Tuesday, June 25, 2013

“စောင့်လေမျိုးနွယ် ကိုယ်နားလည်သလောက်”

by Soe Min (Notes) on Tuesday, June 25, 2013 at 12:44pm

          “နေအရုဏ် ရောင်နီကျင်း ကွင်းတစ်ဘက်ကနော် လင်းကြက်ကအော်သရှင့်။ ကျုပ်တို့ရွာထိပ်တခေါ်လေးဆီက အဝေးကျောင်းပေါ် ရှေးခေါင်းလောင်းသံဆော် တဒေါက်ဒေါက်ပါ့နော် ခေါက်ခေါက်ကြသော် ရွာဘက် အိမ်ဘက် ကုလားတက် ခေါက်သံမော်” တဲ့။

          အညာမှာ ရွာမှာဆိုရင်တော့ မနက်လင်းအားကြီး မျက်စိနှစ်လုံးပွင့်တယ်ဆိုတာနဲ့ အရင်ဆုံး ကြားရတဲ့အသံဟာ ဘုန်းကြီးကျောင်းက ကုလားတက်ခေါက်သံ။ အရင်ဆုံး လုပ်ရတဲ့အလုပ်က ဆွမ်းချက်ဖို့။ အဖွားတို့ဆိုရင်တော့ မျက်နှာသစ်၊ သနပ်ခါးလိမ်းပြီးတာနဲ့ ဘုရားရှိခိုး အမျှအတမ်းဝေဖို့ပါပဲ။ ပြီးတာနဲ့ ဈေးသွားတဲ့သူကသွား၊ ပရိတ်ခွေကလေးဖွင့်ပြီး အိမ်မှာ တံမြက်စည်းလှဲတဲ့သူကလှဲ။ နေ့တစ်နေ့ရဲ့ အစကို ကျက်သရေ မင်္ဂလာရှိရှိနဲ့ စကြသတဲ့။
ညအိပ်ယာဝင်တော့လည်းပဲ ခြေလက်ဆေး၊ ဘုရားရှိခိုးပြီးမှ ခေါင်းအုံးနဲ့ခေါင်းနဲ့ထိရင် လက်ကလေးချိုးကာချိုးကာ ဂုဏ်တော်ကိုးပါး၊ ၂၄ ပစ္စည်း တတ်သရွေ့မှတ်သရွေ့ ပုတီးဝတ်ကလေးဖြည့်ပြီးမှ အိပ်ပျော်ကြရတာဟာ ကိုယ့်လူကြီးမိဘများက သွန်သင်လေ့ကျင့်ပေးထားတဲ့ အလေ့အထပါပဲ။ ဘယ်အရွယ်ကတည်းက စသင်ထားသလဲ မသိပါဘူး။ မှတ်မိလောက်တဲ့ အချိန်မှာ အားလုံး အသားသေနေပြီ။ အဖွားနဲ့အမေဟာ သူတို့မိဘဘက်က မိဆိုင်ဖဆိုင် ရိုးရာနတ်ကိုးတဲ့ အလုပ်ကို ၀ါဝင်ဝါထွက် ၀တ်မပျက် လုပ်ပေမယ့် ကိုယ်တွေကျတော့ ရတနာသုံးပါးကလွဲရင် နတ်ကိုးကွယ်တာ၊ ဘိုးတော်ဝိဇ္ဇာ ကိုးကွယ်တာကို အကျင့်မလုပ်ဘူး။ သရဏဂုံကို ညစ်နွမ်းစေတယ် လို့ အမြဲပြောတယ်။ အိမ်မှာဆိုရင် နတ်အုန်းလည်း မရှိဘူး။ ဦးရှင်ကြီးလည်း မတင်ဘူး။ ရွှေဘုန်းပွင့်ဘုရားမှာ လုပ်တဲ့ တရားပွဲတွေကို မပျက်မကွက် နာလေ့ရှိသလို စူပါဟိုက်ကထွက်တဲ့ တရားခွေတွေကိုလည်း အိမ်မှာ မကြာခဏ ဖွင့်ပြီးနာလေ့ရှိတယ်။ ဒါကြောင့် ကိုယ်တို့ဟာ စာလာရယ် ဥပစာလာရယ် သီသုပစာလာရယ်ဆိုတဲ့ ရှင်သာရိပုတ္တရာ ကိုယ်တော်ကြီးရဲ့ နှမတွေကို နံမယ်နဲ့တကွ အလွတ်ရတယ်။ ကျန်တာတွေဆိုရင်တော့ ပြောမနေနဲ့။ အိမ်မှာ စကားပြောတဲ့အခါမှာလည်း ဘယ်အခါမဆို ပုံတိုပတ်စ ဇာတ်နိပတ်များနဲ့ သိုင်းကာဝိုင်းကာ ပြောလေ့ရှိတယ်။

