Monday, June 24, 2013

“ရတနာ မြေမှာ ရှာမတဲ့လား”

by Soe Min (Notes) on Saturday, June 22, 2013 at 10:13am

             ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ရုံးကိစ္စတစ်ခုနဲ့ နေပြည်တော်ကိုသွားတဲ့အခါ မနက်အာရုံမတက်ခင်
ရောက်သွားတာမို့ ကျောတစ်ခင်းစာနားနေရအောင် စည်ပင်ဧည့်ရိပ်သာကို ၀င်ဖြစ်ပါတယ်။ အချိန်မတော်
ဝေလီဝေလင်းကြီးမှာတောင် ၀င်းပြင် အဆောင်ရှေ့ ငုတ်တုတ်ကလေးတွေ ထိုင်ငိုက်နေရတဲ့ သူတွေအများကြီး တွေ့ရတာမို့ အခန်းမရနိုင်ဘူးဆိုတာ သေချာသလောက်ပါပဲ။ ဒါနဲ့ပဲ မင်းနေပြည်ထဲက ရှိရှိသမျှ တည်းခိုဆောင် ဟော်တယ်တွေမှာ ဘယ်နေရာမှာမှ အခန်းလွတ် မကျန်တော့ဘူး ဆိုလို့ တော်တော် အံ့သြမိသွားတယ်။ ပျဉ်းမနားဘက်တော့ ရကောင်းရဲ့ဆို ကားတစ်စီးနဲ့ မြို့ပတ်ပြီးရှာတာတောင် အစွန်အဖျား ချောင်ကလောင်ထဲက တည်းခိုခန်းကလေးတွေပါမကျန် ကားရပ်စရာ နေရာမရှိအောင် စည်ကားပြည့်ကြပ်နေတာ တွေ့လိုက်ရပါတယ်။
ဘယ်လိုများ ဖြစ်ရပြန်ပါလိမ့်။ ရုံးကိစ္စတွေက အဲသည်လောက်တောင် စည်ကားနေရသလားဆို အိမ်ခံဝန်ထမ်းတစ်ယောက်ကို စကားစပ်ကြည့်တော့မှ “နှစ်တိုင်း ကျောက်မျက်ပွဲရှိရင် အဲသလိုပဲ ဖြစ်နေကျ” လို့ ပြောပါတယ်။ ပုဂ္ဂလိကဆေးရုံတွေမှာတောင် ဆေးမကုပဲ အခန်းယူ ဆေးရုံအတက်ပြပြီး တည်းနေကြရတဲ့အဖြစ် လို့ သိရတယ်။ ကြည့်စမ်းပါဦး။ သတ္တုတွင်း ၀န်ကြီးဌာနတစ်ခုတည်းကလုပ်တဲ့ ပွဲကလေးတစ်ပွဲနဲ့တောင် အဲလောက် လူတွေ ကျပ်ပိတ်သိပ်နေတာဆိုတော့ ဟော်တယ်တွေက နည်းနည်းလေးမို့လား လို့ မထင်လိုက်နဲ့။ ဟော်တယ်ဇုံဆိုတာကြီးကိုပဲ မျက်စိထဲ မြင်ကြည့်စမ်းပါ။ အဲလောက်များတဲ့လူတွေ အဲသလောက် ဒုက္ခခံပြီး လာကြတာ ကိုယ်တွေ Shopping Mall ပတ်သလို မ၀ယ်ပဲနဲ့ ဟိုကြည့်သည်ကြည့် လုပ်ဖို့ သက်သက်တော့ ဘယ်ဟုတ်ပါ့မလဲ။ တစ်နှစ်တစ်နှစ်ကို ရောင်းရတဲ့ မြန်မာငွေ နိုင်ငံခြားငွေဆိုတာ ကြောက်ခမန်းလိလိ ရှိပေလိမ့်မယ်။ ဂလိုဂလို ကြွယ်ဝသောတိုင်းပြည်ကြီးမှာ တိုင်းသူပြည်သားအများစုက ငတ်တလှည့်ပြတ်တလှည့် ဆင်းရဲတွင်းက မတက်ဘူးဆိုတာကတော့ အတိတ်ဘ၀က ဒါနမျိုးစေ့နည်းခဲ့လို့ ဆိုတာထက် လက်ငင်းဘ၀ အသိဥာဏ်နုံနဲ့လို့က ပိုလိမ့်မယ် ထင်ပါတယ်။ အလကားနေရင်း မသိသူကျော်သွား သိသူဖော်စားတာကို မနာလိုလို့တော့ ဘယ်ဟုတ်မလဲ။ ကိုယ့်အိမ်အောက်က ရွှေတွင်းကိုလိုချင်လို့ အတင်းအကျပ် ခွေးမောင်းသလို မျောက်မောင်းသလို မောင်းထုတ်ပြီး မျက်စိအောက်တင် မရဒဿကချိုင်။ နင်တို့တွေ အ လို့ခံရတာ ခံကြဆိုတာမျိုး အနိုင်အထက် ပြုသလို ခံစားရတာမို့ မခံချိမခံသာ ဖြစ်ရတာပါ။

