Monday, June 24, 2013

ရတနာနတ်မယ်နဲ့ပတ်သက်၍ ...


အမည်သာ ကြားဖူးရုံရှိတဲ့ ရတနာနတ်မယ်နဲ့ တွေ့ဆုံဖူးဖို့ဆိုတာ ကျွန်မ တစ်ခါမှ စိတ်မကူးဖူးပါ ဘူး။ ဖြစ်ချင်တော့ စစချင်း လွဲပုံက ရတနာနတ်မယ်ကို အငြိမ့်မင်းသမီးလို့ ထင်ခဲ့တာပဲ။ လူတော်တော် များများအတွက် ဟားစရာဖြစ်လောက်အောင်ကို ကျွန်မဆိုတဲ့ ကျွန်မကလည်း အလွဲကြီးကို လွဲခဲ့တာပါ။
ကျွန်မ ငယ်ငယ်က အိမ်နားက အဒေါ်ကြီးရဲ့ ထမီကို လှလိုက်တာလို့ ပြောတော့ ဒါ ရတနာနတ်မယ် အဆင်လေတဲ့။ ရတနာနတ်မယ်ဆိုတာ ဘယ်သူတုန်းလို့ ကျွန်မစပ်စုတော့ “သြော် ညည်းနယ်အေ.. ရတနာနတ်မယ်ဆိုတာ မင်းသမီး။ ချောလိုက် လှလိုက်တာလည်း လွန်ပါရော။ စတိုင်လည်း ကျမှကျတဲ့၊ ချောလို့လှလို့။ အဲဒါကြောင့် (ဟိုတစ်ချိန်က) လူကြီးက သူ့ကို ယူလိုက်တာတဲ့”။ ကျွန်မလည်း ဘာမင်းသမီးဆိုတာ မမေးတော့ဘဲ အငြိမ့်မင်းသမီးလို့ရမ်းသမ်းပြီး ပုံဖော်ခဲ့တာ အသက် ၃၀အထိပါပဲ။ ကျွန်မရဲ့ လေ့လာမှုအားနည်းတာရော၊ ကျွန်မတို့လူမျိုးကလည်း ရတနာဆိုတဲ့ နာမယ်ကို အတော်ကြိုက်မို့လား.. ရတနာခင်.. ရတနာမိုင်.. ရတနာပုံ.. ရတနာဘာညာဘာညာတွေအများကြီး ဆိုတော့ ကျွန်မလည်း ရတနာနတ်မယ်ကို ဟိုးတစ်ချိန်က အငြိမ့်မင်းသမီးထင်ခဲ့လိုက်တဲ့အထိ ညံ့ခဲ့မိတယ်။

မမျှော်လင့်ပဲ.. ကံကောင်းထောက်မစွာ အီတလီကို ရောက်ဖို့ အကြောင်းဖန်လာတယ်။ ကျွန်မ နေတဲ့ ပါဗီးယားဆိုတဲ့ မြို့လေးမှာ ကျွန်မ တစ်ယောက်ပဲ မြန်မာရှိတယ်။ စုံစမ်းကြည့်ပေမယ့် တခြားမြန်မာကို မတွေ့ရဘူး။ အဲဒါနဲ့ အခြား မြန်မာတွေ အီတလီရဲ့ ဘယ်မှာများ ရှိမလဲလို့ အင်တာနက်ကနေ လိုက်ရှာကြည့်တော့ ရတနာနတ်မယ်ကို သွားတွေ့တယ်။ သူ့အီးမေးလိပ်စာ၊ ဖုန်းနံပါတ်နဲ့ ဖလောရင့်မှာနေတယ်ဆိုတဲ့အကြောင်းတွေ သိရတယ်။ ဖြစ်ချင်တော့ ဖလောရင့်ကို ပထမတစ်ခေါက် အသိတစ်ယောက်နဲ့ ခဏရောက်ခဲ့ဖူးတာ မကျေနပ်လို့ ဒုတိယ အခေါက်အဖြစ် သွားဖို့လက်မှတ်ဝယ်ထားပြီးသားဆိုတော့ ကြုံတုန်း မြန်မာလူမျိုးအချင်းချင်းမို့ သွားနှုတ်ဆက် မိတ်ဖွဲ့မယ်ဆိုပြီး လက်ဆော့ပြီး အီးမေးရေးလိုက်တယ်။ အန်တီရယ် သမီးက မြန်မာနိုင်ငံကပါ။ သမီးဖလောရင့်ကို လာလည်မလို့ အန်တီရှိရင် အန်တီ့ဆီကို အလည်လာချင်ပါတယ်ဆိုတော့ နှစ်ရက်လောက်နေတော့ စာပြန်လာတယ် “အန်တီက ရတနာနတ်မယ်ပါ။ လင်းပင် မင်းသားကြီးရဲ့မြေးတော် (ဟိုတစ်ချိန်က)လူကြီးဟောင်းရဲ့ ဇနီးပါ” ဆိုပြီး စာပြန်လာတော့ ကျွန်မမှာ တအံ့တသြဖြစ်ရပါတယ်။ ပဒေသရာဇ်အနွယ် မင်းသမီးတစ်ပါးဆိုတော့လည်း မြင်ဖူး သိကျွမ်းဖူးချင်ပါတယ်။ ကျွန်မက သာမန် အငြိမ့်မင်းသမီးလောက်ပဲ ထင်ထားခဲ့တဲ့ ရတနာနတ်မယ်ကို ကျွန်မရဲ့ ဖလောရင့် ဒုတိယအခေါက်မှာလည်း မတွေ့ခဲ့ရပါဘူး။ ထုံးစံအတိုင်း လွဲတာပဲပေါ့။ သူက ကျွန်မ ရောက်မယ့်နေ့မှာပဲ အခြားအရေးကြီးတဲ့ကိစ္စတွေနဲ့ ရှုပ်နေတာနဲ့ နောက်တစ်ခေါက်လောက် ထပ်လာခဲ့ပါ သမီးရယ်ဆိုပြီး ကျွန်မဆီကို ဖုန်းဆက်တယ်။ ကျွန်မလည်း ကျွန်မ မထင်ထားခဲ့တဲ့ မင်းသမီးတစ်ပါးနဲ့ အသိမိတ်ဆွေဖြစ်ပြီး၊ တွေ့ရမှာ ၀မ်းသာသာနဲ့
“လာမယ်အန်တီ.. တစ်ခေါက် ထပ်ပြန်လာခဲ့ဦးမယ်” လို့ ကတိပေးလိုက်တယ်။ ပြီးတော့ “သမီးက မြန်မာနိုင်ငံကို ခဏပြန်မှာ မြန်မာနိုင်ငံက ပြန်လာမှ ထပ်လာခဲ့မယ်” ဆိုတော့ အန်တီ တစ်ခုလောက် မြန်မာနိုင်ငံကနေမှာချင်တယ်တဲ့၊ ၀ယ်လာခဲ့ပေးမလားတဲ့။ ဘာများပါလိမ့်ဆိုပြီး ရုတ်တရက်ထိတ်သွားမိပြီး မင်းသမီးဆိုတော့ သူ့ကို ပေးရတဲ့ လက်ဆောင်တန်ဖိုးကတော့ နည်းမှာမဟုတ်ဘူး၊ ပိုက်ဆံပြန်တောင်းလို့လည်း မကောင်း၊ ကိုယ်ကလည်း ရှိတဲ့ပိုက်ဆံကို ခြစ်ခြစ်ခြုတ်ခြုတ် သုံးစွဲနေရတဲ့သူဆိုတော့ တွေးရင်း စိတ်မောနေတုန်း သူမှာချင်တာက ငါးပိကြော်ပါတဲ့၊ သိပ်မစပ်ပါနဲ့တဲ့၊ နည်းနည်းတော့စပ်လို့ရပါတယ်တဲ့။ ဒီမှာ ဘယ်မှာမှ ရှာဝယ်လို့မရနိုင်တဲ့ တန်ဖိုးကြီးပစ္စည်းလေလို့ ပြောပါတယ်။ ကျွန်မဖြင့် ဘာတွေများ ထွေထွေထူးထူးမှာမလဲလို့ စဉ်းစားနေတာ သူမှာတာက ငါးပိကြော်တဲ့။ ကိုယ့်ဘာသာ အတွေးချော်ခဲ့မိတာကို စဉ်းစားမိတော့ သူ့ကိုတောင် အားနာသွားမိတယ်။ ပြီးတော့ သူက ပြောသေးတယ်။ “မြန်မာဆိုတာ ဘယ်ပဲရောက်ရောက် ဘယ်လောက်ပဲ အသက်ကြီးကြီး ကိုယ့်ဒေသထွက် အစားအစားလေးကို ပါးစပ်က တောင့်တတတ်ကြတာချည်းပဲ သမီးရယ်” တဲ့။ ကျွန်မလည်း မြန်မာအစားအစာ ငတ်နေတာဆိုတော့ ကိုယ်ချင်းစာသွားတယ်။