           ဒါပေမယ့် သူတို့လူကြီးတွေ သေလို့သာသွားရော နင်ဘယ်ဘာသာကို မပြောင်းနဲ့။ ဘာသာခြားနဲ့ မယူနဲ့ တစ်ခွန်းတစ်လေတောင် မှာကြား မသွားဖူးပါဘူး။ စောင့်လေမျိုးနွယ်ဆိုတဲ့ ကိစ္စဟာ ကိုယ်တို့အမျိုးတွေထဲမှာ စကားထဲထည့်ပြောစရာ မလိုသလောက်ကို ရှိတယ်။ အဖေ့ဘက် အမေ့ဘက် ဘယ်အမျိုးထဲရှာကြည့်ကြည့် တရုတ်၊ ကုလား၊ ဘာသာခြားဆိုတာ မူးလို့တောင် ရှူစရာ မရှိဘူး။ သိမှီမေးမြန်းထားလို့ရတဲ့ ဆွေစဉ်ခုနစ်ဆက် မတိုင်ခင်ကတည်းက နှောလာရင်တော့ ဘယ်တတ်နိုင်မလဲ။ လူသားမျိုးနွယ်ဆိုတာ သည်လိုပဲ ရောနှောစီးဆင်းတဲ့အခါလည်း ရှိမှာပဲ။ မရောရဘူး မနှောရဘူးလို့ အတင်းကြီး တားမြစ်ပိတ်ပင်ထားလို့ မဟုတ်ပါဘူး။ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ အယူဝါဒချင်း မျိုးမတူ ဇာတ်ခြားတဲ့အခါ ကိုယ်နဲ့ အတူတူလို မခံစားရလို့၊ ကိုယ်တွေနားလည်တဲ့စကားနဲ့ပဲ ပြောရရင် အထုံရေစက် အတူမပါခဲ့လို့ ဖူးစာဆုံတဲ့ အထိတော့ မရောက်ခဲ့တာ ထင်ပါတယ်။ (နောက်ကျမှ မော်နီကာဘလူးချီးတို့၊ နာအိုမီကင်းဘဲလ်တို့က အတင်းလာယူခိုင်းရင်တော့ ဒုက္ခပါပဲ။)

             သူငယ်ချင်း အပေါင်းအသင်းထဲမှာတော့ လည်ပင်းဖက်ပြီး ရင်းရင်းနှီးနှီးပေါင်းနေတဲ့ ဘာသာမတူ လူမျိုးမတူတဲ့သူတွေ တော်တော်များများ အရှိသားပဲ။ သူတို့တွေနဲ့လိုက်ပြီး ဘုရားကျောင်းလည်း တက်ဖူးတယ်။ စမိုင်လည်း စားဖူးတယ်။ အိမ်ကလူကြီးတွေ အနေနဲ့ အဲသည်ကိစ္စများ ခေါင်းထဲထည့်စိတ်ပူစရာကို မလိုခဲ့ဘူး။ ဘုရားရှေ့ ကားဖြတ်မောင်းသွားရင်တောင် အလိုလို လက်အုပ်ချီပြီးသား အကျင့်ပါနေမှပဲဟာ။ သူများတွေ မဟုတ်တရုတ် ကလော်တုတ်နေသလို “မင့်နှမတွေ ကုလားနဲ့ညားကုန်မှာပေါ့” တို့ ဘာတို့လည်း ကိုယ့်ဘက်ကတော့ အပူမရှာမိပါဘူး။ သူတို့လည်း သူတို့အသက်နဲ့သူတို့ အိမ်ကဓလေ့စရိုက်တွေ အရိုးစွဲနေကြပြီပဲ။ ဘုရား တရား သံဃာ မပါတဲ့ နေ့စဉ်ဘ၀ကို ဘယ်လိုမှ မဖြတ်သန်းနိုင်တော့ဘူး။ အခုတော့ ကိုယ်လည်း သမီးတစ်ကောင် နွားတစ်ထောင်ကို လုံအောင် အမြဲ စောင့်နိုင်ခဲတဲ့ အဖေတစ်ယောက် ဖြစ်လာပြီဆိုတော့ ကိုယ့်သမီးကလေးကိုယ် သွန်သင်ဆုံးမတဲ့နေရာမှာ မလုပ်နဲ့။ မသွားနဲ့။ မခေါ်နဲ့။ မပြောနဲ့။ ဆိုတဲ့ တားမြစ်ပိတ်ပင်မှုတွေအစား ကိုယ့်ရိုးရာ ကိုယ့်စရိုက် ဓလေ့ဘာဝကို ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာ မြတ်နိုးတတ်သွားအောင် အားကြိုးမာန်တက် သင်ရပြရဦးတော့မှာပါပဲ။

             ကလေးဘ၀မှာ ပထမဦးဆုံး အကြောက်တရားက အမှောင်ပေါ့။ အိပ်ယာဝင်တဲ့အခါ လူကြီးတွေက မီးတွေ ပိတ်လိုက်လို့ မှောင်သွားတဲ့အခါ မကြောက်အောင် အိပ်ယာထဲမှာ ဘုရားစာလေးတွေဆိုလို့ လက်ချိုးပုတီးကလေး စိတ်ရင်း အိပ်ပျော်သွားရတော့ စိတ်အေးအေးချမ်းချမ်းလည်း ရှိခဲ့တယ်။ သရဲ တစ္ဆေ ဘီလူး သဘက်တွေဆိုတာ ကိုယ်ရွတ်ဖတ်နေတဲ့ ဘုရားနှုက္ခပတ်တော်တွေကို ကြောက်တယ်ဆိုတော့ ယိုးဒယား သရဲကားတွေထဲကလို ဘုန်းကြီးကျောင်းပြေးစရာ မလိုဘူး။ ငါ့လာခြောက်လို့ကတော့ လက်ညှိုးငေါက်ငေါက်ထိုးပြီး ရွတ်ပလိုက်မယ် ဆို သတ္တိတွေ ရှိသွားတယ်။ နောက်တော့ သေခြင်းတရားအကြောင်း သိလာတဲ့အခါ ကြက်သီးဖြန်းဖြန်းထအောင် ကြောက်လွန်းလို့ အမေ့ဆီသွားပြီး “အမေရေ အညာကို ထွက်ပြေးကြရအောင်” လို့ဆိုတော့ အမေတွေအဖွားတွေက သေခြင်းတရားကို ရင်ဆိုင်နိုင်ဖို့ လက်နက်ကလေး ပေးတယ်။ ၀င်လေထွက်လေကိုမှတ် တဲ့။ အဲဒီအရွယ်တုန်းကတော့ တော်တော် ကြောက်တာပါ။ ရုပ်ရှင်ထဲမှာ တစ်ယောက်ယောက် သေတဲ့အခန်းပါရင်ကို မကြည့်ရဲဘူး။ လူဆိုတာ သေပြီးရင် သရဲဖြစ်သွားရော လို့ ထင်တာကိုး။

              ဒါပေမယ့် ကိုယ့်အိမ်က ပထမဦးဆုံး နာရေးပေါ်တဲ့အခါမှာ မကြောက်တော့ဘူး။ သေသွားတာက ကိုယ့်အဖေလေ။ ရက်လည်တဲ့မနက်မှာ သူလာနှုတ်ဆက်မှာပဲ ဆိုပြီး အိပ်တောင် မအိပ်နိုင်ဘူး မျှော်မိတယ်။ အဖွားဆုံးတော့လည်းမျှော်တာပဲ။ သူကလာတော့ လာပါတယ်။ ကိုယ့်ဆီမဟုတ်ဘူး။ သူလှူထားတဲ့ ဘုန်းကြီးကျောင်းပေါ်သွား၊ ဘုရားကန်တော့ပြီး ပြန်ဆင်းသွားတယ်တဲ့။ ကျောင်းပေါ်က ကိုရင်လေးက ဆင်းပြေးသွားတယ်။ ဆရာတော်ကြီးကတော့ စကားလှမ်းမေးတာ ပြန်မဖြေဘူးတဲ့။ စိတ်ထဲတော်တော် မကောင်းတာက အဖွားက ငါ့ကိုချစ်တယ်လည်းဆိုသေးရဲ့ ငါ့ဆီလည်း မလာပါလား လို့ ၀မ်းနည်းမိတယ်။ တခါတခါ အိပ်မက်ထဲမှာတွေ့လို့ စကားလေးဘာလေးပြောရရင်  ပျော်လိုက်တာ။ ပြန်နိုးလာရင်တောင် အတင်းပြန်အိပ်တယ်။ အခန်းဆက်များ မက်လို့ရမလား လို့။ နိုင်ငံခြားရောက်နေတုန်း VZO နဲ့ chat ရသလိုပေါ့ကွယ်။ သေပြီးသားလူနဲ့ဆိုတာ အိပ်မက်ကမ္ဘာမှာပဲ ပြန်တွေ့ကြရတာ မဟုတ်လား။ ငယ်ငယ်တုန်းက အသစ်ဖျက်မဆောက်ရသေးတဲ့ အိမ်ကြီးကိုလည်း ပြန်ရောက်သွားလို့ရတယ်။ နေရာဟောင်းလေးတွေကလည်း အကုန် အရင်အတိုင်းပဲလေ။ အပြင်မှာသာ ဘာမှမကျန်တော့တာ။