            ဟိုးရှေးရှေး သက်ဦးဆံပိုင်ဘုရင်တွေခေတ်တုန်းကတော့ တစ်နိုင်ငံလုံးကလူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်မှန်သမျှ ဘုရင်ကပိုင်တယ် လို့ သတ်မှတ်ထားတာမို့လို့ ဘယ်သူကမှ အထွန့်မတက်ခဲ့ကြပါဘူး။ ကိုယ့်ဘာသာ တူးလို့ရတဲ့ကျောက်လည်း ဘုရင်ကိုဆက်သရတယ်။ ဘုရင်က ဆုတော်လာဘ်တော် ပေးသမျှနဲ့ ကျေနပ်ရတယ်။ ခုထက်ထိ မြန်မာတွေ ဂုဏ်ဖော်ပြီး ပြောပြောနေတဲ့ ငမောက်ပတ္တမြားကြီးမှာ အင်မတန် ရင်နာစရာကောင်းတဲ့ ဇာတ်လမ်းကလေးရှိတဲ့အကြောင်း ဘယ်သူမှ မသိကြဘူး။ နို့ငါးပိဿာ၊ ၀ါဂွမ်းတစ်ပိဿာထဲထည့်ထားရင်တောင် မီးမထွန်းပဲ လင်းထိန်လာသတဲ့။ ဗြိတိသျှအ၀ယ်တော်များတောင် ဈေးစကားဆို တန်ဖိုးမဖြတ်နိုင်လို့ မိုးကုတ်ကျောက်တွင်း အရောင်းအ၀ယ်စာချုပ် ပျက်သွားတယ် ဆိုတာလောက်ပဲ မှတ်မိကြတယ်။ ငမောက်ပတ္တမြားလို့ခေါ်တာက မိုးကုတ်သား ငမောက်ဆိုတဲ့သူ တူးဖော်ရလို့ သူ့နံမယ်ကို ပေးထားတာပါတဲ့။ မြန်မာမင်းအဆက်ဆက် တန်ဖိုးထားဆင်မြန်းခဲ့ရတဲ့ တန်ဖိုးအကြီးဆုံး နန်းစဉ်ရတနာတစ်ပါးဖြစ်တယ်။ ငမောက်ကို ဆုတော်လာဘ်တော် ဘယ်လောက် ပေးခဲ့သလဲတော့ မဖတ်ဖူးပါဘူး။ ဒါပေမယ့် ငမောက်တို့မိသားစုအားလုံး ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် အသတ်ခံရတယ် လို့တော့ ပါတယ်။ အပြစ်ကတော့ ငမောက်ပတ္တမြား ကွမ်းသီးလုံးထက်ခြမ်းအရွယ်ဖြစ်နေတာ ငမောက်က ထက်ခြမ်းခြမ်းပြီး ဘုရင်ကို တစ်ခြမ်းပဲ ဆက်တာမို့လို့ လို့ ပြောတယ်။ နောက်တစ်ခြမ်းက တရုတ်ကို ထုတ်ရောင်းတာတဲ့။ တစ်ခြမ်းအလကားရတာတောင် ကျေးဇူးမတင်ပဲ ဆွေစဉ်မျိုးဆက် သတ်ပစ်တဲ့ မြန်မာရှင်ဘုရင်စိတ်ထားက သည်ကနေ့ထိများ အမြစ်တွယ်နေသေးသလား မပြောတတ်ပါဘူး။ ငမောက်တို့မိသားစုထဲက မနန်းဆိုတဲ့ အမျိုးသမီးတစ်ယောက်ပဲ ထွက်ပြေးလို့ လွတ်ပါသတဲ့။ ဒါပေမယ့် သူလည်း မိုးကုတ်ကအထွက်မှာ သူ့ဆွေမျိုးတွေ မီးလောင်တိုက်သွင်းတဲ့ မီးခိုးတွေကို လှမ်းမြင်တော့ ရင်ကွဲနာကျသွားတယ် လို့ ဆိုတယ်။ ဒါကြောင့် သူ အပေါ်က လှမ်းကြည့်တဲ့တောင်ကို နန့်ကြည့်တောင် လို့ ခေါ်ကြတယ် လို့ ပုံပြင်ဆန်ဆန် ပြောကြလေရဲ့။ ဒီအဖြစ်အပျက်ကို ဟုတ်ပါတယ် မှန်ပါတယ် အတင်း မငြင်းဘူးနော်။ ဒါပေမယ့် ဒီအဖြစ်အပျက်နဲ့ အလားတူ ဖြစ်ရပ်မျိုး ကိုယ်တွေ့ကြုံလာရတဲ့အခါကျရင် မယုံရင် ပုံပြင်မှတ် လို့ ပါးစပ်ပြောကလေးနဲ့ ပြောဖို့ မလွယ်တော့ဘူး။

