Thursday, June 27, 2013

"ဒတ္ထတို့တိုင်းပြည်”

by Soe Min (Notes) on Thursday, June 27, 2013 at 1:56pm

          အံ့သြကုန်နိုင်ဖွယ်။ ကဲ မယုံချင်နေ။ ဆိုတဲ့ ထူးဆန်းထွေလာ ပြည်မြန်မာက အံဖွယ်သုတတွေ ထဲမှာ လောလောလတ်လတ် ပူပူနွေးနွေးအရှိဆုံး သတင်းထူးကြီးကတော့ ဆက်သွယ်ရေးဝန်ကြီးဌာနက တင်ဒါခေါ်ယူတာကို ပြည်ထောင်စုလွှတ်တော်ပေါ်အထိ အဆိုတင်သွင်းဆွေးနွေး ဆုံးဖြတ်ယူရတဲ့ ကိစ္စကြီးပါ။ တညိုးကြီးတော့ တညိုးကြီးပေါ့နော်။ ရှေးကဆိုရင် ရှင်ဘုရင်တန်မဲ့နဲ့ မူး၊ ပဲ၊ မတ်၊ ကျပ် ငွေကဲခတ်တဲ့အလုပ်များ ၀င်ပါမိရင်တောင် ပွဲစားကြီးက ပွဲကတော်ကြီးက နဲ့ မင်းမိဖုရား နှစ်ပါးစလုံး ဦးပေါ်ဦးငေါ့သမျှကို အောင့်သက်သက် ခံခဲ့ရဖူးသတဲ့။ သမုတိနွယ် မင်းဧကရာဇ်တို့မည်သည် ဒီလိုအသေးအဖွဲမျိုး သိရိုးထုံးစံ မရှိဘူးတဲ့။ အောက်က လူတွေကသာ စီမံရရိုးမို့လို့ ကိုယ့်အရာနဲ့ ကိုယ်နေရတယ် လို့ ရှင်ဘုရင် အမုန်းခံ ဆုံးမရတဲ့ ပညာရှိစကား မှတ်သားဖတ်ကြားဖူးတာပါ။


           ခုခေတ်မှာလည်းပဲ စောစောပိုင်းကဆို အဲသလို တင်ဒါမျိုးရော အဲသည်ထက်ကြီးတဲ့ သဘောတူစာချုပ်တွေပါဆိုတာ သက်ဆိုင်ရာ ၀န်ကြီးဌာနထဲက ညွှန်မှူး ညွှန်ချုပ်များနဲ့သာ တိုင်ပင်ဆုံးဖြတ်တဲ့ ၀န်မင်းများ အရေးအရာပိုင်မို့လို့ နေပစေ လူမသိလေ ပိုကောင်းလေဆိုပြီး မပြီးခင် ဗမာမမြင်စေနဲ့ လက်ဝါးချင်းရိုက်လိုက်ကြတာ ဖတ်ကနဲတောင် မကြားလိုက်ရပါဘူး။ (မြစ်ဆုံတို့ လက်ပံတောင်းတို့ဆိုတာ ပြဿနာ အကြီးကြီးတက်လာတော့မှသာ စာမျက်နှာပေါ် ရောက်ရတာ။) အကယ်၍များ ကိုယ်သာ အဲသည်ဝန်ကြီးဌာနက တာဝန်ရှိသူ အကြီးအကဲနေရာမှာ ဆိုရင်လည်း အရာရာ တုတ်ထိုးအိုးပေါက် ရွာရိုးရောက်အောင် လူသိရှင်ကြား ထုတ်ဖော်မနေပါဘူး။ အခုဟာက ထူးတော့ ထူးသား။ ဧကန္တတော့ ဧကန္တပဲ ဆို စုံစမ်းစပ်စု ကြည့်မိတော့ အရင်ဝန်မင်းလက်ထက်ကလို စာမရေးနဲ့ ဟွာဝေးပေးလိုက်ဆိုတာမျိုး မလုပ်ချင်တော့လို့ နေမှာပေါ့။ ရှော့ခ်တွေရိုက်ကုန်တာ ဘာကြာသေးတာမှတ်လို့။ ကောလာဟလတွေဆိုတာများ တမိုးလုံးဖျောက်ဆိတ်။ ချိတ်ပိတ်သိမ်းလိုက်ရတဲ့ ရွှေချောင်းတွေက ဘယ့်နှယ်။ ဟုတ်တာ မဟုတ်တာ အပထား။ အပြောခံ အရေးခံလိုက်ရတာ ရစရာကို မရှိဘူး။ “ညောင်မြစ်တွေ လာလာမတူးနဲ့။ ပုတ်သင်ဥတွေ အိတ်စပို့လုပ်လိုက်ရမလားဆိုလို့ တော်တန်တိတ် ငါးကြော်ပန်းကန်ဖိတ် လုပ်ပလိုက်ရတယ်” လို့ ကြားလိုက်မိတယ်။