               ဒီလိုနဲ့ ကိုယ်ကိုယ်တိုင်လည်း ဇာတိကစခဲ့တာ ဇရာ၊ ဗျာဓိ၊ မရဏတွေ လာတော့မယ်။ ဒါပေမယ့် ငယ်ငယ်ကလိုတော့ သိပ်မကြောက်တော့ဘူး။ ဟိုဘက်ကမ်းမှာ ပြန်တွေ့ချင်တဲ့လူတွေ အများကြီးပဲလေ။ အဲဒီလူတွေနဲ့ ပြန်တွေ့ဖို့ဆိုတာ တူမျှသောသဒ္ဒါ၊ တူမျှသောကုသိုလ်၊ တူမျှသောသရဏဂုံတို့ ရှိမှ ဖြစ်မှာ မဟုတ်လား။ ဒါကြောင့်မို့ ကိုယ့်ဘ၀မှာ ဗုဒ္ဓဘာသာဆိုတာ မွေးသည်ကနေ သေသည်အထိ အကြားမလပ်အောင် သက်ဝင်စိုးမိုးနေတယ်။ သူများဟာ မှန်တယ်။ ကိုယ့်ဟာမှ မှန်တယ် ဘယ်သူနဲ့မှ အငြင်းမပွားလိုဘူး။ မှားမှားမှန်မှန် တယူသန်နေပြီးသား။ သူတို့လည်း သူတို့အယူနဲ့သူတို့ပဲ။ လောက်ကိုင်တုန်းကဆို သူတို့ဘိုးဘွားတွေလည်း သေဖို့ပြင်ဆင်ရင်ဆိုင်ထားကြတာပဲ။ မြေကွက် တစ်စုံ၊ အုတ်ဂူအစုံ နဲ့ အိပ်ယာဘေး အခေါင်းထားအိပ်တယ်။ သေပြီးနောက်မှာ မမေ့မလျော့ ကန်တော့ ကျွေးမွေးဖို့ နောက်မျိုးဆက် သတ်သတ်မှတ်မှတ် ချန်ရစ်တယ်။ အဲဒါ သူတို့အယူပဲဟာ မှားတယ် မှန်တယ်။ သမ္မာ၊ မိစ္ဆာ သတ်မှတ်နေစရာ မလိုပါဘူး။ ကိုယ်လည်း အဲဒီနေရာမှာ မွေးဖွားကြီးပျင်းရင် အဲဒီအယူပဲ ယူမှာ။