            ပတ္တမြားဆန်ကျိုး အဖိုးပြည်တန်မို့ ဘယ်လောက်ပဲ တန်ဖိုးကြီးပါစေလေ။ ကိုယ့်တိုင်းပြည်ကြီး သူ့ကျွန်ဘ၀ရောက်သွားတော့ အဲသဟာကြီးက လမ်းခင်းထားတဲ့ ကျောက်စရစ်ခဲတစ်ခဲလောက်မှ အဖိုးမတန် အသုံးမ၀င် ဖြစ်သွားရတယ်။ ရှင်ဘုရင်ကိုယ်တိုင်က သူ့လာဖမ်းတဲ့ ကာနယ်စလေဒင်ကို ယုံယုံကြည်ကြည်နဲ့ပဲ အပ်အပ်၊ ကြောက်ကြောက်လန့်လန့်နဲ့ပဲ အပ်အပ်၊ နောင်လာနောက်သားပြစရာ အမှတ်တရ ဓါတ်ပုံကလေးတောင် မကျန်ရစ်ဘူး။ သူခိုးလက်က သူဝှက်တွေ အဆင့်ဆင့် လုကြရင်း ဘယ်ရောက်သွားမှန်းမသိ စုပ်စမြုတ်စ ပျောက်သွားပေမယ့် ကိုယ်တွေကတော့ လွမ်းလည်းမလွမ်း နှမြောလည်း နှမြောမနေပါဘူး။ ရတနာဆိုတာ ထိုက်သူစံလေ။ တိုင်းပြည်ထီးနန်းမှ မြဲအောင် မအုပ်စိုးနိုင်တဲ့ ရှင်ဘုရင်က နန်းစဉ်ရတနာနဲ့ ထိုက်တန်တဲ့ ဦးနှောက် ဘယ်ရှိပါ့မလဲ။ နန်းကျဘုရင်ချင်းအတူတူ မနူဟာတုန်းကမှ ပတ္တမြားမျက်ရှင်တစ်လုံးတည်းနဲ့ ဘုရားအကြီးကြီးတစ်ဆူ တည်သွားနိုင်သေးတယ်။ ဒါကြောင့် ကျောက်မျက်ရတနာရဲ့တန်ဖိုးဆိုတာ လူ့အသိဥာဏ် ဦးနှောက်နဲ့ ပေါင်းလိုက်မှသာ တန်ဖိုးတွေ တက်တက်လာတာ လို့ ပြောခဲ့ဖူးပါတယ်။  တန်ဖိုးမထားတတ်တဲ့ ရှင်ဘုရင်လက်ထဲက သယံဇာတ အမွေအနှစ်ဆိုတာ တိုင်းတပါးသားတွေ နှပ်ချသမျှ ခံရတဲ့ ငအလက်ထဲက ရွှေခွက်နဲ့ အတူတူပဲ။

