတ်ဘဲ သူတို့ရဲ့ အရည်အချင်းနဲ့ အကဲဖြတ်ပါ။ မင်းအိတ်ထဲမှာ ရှေးဟောင်းဂန္ထဝင်စာအုပ်များ ပါလာခဲ့ရင် ဒီစာအုပ်ကို လူမြင်အောင် မပြပါနဲ့။ ပါလာကြောင်းကိုလည်း မပြောပါနဲ့။

တချို့သော သုခမိန်များဟာ အများနဲ့ဆိုင်တဲ့ဘဝမှာရော၊ ကိုယ်ရေးကိုယ်တာဘဝအတွက်ရော ဆောင်ပုဒ်တွေကို ချမှတ်ရာမှာ မပြောင်းလဲဘဲ အတူတူချမှတ်လေ့ရှိကြတယ်။ ဒီလိုလုပ်တာဟာ အဓိပ္ပာယ်မရှိဘူးလို့ ဖေဖေထင်တယ်။ ရှေးတုန်းက စာရေးဆရာကြီးတွေ၊ ပညာရှိကြီးတွေလည်း ဒီလိုပဲ အများဘဝနဲ့ ကိုယ်ရေးကိုယ်တာဘဝကို တစ်သဘောတည်း ထားကြတာပဲလို့ ပြောလေ့ရှိတယ်။ အမှန်ကတော့ ရှေးတုန်းက စာရေးဆရာကြီးတွေ၊ ပညာရှိကြီးတွေဟာ အများဘဝနဲ့ ကိုယ်ရေးကိုယ်တာဘဝကို တစ်သဘောတည်း ထားလေ့မရှိကြပါဘူး။ ကမ္ဘာကြီးဖြစ်ပေါ်လာကတည်းက တစ်ခုနဲ့တစ်ခု လုံးဝချွတ်စွတ်တူတဲ့အရာလို့ မရှိနိုင်ဘူး မဟုတ်လား။ နောက်တစ်ချက်က ဘယ်သမိုင်းဆရာ၊ ဘယ်ပညာရှိကဝိကမှလည်း အဖြစ်အပျက်တစ်ခုကို ဖော်ပြရာမှာ ဒီအကြောင်းကြောင့် ဒီအကျိုးဖြစ်တယ်လို့ တစ်ခါတည်း ပြောနိုင်ခဲ့ကြတာ မဟုတ်ပါဘူး။ အဖြစ်အပျက်ကို သိပြီးမှသာလျှင် အကြောင်းတရားကို လိုက်ရှာကြရတာပါ။ အဖြစ်အပျက်တစ်ခုကို စစ်ဆေးတော့မယ်ဆိုရင် အဲဒီအဖြစ်အပျက်နဲ့တကွ ဒီအဖြစ်အပျက်ကို ပေါ်ပေါက်စေနိုင်တဲ့အခြေအနေတွေကို လိုက်ပြီး ရှာဖွေရတာပါ။ ရှေးက ပညာရှိကဝိတွေက ဆိုခဲ့လို့၊ သမိုင်းဆရာတွေက ဆိုခဲ့လို့ လက်ခံကြတာ မဟုတ်ဘူး။ မင်းလုပ်ချင်တယ်ဆိုရင် ရှေးတုန်းက တူသယောင်ရှိခဲ့တဲ့အဖြစ်အပျက်တွေကိုတော့ စဉ်းစားနိုင်တယ်။ ဒါပေမယ့် အကူအညီအဖြစ်သာယူပါ။ လမ်းညွှန်အဖြစ်မယူပါနဲ့။ တို့တစ်တွေဟာ ပညာသင်ကြားမှုကြောင့် တစ်ဖက်စောင်းနင်းဖြစ်သွားပြီး ရှေးက ပညာရှိကဝိတွေက သူတို့ သူရဲကောင်းတွေကို အမွှမ်းတင်တာနဲ့ တို့ကလည်း လိုက်ပြီး ရှေးက အရူးတွေကို အမွှမ်းတင်မိလျက်သား ဖြစ်နေတတ်တယ်။ ရှေးက ဂန္ထဝင်ဆိုတိုင်း အဟုတ်ထင်နေကြတာကိုး။ ဖေဖေဟာ လီယိုနီးဒတ်စ်နဲ့ ကားတီးယတ်စ်တို့ကို ရှေးအစဉ်အလာသမိုင်းမှာရှိခဲ့တဲ့ သူရဲကောင်းနှစ်ယောက်အနေနဲ့ ကြည်ညိုလေးစားပါတယ်။ ဒါပေမယ့် ဖေဖေတို့ တိုင်းပြည်မှာ ဒီလို သူရဲကောင်းနှစ်ယောက်ကို အတုခိုးပြီး သူတို့လုပ်သလို လိုက်လုပ်မယ်ဆိုရင်တော့ တော်တော်ရယ်စရာကောင်းတဲ့ ကိစ္စပဲ။ ရောမခေတ်တုန်းက စစ်ပွဲတစ်ပွဲမှာ ငန်းတွေကို မျှော်စင်ပေါ်မှာ ဖမ်းလှောင်ထားပြီး နောက်တော့ ရန်သူစစ်တပ်ထဲကို လွှတ်လိုက်သလို တို့ခုစစ်ပွဲမှာလည်း ငန်းတွေကို လန်ဒန်မျှော်စင်ကြီးပေါ်မှာ ပိတ်လှောင်ထားပြီးလွှတ်လိုက်လို့ ဖြစ်မတဲ့လား။ ဒီလိုပုံတူကူးယူမှုမျိုး၊ ဒီလိုအတုံးလိုက်အတစ်လိုက် တွေးခေါ်ပုံမျိုးနဲ့ဆိုရင်တော့ တော်တော်ဆင်းရဲတဲ့နိုင်ငံရေးသမား တစ်ယောက်ပဲဖြစ်မှာပဲ။