အဲဒါနဲ့ပဲ မြန်မာနိုင်ငံက ပြန်လာလာချင်း စနေတနင်္ဂနွေကျောင်းပိတ်ရက် ဖလောရင့်ကို ထပ်သွားဖို့ လက်မှတ်ဖြတ်ရတာပေါ့။ ဖြစ်ချင်တော့ ဖလောရင့်မှာက ဘူတာတွေ အများကြီးရှိတယ်။ အများကြီးထဲမှာမှ ကျွန်မက မြို့အပြင်ဘက်လောက်ကျတဲ့ ဘူတာကို သွားမယ့် ရထားလက်မှတ်ကို အသွားအပြန် ဖြတ်လိုက်မိတယ်။ သွားခါနီး နှစ်ရက်အလိုမှ လက်မှတ်ကို သေချာပြန်ကြည့်၊ ဂူးဂဲမှာ လိုက်ရှာကြည့်တော့မှ သိလိုက်ရတာက အဲဒီကနေ ရတနာနတ်မယ်နေတဲ့ နေရာကို လမ်းလျှောက်ရင် တစ်နာရီလောက် လျှောက်ရမယ်၊ ဘတ်စ်ကားစီးရင်တော့ နာရီဝက်ပဲ။ ဒါပေမယ့် ကားပြောင်းစီးရမှာကို မစီးတတ်၊ သူတို့နဲ့လည်း စကားမပေါက်ဆိုတော့ အဲဒီဘူတာရောက်မှပဲ မီးစင်ကြည့်ကမယ်လို့ စိတ်ဒုန်းဒုန်းချထားလိုက်တယ်။