           ခုခေတ်မှာတော့ ငမောက်ပတ္တမြားဆိုတာ ပျင်းတောင် ပျင်းသေးတယ် ဖြစ်သွားပြီ။ ကမ္ဘာပေါ်မှာ အကြီးဆုံး န၀တပတ္တမြားကြီးဆိုတာ မြန်မာပြည်ကထွက်တာ။ ဦးနေ၀င်းခေတ်တုန်းက တန်ချိန်နဲ့ချီတဲ့ ကျောက်စိမ်းတုံးကြီးကိုလည်း နယ်စပ်က ပြန်သိမ်းလာခဲ့သတဲ့။ မူဆယ်အထက် ကြယ်ဂေါင်မှာတင် ကျောက်စိမ်းနန်းတော်ကြီးကို ဒဏ္ဍာရီမဟုတ်ပဲ မျက်ဝါးထင်ထင် တွေ့ခဲ့တယ်။ မိုင်းရှူးတစ်တွင်းထဲကတင် မြန်မာပြည်မှာ အချမ်းသာဆုံး ခရိုနီနဲ့ သူ့ဘိုးတော်ကြီးကို မွေးထုတ်ပေးခဲ့တယ်။ ရွှေကျင်ဘက်က တစ်နေ့ကို တန်ချိန်နဲ့ချီတဲ့ ရွှေတွေထွက်တာရော မယုံဘူးလား။ ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်ကလူတွေ ငတ်ပြတ်နေတိုင်း ငါတို့တိုင်းပြည်ကြီးက အငတ်တိုင်းပြည်ကြီးလို့ ထင်နေရင် ကိုယ့်အသိဥာဏ်က ငတ်ဖို့လောက်သာ တန်တယ် လို့ သဘောပေါက်လိုက်ပါလေ။

            ဒါက ကိုယ့်မြန်မာအချင်းချင်း အားလုံးအတူတူထားပြီး စဉ်းစားတာပဲ ရှိသေးတယ်။ တကယ်လို့များ ဖက်ဒရယ်ဆန်ဆန် တိုင်းရင်းသားတွေကို ပြည်နယ်ပြည်မ ခွဲခြားပြီး တွေးလိုက်မယ်ဆိုရင် ဘယ်လောက်များ အသည်းနာစရာ ကောင်းသလဲ။ ငါတို့ပြည်နယ်ကထွက်တဲ့ သယံဇာတတွေကို ဗမာတွေက အကုန် လက်ဝါးကြီးအုပ် အပိုင်သိမ်းပြီး ငါတို့ကို ကျောင်းလေး ဆေးရုံလေးမှ လောက်ငှအောင် စီစဉ်မပေး၊ လျှပ်စစ်မီး၊ ကားလမ်းကလေးမှ လူစဉ်မှီအောင် ဆောင်ရွက်မပေးဘူး လို့ တွေးမိရင် သူတို့လည်း နန့်ကြည်တောင်ပေါ်က မြင်ရသလို ခံစားရမှာပဲ။ ပြောတော့ဖြင့် ဗမာတစ်ကျပ် ရှမ်းတစ်ကျပ် နဲ့ မဲဆွယ်ထားပြီး။ ဟုတ်ပါရဲ့ ဘရာသာတို့ရယ်။ တကယ်တော့ ခင်ဗျားတို့ တစ်ပြားမှ မရသလို ဗမာတွေလည်း တစ်ပြားမှ မရပါဘူး။ ဘယ်သူတွေ ရနေသလဲဆိုတာ လူအနေနဲ့ပဲ သီးခြား မြင်ပေးကြပါ။ ဗမာတွေ ရနေတယ် မထင်ပါနဲ့။ ကျုပ်လည်းပဲ ဗမာစစ်စစ် စစ်စစ်နဲ့ မြည်နေတာကို အရိုးအရင်းတောင် ကိုက်ရတာ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ အဲသည်အခွင့်အရေးတွေကို ကာကွယ်ကြရအောင် ခင်ဗျားတို့ဘက်က ဆော်သြနေတာပါ။ (ရရင်တော့ ငြိမ်နေမှာပေါ့။ ဟုတ်ဘူးလား။)

