Saturday, June 29, 2013

`` ပန်ပါရလို့ ပန်ရလျှင်လည်း ပန်းများသခင် ဂေါ်သဇင်ဟု..... ´´


`` ပန်ပါရလို့ ပန်ရလျှင်လည်း ပန်းများသခင် ဂေါ်သဇင်ဟု..... ´´
ဒီကဗျာ အပိုင်းအစလေးတစ်ခုကို စဉ်းစားဖြစ်တော့ စကားပြေလှလှလေး ရေးချင်လာမိတယ်...။
လှပတဲ့ စကားပြေလေးတစ်ချက်ကို ရေးဖွဲ့ဖို့ ဆိုတာကလည်း ပြည့်စုံကုံလုံတဲ့ စာပေပညာနဲ့ ကဗျာအပိုင်းအစလေးထဲမှာ ထည့်သွင်းထားတဲ့ စာရေးသူ တစ်နည်းအားဖြင့် ကဗျာရှင်ရဲ့ စိတ်ကလေးကိုလည်း ပီပီပြင်ပြင် မြင်တတ်ဖို့လည်း လိုပါတယ်...။

မိန်းကလေးတွေရဲ့ နှလုံးသားဟာ မူလအားဖြင့် နူးညံ့သိမ်မွေ့ကြပါတယ်၊ ``မိခင်များနဲ့ မိခင်လောင်းများ´´ ဖြစ်နေကြခြင်းကြောင့်ပါပဲ......။

သာမာန်အားဖြင့်လည်း မှီခိုတတ်တဲ့ သဘောလေးတွေလည်း ရှိနေတတ်ပါတယ်...၊ ``အိမ်ရှင်မများနဲ့ အိမ်ရှင်မလောင်းများ´´ ဖြစ်နေကြတဲ့ အတွက်ကြောင့်ပါပဲ.....။

ချစ်သူ သို့မဟုတ် အိမ်ဦးနတ်ကို ရိုသေလေးစားတတ်တဲ့ စိတ်ထားလေးကိုလည်း ပိုင်ဆိုင် ထားတတ်ကြပါတယ်...၊ ဘာကြောင့်လည်း ဆိုတော့ ``ပါရမီဖြည့်ဘက်များနဲ့ ပါရမီဖြည့်ဘက်လောင်းများ´´ ဖြစ်နေကြခြင်း ကြောင့်ပါပဲ...။

ထို့အတူ မိန်းကလေးများဟာ အများအားဖြင့် ရောင့်ရဲတတ်ခြင်းနဲ့ ရင်ဆိုင်နိုင်ခြင်း သတ္တိများကိုလည်း မမြင်ကွယ်စွာ ပိုင်ဆိုင်ထားတတ်ကြပါတယ်။

တစ်စုံတစ်ယောက်နဲ့ အကြောင်းကြောင့် လက်တွဲဖြစ်ခဲ့သည့်အချိန်များတွင်လည်း သတ်မှတ် စံချိန်စံညွှန်းများ မကိုက်ညီသဖြင့် ဆိုသော အကြောင်းပြချက်များအား စွန့်ပယ်ကာ ``အိမ်ထောင်မှု ဘုရားတည် ဆေးမှင်ရေ စုတ်ထိုး´´ဟူသော ကျင့်ဝတ် အတိုင်း`` လျောင်နောက် ဆံထုံးပါ´´ ရင်ဆိုင် ရောင့်ရဲတတ်ကြတာကိုလည်း သတိထားမိခဲ့ပါတယ်.... မည်သည့်ဘ၀ မည်သည့်အခြေအနေကိုမဆို ``အိမ်ဦးနတ် အလိုက်ကျ´´ လိုက်ပါဆောင်ရွက်တတ်ကြပါတယ်...။

ထို့အတူပဲ ကံကုသိုလ်အကျိုးတရားအရ ခင်ပွန်းနဲ့ လက်တွဲဖြုတ်ခဲ့ရလျှင်လည်း သားသမီးများအား ကိုယ်တိုင်တာဝန်ယူကာ ဖြစ်လေရာ ဘ၀ကိုရဲရဲရင့်ရင့် လက်ခံရင်း ပြုစု ရှာဖွေ ကျွေးမွေးတတ်တာကို တွေ့မြင်သတိထားမိခဲ့ပါတယ်....။