              ဘာသာရေးကို အိမ်ကထက်ပိုပြီး သက်ဝင်ယုံကြည်လာအောင် ပံ့ပိုးပေးသူတွေကတော့ ဘုန်းဘုန်းတွေပါပဲ။ ကလေးဘ၀ကတည်းက ဘုန်းကြီးကျောင်း ဆွမ်းပို့တဲ့အလုပ်ကို မပျက်မကွက် အလုပ်ခိုင်းခဲ့တယ်။ ရွာကျောင်းမှာ သူငယ်တန်း တက်တုန်းကဆို ဆွမ်းခံတောင် လိုက်ရတယ်။ အဒေါ်တွေက သူ့တူလေး ဆွမ်းတော်ဗျို့ အော်ရင် ဘယ်တော့မှ ကန်တော့ဆွမ်းပါဘုရား မရှိဘူး။ မြန်မာမိဘများထုံးစံ သားရှင်ပြုဖို့ဆိုတာ ကျားကုတ်ကျားခဲ စုဆောင်းရည်သန်ကြပြန်တော့ ရွာမှာပြန်ရှင်ပြုတဲ့အခါ နွေကျောင်းပိတ်ကတည်းက ဘုန်းကြီးကျောင်းလွှတ်ပြီး သင်္ကန်းတောင်း၊ ကမ္မဌာန်းတောင်း၊ ဆံချတော့ရွတ်စရာ၊ ပစ္စည်းလေးပါး သုံးဆောင်တော့ ရွတ်စရာ၊ သီလယူ၊ သီလပေး၊ ရေဒဏ်၊ သဲဒဏ် အကုန် သင်အံလေ့ကျက်ထားရတယ်။ သဒ္ဒါ သင်္ဂြိုလ်၊ ပါဠိပါဋ္ဌ်သား နားမဝေးအောင် သင်ပြပေးတယ်။ နောင်အခါတွေကျတော့ ကိုရင်ဝတ်နဲ့ ရိပ်သာဝင်ပြီး တရားထိုင်ကျင့်ရအောင် ကြိုးစားရတယ်။ မအေဆိုတာ ရှင်လောင်းအမေ ဖြစ်ပြီးတော့လည်း ပဉ္ဇင်းအမ ဖြစ်ချင်သေးတာပဲ။ ဒီလိုနဲ့ သာသနာ့ဘောင်ဆိုတာ ဒုလ္လဘဘ၀နဲ့ ၀င်ချည်ထွက်ချည် ကျင်လည်ခဲ့ဖူးတယ်။ တရားထူးတရားမြတ်တော့ မရသေးတာ အမှန်ပါ။ ဒါပေမယ့် တရားကင်းကွာတဲ့ ဘ၀တော့ မရောက်သေးဘူး။ တရားလက်လွတ် ငှက်တောင်ကျွတ်လည်း မဖြစ်တော့ဘူး။ စိတ်မှာထင်လာတဲ့ ကိလေသာ အညစ်အကြေးတွေကို Beaty Spa သွားပြီး ချေးချွတ်သန့်စင်သလို စိတ်တည်ငြိမ်အောင် လုပ်ပေးရာဌာန၊ စိတ်၏ချမ်းသာခြင်းကို ရှာဖွေရာဌာန လို့တော့ မြင်လာတယ်။ လောကဓံနဲ့ ဘ၀ရဲ့ဒုက္ခတွေကို မခံစားနိုင်တော့ရင် စိတ်သစ်လူသစ် ပြန်လည်မွေးဖွားဖို့ ခဏလောက် ထွက်ထွက်ပြေးသွားတဲ့ အေးရိပ်ဆာယာပေါ့။

              အလုပ်တဘက်နဲ့မို့ အခါအားလျော်စွာမှ ရိပ်သာဝင်နိုင်တဲ့အခါ တစ်ခါထက်တစ်ခါ သမာဓိအားတွေ ကောင်းလာပါတယ် လို့ မဆိုနိုင်ပေမယ့် ဘယ်အခါမဆို လောင်လာတဲ့ မီးတွေကို ရေနဲ့သတ်လိုက်သလိုတော့ အေးအေးသွားတာ အမှန်ပဲ။ နောက်ကြောင်းမအေးတဲ့ မျောက်လောင်းကလေးမို့ ခွင့်စေ့ကာနီးရင် ပြန်ပြေးဖို့တာစူရပေမယ့် စိတ်ထဲမှာ ငယ်ငယ်ကတည်းက  ကိုရင်ဝတ်၊ ပဉ္ဇင်းတက်၊ တရားထိုင်နဲ့ သာသနာ့ဘောင်မှာ ပျော်နိုင်ခဲ့ရင် ငါ့ဘ၀ဟာ အခုလက်ရှိထက် အများကြီး ငြိမ်းအေးမှာ အမှန်ပဲ လို့ တောင့်တမိတယ်။ လူ့ဘ၀မှာ အဆုံးမရှိတဲ့ လိုချင်တပ်မက်မှုတွေနောက်ကို မသေမချင်း လိုက်နေကြရတယ်။ ရဟန်းဘ၀မှာ ပရိက္ခရာ ရှစ်ပါး၊ ပစ္စည်းလေးပါး ပြည့်စုံရင် ဘာမှ မလိုတော့ဘူး။ သာသနာ့ဘောင်မှာ လောင်နေတဲ့မီးတွေ တဟုန်းဟုန်း တောက်နေတာလည်း မသိ မဟုတ်။ သိပါတယ်။ တရုတ်လို ဘုန်းကြီးကို ဘယ်လိုခေါ်တယ် မှတ်သလဲ။ ကျောင်းလောင် တဲ့။ ဘုန်းကြီးအမှုက ရွာပတ်ရင် ရှင်းမရတော့ဘူး။ ဒါပေသိ ကိုယ်ဆိုရင်တော့ တို့ဘုရားသာသနာကြီးကို လောင်မြိုက်တဲ့မီးတွေပါဟ ဆိုတာမျိုးထက် ကိုယ့်အတွင်းထဲမှာ လောင်မြိုက်နေတဲ့ ကိလေသာမီးတွေကို အရင်သတ်မှာပဲ။  အရာရာကို စွန့်လွှတ်ထားခဲ့လို့ နိက္ခမပါရမီပါဆိုနေမှ မြို့ကျောင်းမစွဲ တောကျောင်းစွဲနေစရာလည်း အကြောင်းမရှိဘူး။ ငါ၊ သူတပါး၊ ယောင်္ကျား၊ မိန်းမ၊ ပုဂ္ဂိုလ် သတ္တ၀ါ မစွဲရပါဘူး လို့ ရှင်တော်မြတ်ဘုရား ဟောကြားတော်မူထားတာမို့ သူလည်းပဲ “ငါဘုရား၏ သာသနာ” လို့ တမ်းတမ်းစွဲ စွဲနေမှာ မဟုတ်ပါဘူး။