            ဒါဖြင့်ရင် ဘာလုပ်ရမှာလဲ။ ထမင်းမစားပဲ ဆန္ဒဖော်ထုတ်နေရမှာလား။ ငတ်လို့မသေခင် မီးလောင်ဗုံးစာ မိသွားမှာပေါ့နော်။ ကိုယ့်အပေါ်မှာ မတရားအနိုင်ကျင့်လာတယ် လို့ ခံစားရရင် တရားသဖြင့် ဖြစ်စေဖို့အတွက် တရားဥပဒေစိုးမိုးရေးကို အရင် အလေးထားရမှာပေါ့။ ဥပဒေတွေ ရှိသားပဲ။ အဲသည်ဥပဒေနဲ့အညီ ဖြစ်စေရမှာပေါ့။ သည်အတွက်တော့ ဥပဒေအရ ကိုယ့်ရဲ့ ပိုင်ခွင့်က ဘယ်အတိုင်းအတာထိ ရှိသလဲ။ သူများမတရားလာသိမ်းတာကို ဥပဒေနဲ့ ဘယ်လို ကာကွယ်ရမလဲ ဆိုတာကို စဉ်းစားရမှာပေါ့။ ပြဿနာက သည်နေရာမှာတင်လည်း ပြီး မသွားပါဘူး။ အနိုင်ကျင့်တဲ့သူတွေကို တရားဥပဒေအရ အရေး မယူနိုင်ဘူး။ အဲဒီတရားဥပဒေဆိုတာကြီးက ကိုယ့်ကို အကာအကွယ် မပေးနိုင်ဘူး ဆိုပါတော့။ (ဆိုပါတော့ နော် ဆိုပါတော့) ဒါဆိုရင် တစ်စုံတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုက တရားဥပဒေရဲ့ အထက်မှာ ရှိနေတယ် လို့ ခေါ်တယ်။ အရင်တုန်းကတော့ အဲဒါ မထူးဆန်းဘူး။ ဥပဒေဆိုတာ ဘုရင်က ပြဌာန်းတာ။ သူ့စိတ်ကြိုက် ပြုပြင်စီရင်လို့ရတယ်။ အခုခေတ်မှာတော့ ဥပဒေပြုလွှတ်တော်ဆိုတာ ရှိတယ်လေ။ အသစ်ဖွဲ့စည်းထားတဲ့ နိုင်ငံကြီးမို့ လူတွေ သိန်းချီသေတဲ့ နာဂစ်မုန်တိုင်းကြားမှာတောင်  ၉၈%လောက် ထောက်ခံမှုရယူထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာကြီး ရှိတယ်။ အဲဒီဖွဲ့စည်းပုံအရ နိုင်ငံတော်ကို အာဏာထောက်တိုင်ကြီး သုံးခုနဲ့ ထူထောင်ထားတယ်။ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ၊ ဥပဒေပြုအာဏာတဲ့။ အဲသည်သုံးခု တစ်ခုကိုတစ်ခု အပြန်အလှန် ထောက်ပံ့ပြုပြင်သွားနိုင်တော့မှသာ ကိုယ်လိုချင်တဲ့ တရားဥပဒေစိုးမိုးရေးကို ကြပ်မတ်ပြုပြင်နိုင်လိမ့်မယ်။ အခုချိန်မှာ တရားဥပဒေအထက်မှာ တစ်ယောက်ယောက် ရှိနေသေးရင် အဲသည်ထောက်တိုင်ကြီးတွေ လှုပ်ရှားသက်ဝင်မလာသေးပဲ ဟန်ပြသက်သက် မို့ လို့ ဆိုရမယ်။ (ရှိနေသေးရင် လို့ပဲ ပြောတာနော်။ ရှိနေတယ် လို့ မဆိုလိုဘူး။ သားသားက ဒေါက်တာဆိတ်ဖွား မဟုတ်။ ရှိ မရှိ ကိုယ့်ဘာသာ စဉ်းစား)