         ဒီကိစ္စမျိုးဆိုတာ ကိုယ်ကမြိန်ရည်ယှက်ရည် စားပိုးနင့်ထားလို့ ဆိုရင်တော့ တလောကလုံးက ပြောချင်တဲ့သူပြော။ ဂရုစိုက်စရာ မလိုဘူး။ ပြောပစေ။ တန်တယ်။ ဒါပေသိ ကိုယ်လည်း ဟုတ်ဟုတ်ငြားငြား မစားရသေးပဲနဲ့ မဟုတ်ကဟုတ်က အပြောခံရရင် နာလည်းနာသေး နံလည်းနံသေးသဗျ။ ကိုယ့်စိတ်နဲ့ နှိုင်းပြီး ကိုယ်ချင်းစာမိတာပါ။ သည်လိုအဖြစ်အပျက်မျိုး အပြင်မှာ တကယ်မရှိဘူး။ သိလား။ ဖျားစူး။ မိုးကြိုးကြီး ပစ်ရစေရဲ့။ အဲ့တော့မှပဲ ဇာတ်ရည်လည်လာတော့တယ်။ ဟုတ်လည်း မဟုတ်ပဲနဲ့ သူများတံတွေးခွက်မှာ ပက်လက်ရော မှောက်ခုံပါ မမျောချင်လို့ ပွင့်လင်းမြင်သာမှုရှိအောင် တမင် လွှတ်တော်တင်ပြီး ဆုံးဖြတ်ပြလိုက်တာကိုး။ ဘရားဗိုးပါ ဘရားဗိုး။ ဒါမျိုးကတော့ လက်ခုပ်တီးပြီး ကြိုဆိုသင့်ပါတယ်။

        အရင်စာတွေမှာ ရေးရေးနေတဲ့ ပွင့်လင်းမြင်သာမှုဆိုတာကို ပထမဆုံး အကောင်အထည်နဲ့ ပြလိုက်တာ ဆိုပါတော့လေ။ မပြလို့လည်း မရဘူး။ သူတို့ကုလားထိုင်တွေ ကြမ်းပိုးကိုက်နေပြီ လို့ ပြောတဲ့သူက ပြောကြတယ်။ ထိပ်သီးအရာရှိကြီးတွေ ပြုတ်တာနဲ့ ဂျာနယ်စာမျက်နှာပေါ်မှာ ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်နေကြတာလည်း မကြာခဏဆိုတော့ သနားလှပါဘိ။ တရားကျစရာချည့်။ ကလောင်ကျင့်ဝတ် စည်းကမ်းဆိုတာ ချိုနဲ့လား လို့ မေးရမယ့် အင်တာနက်စာမျက်နှာပေါ်မှာဆို တခါတရံ ညှာတာမှုကင်းမဲ့သော ဓါတ်ပုံနှင့်တကွ ဖော်ပြချက်တွေ တွေ့ရတယ်။ နိုင်ငံတော် အစိုးရရဲ့ “လျှို့ဝှက်” လို့ ခေါင်းစဉ်တပ်ထားတဲ့ ဌာနတွင်း ကြားနာစစ်ဆေး အရေးယူ အပြစ်ပေးတဲ့ အမိန့်စာကြီးများဟာ ဖေ့စ်ဘုတ်ပေါ်မှာ ရုံးတံဆိပ်၊ အမည်၊ လက်မှတ်၊ နေ့စွဲ နဲ့တကွ မြင်ရဖတ်ရတဲ့အခါ သက်ဆိုင်သူဝန်ထမ်းကို ဘယ်လောက်တောင် မစာမနာ ရှိလိုက်မလဲ စဉ်းစားပါဦး။ သူ့မှာလည်း မိသားစု၊ သားသမီးဆွေမျိုးများ ရှိပေလိမ့်မယ်။ အဲသည်လူတွေရော အရှက်ရ သိက္ခာကျဖို့ သင့်သလား။ မတော်လို့များ ကိုယ့်အဖေဟာ မိသားစုဘ၀နောင်ရေးအတွက် မလူးသာမလွန့်သာတဲ့ ရိုးရာစရိုက်အောက်မှာ မိုးခါးရေသောက်ရင်း အစားမတော်တလုပ် ဒုက္ခများရတယ် ဆိုပါစို့။ လက်ညှိုးပေါင်းတစ်ထောင် မျက်လုံးပေါင်းတစ်သိန်းအောက်မှာ ကိုယ်လည်းပဲ တော်လှန်ရေးကို သစ္စာမဖောက်ချင်လို့ ကွန်မြူနစ်ဇာတ်ကားတွေထဲမှာ ရိုက်ပြသလို သွေးပွက်ပွက်ဆူလာနိုင်ပါ့မလား။ ဒါကြောင့်မို့လို့ ပွင့်လင်းမြင်သာမှုဆိုတာ ဘယ်ဟာတွေကို အသိပေးပြီး ဘယ်ဟာတွေကို လျှို့ဝှက်စောင့်ထိန်းထားရမယ် လို့ သဲသဲကွဲကွဲ သိဖို့လိုတာပေါ့။ အိမ်သာကိုတော့ မှန်ကာလို့ ဘယ်ဖြစ်ပါ့မလဲ။ (ကာချင်သပဆို ပြဒါးသုတ်ပြီးမှကာ။ ပြီးရင် ပြုံးပြုံးလေးပါကြ။)

         ခုခေတ် လူကြီးမင်းများအနေနဲ့ မတော်တဆ ပြုတ်စော်နံရင် လွှတ်ကြောက်ဖို့ကောင်းတယ်။ သတင်းစာထဲ၊ ဂျာနယ်ထဲ၊ စာလုံးမည်းကြီးနဲ့ ပါရော။ ၀မ်းသာအားရ မယားကတသွယ်နဲ့ ၀ိုင်းဝန်းအားပေးကြသူတွေထဲမှာ မနေ့တနေ့ကတင် ကိုယ့်ဆီ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးနေတဲ့ တပည့်တပန်းတွေက အတက်ကြွဆုံးပဲ။ ကိုယ်မရှိမှ သူတို့တက်မှာကိုး။ အနည်းဆုံးတော့ နောက်လူမလာခင် သူတို့လက်အပ်ထားရတာ မဟုတ်လား။ ကုလားထိုင်ပေါ်မှာ မင်းတို့စကား မိုးကြိုးသွားလောက် တန်ခိုးထွားလေလေ၊ အောက်ဆင်းပေးလိုက်ရတဲ့အခါ သမဆိုင် မီးလောင်တုန်း စာရင်းပြသလို ရုံးရှိသမျှ အမှုတွဲတွေ တရားခံဖော် အမြီးတပ်လွှတ်လိုက်တာမို့ ခွေးလုံးလုံး ဖြစ်ရလေလေ။ အကျမနာတဲ့သူရယ်လို့ မရှိသလောက်ပဲ။ လူတွေက အဲသည်အပိုင်းကျ လိုက်မကြည့်ဘူးလေ။ အပေါ်ရောက်ရင် ဘာစားပေါက်ရှိတယ်ပဲ မြင်ကြတာ။ အဲဒါ ကိုယ့်တိုင်းပြည်မှ မဟုတ်ဘူး။ ဘယ် ဗြူရိုကရက် ယန္တရားမဆို အဲ့တိုင်းချည့်ပဲ။ ပြုတ်တော့မလို့ တဲ့ လို့ သတင်းလေးပဲ သိုးသိုးသန့်သန့် ထွက်ကြည့်စမ်းပါလေ။ ကိုယ့်ရုံးခန်းရှေ့ တန်းစီနေတဲ့ ဧည့်သည်တွေ လျော့သွားရော။ အရေးတကြီး မဟုတ်ရင် ဂဏန်းငြိမ်အောင် စောင့်ကြတာပေါ့။ တစ်ခါ ပြောဖူးသားပဲ။ ပါဝါအချိန်း ရေလောင်းမှားရင် ပလုံ စွပ် တောင် မကြားရဘူးလို့။