လေးနာရီကျော် ငါးနာရီနီးပါး ရထားစီးပြီး ဖလောရင့်ကို မနက် (၁၁) နာရီ ကျော်ကျော်မှာ ရောက်တယ်။ မြေပုံကို သေချာထုတ်ကြည့်ပြီး လမ်းစလျှောက်တယ်။ လမ်းမကြီးတစ်ခုရောက်တော့ ဘယ်နဲ့ညာ မှားပြီးချိုးမိလို့ မျက်စိလည်ရော။ ဘယ်သွားရမှန်းမသိဖြစ်နေတုန်း ရတနာနတ်မယ်က ဖုန်းလှမ်းဆက်တယ်။ “သမီးဘယ်မှာလဲ အဆင်ပြေလား” ပေါ့။ ဒီကလည်း ဘာလုပ်ရမယ်မှန်းမသိဖြစ်နေတုန်း အဲ့တော့မှ ၀မ်းသာအားရနဲ့ လမ်းပျောက်နေတဲ့အကြောင်းပြောပြတော့ အန်တီချက်ချင်းလာခေါ်မယ်တဲ့။ ကျွန်မလည်း သူ့ကို စောင့်ရင်း တွေ့ရင် မြန်မာလို လက်အုပ်ချီပြီး ဂါရ၀ပြုရမလား (ကိုယ့်ထက် အသက်ကြီးသူဆိုတော့) ဒါမှမဟုတ် သူက အီတလီနိုင်ငံသားဖြစ်နေပြီဆိုတော့ အီတလီလို နမ်းပြီးပဲ နှုတ်ဆက်ရမလား၊ အင်္ဂလိပ်ထုံးစံလို လက်ဆွဲနှုတ်ဆက်ရမလား.. ဘယ်လိုစနှုတ်ဆက်ရမလဲ စဉ်းစားနေတုန်း ကျွန်မ နာမည်ကို ပီပီသသ ခေါ်တဲ့ အသံကြားလိုက်ရတယ်။ “ငြိမ်း.. ငြိမ်းလား.. သမီးလာလာ.. မြန်မြန်လာ.. အန်တီ ကားကို ဘယ်နားထားရမှန်းမသိလို့၊ ဘတ်စ်ကားပဲ ရပ်ရမယ့်နေရာမှာ ရပ်ထားပစ်ခဲ့ရလို့ မြန်မြန်လာ” တဲ့။ ကျွန်မလည်း အပြေးအလွှားနဲ့ သူ့နောက်ပြေးလိုက်ပြီး ကားပေါ်ခုန်တက်ပေါ့။ ဘတ်စ်ကား ဒရိုင်ဘာက မှတ်တိုင်မှာ ရပ်ထားတဲ့ ကျွန်မတို့ကားကို ဒေါသတကြီး အော်ပြောရင်း ကျန်ရစ်ခဲ့တယ်။ ဘယ်လိုနှုတ်ဆက်မလဲ တွေးထားတာတွေလည်းမေ့ကုန်ရော။ ဘယ်လိုမှကို မနှုတ်ဆက်နိုင်ဘဲ ကားပေါ်ခုန်တက်ရင်း စကားစကြတယ်။ ကျွန်မအကြောင်းတွေမေးတယ်။ လက်ရှိ အီတလီမှာ ဘာဘာသာရပ်သင်ယူနေတာလဲ၊ ဘယ်လောက်နေရမှာလဲ၊ ကျောင်းပြီးရင် ဘာလုပ်မှာလဲ အစရှိတဲ့ သူ့မေးခွန်းတွေကို ဖြေပြီးမှ သူ့အကြောင်းစပြောတယ်။ သူလည်း နောက်တစ်နေ့ သင်တန်းပေးဖို့ကိစ္စတွေ အခြားကိစ္စတွေ ရှိနေတာနဲ့ အားတာမဟုတ်ဘူးတဲ့။ အခု သမီး အဆင်ပြေမယ်ဆိုရင် သူနဲ့အတူ စူပါမားကတ်မှာ ပစ္စည်းဝယ်ဖို့လိုက်ခဲ့ပါတဲ့

ကျွန်မကတော့ တွေးထားတာပေါ့လေ။ ရတနာနတ်မယ်.. ဗိုလ်ချုပ်ကြီးဟောင်းရဲ့ First Lady မင်းမျိုးမင်းနွယ် မင်းသမီးဟိတ်နဲ့ဟန်နဲ့၊ မာနလည်း ကြီးကြီးပေါ့လေ။ တွေ့တော့မှ ကိုယ့်စိတ်ကူးထဲက ရတနာနတ်မယ်နဲ့ အပြင်နဲ့က တစ်ခြားစီမှ..တစ်ခြားစီ။ ကျွန်မကိုလာခေါ်တာ သူ့ကားကလေးနဲ့ ဘာဟိတ်ဟန်မှမရှိဘူး။ အ၀တ်အစားကလည်း အိမ်နေရင်းအ၀တ်အစားနဲ့ ရိုးရိုးရှင်းရှင်း ဖော်ဖော်ရွေရွေ။ ဒါပေမယ့် မဟုတ်ရင် ခေါင်းငုံ့မခံတတ်တဲ့ စိတ်ဓါတ်ရယ် ထက်ထက်မြက်မြက်၊ ကိုယ့်အားကိုယ်ကိုးတတ်တဲ့ အကျင့်တွေနဲ့ တခါက အငြိမ့်မင်းသမီးလို့ ထင်ခဲ့ဖူးတဲ့ သူ့ကို ငေးကြည့်နေမိခဲ့တယ်။

ဟိုအကြောင်း ဒီအကြောင်းပြောရင်း ရတနာနတ်မယ်က သူ သီလရှင်တစ်ပါး အိုင်ပတ်ဒ် (iPad) နဲ့ ဓါတ်ပုံရိုက်နေတဲ့ ပုံတွေ့လိုက်ရတယ်တဲ့။ သီလရှင်နဲ့ အိုင်ပတ်ဒ်နဲ့ ဘာဆိုင်လို့လဲတဲ့၊ သူသိထားတဲ့ ဘုန်းကြီး သီလရှင်တွေက စာသင်ကျောင်းမှာ ကျောက်သင်ပုန်းနဲ့ ကျောက်တံနဲ့ စာအံနေတာကိုပဲ သိထားခဲ့တာဆိုတော့.. သီလရှင် အိုင်ပတ်နဲ့ ခေတ်မှီနေတာကို သူ့မှာ တအံ့တသြနဲ့ လက်မခံနိုင်ဖြစ်နေတော့ ကျွန်မက သူ့ကို ပြောရတယ်။ အန်တီရေ ခေတ်ပြောင်းသွားပြီ။ ဒီလို အဆင့်မြင့် နည်းပညာတွေနဲ့ဆိုတော့ ဘာသာရေးစာပေတွေကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်လေ့လာနိုင်တာပဲပေါ့လို့ ကိုယ့်အမြင်ကို ပြောပြတော့ ဂဏန်းပေါင်းစက်တွေပေါ်လာမှ လူတွေ သင်္ချာညံ့တယ်ဆိုတဲ့အကြောင်း သူကပြန်ပြောတယ်။