              ရိပ်သာမှာ ရေစက်ရှိလို့ ခင်မင်ရင်းနှီးသွားတဲ့ ဦးပဉ္ဇင်းလေးကျောင်းမှာ ဒုလ္လဘ ၀တ်ဖြစ်တဲ့အခါမှာတော့ သာသနာ့ဘောင်က သံဃာအစစ်တွေရဲ့ ၀တ္တရားတွေ၊ ၀ဋ်တရားတွေကို ပိုသိလာရပါတယ်။ သံဃာဆိုတာ ဗုဒ္ဓဘာသာဝင်တွေအတွက် မွေးသည်မှသည် သေသည်အထိ အရေးဆို ပြေးပြေးပင့်စရာ မရှိရင် အနေလည်း မဖြောင့်သလို အသေလည်း မဖြောင့်ဘူး။ ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ၊ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ အလှူရယ်အတန်းရယ် ပြုတဲ့အခါမှသာ “ကောင်းမှုကုသိုလ်တို့ကို စိုက်ပျိုးရန် လယ်ယာမြေကောင်းသဖွယ် ဖြစ်သော” ဆိုပြီး ပလာမပါ ကံစမ်းမဲကြီးလို ပင့်ရတာ မဟုတ်ဘူး။ ရပ်ရေးရွာရေး၊ သာရေးနာရေး။ အကုန်လုံး အမှူးထား တိုင်တည်ရတယ်။ သာသနာပနိုင်ငံတွေမှာရှိတဲ့ ဗုဒ္ဓဘာသာကျောင်းတော်ကြီးတွေမှာဆို သီတင်းသုံးမယ့် သံဃာ မရှိလို့ ခက်ခက်ခဲခဲ တောင်းတောင်းပန်ပန် ပင့်လျှောက်ပူဇော်ကြရတယ်။ သံဃာမရှိရင် ၀ါဆို ကထိန်လည်း ဘယ်ရှိပါ့မလဲ။ တစ်နှစ်ပတ်လုံး ဘုရားဝေး တရားဝေးနဲ့နေရတာ ဆွမ်းကပ်၊ သင်္ကန်းကပ်၊ သီလယူစရာမှ မရှိရင် သေရင်တောင် ဘယ်လို အမျှဝေကြမတုန်း။ စေတနာ့ဝန်ထမ်းအလုပ်တွေ ဘယ်လောက်ပဲ လုပ်လုပ်၊ ဘုန်းကြီးရဟန်းမှ မလှူရမတန်းရရင် မြန်မာလူမျိုးတွေရဲ့စိတ်ဟာ ကုသိုလ်ပါတယ် လို့တောင် မထင်ဘူး။ ဒါကြောင့် တို့ဘ၀မှာ သံဃာဆိုတာ မရှိလို့ မဖြစ်ပါဘူး။

               ဒါပေမယ့် အခုတလောမှာတော့ ကိုးကွယ်ရာ သံဃာကို အတုအယောင်လုပ် အသုံးချနေသူတွေကြောင့် သာသနာတော်ကြီးရဲ့ ဂုဏ်သိက္ခာ ညစ်နွမ်းရလေတယ် လို့ ကိုယ်တို့ ဗုဒ္ဓဘာသာဝင်တွေအားလုံး စိတ်ဝမ်းမသာ ရှိကြရလေတယ်။ သင်္ကန်းတွေကို မျက်လှည့်ပြသလို လျှပ်တပြက် လူဝတ်လဲပြတဲ့ ဗီဒီယိုတွေ၊ ခုတ်ထစ်သတ်ဖြတ်ပြနေတာတွေ လူမြင်သူမြင် ဖြစ်ကုန်တယ်။ မဂ္ဂဇင်းမျက်နှာဖုံးတွေမှာ အကြမ်းဖက်တဲ့ မျက်နှာဆိုပြီး ဘုန်းကြီးပုံတွေ တင်လာကြတယ်။ သူများနိုင်ငံက လူတွေ မြင်ရင် ကိုယ်တို့ ဗုဒ္ဓဘာသာကို အထင်သေးအမြင်သေး ဖြစ်ကုန်မှာပေါ့ ဆိုပြီး ယမ်းပုံမီးကျ ဒေါသူပုန်ထနေသူတွေလည်း ရှိတယ်။ ကိုယ့်အဖို့ကတော့ ယုံကြည်မှု။ သဒ္ဓါတရား ဆိုတာ သူများက မြင်တဲ့ အမြင် လို့ မခံယူပါဘူး။ သူများတွေ အထင်ကြီးသည်ဖြစ်စေ၊ အထင်သေးသည်ဖြစ်စေ၊ သူတို့လည်း သူတို့ဘာသာပဲ သူတို့ ကိုးကွယ်ကြမှာ။ အရေးကြီးတာက ကိုယ့်ဘာသာကိုယ် ပြန်အထင်သေးပြီး သဒ္ဓါတရားတွေ ကုန်ခမ်းသွားမှာပဲ စိုးရတာ။ ကိုယ်တို့ဗုဒ္ဓဘာသာဆိုတာက ယုံကြည်သူတွေကပဲ ပံ့ပိုးထောက်ပံ့တာ။ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းဆီကမှ အခွန်ဆက်ကြေး ပူဇော်ပသနေတာ မဟုတ်ဘူး။ ကိုယ့်ဘုန်းကြီးကိုယ် အတုလား အစစ်လား သံသယပွားပြီး ကြည်ညိုသဒ္ဓါမပွားနိုင်တော့ရင် ရေဝေးတဲ့ကြာလို့ ဖြစ်ကုန်လိမ့်မယ်။

                သံဃာအတုအယောင် မရှိဘူး လို့ မဆိုလိုဘူးနော်။ ရှိတာမှ အများကြီးကို ရှိတယ်။ ဒါပေမယ့် အဲဒါတွေကို ဘယ်လိုသဘောထားကြမလဲဆိုတာကို ဟိုးအရင်တစ်ခါ “သင်္ကန်းဂုဏ်ရည်” ရေးတုန်းက တစ်ခါ ပြောပြီးပြီ။ သည်တစ်ခါတော့ မနုသီဟဇာတ်လမ်းကို ထပ်ဆက်ပေးမယ်။ ရှစ်သောင်းလေးထောင် အလှူပွဲကြီးမှာ မာရ်နတ်မင်းကို နှိမ်နှင်းလိုက်နိုင်တဲ့ ရဟန္တာမထေရ်မြတ်ကြီးဟာ မှတ်လောက်သားလောက်အောင်ဆိုပြီး မာရ်နတ်မင်းရဲ့လည်မှာ ခွေးသေကောင်ပုပ်ကြီး ဆွဲပေးလိုက်သတဲ့။ သူအဓိဋ္ဌာန်နဲ့ ဆွဲပေးလိုက်တာမို့ ဘယ်သူကမှ ပြန်ဖြုတ်မပေးရဲပဲ မာရ်နတ်ခမျာ အလှူမပြီးမချင်း ခွေးသေကောင်ပုပ်ကြီးတစ်ကောင်နဲ့ ဒုက္ခကြီးစွာရောက်ပြီး မာန်စွယ်ကျိုးသွားသတဲ့။ နောက်ဆုံးတော့ ရဟန္တာမထေရ်ကြီးထံမှာ ရှိခိုးဦးတင် တောင်းပန်ပြီး ပြန်ဖြုတ်ခိုင်းတဲ့အခါမှာ မထေရ်ကြီးလည်း မာရ်နတ်မင်းကို အနူးအညွတ်တောင်းပန်ပြီး အကူအညီတစ်ခုတောင်းသတဲ့။ သူက မြတ်စွာဘုရားရှင်ကို ကိုယ်တိုင်မမှီလိုက်တာမို့ မှီလိုက်တဲ့ မာရ်နတ်မင်းကို ဘုရားအသွင် ဖန်ဆင်းပြပါ လို့ တောင်းပန်သတဲ့။ မာရ်နတ်မင်းက ကတိတစ်ခုပေးရင် ဖန်ဆင်းပြမယ် ဆိုတာကတော့ “သူ့ကို လုံးဝ မကန်တော့ရဘူး။” ဆိုတဲ့ ကတိပါ။ တန်ခိုးကြီးတဲ့ ရဟန္တာမထေရ်က ကန်တော့လိုက်ရင် ပုထုဇဉ်ဖြစ်တဲ့ မာရ်နတ်ကြီး ဂျွမ်းပစ်သွားမှာကိုး။ သေသေချာချာ ကတိပေးပြီးမှ သေသေချာချာ ဖန်ဆင်းအပြမှာ ဟိုကလည်း သေသေချာချာကြီးကို ကန်တော့လိုက်ပါတယ်။ အကြောင်းပြချက်ကတော့ “သင့်အား ကန်တော့ခြင်း မဟုတ်၊ ဂေါတမဘုရားရှင်အား ရည်မှန်းဖူးမျှော် ကန်တော့ခြင်း ဖြစ်ပါသတည်း” ဟူလို။ ဆိုလိုချင်တာက ရဟန္တာပုဂ္ဂိုလ်ရင့်မကြီးတောင်မှ ဘုရားရှင်ကို ရည်မှန်းပြီး မာရ်နတ်ကို ဦးချနိုင်သေးရင် ကိုယ်တွေ ပုထုဇဉ်အချင်းချင်းမှာ ရဟန်းယောင်တွေကို ရဟန်းစစ်အမှတ်နဲ့ ကိုးကွယ်မိငြားလည်း သဒ္ဒါတရား မချို့တဲ့ရင် ကုသိုလ်မရစရာ အကြောင်းမရှိဘူးဗျ။ သံဃိကဒါန သံဃာကို ရည်မှန်းလှူဒါန်းတာကိုး။ အတုအစစ်ကိစ္စက အဲသည်ကာယကံရှင်နဲ့သာ သက်ဆိုင်ပေလိမ့်မယ်။