          အဲသလို အဲသလို အလွန်တရာ လူမုန်းများဖွယ်ရာ မဟုတ်တမ်းတရားများကို ရေးသားနေသူ မောင်စံဖားကလေးဟာ သည်တစ်ခါမှာတော့ ထော်လော်ကန့်လန့်တိုက်ပြီး ပြောင်းဘူး ပြုတ်သူ ဘဘကြီးတွေဘက်က မျှတအောင် တွေးကြည့်မိပါတယ်။ အိမ်း ဒါလည်း မတရားသေးပါဘူး ပေါင်းတာရဲရယ်။ လူတွေက သူတို့ကိုချည့် ဖြစ်သမျှဒဏ် င၀က်ခံ မေတ္တာတွေ ၀ိုင်းဝိုင်းပို့နေတာ။ တကယ်တော့ သူတို့ဘ၀ဟာ ပြည့်တန်ဆာမှုနဲ့ ထောင်ထဲရောက်ရတဲ့ မိန်းမသားတွေနဲ့ ဘာမှ မခြားပါလားကရို့။ စဉ်းစားကြည့်လေ။ ပြည့်တန်ဆာဆိုတာ တစ်ယောက်တည်း အမှုဖြစ်လို့ရတဲ့ ကိစ္စမျိုးလား။ မှောင်ရိပ်ခိုမှုဆိုတာ တကယ်တော့ မသင်္ကာမှုပဲ။ လက်ပူးလက်ကြပ်လည်း သက်သေမပြနိုင်ပဲနဲ့။ “လုပ်ထားဦးပေါ့ ရှင်။ ရှင်တို့က ရဲတွေကိုး။”ဆိုပြီး အထဲဝင်လိုက်ရတာ။ တကယ့် ပြည့်တန်ဆာမှုဆိုရင် ယောင်္ကျားမပါပဲနဲ့ ဘယ်လိုလုပ် ကျူးလွန်မလဲ။ (သူတို့ ယောင်္ကျားတွေသာ တခါတခါ မိန်းမမပါပဲ ကျူးလွန်ချင်လွန်မယ်) ပြစ်မှုတစ်ခုကို အတူတူ ကျူးလွန်တဲ့သူချင်းအတူတူ၊ ယောင်္ကျားက သက်သေနေရာမှာ ရှိပြီး မိန်းမတွေသာ တရားခံဖြစ်ရတာလေ။ အသွင်ယူထားတဲ့ ရဲကိုကိုတွေဆို ပိုဆိုးသေး။ ကြိုတင်သတ်မှတ် သဘောတူထားတဲ့ အခကြေးငွေ ယူမိတာကလေးတစ်ခုတည်းနဲ့ မိန်းမက ထောင်ကျစေ။ ယောင်္ကျားက လွတ်စေ။ ဆိုတဲ့ သဘောကြီး ဖြစ်နေတာပေါ့။ တောပြောတောင်ပြောနဲ့ စကားတွေက ဘယ်ရောက်ကုန်မှန်း မသိဘူးနော်။ စဉ်းစားကြည့်ပါဗျာ။ တို့ဘဘကြီးတွေကို လာဘ်စားမှုနဲ့ အိုကြီးအိုမကျမှ အရှက်တကွဲ အကျိုးနည်းဖြစ်အောင် ဒဏ်ခတ်ဆုံးမ အရေးယူတဲ့ကိစ္စမှာ သူ့သီလကို ဖျက်ဆီးတဲ့ ကိုယ်လိုချင်တဲ့ အခွင့်အရေးကို ငွေပေးဖြားယောင်းဝယ်ယူသူက နိုင်ငံ့အကျိုးတော်ဆောင် အလှူ့ဒကာကြီးအဖြစ်နဲ့ ဘွဲ့ထူးဂုဏ်ထူးတွေ ရပြီးရင်းရ။ နောက်တစ်ယောက်ဝယ် အိပ်ထဲထည့်၊ လုပ်ချင်ရာလုပ်ဆိုရင် အဲသည်အမှုကြီးက စောစောက ပြည့်တန်ဆာ အမှုနဲ့ ဘာကွာလို့လဲ။