ကျွန်မလည်း စကားလမ်းကြောင်း လွှဲတဲ့အနေနဲ့ အန်တီ့ရဲ့စာအုပ်ဖြစ်တဲ့ လူကြီးဟောင်းနဲ့ ရက် (၁၀၀) စာအုပ်ကို ဘယ်မှာ ရှာဝယ်လို့ရမလဲလို့ မေးလိုက်မိတယ်။ အဲဒီကျတော့မှ သူ စိတ်တိုတော့တာပဲ။ အဲဒီစာအုပ်ကို သူ ရေးလည်းမရေးဘူး။ ရေးဖို့လည်း မရည်ရွယ်ဘူး။ ရေးမှာလည်း မဟုတ်ဘူး။ ဘယ်သူက ဘာတွေပြောပြီး လူတွေသိနေကြလည်းဆိုတာ သူနားမလည်ဘူးတဲ့။ သူ အရင်လူကြီးကို လက်ထပ်တာဟာ သူ့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စအတွက် လက်ထပ်တယ်၊ ကွဲတယ်။ ဒါပဲ။ ပြီးသွားပြီ။ ပြီးပြီးသားကိစ္စ သူဘာမှ ပြန်မစဉ်းစားချင်ဘူးလို့ စိတ်ပျက်တဲ့ပုံစံနဲ့ သူ ပြောပါတယ်။ အဲဒီစာအုပ်သူရေးတယ်၊ ထွက်တယ်ဆိုတာ သူများတွေ သူ့ကိုလာပြောမှ သူလည်း သိရတယ်တဲ့။ သမီးရှာလို့တွေ့ရင် အန်တီ့ကိုလည်း ပေးဖတ်ပါဦး။ သူ မရေးဘဲ သူ ရေးတယ်ဆိုတဲ့ စာအုပ်ကို ဖတ်ချင်လွန်းလို့လို့လည်း သူက ပြန်တောင်းဆိုပါသေးတယ်။ ဒီတော့ ကျွန်မမှာ သူ့ကို လေပြေပြန်ထိုးရတယ်။ အန်တီ့ကို မြန်မာတွေက ချစ်ကြတာက အဲဒီ လူကြီးဟောင်းရဲ့ ဇနီးအနေနဲ့မဟုတ်ဘူး။ ကနောင်မင်းသား လင်းပင်မင်းသားရဲ့မြေးတော် မြစ်တော်အနေနဲ့ ချစ်ကြတာလေ ဆိုတော့မှ သူ နည်းနည်း စိတ်ပြေသွားတယ်။ အဲဒါနဲ့ သမိုင်းအကြောင်း စကားဆက်ကြရောဆိုပါတော့။ သမိုင်းဘာတွေ သင်ခဲ့ရလဲတဲ့။ သူက အဲ့လို စမေးတယ်။ မြန်မာ့သမိုင်းအကြောင်း အမှန်ကို သူမတွေ့ဘူးတဲ့။ မြန်မာတွေက ရေးတော့ ဘယ်လိုဖြစ်စေချင်တယ်ဆိုတဲ့ ပုံစံအနေနဲ့ သမိုင်းကို ပုံဖော်တယ်။ အင်္ဂလိပ်တွေကကျတော့ အချက်အလက် အထောက်အထားတွေတော့ မှန်ကန်ပေမယ့် သူတို့ ဖြစ်စေချင်တဲ့ဘက်ကို ဆွဲရေးတယ်။ သီပေါမင်းပါတော်မူတာ၊ စစ်ရှုံးတာကို ဘယ်လိုသိထားလဲမေးလို့ သမိုင်းကို အိပ်ရာဝင်ပုံပြင်လောက်သာ သိထားပြီး ကျွန်မနဲ့ အလှမ်းဝေးတဲ့ဘာသာရပ်ဖြစ်နေလို့ ကျွန်မလည်း ပြည်သူတွေ အထိနာမှာစိုးလို့ အသာပဲ လက်နက်ချ အရှုံးပေးလိုက်တယ်လို့ ကိုယ်သိသလိုပဲ ရိုးရိုးသားသားပဲ ဖြေလိုက်ပါတယ်။ အမှန်က အဲလိုမဟုတ်ဘူးတဲ့။ အဲဒါကလည်း အကြောင်းတစ်ရပ် ဖြစ်နိုင်ပေမယ့် တကယ့်အကြောင်းမဟုတ်ဘူးလို့ ပြောနေတုန်း စူပါမားကတ်ရောက်တာနဲ့ စကားစ ပြတ်သွားရော။ ကျွန်မမှာ တစ်ဖက်က သူနဲ့ စကားသာပြောနေရတာ။ စိတ်ကတော့ ဘုရားတ နေရတယ်။ သူ ကားမောင်းတာ အရမ်းမြန်ပြီး ကြမ်းလည်းကြမ်းတယ်။ ၀ုန်းဝုန်း ဒိုင်းဒိုင်းနဲ့ကိုး။

