Saturday, June 22, 2013

`` မိုးတွေလည်း ရွာနေပါစေ.....´´


ကျွန်တော် သားငယ်လေးနဲ့ ဆိုင်ကယ်စီးဖြစ်တော့ လေပြေလေးက တဖြည်းဖြည်းနဲ့ တင်းလာတယ်..... မိုးငွေ့မိုးသက်လေးတွေလည်း ပါလာတယ်...၊ မကြာခင် မိုးရွာတော့မယ်ဆိုတဲ့ သဘော...... ထီးလည်းမပါ၊ မိုးကာလည်း မပါ၊ အိမ်နဲ့ကလည်း သုံးမိုင်လောက် ဝေးနေပြီ.... ဒါနဲ့ လမ်းဘေးက ရှုခင်းသာ အမိုးလေးအောက်ကို ၀င်လိုက်တယ်....။

ရှုခင်းသာလေးက ကမ်းစပ်မှာလုပ်ထားတာလေ.... အေးအေးလူလူထိုင်ပြီး အပမ်းဖြေရင်း၊ အတွေးနယ်ချဲ့ရင်း၊ လေကောင်းလေသန့်ရှူရှိုက်ရင်း ပင်လယ်ပြင်ကြီးကို အရသာခံပြီး ကြည့်နိုင်တဲ့နေရာလေးပေါ့.....

မိုးရွာမှာ စိုးလို့ ထိုင်နေပေမဲ့ မိုးကမရွာသေးဘူး..... ပင်လယ်ပြင်မှာတော့ လှိုင်းခေါင်းကျိုးလေးတွေကျိုးနေပြီ ဒီလိုလှိုင်းခေါင်းလေးတွေ ကျိုးလာရင် အဝေးကကြည့်တဲ့အခါ ထိပ်ကလေးတွေ ဖြူနေတတ်လို့ လှိုင်းခေါင်းဖြူလို့လည်း ခေါ်ကြတယ်၊ ပင်လယ်ပြင်မှာ ဒီအခြေအနေကို သာမာန်အားဖြင့်တော့ လေတိုက်နှုန်း တစ်နာရီကို ၃၅-၄၀ လောက် ဖြစ်တတ်ပြီလို့ ဆိုပါတယ်...။

ရေထရက်ဖြစ်နေတဲ့အတွက် မကြာခင်မိုးတွေလည်း ရွာနိုင်တယ်လေ....။ အခု လှိုင်းလေးတွေလည်း ယောင်ယောင်လေး ထနေပြီပေါ့....။

ကြည့်နေရင်းနဲ့ သားငယ်လေးက ပင်လယ်ထဲမှာ ကဏန်းခြင်းနဲ့ ရေတတ်မှာ ကဏန်းထိုးနေတဲ့ သူတစ်ဦးကို တွေ့သွားတယ်...။ လက်ညှိုးထိုးပြရင်း

`` ဖေဖေ ဟိုးမှာ လူတစ်ယောက် ..... သူ အဲဒါ ဘာလုပ်နေတာလဲ ဟင်´´

`` အော်.... သူက ကဏန်းဖမ်းနေတာသားရဲ့....´´

`` ဟုတ်လား ကဏန်းကို ဘာနဲ့ ဖမ်းနေတာလည်း ခေါင်းနဲ့ ပုခုံးပဲပေါ်တယ်.....´´

`` ကဏန်းဖမ်းတဲ့ ကြိမ်ခြင်းလေးပါတယ်သားရဲ့.... မြုပ်နေလို့ မမြင်ရဘူး..... ရေတက်လာတော့ လှိုင်းနဲ့ ကဏန်းလေးတွေ ငါးလေးတွေ ပါလာတယ်လေ....´´

`` အော်.....´´ ပြီးတော့ သားငယ်လေး ခဏငြိမ်သွားတယ် ပြီးမှ `` သနားပါတယ်´´ တဲ့။

`` သူ့မှာ သားသမီးတွေ ရှိလားဟင်.......´´

`` အင်း ရှိတယ် ထင်တယ်၊ ရှိမှာပေါ့သားရဲ့.... ဘာဖြစ်လို့လဲ´´

`` သူတို့ ဖေဖေ ဒီလို လုပ်နေတာ သူ့သားသမီးတွေ သိလားလို့ပါ.....´´

`` သိမှာပါသားရယ်...... သူတို့လည်း သူတို့ဖေဖေကို အန္တရာယ်ကင်းပါစေ.....လို့ ဆုတောင်းပေးနေမှာပါ.......´´

`` ဟုတ်... သားသားဆိုရင်တော့ ဖေဖေ့ကို ဒီလို မလုပ်ခိုင်းချင်ဘူး.... ချမ်းလည်းချမ်းနေမယ်၊ နောက်ပြီး ရေတက်လာရင်လည်း ကြောက်စရာကြီး.....´´