             တစ်ခုပဲ ရှိတယ်။ အဲသည် ရဟန်းယောင်တွေက ရှင်ဒေ၀ဒတ်လို ဘုရားရှင်ရဲ့ အဆုံးအမနဲ့ ဖီလာဆန့်ကျင်တဲ့ အကုသိုလ်ဒုစရိုက်အမှုများကို တိုက်တွန်းကျူးလွန်ခိုင်းလို့ စိတ်လိုက်မာန်ပါ ရှိခဲ့မယ် ဆိုရင်တော့ ကိုယ့်ဒေါသနဲ့ကိုယ်ပဲဗျို့။ ဒါကြောင့်မို့လို့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ကိုယ့်အမျိုးဘာသာ သာသနာကို ကိုယ်ကိုယ်တိုင် စောင့်ရှောက်ချင်ကြတယ်ဆိုရင် တစ်ဆယ့်ခြောက် ခေါဘဏီတပ်ကြီးလည်း မလိုပါဘူး။ ဘူတာဝါဟန ယန္တရားတွေ မရှိလည်း ရပါတယ်။ ခိုင်မာသော သဒ္ဓါတရားနဲ့၊ ခိုင်မြဲသော ယုံကြည်မှုပဲ လိုပါလိမ့်မယ်။ အဲဒါ မယိမ်းယိုင်သရွေ့ ဘယ်သူကမှ လာနှဲ့လို့ မရပါဘူး။ ချင့်ယုံကြပေါ့။ အထူးသဖြင့်တော့ အင်တာနက်ပေါ်မှာ သူများယောင်တိုင်း လိုက်ဟောင်တာ ကိုက်တာမျိုး မလုပ်နဲ့ပေါ့ဗျာ။ ကြားဖူးဘူးလား။ မာရ်နတ်မင်းမှာ လက်ရုံးတစ်ထောင် ရှိသည် တဲ့။ အကောင့်ပုန်းတွေ အများကြီးနေမှာ။ စေတနာရှင်တစ်ဦးတို့၊ ဆရာဝန်တစ်ဦးတို့၊ ဒီမိုဘာညာ၊ မျိုးချစ်ဘာညာ၊ ပေးချင်ရာ နံမယ်ပေးပြီး တင်ချင်ရာ ပုံတွေ တင်ထားလို့ရတယ်။ အခုဖတ်နေတဲ့စာတောင် တစုံတယောက်က အကောင့်ထဲဟက်ပြီး လာရေးသွားတော့ ဘယ့်နှယ်လုပ်မလဲ။ အစစ်နဲ့တူအောင် မရေးတတ်ဘူးထင်လို့လား။ ငိ ငိ ငိ တို့၊ ခွိ ခွိ ခွိ တို့။ ဒချိ ဒချိ တို့ပါ အကုန် တုထားလို့ရတယ် ဘာမှတ်သလဲ။ အဟက် အဟက်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...