စူပါမားကတ်ထဲမှာ အများကြီး ၀ယ်တယ်။ ရတနာနတ်မယ်က အသက် ၈၂ နှစ် ရှိပြီဆိုပေမယ့် အရမ်းသန်မာတယ်။ ဘီယာပုလင်း ၁၀ ပုလင်းလောက် ထည့်ထားတာကိုလည်း အသာလေး မ နိုင်တယ်။ သူတောင် မ နိုင်တာပဲ။ ပေါ့ပေါ့လေးနေမှာလို့ ထင်ပြီး “ပေး.. ပေး အန်တီ။ သမီး မ ပေးမယ်” ဆိုပြီး သူ့ဆီကနေ လက်လွှဲယူလိုက်တော့ အမလေးလေး… လေးလိုက်တာ။ သူက ကျွန်မ အဖြစ်ကို ရယ်ရယ်မောမောနဲ့ ကူပြီး မ ပေးတယ်။ ဈေးဝယ်ပစ္စည်းတွေ ကားပေါ်တင်ပြီးတော့ အိမ်ပြန်လမ်းပေါ်မှာ သူနဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အကြောင်းပြောဖြစ်ကြတယ်။ သူက ဗိုလ်ချုပ်အောင်ဆန်းကို အရမ်းတော်တဲ့သူ၊ ကျောင်းသားဘ၀ကတည်းက ကျောင်းသားခေါင်းဆောင်အနေနဲ့ စံနမူနာထားလောက်အောင် တော်တဲ့လူလို့ ဆိုပါတယ်။ ဒါပေမယ့် သူ့အမြင်မှာ အောင်ဆန်း မှားတာတွေ တွေ့တယ်တဲ့။ အန်တီရယ် ဘာတွေတုန်းဆိုတော့ သူက သူတွေးမြင်တာတွေကို အခုလိုပဲ ပွင့်ပွင့်လင်းလင်း ပြောပြပါတယ်။ အတိုချုံးပြောရရင် ဗိုလ်ချုပ်အောင်ဆန်းက သူ့ယုံကြည်မှုအတွက် သူ့အသက်ကို ပေးဖို့ရည်ရွယ်ထားတဲ့လူ၊ သူ့ရည်ရွယ်ချက်က ကိုယ့်မင်းကိုယ့်ချင်းနဲ့ လွတ်လပ်တဲ့ တိုင်းပြည်ပေါ့။ အဲဒါကြောင့်ပဲ သူ ဂျပန်နဲ့ ပေါင်းပြီး အင်္ဂလိပ်ကို တိုက်တယ်။ ဂျပန်တွေက ပိုဆိုးတယ်ဆိုတာသိတော့ အင်္ဂလိပ်နဲ့ ပြန်ပေါင်းပြီး ဂျပန်ကို ပြန်တိုက်ပေးတယ်။ ငါတို့ဂျပန်ကို တိုက်ပေးမယ်။ ဒါပေမယ့် ငါတို့ကို လွတ်လပ်ရေးတော့ပေးဆိုတဲ့ သဘောတူညီချက်နဲ့ပေါ့။ ဒါပေမယ့် သမီးရယ်… ငါတို့မြန်မာနိုင်ငံက ဒုတိယ ကမ္ဘာစစ်မှာ စစ်မြေပြင်ဖြစ်ခဲ့ရတယ်၊ ပျက်စီးဆုံးရှုံးခဲ့ရတယ်၊ အင်္ဂလိပ်တွေ ဘာပြန်လုပ်ပေးလဲ…ဘာမှမလုပ်ပေးဘူး။ ဖွတ်ဖွတ်ညက်ညက်ကျေနေတဲ့ တိုင်းပြည်ကို လွတ်လပ်ရေးပေးပြီး ထွက်သွားတယ်။ အောင်ဆန်းမှားတယ်တဲ့။ အဲဒီအချိန်မှာ လွတ်လပ်ရေးမတောင်းသင့်ဘူး။ ပြန်လည်ထူထောင်ရေးတွေ ဘာညာလုပ်ပြီးမှ လွတ်လပ်ရေးတောင်းရမှာ။ အခုတော့ အန်တီတို့က ဘာမှမရလိုက်ဘဲ အင်္ဂလိပ် ရန်သူကို အသက်အသေခံ၊ ပစ္စည်းတွေ အဆုံးခံပြီး တိုက်ပေးလိုက်ရပြီး အင်္ဂလိပ်တွေက အသာစီးနဲ့ ပြန်ထွက်သွားတာ သမီးရဲ့တဲ့။ ဒါပေမယ့် အောင်ဆန်း အသတ်ခံလိုက်ရတာ အရမ်းနှမြောဖို့ကောင်းတယ်၊ ပိုနှမြောဖို့ကောင်းတာက အောင်ဆန်း ကြိုးစားခဲ့တဲ့ လွတ်လပ်ရေး အရသာကို ပြည်သူတွေကောင်းကောင်းမခံစားရပဲ တစ်နိုင်ငံလုံး ပြည်တွင်းစစ်ဒဏ် ခံခဲ့ရတာကိုပဲတဲ့။ အန်တီ့ကို အခြားသူတွေက မေးကြတယ်။ စုကြည်ကို ဘယ်လိုမြင်လဲပေါ့။ အန်တီကတော့ စုကြည်ကို သူ့အဖေ အောင်ဆန်းလို လူမျိုးပဲလို့ မြင်တယ်တဲ့။ ကိုယ့်ယုံကြည်မှုတစ်ခုအတွက် အားလုံးစွန့်လွှတ်နိုင်တဲ့သူ၊ စတေးနိုင်တဲ့ သူလို့မြင်တယ်။ ဒါပေမယ့် သမီးရယ်.. နိုင်ငံရေး လောကမှာ ယုံကြည်မှုတစ်ခုအတွက် တိုက်ပွဲဝင် စွန့်လွှတ်နိုင်ရုံနဲ့တင် မဖြစ်ဘူး။ စုကြည် အိမ်ထဲမှာ အကျဉ်းချခံရတယ်။ သူပြောတယ်.. ပြောတယ်.. သူ့စကားတွေ အရမ်းကောင်းတယ်။ အဲလို ကောင်းတဲ့ စကားတွေ ပြောနေရုံ၊ ပြောနိုင်ရုံ၊ ပြောတတ်ရုံနဲ့ မဖြစ်ဘူး။ ဘယ်နိုင်ငံရေးမှာမဆို လှည့်ကွက်တွေ နားလည်ပါးနပ်မှပဲ နိုင်ငံရေးသမားကောင်းလုပ်နိုင်မှာ။ စုကြည်က သူ့အဖေလိုလူစားမျိုး ဖြောင့်တယ်၊ ရိုးတယ်။ နိုင်ငံရေးသမားကောင်းဖြစ်နိုင်မှာ မဟုတ်ဘူးတဲ့။ သူနဲ့ စကားပြောရတာ ကျွန်မအတွက်တော့ စိတ်ဝင်စားစရာကောင်းတဲ့ လက်ချာနားထောင်ရသလိုပဲ။ သူ့အမြင်တွေ သူ့အတွေးတွေ ကျွန်မလို သမိုင်း စိတ်မ၀င်စားတတ်တဲ့သူ၊ မြန်မာ့သမိုင်းဆိုတာ တပ်မတော်ကြီးက နိုင်ငံ ချောက်ကမ်းပါးကျခါနီး လက်မတင်လေးအလိုမှာ ကယ်တင်ခဲ့တယ်ဆိုတဲ့ စာကြောင်းကိုပဲ အလွတ်ကျက်ရင်း ကြီးပြင်းလာခဲ့သူအတွက် အသစ်အဆန်းဖြစ်နေလေတော့ သူပြောတာကိုပဲ ဟုတ်ကဲ့လို့ အလိုက်သင့်ပြောရင်း သူ့အိမ်ကို ရောက်ခဲ့တယ်။