( ဒီနေရာမှာ ကွာတာလေးတစ်ချက်က ဖခင်မရှိတဲ့ အချိန်မှာ မိခင်ဖြစ်သူက သူ့ရဲ့ အသုံးစရိတ်အားလုံးနီးပါးကို လျော့ချနေထိုင်စားသောက်သလို ၀င်ငွေရနိုင်မဲ့ အလုပ်ဟူသမျှအတွက်ကိုလည်း သိက္ခာတရားများကို လျော့ချကာ ၀င်ရောက်လုပ်ကိုင်တတ်ကြပြီးသားသမီးများကို သေဆုံးသည့်တိုင်အောင် ထိန်းကျောင်းတတ်ပေမဲ့ ဖခင်များအနေနဲ့ကတော့ မိခင်ဖြစ်သူနဲ့ ခွဲခွါဖြစ်ခဲ့တဲ့ အချိန်တွေမှာ စိတ်ညစ်ခြင်း၊ အိမ်ထောင့်တာဝန်ကို မနိုင်နင်းခြင်း၊ အလုပ်ပင်ပန်းခြင်းများကို အကြောင်းပြုလျှက် ရည်ဝေယစ်မူးတတ်လာသလို မိဘများ ညီအစ်ကို မောင်နှမများထံ ပို့ဆောင် တတ်တာတွေကို သတိထားမိခဲ့ပါတယ် အားလုံးကိုတော့ဖြင့် မဆိုလိုပါ)။

အဲဒီတော့ စကားတွေလည်း ရှည်လျားကုန်ပြီ တကယ်ပြောချင်တာက မိန်းကလေးများရဲ့ ထူးဆန်းတဲ့ စိတ်ကလေးကိုပါ တကယ်တော့ မိန်းကလေးများဟာ မိုးလောက်မြင့်တဲ့ စိတ်ကူးအိပ်မက်တွေ တည်ဆောက်တတ်ကြပါတယ်...။

သူ့ရဲ့ ချစ်သူဟာ အလုပ်အကိုင်အားဖြင့် မည်သည့် အတိုင်းအတာရှိရမယ်...

ဥစ္စာဓနအားဖြင့်လည်း မည်ရွေ့ မည်မျှ ပိုင်ဆိုင်ရမယ်(၀င်ငွေဘယ်လောက်ရှိရမယ်)။

ရုပ်ရည် ရူပကာအားဖြင့်လည်း မည်သို့ (အရပ်ရှည်ရမယ်၊ အသားဖြူရမယ်၊ နှာတံပေါ်ရမယ်... ပိရိတဲ့ နှုတ်ခမ်းလေးရှိရမယ် )

မောင်နှမသားချင်း နည်းရမယ်...။

အသိုင်းအ၀ိုင်း မည်သို့ရှိရမယ် စသည့်ဖြင့် အဲဒီလို ကြိုတင် စိတ်ကူး စိတ်ထားလေးတွေ ရှိတတ်ကြပါတယ်...။

စိတ်ကူးလေးများ မည်သို့ပင်ရှိရှိ တကယ်ချစ်မိသူကိုတော့ဖြင့် စိတ်ကူးလေးများနှင့် ကိုက်ညီမှုမရှိဟုဆိုကာ အပြစ်ရှာခြင်းများလည်း မရှိခဲ့သလို စိတ်ကူးလေးများနှင့် ညီညွတ်စေရန်လည်း စိတ်ကူးလေးများဖြင့်ပင် ဆွဲယူ ပုံဖော်တတ်ကြပါတယ်...။

စိတ်ကူးလေးများနှင့် မတူညီခဲ့လျှင်လည်း ဖြေသိမ့်နိုင်ကြသူများသာ ဖြစ်နေတတ်ပါတယ်။

ယောက်ျားလေးတွေကတော့ မိန်ကလေးများကဲ့သို့ ကြိုတင် စိတ်ကူးပုံဖော်ထားခြင်းများ မရှိသလို ပြောင်းလဲခြင်းအပေါ်မှာ လက်ခံရင်ဆိုင်ပေး တတ်တဲ့ အကြင်နာစိတ်ကိုလည်း မိန်းကလေးများလို ထားရှိနိုင်တာ နည်းပါးတတ်ကြပါတယ်။

ထို့ကြောင့်.... `` ပန်ပါရလို့ ပန်ရလျှင်လည်း ပန်းများသခင် ဂေါ်သဇင် ဟု ´´ ဆိုသည့်အတိုင်း ပန်းတကာ့ ပန်းများထဲတွင် သခင်ဟုပင် တင်စားလောက်သော အကောင်းတကာ့ အကောင်းဆုံး၊ အမြင့်မြတ်ဆုံးဖြစ်သော ဂေါ်သဇင်ပန်းလေးကို ပန်လိုပါတယ်လို့ ဖော်ကျူးထားကြောင်းဖြင့် လှပသော စကားပြောလေးအား ရေးဖွဲ့ဖြစ်ရင်း ကဗျာ အပိုင်းအစလေးနှင့်အတူ စာနာနားလည်ခြင်းအကြောင်းတရားများ ထွေးပိုက်လျှက်မိန်းကလေးများတွင် ရှိနေတတ်သော `` မိခင်စိတ်နှင့် ကြည်လင်သော သတ္တိလေးများအား´´ လေးစားတတ်ကြပါစေကြောင်းခင်ဗျာ......

(ကွန်ဆူးမား)(၂၉-၆-၂၀၁၃)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...