          တချို့အမှုတွေကျတော့ တကယ်တမ်း ပြန်တွေးကြည့်မိတဲ့အခါ ငိုအားထက် ရယ်အားသန် ဖြစ်ရပ်တွေ တွေ့ရပါတယ်။ နေရာကောင်းမှာ ရောက်နေတော့ ရာထူး အပြောင်းအရွှေ့ထွက်တဲ့အထဲ မတော်တဆများ ပါမသွားရလေအောင် သိန်းပေါင်းများစွာ ပသထားပြီးမှ သူ့နံမယ်ကြီး ပြောင်းမိန့်ထွက်လာတဲ့အခါ ကက်ကက်လန်အောင် ရန်သွားတွေ့ပြီး ဟိုတိုင်သည်တိုင် လုပ်ပါသတဲ့။ ဟုတ်တာပေါ့လေ။ ရုံးမင်းကြီးများက လာဘ်စားပေသကိုး။ နို့ ဒါပေသိ နေစမ်းပါဦး။ သူကရော အများနည်းတူ နိုင်ငံတော်က လိုအပ်ချက်အရ အခါအားလျော်စွာ ထုတ်ပြန်သော စီမံခန့်ခွဲမှု အမိန့်ကြေညာစာများကို လေးစားလိုက်နာဖို့ တာဝန်မရှိဘူးလား။ မြန်မာနိုင်ငံတ၀ှမ်းလုံးကို ကိုယ့်အဖေအမွေပေးသွားတဲ့ ကုလားထိုင်ကလေးများလို နေချင်ရာနေ ထိုင်ချင်ရာထိုင်၊ ပုံလိုက်ပိုင်လုပ်နေတာ အပြစ်မရှိဘူးပေါ့နော်။ ဒီနေရာမှာ ဒီလိုပိုက်ဆံပေးပြီးနေဖို့အတွက် ဒီနေရာကလူတွေဆီကနေ ခြစ်သည် ညှစ်သည် ဗျစ်ရည် မလုပ်ဘူး မို့လို့လား။

         လာဘ်စားမှုတို့ ခြစားမှုတို့ဆိုတဲ့ကိစ္စတွေမှာ ကိုယ်လိုချင်တဲ့ အခွင့်အရေး တစုံတရာအတွက် နိုင်ငံတော်က အနှစ်နှစ်အလလ လေ့ကျင့်ပျိုးထောင်ထားရတဲ့ အထက်တန်းအရာရှိတွေကို အကျင့်စာရိတ္တပျက်ပြားအောင်၊ ဂုဏ်သိက္ခာညှိုးနွမ်းအောင် ဖြားယောင်းသွေးဆောင်လျက် တာဝန်ဝတ္တရား လုပ်ပိုင်ခွင့်များကို အရောင်းအ၀ယ်ပြုသူ နှစ်ဦးစလုံးမှာ အတူတူ အပြစ်ရှိကြပါလိမ့်မယ်။ စင်္ကာပူမှာဆို အငှားကားစီးရင်း ထိုင်ခုံခါးပတ်မပတ်ရင် ရဲဖမ်းသတဲ့။ ကိုယ့်ဆီမှာလို မှတ်လို့ ဖမ်းတဲ့ရဲကို မုန့်ဖိုးပေးမိရင် နောက်တစ်မှုတိုး၊ သတင်းစာထဲ ဓါတ်ပုံနှင့်တကွ ပါသတဲ့။ ကိုယ့်ဆီမှာတော့ သူတို့က ကျေးဇူးတင်လို့ လာကန်တော့ကြတာပါ။ ကိုယ်ကူညီပေးလိုက်လို့ သိတတ်တာပါ။ စသည်ဖြင့် ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ဖြေတွေးပေးရင်းကနေ တစ်တက်စားလည်း ကြက်သွန်၊ နှစ်တက်စားလည်း ကြက်သွန်၊ အများမိုးခါးရေသောက်နေမှဟာ ဆိုပြီး နောက်ဆုံး ဟိုဘူတာ ဆိုက်ကြပါတယ်။ သူများတကာဘက်ကလည်း ပေးကမ်းခြင်း အောင်မြင်ရာ တို့၊ ထောင်မြင်ရာစွန့် တို့။ ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ တို့၊ ဆင်ခြေတွေ ရေလဲနဲ့သုံးရင်း သည်လူကို ဘယ်လောက်နဲ့ ၀ယ်ရင် ငါလိုချင်တာရမလဲ ချင့်ချိန်ကြပါတယ်။ အတိအလင်း ဈေးညှိ ကြေးပြောနေတာတွေ ရှိသလို ပွဲစား အကျိုးဆောင်များတောင် ခြေချင်းလိမ်နေတဲ့အထိ ဈေးကွက် ကျယ်ပြန့်ပါတယ်။