သူ့အိမ်က အတော်ကို ကျယ်ပါတယ်။ ၀င်လျှင်ဝင်ချင်း ဧည့်ခန်းမှာ အရှေ့တိုင်းလက်ရာတွေနဲ့ အလှဆင်ထားပါတယ်။ ဆွမ်းအုပ်တွေ ဆွမ်းချိုင့်တွေ သပိတ်တောင်ပါပါသေးတယ်။ မြတ်စွာဘုရား ခြေတော်ရာကို ရွှေချည်ထိုးထားတဲ့ပုံကိုလည်း ၀င်ဝင်ချင်း ဖူးရတယ်။ ပုဂံခေတ်ပုံစံမျိုး အရုပ်တွေလည်း ရှိတယ်။ ငွေရေတကောင်း ငွေဖလားတွေက စားပွဲရဲ့ ဘေးမှာပါ။ အပေါ်ထပ်ကိုတော့ မရောက်ခဲ့ပါဘူး။ မီးဖိုချောင်ကလည်း အတော့်ကို ကျယ်ပါတယ်။ အချက်အပြုတ် သင်တန်းဖွင့်ထားတာဆိုတော့ ဓားတွေကလည်း အမျိုးမျိုး၊ ပန်းကန်တွေကလည်း ဘီရို သုံးလုံး၊ ဇွန်းတွေ ခရင်းတွေကလည်း ဘီရိုတစ်လုံး၊ လက်သုတ်ပုဝါလေးတွေထည့်တာကလည်း အခြားဘီရိုတစ်လုံးနဲ့ ထည့်ထားပါတယ်။ အင်တာနက် ယူကျူမှာ သူ့ဟင်းချက်နည်းပေးနေတဲ့ ဗီဒီယိုက သူ့အိမ် မီးဖိုချောင်မှာ ရိုက်ထားတာလို့ သိလိုက်ရတယ်။ သူက အပြင်စားသောက်ဆိုင်မှာ သွားစားဖို့ခေါ်တယ်။ ကျွန်မက သူ မြန်မာ အစားအစာစားချင်နေမှန်း သိတာနဲ့ “အန်တီရယ်.. ဆန်ရှိလား။ ဆန်ရှိရင် ထမင်းတည်ပြီး လက်ဖက်သုတ်နဲ့ပဲဖြစ်ဖြစ်၊ ငါးပိကြော်နဲ့ပဲဖြစ်ဖြစ် စားကြရအောင်” ဆိုတော့ သူ သဘောတူပြီး နှစ်ယောက်သာ ထမင်းအိုးတည်၊ လက်ဖက်သုတ်ကြနဲ့ပေါ့။ ကျွန်မက လက်ဖက်သုတ်ကို နယ်ဖို့ ဇွန်းလိုက်ရှာတော့ ဘာဇွန်းလဲ ကျွန်မလည်း မြန်မာ၊ သူလည်းမြန်မာ လက်သေချာဆေးပြီး လက်နဲ့နယ်ပေါ့တဲ့။ ထမင်းစားရင်းနဲ့ သူ့ကို မေးကြည့်တယ်။ အန်တီပစ္စည်းတွေ အများကြီး မြန်မာနိုင်ငံကနေ သယ်လာနိုင်သားပဲဆိုတော့ သမီးရယ် အန်တီတို့ ဂျပန်ဝင်တော့ အားလုံး လက်လွတ်နီးပါး ကုလားပြည်ကို ထွက်ပြေးခဲ့ရတာ၊ ဘာပစ္စည်းမှ မသယ်နိုင်ခဲ့ပါဘူးတဲ့။ အခု အန်တီ့အိမ်မှာ ရှိတဲ့ ပစ္စည်းတွေက နောက်ပိုင်းမှ တဖြည်းဖြည်းချင်း စုပြီး အလှဆင်ထားရတာတဲ့။ ဓါတ်ပုံတွေတောင် မသယ်နိုင်ပါဘူးတဲ့။ အန်တီ့ပုံတွေ အင်တာနက်မှာတွေ့တယ်ဆိုတော့… ဟုတ်တယ်.. အန်တီလည်း သူများတွေ အန်တီ့ဓါတ်ပုံ အင်တာနက်မှာ တင်ကြတော့မှပဲ ကြည့်ရတော့တယ်လို့ ဆိုပါတယ်။ ကျွန်မလည်း ကျွန်မညီမ အင်တာနက်ကနေ ရှာပေးလိုက်တဲ့ လင်းပင်မျိုးဆက် ရှေးဟောင်းပုံတွေ သူ့ကိုပြကြည့်ပြီး မေးတော့ အံ့သြနေတယ်။ အရင်တုန်းက ဓါတ်ပုံတွေလည်း ကောင်းကောင်းမရှိပါဘူး။ စစ်ဖြစ် ဘာညာနဲ့ဆိုတော့. သူ့အမျိုးတွေလည်း ရှိတဲ့ ဓါတ်ပုံတွေတောင် ပျောက်ကုန်ကြပြီလို့ပြောတယ်လို့ သူက ပြောပါတယ်။ သူ နာဂစ်ဖြစ်တုန်းက မြန်မာနိုင်ငံကို ပြန်လာပြီး အလှူငွေကူတဲ့အကြောင်းကို မေးကြည့်တော့ သူက ၀န်ခံပါတယ်။ သူက ဒီကနေ ရန်ပုံငွေ နည်းနည်းရအောင် ရှာပေးတာပါ။ ဘာလို့လဲဆိုတော့ သူ့အမျိုးတွေက မုန်တိုင်းကယ်ဆယ်ရေးလုပ်နေတော့ သူက ပိုက်ဆံကူညီပေးတဲ့သဘောပါပဲလို့ ရှင်းပြပါတယ်။ သူ့မြေးက ပူဆာလို့ မြန်မာနိုင်ငံကို လွန်ခဲ့တဲ့ အဲဒီ ၂၀၀၈ ခုနှစ်က ပြန်ဖြစ်တာပါတဲ့။ သူ့သားဖြစ်တဲ့ အဲဒီမြေးရဲ့အဖေကတော့ ကွယ်လွန်သွားပါပြီ။ ဒါပေမယ့် မြေးဖြစ်သူက အဘွားတိုင်းပြည်ကို တွေ့ချင်တယ်လို့ ပြောဖူးတာကို သူကလည်း လိုက်ပို့မယ် ကတိပေးဖူးတာမို့ အစိုးရက ဗီဇာပေးရင်လည်း တို့ ပြန်ကြတာပေါ့ဆိုပြီး သူ ပြန်လာခဲ့ပါတယ်။ သူ မြန်မာပြည်ကနေထွက်ခွာလာတဲ့ နှစ်ပေါင်း ၄၀ ကျော်အတွင်းမှာ နှစ်ခေါက်ပဲ ပြန်ခဲ့တယ်လို့ ပြောပါတယ်။ ပထမတစ်ခေါက်မှာ ဘယ်သူမှ သတိမထားလိုက်မိကြပေမယ့် ဒုတိယအခေါက်ကျတော့ ရေဒီယိုကနေ ရတနာနတ်မယ် မြန်မာနိုင်ငံ ပြန်လာတယ် သတင်းလွှင့်လိုက်လို့ ထောက်လှမ်းရေးတွေ သူ့နောက်ကို နောက်ယောင်ခံလိုက်ကြပါတယ်။ သူ့အမျိုးတွေက သူဘယ်သွားသွား အဆင်ပြေအောင်ဆိုပြီး ဧည့်လမ်းညွှန်တစ်ယောက်ကို သူနဲ့အတူ ထည့်ပေးထားပါတယ်။ အဲဒီ ဧည့်လမ်းညွှန်လေးက … အမေကြီး..ဘာမှစိတ်မပူနဲ့။ ဘာမှမဟုတ်ဘူး.. ဘာမှမဟုတ်ဘူး..ခဏခဏပြောတော့ သူလည်း စိတ်ပူလာပြီး၊ ဘာလဲ.. ဘာဖြစ်တာလဲဆိုတော့မှ ထောက်လှမ်းရေးတွေက သူ့နောက်ကို လိုက်တဲ့အကြောင်း သိရပါတော့တယ်။ သူဘယ်သွားမယ်၊ ဘယ်သူနဲ့ တွေ့မယ် အားလုံးထောက်လှမ်းရေးကို ပြောရတယ်လို့ ဆိုတယ်။ သူက မြန်မာပြည်ကို ရောက်ကတည်းက ပြောထားတယ်။ ဘယ်အမျိုးအိမ်မှမတည်းချင်ဘူး၊ တည်းခိုခန်းမှာပဲတည်းမယ်ဆိုတော့ ဧည့်လမ်းညွှန်လေးကပြောတယ်.. အမေကြီး.. အမေကြီးတည်းချင်ရင်တောင် တည်းလို့မရဘူး။ ကျွန်တော်တို့က ပေးတည်းချင်ပေမယ့် အစိုးရ ပေါ်လစီအရ ပေးတည်းလို့ မရတဲ့အကြောင်း သူ့ကို ရှင်းပြတဲ့အကြောင်းတွေ သူ ပြောပြပါသေးတယ်။ ကျွန်မလည်း အခုလည်း အဲလိုပဲ အန်တီ။ ကျွန်မ အသိ မိတ်ဆွေ နိုင်ငံခြားသားတွေ အလည်လာရင်လည်း ကျွန်မအိမ်မှာ ပေးတည်းချင်ပေမယ့် အဆင့်ဆင့် ခွင့်တောင်းတာတွေ၊ မျက်နှာအောက်ချ ပြောဆိုရတာတွေနဲ့ စိတ်ညစ်လို့ ဟိုတယ်မှာပဲ တည်းခိုင်းရတယ်လို့ ပြောပြတော့… သြော် ဘာမှကို မပြောင်းလဲပါလားလို့ သူ ညည်းရှာတယ်။ သူ့အမျိုးတွေကတော့ ဒီနှစ် တန်းဆောင်တိုင်ကို ပြန်လာမယ်လို့မျှော်နေကြတယ်။ ဒီနှစ်ခါ တန်ဆောင်မုန်း ပွဲကြည့်ပါဦးဆိုပြီး ခေါ်နေကြတယ်ပေမယ့် သူ မပြန်နိုင်ပါဘူး.. ပြန်လည်း မပြန်ချင်ဘူး။ သူ့သား မိုက်ကယ်ကလည်း ပြန်ဖို့ပြောပေမယ့်.. မပြန်ချင်ဘူးလို့ ခပ်လေးလေး ပြောတယ်။ သူတို့တွေကတော့ မြန်မာပြည်မှာ အေးအေးသက်သာနေရမယ် ဘာညာလို့ပြောပေမယ့် ဘာအလုပ်မှမလုပ်ဘဲနေရင် သူ မြန်မြန်သေမှာတဲ့။ ဒါကြောင့်ဒီမှာပဲ နေဖို့ သူ ဆုံးဖြတ်တဲ့အကြောင်း ပြောပြတယ်။