သူတို့လောက်မဆိုးပေမယ့် သူတို့နီးပါး မသိသားဆိုးရွားတဲ့ ပညာရှိကဝိတွေ ရှိသေးတယ်။ သူတို့ကတော့ မိန်းမတွေနဲ့ စကားပြောရာမှာတောင် ရှေးခေတ်က ဂရိစာပေတွေ၊ လက်တင်စာပေတွေ ကောက်နုတ်ကိုးကားပြီး ကြွားဝါတတ်တဲ့ ပညာရှိမျိုးတွေပဲ။ ဒီလိုလူတွေကတော့ ရှေးခေတ်ဂန္ထဝင်ထဲက စာပိုဒ်ကလေးတစ်ပိုဒ် နှစ်ပိုဒ်လောက်ကို အာဂုံကျက်၊ လူထူထူရှိတာနဲ့ အဲဒီ စာပိုဒ်ကလေးတွေကို အာဘောင်အာရင်း သန်သန်နဲ့ ကောက်နုတ်ကိုးကားပြီး သူတို့ကိုယ်သူတို့ ပညာရှိကဝိ အထင်ခံချင်တတ်ကြတယ်။ ဒါကြောင့်မို့ မင်းဟာ ပညာရှိယောင်ယောင်လို့ အခေါ်မခံချင်ရင်၊ တစ်ပြိုင်နက်တည်းမှာ နလပိန်းတုံးလို့လည်း အထင်မခံချင်ရင် ပညာရှိယောင်မဆောင်ချင်ပါနဲ့။ ပညာရှိယောင်မကြွားဝါပါနဲ့။ လူတွေထဲရောက်ရင် အများသူငါ ပြောတဲ့စကားကို ပြောပါ။ လူတွေပြောသလိုပြောပါ။ ကောက်နုတ်ကိုးကားတာမျိုးတွေ မလုပ်ပါနဲ့။ မင်းရောက်ရှိနေတဲ့ အသိုင်းအဝိုင်းထဲက လူတွေထက်ပိုပြီး ပညာရှိသယောင်၊ ပိုပြီးတတ်သယောင်မပြပါနဲ့။ အိတ်ဆောင်နာရီကို ကိုယ်တစ်ယောက်တည်း သိဖို့ အိတ်ထဲမှာလူမမြင်အောင် ဆောင်ထားသလို ပညာကိုလည်း ကိုယ့်အိတ်ထဲမှာပဲ ဆောင်ထားပါ။ လူတွေရှေ့မှာ နာရီကို ထုတ်ပြပြီး မကြွားပါနဲ့။ ကိုယ့်ကိုဘယ်နှစ်နာရီရှိပြီလဲလို့ လာမေးမှပြောပါ။ မမေးဘဲနဲ့ မပြောပါနဲ့။ အစောင့် သံချောင်းခေါက်သလို နာရီတိုင်း နာရီတိုင်းကို မောင်းခေါက်မနေပါနဲ့။