`` ဒီလိုပဲပေါ့သားရယ် အဖေဆိုတာက သားသမီးတွေအတွက် ဘယ်လိုပဲလုပ်ရ လုပ်ရ လုပ်ကြမှာပါပဲ..... အဆင်မပြေလို့ လိုအပ်ရင် ဖေဖေလည်း လုပ်ရမှာပဲလေ.... ဘာပဲလုပ်လုပ် ကိုယ့်အဖေအတွက် ဆုတောင်းပေး၊ နောက်ပြီး အဖေကို ဂရုစိုက်ပေးရင် အဆင်ပြေမှာပါ.... ´´

သားငယ်လေးက ဘာမှ ပြန်မပြောဘူး..... မျက်နှာကိုပဲ သေသေချာချာ ကြည့်နေတယ်... သူ့မျက်ဝန်းလေးမှာလည်း အရောင်အဆင်းမဲ့နေခဲ့တယ်...။ ဖေဖေ ဒီလိုမလုပ်ရပါစေနဲ့လို့များ တွေးနေမလားပဲ။

ရေထဲမှာ ငါးဖမ်းနေတဲ့ လူကြီးကို ကြည့်ရင်း သားငယ်လေး စိတ်ဆင်းရဲနေတယ်၊ သူ့ဖေဖေ ကျွန်တော့်ကို ဒီလို မဖြစ်စေချင်လို့ ဆိုတာကို ကျွန်တော် တွေးလိုက်မိတယ်...။

``တစ်ချို့ ဆိုရင်လည်း သူ့တို့ဖေဖေက ဒီလို ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်း လုပ်ကျွေးတာကို နားလည်တော့ စာကြိုးစားကြတယ်သားရဲ့...၊ ကြီးလာတော့ ချမ်းသာပြီး၊ ရာထူးတွေကြီးသွားပြီးတော့ ဖေဖေတွေကို ပြန်ပြီး လုပ်ကျွေးကြတာပေါ့... ဖေဖေတွေကလည်း ဘယ်လောက်ပဲ ပင်ပန်းပါစေ သားသမီးတွေ စာကြိုးစားတာ၊ လိမ်မာတာ သိရင် အမောပြေသွားတယ်လေ... အခု ဖေဖေ့လိုပေါ့..... သားရော ကိုကိုရော လိမ်မာပြီး စာကြိုးစားတော့ ဖေဖေလည်း အမောပြေတာပေါ့.... နော်´´

ပြောရင်းနဲ့ သားငယ်လေးခေါင်းကို ပွတ်ပေးလိုက်တယ်.....

`` ဟုတ်...... အဲဒီ ဦးဦးကြီး ငါးတွေ အများကြီး ရပါစေ.....´´တဲ့။

ကျွန်တော် သားငယ်လေးကို ဒီထက်မက အများကြီး ပြောချင်ပေမဲ့ ဒုတိယတန်းသာရှိသေးတဲ့ သားငယ်လေး နားလည်နိုင်လောက်တဲ့ စကားလေးတွေပဲ ပြောဖြစ်ခဲ့တယ်....။

ခဏလေးအကြာမှာ မိုးမရွာပဲနဲ့ လေငြိမ်သွားတော့ ကျွန်တော်တို့ ပြန်ဖြစ်ခဲ့ကြတယ်...။

အိမ်ရှေ့ ရောက်တော့ သားကြီးက ဆီးကြိုရင်း....

`` ဖေဖေနဲ့ ညီလေးက ဆိုင်ကယ်စီးနေကြတာကိုး...... သားလိုက်ရှာနေတာ´´

`` ဟုတ်တယ်သားကြီးရဲ့ ညီလေးလည်း ဆိုင်ကယ် မစီးရတာကြာလို့ ဖေဖေ ပို့ပေးတာ.... ပြီးရင် တစ်ခုခု သွားစားကြမယ်လေ.... သားကြီး ဘာစားမလဲ...´´

`` ရတယ်ဖေဖေ..... ညီလေးကြိုက်တာပဲ မေးလိုက်ပါ သားက အကုန်စားပါတယ်...´´

`` အေးပါ...... ဖေ့သားတွေက လိမ်မာပါတယ်....´´ ပြောရင်း ကျွန်တော် အိမ်ထဲ ၀င်လာခဲ့တယ်...။