           ဒါမျိုးကိစ္စတွေမှာ လူတွေက ရတာကိုပဲ မြင်တာပါ။ ကုန်နေရတာတွေကျတော့ ဘယ်သူမှ စိတ်ဝင်စားတာ မဟုတ်ဘူးလေ။ နှစ်စဉ် နိုင်ငံတော်က ကုန်ကျခံရတဲ့ အသုံးစားရိတ်က ဘယ်လောက်ကြီးတယ် မှတ်လဲ။ လူတစ်ယောက်စာအတွက် တစ်ရက်မှာတစ်ရာဖိုး အကုန်အကျခံရင်တောင် လူသန်းခြောက်ဆယ်အတွက် နေ့စဉ် သန်းခြောက်ထောင် စားရိတ်ရှိမယ်။  မယုံရင် ဘဏ္ဍာရေးဝန်ကြီးဌာနကို အောဒစ်ဝင်ကြည့်။ ပိုသမျှပေးမယ် လိုရင် ခင်ဗျားစိုက်မလား လို့ မေးလိမ့်မယ်။ ဒီအခါမှာကျတော့ သူတို့တတွေ ဂုဏ်ဖော်ပြီး ပြောပြောနေတဲ့ စတုတ္ထထောက်တိုင်ကြီးကိုလည်း အားကိုးရပြန်တယ်။ မြင်သာထင်သာ မရှိတဲ့ ဘယ်ကရပြီး ဘာတွေသုံးတယ်ဆိုတဲ့ဟာကို ပွင့်လင်းမြင်သာမှု နဲ့ ထားရင် စကားပြောစရာ မလိုတော့ဘူးပေါ့။ (ရိုးသားတယ်ဆိုရင်ပေါ့လေ) ဟိုးတလောက အ၀ှာပြုလို့ ပြုတ်တော်မူသွားတဲ့ ဘဘကြီးတစ်ယောက်အိမ်က သိန်း ၃၀၀၀တန်ကား အစီး၂၀ကျော်ကို သူတို့အချင်းချင်းထဲ ပြန်ပြီးလေလံပစ်တယ်ဆိုတဲ့ သတင်းမျိုး ရေးရဲရင် အဲဒီဘတ်ဂျက်တွေ ဘယ်ရောက်သွားသလဲ အရိပ်အမြွက် သိရမယ် မဟုတ်လား။ ဘဘကြီးကတော် စပွန်ဆာပေးတဲ့ တစ်ယောက်အိမ်မှာ သိန်းထောင်ချီတဲ့ ပန်းချီကားပေါင်းများစွာ စုဆောင်းထားတယ်ဆိုတာကို အတိအကျ သတင်းလိုက်ချင်သေးရင် လိပ်စာပေးဦးမဗျား။ (သူတို့လည်း သိပြီးသားပါ။ ရေးသာ မရေးရဲလို့) အဲသလိုမျိုး မျက်စိထောက်ထောက် ချောက်ချမယ့်သူတွေ ရှိရင် ပြောင်တော့ စားရဲတော့မှာ မဟုတ်ဘူးပေါ့။ ဆင်းရဲသားတွေ စုဆောင်းပြီး ကားဝယ်စီးရင် “ဘယ်ကရသလဲ။ ဘယ်ကရသလဲ” နဲ့ အနံခံလာသူကြီးတွေ ဘနဲ့ကျတော့ နှာစေးနေတာ ထုံးစံပဲ။