          ခြစားမှုကို တိုက်ဖျက်ချင်တယ်ဆိုရင်တော့ တစ်ဘက်တည်းကို အရေးယူပြနေရုံနဲ့ ပြီးလိမ့်မယ် မထင်ပါဘူး။ လက်ခုပ်ဆိုတာ နှစ်ဘက်တီးမှ မြည်တယ် မဟုတ်လား။ ၂၀၁၀ ရဲ့နောက်ပိုင်းမှာ တင်းကျပ်တဲ့ သတိပေး အရေးယူမှုတွေ ရှိလာလို့ ဌာနဆိုင်ရာတွေမှာ နေရာတော်တော်များများ လာဘ်ပေးလာဘ်ယူကိစ္စတွေ ပေါ်ပေါ်ထင်ထင် မရှိတော့တာ တော်တော်ကြာပါပြီ။ ရှိခဲ့ရင်လည်း အောက်ခြေအဆင့်တွေမှာ အတိုင်အတောတွေက မနည်းတော့ အရင်ကလောက် မဆိုးတော့တာ သေချာပါတယ်။ ဒါဟာ အကြောက်တရားတစ်ခုတည်းနဲ့ ထိန်းထိန်းသိမ်းသိမ်း ဖြစ်သွားတာပါ။ လုပ်စားကိုင်စားသူတွေတောင် ကျီးလန့်စာစားဘ၀နဲ့ ညောင်သီးလည်းစား လေးညှို့သံလည်း နားထောင်ရတယ်။ နောက်ကွယ်မှာ ကာဗာပေးမယ့် မောင်ကြီးနတ်ရှိသူတွေသာ ခေါ်ပြောမပျက် ခွင်ကောင်းလျက် ရှိကြပါတယ်။
ကိုယ်က အောက်တန်းစား။ အခြေခံဝန်ထမ်းအလွှာမို့လို့ သည်လောက်ပဲ သိပါတယ်။ ဟိုးအထက်မှာကတော့ အထက်တန်းလွှာအချင်းချင်းက ပိုသိကြပါလိမ့်မယ်။ ခြေသလုံးမွှေး ထွေးရှုပ်ရှုပ်ဆိုတာ ဆံပင်ကရယ်တာပေါ့။ နောက်ဆယ်နှစ်လောက်နေရင်တော့ စာအုပ်တွေ ထွက်လာပြီး ရောင်းကောင်းဦးမှာပေါ့လေ။ ဘယ်သူကမှ မရေးပါဘူး။ သူတို့ဟာသူတို့ပဲ တစ်ယောက်တစ်ယောက်ရေးကြရင်း ဇာတ်ရည်လည်လာလိမ့်မယ်။ ခေတ်နောက်ကျတယ်ဆိုတာ အဲဒါပြောတာလေ။ ခများတို့ ကျုပ်တို့က အခုမှ ၈၈ပတ်ချာလည်လောက်က ဇာတ်ကြောင်းတွေ ခြေရာကောက်နေတုန်း။ အသက် ၈၀ နားနိးကြီး ခုမှရေးတဲ့ နှစ် ၅၀အတွေ့အကြုံတို့၊ ဖဆပလသမိုင်းဦးတင်စက တာတေစနေသားတို့ကို အောင်မယ်မင်း မသေလို့ဖတ်ရလေတယ်။ ဟုတ်လိုက်လေခြင်း၊ မှန်လိုက်လေခြင်း နဲ့ အတိတ်ကိုလှန်သော် လုပ်နေကြတုန်း။ (ဒါတောင် စာဖတ်ဖော်ရတဲ့သူကို ကျေးဇူးတောင် တင်နေရသေး။) အတိတ်ပဲ လှန်တာ ကောင်းပါတယ်လေ။ ချက်ချင်းလက်ငင်း သွားလှန် ပါးရိုက်ခံရမှာပေါ့။ ခြောက်လလောက် ရုံးချိန်းအခါခါ သွားပြီးမှ တစ်ထောင်ပဲ ရမယ့်ဟာ မနိပ်သေးပါဘူး။