ကျွန်မ ပြန်တော့ သူ အလုပ်မအားတဲ့ ကြားထဲကနေ လိုက်ပို့ပေးရှာတယ်။ အဲဒါနဲ့ ဘူတာရုံကို သွားတဲ့လမ်းမှာ သူ့ကို မေးကြည့်မိတယ်။ အန်တီ့ဘ၀ကို အန်တီ ဘယ်လိုမြင်လဲဆိုတော့ သူ့အဖြေက ရိုးရှင်းသလို စိတ်မကောင်းစရာလည်း ကောင်းပါတယ်။ အမေက တော်ဝင် မင်းမျိုးမင်းနွယ် မြန်မာ၊ အဖေက ဂုဏ်သရေရှိ သြစတြေးလျနိုင်ငံသား၊ အိမ်ထောင်ကျတော့ အီတလီ ဆရာဝန်။ နောက်ဆုံး အခုနေတော့ အီတလီမှာ။ အမေဘက်က ဆွေမျိုးလည်း မရှိ။ အဖေဘက်က ဆွေမျိုးလည်း မရှိနဲ့ဆိုတော့ သူကပြောတယ် သူလည်း မသိတော့ပါဘူးတဲ့။ သူ့ဘ၀ ဒီလို အကြောင်းတွေ ဖန်လာမယ်လို့တော့ သူလည်း ဘယ်သိခဲ့မလဲ.. ဒီလိုပဲပေါ့ သမီးရယ်တဲ့လေ။