           တိုင်းပြည်ကထွက်တဲ့ သယံဇာတတွေက တိုင်းပြည်ဘဏ္ဍာထဲ မရောက်ပဲ ဘယ်သူဘယ်ဝါတွေက ဖြတ်ဘုံးသွားတယ် လို့ မဆိုလိုပါဘူး။ စီးတဲ့ရေတွေက ဆည်တဲ့ကန်သင်းအဆင့်ဆင့်နဲ့ ကုန်သွားပြီး လယ်ထဲ ရေမရောက်တဲ့အဖြစ်ကိုပဲ ပြောတာပါ။ လူတွေက ဆင်တစ်ကောင်လုံး ဘယ်လောက်ကြီးတယ်သာ မြင်တာ ဆင်သတ်ပြီး အရပ်ဝေလိုက်ရင် ဘယ်လောက်မှ မရဘူးဆိုတာ မသိဘူး။ သို့သော်လည်း ဆင်မြီးကလေးမှ လက်စွပ်ကွင်းလောက်အောင် မရတဲ့သူကတော့ သူများတကာတွေ ဆင်ခေါင်းခွေးမချီနိုင်ဖြစ်နေတာ တွေ့ရင် မတရားဘူးလို့ စိတ်ထဲမှာ ခံစားရမှာ အမှန်ပဲ။ ဒါကြောင့် ဆင်ဖျက်တဲ့ မုဆိုးကြီးများ လူမြင်သူမြင် ဝေပါခွဲပါကြောင်း ပွင့်လင်းမြင်သာစေဖို့ ကောင်းတာပါ။ ခုလည်း ပွင့်ပွင့်လင်းလင်းပါပဲ။ ရန်ကုန်က ကျောက်မျက်ပြတိုက်မှာရော နေပြည်တော်က ပြပွဲကြီးတွေမှာပါ ထိပ်ထိပ်ကျဲ ကျောက်ကုန်သည် လုပ်တဲ့သူတွေဆိုတာ လူကြီးနဲ့ ဆွေမတော်မျိုးမတော် တစ်ယောက်မှ မပါဘူး။ အရင်းအချာကြီးတွေချည့်ပဲ။ အမေကြီးကားမှာတောင် စိန်တိုက်ဖွင့်ဦးမတဲ့။ ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ကြရုံသာ ရှိတော့တယ်။

            ဆရာဝန်တွေဆီက တစ်နှစ်ကို သိန်းသုံးလေးဆယ် အခွန်ကောက်သင့်ပါတယ်ဆိုတဲ့ စေတနာရှင်ကြီးတောင် အဲသည်ကျောက်ကုန်သည်တွေနဲ့တော့ အမျိုးတော်လို့လား မသိပါဘူး။ ရေလည်းငုံလို့ နှုတ်လည်းပိတ်လို့။ ပြပွဲမှာ ရောင်းသမျှ ပွဲခွန်ပါပြီး လို့ ဘောက်ချာထဲရေးထားတာတော့ တွေ့ပါရဲ့။ ကျုပ်တို့ အခွန်ဆောင်တော့စစ်သလို ဘယ်က ပိုက်ဆံဝင်ငွေနဲ့ ၀ယ်တာလဲ။ မိသားစု ဘယ်နှစ်ယောက်စားတာမို့ ပိုလျှံနေတာလဲ အစစ်အဆေး အမေးအမြန်းမရှိ။ စိန်ခွန်ကျောက်ခွန် လွတ်ပြီး ကိုယ်တွေသာ ဆေးရိုးခွန်နဲ့ ထောင်ကျရမယ့် ကိန်းပဲ။ (ရေရေရာရာ မပြနိုင်ရင် ပစ္စည်းတန်ဖိုးရဲ့ ၅၀% ဆောင်ရမတဲ့) လူတွေဟာ ဆင်းရဲလွန်းရင် ကွန်မြူနစ်စိတ်ဝင်တတ်သလား မသိပါဘူး။ သူများတကာတွေက အရမ်းချမ်းသာ၊ ကိုယ်တွေက တနေ့တခြား ဆင်းရဲလာဆိုတော့ ခုနေခါများ သိကြားမင်းကြီးက ဗိုလ်အောင်ဆန်း နဲ့ ဗိုလ်နေ၀င်း ဘယ်သူ့ပြန်ယူမလဲလို့ မေးရင် နောက်လူကိုပဲ ယူတော့မယ်ဗျာ။ မုန်းလွန်းလို့ နောင်မှ ဘာနဲ့ပဲ ငုံထွေးရ ငုံထွေးရ။ လောလောဆယ်တော့ သူလာရင် အကုန်ပြည်သူပိုင်သိမ်းပြီး သမဆိုင်ကနေ တန်းစီဝေပစ်မှာ မဟုတ်လား။ အိမ်း အခုမှပဲ တကယ် နောက်ကြောင်းပြန်လှည့်ချင်နေတဲ့ တရားခံအစစ်ကို တွေ့ရပေတော့တယ်။ ဆဲချင်ဆိုချင်သူများ အားပါးတရ ဆဲနိုင်ကြစေကုန်သတည်း။

http://vocaroo.com/i/s11O46kz8Fue

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...