ချုပ်ပြောရမယ်ဆိုရင်တော့ ပညာ (ဂရိနဲ့ရောမစာပေတို့ကို တတ်ခြင်း) ဟာ အသုံးကျပြီး လိုအပ်တဲ့ အဆင်အယင်တစ်ခုပဲ။ ဒီနှစ်ခုကို မပိုင်နိုင်ရင် ရှက်စရာကောင်းတယ်။ ဒါပေမယ့် စောစောကပြောခဲ့တဲ့ အမှားမျိုးတွေကို မမှားပါစေနဲ့။ ခေတ်သစ်ပညာဟာ ရှေးခေတ်ပညာတွေထက်လိုအပ်တယ်ဆိုတာသတိချပ်ပါ။ ခေတ်သစ်ကမ္ဘာကြီးအကြောင်းကို ရှေးခေတ်ကမ္ဘာကြီးအကြောင်းထက် ပိုနားလည်အောင် လုပ်ပါ။ နှစ်ခုစလုံးအကြောင်းကို ကောင်းကောင်းသိဖို့တော့ လိုအပ်တာပေါ့။

ခုလေးတင်ပဲ ၁၇ ရက်နေ့စွဲနဲ့ မင်းပေးလိုက်တဲ့စာကိုရတယ်။ ခုလောလောဆယ်မှာ မင့်ဘဝအတွက် ကြီးကျယ်တဲ့အပြောင်းအလဲကြီးတွေမရှိသေးလို့ ရေးစရာမရှိဘူးလို့ ထင်ရပေမယ့် ရေးမယ်ဆိုရင် စာတစ်စောင်ထဲမှာ ရေးစရာတွေအများကြီးပဲ။ မြင်တယ်၊ ကြားတယ်၊ ဖတ်တယ်။ နေ့စဉ်နဲ့အမျှအသစ်တွေဖြစ်ပေါ်နေတယ်။ ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ မင်းဘယ်လိုထင်သလဲ ဆိုတာကို ရေးပြရင်တောင် ရေးလို့ကုန်နိုင်မှာ မဟုတ်ဘူး။ မင်းက ဘာအကြောင်းရေးရမလဲလို့ မေးလိုက်တဲ့အတွက် ရေးစရာအကြောင်းကို ပြောလိုက်မယ်။ ဂျာမနီက လူသာရီယန်းသာသနာ့ဂိုဏ်းအကြောင်း၊ သူတို့ရဲ့ သာသနာအုပ်ချုပ်ပုံအကြောင်း၊ ထောက်ပံ့မှုအကြောင်း၊ ဘုန်းကြီးတွေရဲ့ အခွင့်အာဏာနဲ့ ဘွဲ့တွေအကြောင်း အများကြီး ရေးလို့ရတာပဲ။

မင်းပြောတဲ့စာအုပ်ဟာ ဒီမှာတော်တော်ရှားတယ်။ အဖိုးလည်း တန်တယ်။ ဒါပေမယ့် ဖေဖေမလိုပါဘူး။ ခရီးသွားရင် စာအုပ်တွေ သိပ်ဝယ်နေရင် လိုက်ပဇစ်က ပြန်ထွက်တဲ့အခါ အသယ်ရခက်နေလိမ့်မယ်။ အကောင်းဆုံးကတော့ အဲဒီကပြန်ရင် လိုတဲ့စာအုပ်တွေကို သင်္ဘောနဲ့ ပြန်ပို့လိုက်တာ အကောင်းဆုံးပဲ။ သင်၏ဖေဖေ။

ဘာ့သ်၊ ဖေဖော်ဝါရီ ၁၀ ရက်၊ ၁၇၄၈ ခုနှစ်။

လူလေးသို့ပေးစာများ - မြသန်းတင့် မှ ကူးယူဖော်ပြပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...