ကျွန်မက သူ့ကို အန်တီ့အကြောင်းကို သူများတွေကပဲ စာရေးကြတယ်။ အန်တီ့အကြောင်းကို အန်တီကိုယ်တိုင် စာရေးပါဦးလို့ဆိုတော့.. သူက စာရေးတယ်ဆိုတာ အချိန်လိုတယ်ဆိုတဲ့အကြောင်း၊ သူ့မှာ သူ့စားဝတ်နေရေးအတွက် လုံးပန်းနေရတာမို့ စာရေးဖို့ မအားနိုင်တဲ့အကြောင်း ရှင်းပြပါတယ်။ ဒါပေမယ့် သူရေးထားတဲ့ စာအုပ်သေးသေးလေး သုံးအုပ်ရှိတယ်တဲ့။ တစ်အုပ်က သင်္ကြန်အကြောင်း၊ တစ်အုပ်က တန်ဆောင်တိုင်အကြောင်း၊ နောက်တစ်အုပ်က ဘုန်းကြီးတွေ ၀ိနည်းနဲ့အညီ ဘယ်လိုနေသင့်တယ်လို့ သူမြင်တဲ့အကြောင်း.. ဒါပါပဲတဲ့။ မြန်မာနိုင်ငံနဲ့ ပတ်သတ်တာက အခြားက သူဟင်းချက်နည်းစာအုပ်တွေ ရေးတယ်တဲ့၊ ဒါမှ ၀င်ငွေရမှာကိုးတဲ့။

ဘူတာရုံရောက်တော့ ကားပေါ်မှာပဲ သူ့ကို လက်အုပ်ချီကန်တော့ပြီး နှုတ်ဆက်ပါတယ်။ ဒီလို ကန်တော့နှုတ်ဆက်တာဟာ သူဟာ မင်းသမီးတစ်ပါးမို့ ပဒေသရာဇ်အနွယ်ကို ကိုးကွယ်လိုရင်းစိတ်ကြောင့် မဟုတ်ပါဘူး။ ကိုယ့်နိုင်ငံ ကိုယ့်မိဘနဲ့ ဝေးရာမှာ ဆုံတွေရတဲ့ ချစ်ခင်စရာမြန်မာအမျိုးသမီးတစ်ဦးကြီး တစ်ဦးအနေနဲ့ရော၊ သူ့ရဲ့ပလွှားဝါကြွားဟန်မရှိတဲ့ နှစ်လိုစရာကောင်းတဲ့အချက်တွေကြောင့် စိတ်ထဲမှာ ချစ်ခင်မိလို့ ကန်တော့နှုတ်ဆက်တာပါ။ အဲဒီအခါမှာ သူကလည်း မြန်မာလိုပဲဆုပေးတယ်။ ကျန်းမာပါစေ၊ ချမ်းသာပါစေပေါ့။ ကျွန်မ မိသားစုကိုလည်း သူက ဆုတောင်းနှုတ်ဆက်တဲ့အကြောင်း ပြောပေးပါတဲ့။ ကျွန်မလည်း အန်တီ ရတနာနတ်မယ် အသက်ရှည်ရှည်နဲ့ ဘ၀အကြောင်း အတွေ့အကြုံတွေအကြောင်း စာရေးဖို့ အချိန်ရပါစေဆိုပြီး ပြန်ဆုတောင်းပေးတော့ သူ ရယ်နေတော့တာပဲ။ ကျွန်မကို နမ်းပြီးနှုတ်ဆက်ပြီးတော့ သူ့ပုံစံအတိုင်း ကားကို ၀ူးကနဲ ၀ုန်းဒိုင်း ကွေ့ပြီး ပြန်သွားတယ်။

အပြန်လမ်းမှာ သူ့အကြောင်းပဲ စဉ်းစားနေမိတယ်။ ရတနာနတ်မယ်ဆိုတာ ကျွန်မအတွက်တော့ လေးစားအားကျရတဲ့ အတုယူ စံတင်ရမယ့် ထက်မြက်တဲ့ အမျိုးသမီး၊ ချစ်ခင်စရာ သားချင်းလိုမျိုး ခံစားမိတော့ သူနဲ့ ခွဲပြီး ရထားပေါ်တက်ချိန်မှာ မျက်ရည်ဝဲမိပါတယ်။ ကျွန်မ ဆွေမျိုးမိဘကို ခွဲခွာရသလိုမျိုး စိတ်မကောင်း ၀မ်းနည်းဖြစ်မိတယ်။ နောက်တစ်ချိန် ပြန်တွေ့နိုင်မလားဆိုတာ မသိနိုင်ပေမယ့် ကျွန်မ ပြန်တွေ့ချင်ပါသေးတယ်။ သူ့ဆီက သူ့အတွေ့အကြုံကို အခြေခံပြီးပြောပြမယ့် ဇာတ်လမ်းတွေ နားထောင်ချင်ပါသေးတယ်။

ခင်ငြိမ်းသစ်

၂၀ရက် ဂျွန်လ ၂၀၁၃

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...