သားတွေအကြောင်း ကျွန်တော်စဉ်းစားဖြစ်ပါတယ်...။ ကျွန်တော်တို့ ငယ်ငယ်ကလည်း ဖေဖေက ကိုကို့ကို အမြဲမှာတတ်တာ မှတ်မိနေသေးတယ်...၊ ``ညီလေးကို ဂရုစိုက်´´တဲ့၊ ကိုကိုကလည်း တကယ် ဂရုစိုက်ခဲ့ပါတယ်...၊ ညီဖြစ်တဲ့ ကျွန်တော့်ကိုပဲ အမြဲ ဦးစားပေးခဲ့တယ်...။ နောက်ပြီး ဖေဖေက ညအိပ်ရာဝင်တိုင်း ဘုရားရှိခိုးတဲ့ အကျင့်လေးရယ်.... အမြင်မတော်တာရှိတိုင်း ကိုယ်ကူညီနိုင်တဲ့ အရာ မှန်သမျှ ကူညီဖို့ တွေရယ်...၊ ကိုယ်ချင်းစာတတ်တဲ့ စိတ်ထားကောင်း ထားတတ်စေဖို့ရယ်ကို အမြဲ ဆုံးမခဲ့တာလေ။

ကျွန်တော်တို့ ညီအစ်ကိုလည်း ဖေဖေ ဆုံးမတဲ့အတိုင်း လိုက်နာရင်း ကြီးပြင်းခဲ့ကြတယ်...၊ ဘယ်အလုပ်ကို မဆို အစမှာတော့ အလေ့အကျင့်လုပ်ပေးရတာပါပဲ.....၊ ကျွန်တော်လည်း သားတွေကို သူတို့ ဘိုးဘိုး ကျွန်တော့် ဖေဖေ ဆုံးမခဲ့သလိုပဲ ပြန်ပြီး ဆုံးမခဲ့ပါတယ်....။

ဒီအလေ့အကျင့်လေးက ကြာလာတော့ အလေ့အထ ဖြစ်သွားတယ်....၊ အလေ့အထလေးကလည်း ကြာလာတော့ ယဉ်ကျေးမှုတစ်ရပ်ဖြစ်လာတယ်..... ယဉ်ကျေးမှုလေးကလည်း အခုတော့ ဗီဇ တစ်ခုလို စိမ့်ဝင်သွားခဲ့ပြီလေ....။

ဒီ ဗီဇလေးတွေကို အခြေခံပြီး သာယာတဲ့ ပတ်ဝန်းကျင်လေးအဖြစ် ကျွန်တော် တတ်နိုင်သမျှ ဖန်တီးရင်းနဲ့ သားတွေရဲ့ အနာဂတ်ကို ပြုပြင် တည်ဆောက်ချင်ပါတယ်။

ကျွန်တော်သားတွေကို သိပ်တော်တဲ့ ပညာရှင်ကြီးတွေအဖြစ်တော့ မမျှော်မှန်းပေမဲ့...၊ သိပ်ကို စိတ်ထားကောင်းတဲ့ လူယဉ်ကျေးတွေ၊ အမျှော်အမြင်ကြီးတဲ့ သူတွေတော့ ဖြစ်စေချင်ပါတယ်...။

အိမ်ပြန်ရောက်တော့ မိုးတွေ ရွာနေပြီပေါ့......

ဒီအချိန်မှာ စောစောက ကဏန်းဖမ်းနေတဲ့ လူကြီး ပြန်သွားပြီလား မသိပေမဲ့ ကျွန်တော် သူ့အတွက် လုပ်ငန်းလေး အဆင်ပြေပါစေလို့ ရင်ထဲကနေ ဆုတောင်းပေးလိုက်ပါတယ်...

သူ့ကြောင့် တစ်နည်းအားဖြင့် အားမာန်ပြည့်ဝတဲ့ ဖခင်တစ်ယောက်ကြောင့် ကျွန်တော့် သားငယ်လေး ကျွန်တော့်အပေါ်မှာ ထားတဲ့ ချစ်ခြင်းမေတ္တာကို တွေ့မြင်ခဲ့ရတယ်လေ...

ဘယ်အချိန်၊ ဘယ်နေရာ၊ ဘယ်လို အခြေအနေမှာ ဖြစ်ဖြစ် ဖခင်ကောင်းတစ်ယောက်ကတော့ သားသမီးတွေအတွက် အမြဲ အသင့်ရှိနေခဲ့တယ်ဆိုတာကိုလည်း သားငယ်လေးကို ကျွန်တော်သိစေနိုင်ခဲ့တယ်...။

ကျွန်တော့်မှာလည်း ကဏန်းဖမ်းတဲ့ လူကြီးလို ဖခင်တစ်ယောက်ရဲ့ အားမာန်တွေ အပြည့် ရှိနေခဲ့တယ်ဆိုတာကို သားငယ်လေးကို သိစေခဲ့ရပြီ.... နေပူချင်ပူ...... မိုးတွေလည်း ရွာချင်ရွာနေပါစေပေါ့.......။

(ကွန်ဆူးမား)(၂၂-၆-၂၀၁၃)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...