           နိဂျုန်းမခုပ်ခင် အောက်က မှတ်ချက်တွေမှာ ကျွမ်းသဒ္ဒါလန်အောင် ထောက်ပြမယ့် အရေးတစ်ခုလည်း ကြိုကြိုတင်တင် အစသတ်ခဲ့ပါဦးမယ်။ “ပေးတဲ့လခက မလောက်မငှမို့လို့ ကိုယ့်ဘက်က အထူးအားထုတ် ကူညီပေးခဲ့တာကို ပြည်သူက မေတ္တာတုန့်ပြန်လာရင်ကော ခံစားခွင့် မရှိဘူးလား။” ဆိုတဲ့ မေးခွန်းပါ။ မငြင်းနိုင်တာ သုံးချက်ရှိပါတယ်။ တစ် မလောက်ငှဘူး။ နှစ် အထူးအားထုတ် ကူညီမှု။ သုံး မေတ္တာတုန့်ပြန်ချက်။ လက်ရှိ အရာရှိတစ်ယောက်အနေနဲ့ လစဉ်ရနေတဲ့လခ တစ်သိန်းရှစ်သောင်းဟာ အမ်းမှာတုန်းက လောက်ပါတယ်။ ရန်ကုန်မှာ အလျဉ်မမှီပါဘူး။ လကုန်ရက်ဆို ကြပ်တည်းပါတယ်။ တစ်သိန်းမပြည့်တဲ့သူတွေ ဘယ်လိုနေမလဲ မသိပါဘူး။ အထူးအားထုတ် ကူညီမှုဆိုတာကျတော့ ကိုယ့်အလုပ်ချိန်အတွင်းမှာ ကိုယ်လုပ်နေကျ တာဝန်ဝတ္တရားထက် ပိုပိုမိုမို တသီးတခြား ဂရုစိုက်ဆောင်ရွက်ပေးတာမျိုးကို ဆိုလိုတာပါ။ ဥပမာ ဆိုကြပါစို့။ အဲဒီရုံးကိစ္စအတွက်နဲ့ တစ်နေကုန် တစ်ခန်းပြီးတစ်ခန်း ၀င်လိုက်ထွက်လိုက် လက်မှတ်ထိုးလိုက်၊ စာရွက်တွေ ဖြည့်လိုက်၊ ဟိုဘက်ပြေးလိုက် သည်ဘက်ပြေးလိုက် မောင်းထားမယ်။ လူကြီးတွေဆိုတာ ကိုယ်တွေ့ချင်တဲ့အချိန် တံခါးတွန်းဖွင့် ၀င်တွေ့လို့ရတာ မဟုတ်ဘူး။ ဒီအလုပ် ဒီနေ့မပြီးရင် နောက်နေ့ကူးမယ်။ တစ်မြို့တစ်ကျေးကလာရတာမို့ အချိန်မီ ပြန်နိုင်မှာ မဟုတ်။ စိတ်မောလူမော အခက်တွေ့နေမယ်။ လွယ်ချင်ရင် တစ်ခွန်းပဲ။ “ကူညီပါ ညီမလေးရယ်။ အကုန်အပ်ထားခဲ့မယ်။” သာဆိုလိုက် “စိတ်သာချ။ ပြီးရင် အိမ်အရောက်တောင် ပို့ပေးလိုက်မယ်။” အဲသလိုမျိုး မေခလာနတ်သမီးနဲ့ ရုံးထဲမှာတွေ့ရရင် ဘယ်သူက ကျေးဇူးမတင်ပဲ နေမှာလဲ။ မြန်မာလူမျိုးတွေ ရိုင်းပါ့မလား။

              ဒီကိစ္စလောက်ဟာ ဘယ်သူ့ကိုမှလည်း နစ်နာထိခိုက်သွားတာ မရှိဘူး။ ၀န်ထမ်းအချင်းချင်း အဆင်ပြေအောင် အပြန်အလှန် ကူညီတဲ့သဘောပဲ ရှိတယ်။ နည်းနည်းတော့ သိက္ခာ ပွန်းပဲ့သွားလိမ့်မယ်။ သိက္ခာကို ရိက္ခာနဲ့ လဲရတာကိုး။ ကိစ္စမရှိပါဘူး။ လဲချင်သပဆိုလဲကြ။ သည်အတိုင်းတော့ မရဘူး။ သိက္ခာကို ရိက္ခာ နဲ့ လဲတဲ့အခါ လိပ်ပြာကိုလည်း အဆစ်ပေးရတတ်တယ်။ ရုံးထဲမှာ ကိုယ့်အလုပ်ကိုယ်လုပ်ရင်း အဲသလို အပိုဝင်ငွေရှာမိတဲ့အခါ လိပ်ပြာမလုံတော့ဘူး။ သူများသိရင် သိက္ခာလည်းကျတယ်။ တကယ်တမ်းစဉ်းစားကြည့်ရင် ကိုယ့်ဘက်က နာတယ်။ လိပ်ပြာတွေ သိက္ခာတွေဆိုတာ ဗိုက်ဆာရင် ဖဲ့စားလို့လည်းမရတာ အမှန်ပါ။ ဒါပေမယ့် ဘ၀ကိုရင်ဆိုင်ဖို့ စိတ်ဓါတ်ခွန်အားကို ထမင်းက မပေးနိုင်ဘူး။ သူတို့ကပဲ ပေးနိုင်တယ်။ မယုံရင် အဲဒီနှစ်ခု ရအောင်ထိန်းကြည့်။ ဗိုက်ဆာရင်ဆာမယ်။ စိတ်တော့မဆာဘူး။ မိသားစု ထမင်းကျွေးရမယ့်သူတွေ အတွက်တော့ ဘယ်ကောင်းပါ့မလဲ။ ဒါကြောင့် သူတို့ကိုလည်း အပြစ်မပြောရက်ပါဘူး။ သီလဆိုတာ စောင့်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ ငါ့ဝမ်းပူဆာ မနေသာ လို့ဆိုရင်လည်း ဘာပြောစရာရှိမှာလဲ။ ဒါပေမယ့် မိုးပေါ်က ပြဒါးသေ တစ်ပြည်ဝ၊ သံသေ တစ်ဆွေဝ၊ ငါသေ တစ်ဆွေလုံးတစ်မျိုးလုံးဝ ဆိုတဲ့ သိဒ္ဓိရှင်ကြီးများအတွက်တော့ မုဒိတာ ဘယ်ပွားနိုင်ပါ့မလဲ။ ကိုယ်နဲ့လခအတူတူရပြီး ညနေတိုင်း ကာရာအိုကေဆိုင်မှာ မောင့်မူပိုင်ရှင်ကလေး နဲ့ ပြီးရင် အနှိပ်ခန်း၊ ပချုပ်ဆိုင်မြန်း၊ ကိုကြီးကျော် လာမယ့်လမ်း ဆီးကြိုလှည့်စမ်း ဆိုတဲ့ လူတွေကိုလည်း အတုယူ မမှားချင်ပါဘူး။

               ပြုပြင်ပြောင်းလဲစ နိုင်ငံငယ်တစ်ခုအနေနဲ့ အကျင့်ပျက်ခြစားမှုဆိုတာ တော်တော် ခက်ခက်ခဲခဲ ရင်ဆိုင်ရမယ့် အဟန့်အတားကြီးတစ်ခုပါပဲ။ ခေါင်းဆောင်တွေ ရှေ့ကနေ မယိမ်းမယိုင် ဦးဆောင်တဲ့နောက်ကို နောက်လိုက်တွေက မတွေမဝေ ဖြောင့်ဖြောင့်မတ်မတ် လိုက်နိုင်မှ ကျော်လွှားနိုင်လိမ့်မယ်။ ခုအတိုင်းတော့ မနီးစပ်သေးဘူး။ လူတွေရဲ့ စိတ်ထဲမှာ အသိပညာကို အလုံအလောက် မရှိသေးဘူး။ လူကြီးတွေဘက်က လက်ကိုင်ထားတဲ့ “ယခုပင်လျင် မအိုခင်က ကြိုတင်ထောင်းထု ရသလောက်စုလော့။” ဆိုတဲ့ အနတ္တလက္ခဏသုတ် နဲ့လည်း ကျွတ်တမ်းမ၀င်နိုင်သေးဘူး။ ဒီကိစ္စကြီးဟာ မမှန်မကန် လုပ်နေတဲ့အလုပ် ဖြစ်တယ်လို့ လက်ခံတယ် ဆိုရင်တော့ သည်စာကို ရေးရကျိုးနပ်တယ်လို့ ကျေနပ်ရမှာပေါ့လေ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...