Thursday, June 27, 2013

ဒီအတိုင်းလေးပဲကောင်းပါတယ်




ဇွန်လ ၂၄ ရက်နေ့ထုတ် The Voice Daily နေ့စဉ်သတင်းစာပါ Opinion အခန်းကဏ္ဍတွင် ပါရှိလာသည့် 'လက်အုပ်လေးတွေဖြုတ်ပေးပါ' ဆိုသော ဆောင်းပါးလေး တစ်ပုဒ်ကို ဖတ်လိုက်ရပါတယ်။ ယခုလို အခြေအနေ အချိန်အခါမျိုးတွင် ဆန္ဒစော၍ ရေးသားလိုက်မိခြင်းဟုပင် ထင်မြင်မိပါသည်။ စိတ်တွင် တစ်စုံတစ်ရာ ခံစားရမည်ဆိုလျှင်လည်း ဂါရဝပြု တောင်းပန်အပ်ပါသည်။



အခြေအနေ အကြောင်းတရားမျိုးစုံနှင့် ကြုံတွေ့နေရသော ကျွန်တော်တို့၏ အမိမြန်မာနိုင်ငံတော်ကြီးမှာ ဝမ်းနည်းစရာ ကောင်းလောက်အောင် ဖြစ် ပျက်နေတာတွေဟာလည်း အားလုံးသော ပြည်သူပြည်သားတွေ အသိ ပင်ဖြစ်ပါသည်။ ပြီးခဲ့တာတွေ အပေါ်မှာကော၊ နောင်လာမည့် အနာဂတ် အတွက်ကော တစ်ဦးနှင့် တစ်ဦး၊ တစ်ဖက်နှင့် တစ်ဖက် အပြစ်တွေ မမြင်ကြ ပါဘဲ အနှစ်သာရရှိသော၊ ကောင်းကျိုးတရားကို ဖြစ်ထွန်း ဦးတည်စေသော ပူးပေါင်း ပါဝင်ဆောင်ရွက်ဖို့ ကိစ္စတွေမှာ အားလုံးအနေဖြင့် တို့ပြည်၊ တို့မြေ၊ အချုပ်အခြာ အာဏာအတွက် သံသယတွေ ပျောက်ပြီး အမှန်ဘဝ ကို ရောက်အောင် ကြိုးစားကြဖို့ အချိန်တန်ပါပြီဟု ထင်မြင် သုံးသပ်မိပါသည်။

လက်အုပ်ချီခြင်း နှစ်မျိုးကို တင်ပြလိုပါသည်။ ပထမ တစ်မျိုးမှာ လက်ဖဝါးနှစ် ဖက်ကို ကပ်ပြီး လက်အုပ်ချီခြင်းမှာ မိမိနှင့်သူတစ်ပါး တွေ့ဆုံ နှုတ်ဆက် ရာတွင် ဂါရဝတရား ထားကြောင်း (အရိုအသေပြုကြောင်း) ပင်ဖြစ်ပါသည်။ ဒုတိယ တစ်မျိုးမှာ မြတ်စွာဘုရားရှင်ကို ဖူးမြော် ပူဇော်ရာတွင် လက်ဖဝါး နှစ် ဖက်အား ကြာဖူး၊ ကြာငုံကဲ့သို့ ဖူးဖူးအုပ်အုပ် ပြုလုပ်ပြီး ဒူးနှစ်ဖက်၊ တံတောင် နှစ်ဖက်၊ နဖူးတို့ကို ကြမ်းပြင်ထိပြီး ရှိခိုးကန်တော့သည့် လက်အုပ် ချီမိုးခြင်းသာလျှင် ရှိခိုး ကန်တော့ခြင်း ဖြစ်ပါသည်။ (ဗုဒ္ဓဘာသာဝင်များ ရှိခိုး ကြရသည့် ထိခြင်း ငါးပါး ရှိခိုးခြင်းပင် ဖြစ်ပါသည်။)

ကျွန်တော်တို့ တက်ရောက်ခဲ့သော သင်တန်းများတွင်လည်း သင်တန်းနည်းပြ ဆရာကြီး၊ ဆရာမကြီးများမှလည်း အမြဲလိုလိုပင် သြဝါဒ ပေးလေ့ရှိပါသည်။ တစ်ဦးနှင့် တစ်ဦး တွေ့ဆုံ နှုတ်ဆက်ကြရာတွင် လက်အုပ်ချီ (လက်ဖဝါးနှစ်ခု အပြားလိုက် ပူးကပ်ထားပြီး) နှုတ်ဆက်ခြင်းမှာ တစ်ဦးနှင့် တစ်ဦး ကာယကံမေတ္တာ (တစ်ဦးနှင့် တစ်ဦး ရန်သူတွေမဟုတ်ဘူး။ မိတ်ဆွေတွေ သာဖြစ်တယ်လို့ ခံယူထားခြင်း) ဖြစ်ပါတယ်။ ထိုအချိန်မှာပင် နှုတ်ဖြင့် မင်္ဂလာ တရားနှင့် ပြည့်စုံသော နှုတ်ဆက်စကားကို အသံထွက်ပြောဆို နှုတ်ဆက် လိုက်သည့်အခါ ဝစီကံမေတ္တာလို့ ဆိုပါတယ်။ (ဥပမာ.. မင်္ဂလာပါ၊ ပဉ္စဂုဏံ အဟံဝန္ဒာမိပါ၊ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ... စသဖြင့်) ဆက်လက်၍ မိမိတို့၏ စိတ်နှလုံးသားထဲဝယ် ကျန်းမာစေကြောင်း ချမ်းသာစေလိုကြောင်း စိတ်အာရုံထားပါက မနောကံ မေတ္တာထား၍ ဂါရဝ ပြု၍ နှုတ်ဆက်ခြင်း အရိုအသေ ပြုခြင်းသာ ဖြစ်ပါတယ်။

ယနေ့ခေတ်ကာလတွင် ရုပ်ပိုင်းဆိုင်ရာများ ခေတ်မီ ဖွံ့ဖြိုး တိုးတက်လာသော် လည်း စိတ်မကောင်းစရာ ဝမ်းနည်းစရာ ကောင်းသည်မှာ စိတ်ပိုင်းဆိုင်ရာ များ အလွန့် အလွန်ကို ဆုတ်ယုတ် နိမ့်ကျလာသည်မှာ မည်သူမျှ ငြင်း ပယ်နိုင်မည် မဟုတ်ပါလား။ ဥပမာအားဖြင့် ဘတ်စ်ကားစီးရာတွင် 'သံဃာတော် ဦးစားပေးပါ' ထိုင်ခုံတွင် အခန့်သား ထိုင်နေကြသူများသည် သံဃာတော် ကြွလာလျှင် နေရာမှ 'ထ' မပေးဘဲ ထိုင်မြဲ ထိုင်နေကြသည် ကို တွေ့ဖူးကြပါလိမ့်မည်။ ကိုယ်ဝန်ဆောင်သည်တွေ အသက်အရွယ် ကြီးရင့် သူများ၊ ကိုယ်ခန္ဓာ မသန်စွမ်းသူများ စသဖြင့် ယာဉ်ပေါ်တွင် ရောက်ရှိလာပါ က ခေတ္တခဏသာ ထိုင်ရသည့် ကိစ္စလေးကိုပင် သည်းခံခြင်းတည်းဟူသော စိတ်ကလေးများ ပျောက်ကွယ်သွားပြီဖြစ်ပါတယ်။

ယနေ့ခေတ် ကျောင်းသူ၊ ကျောင်းသား လူငယ် လူရွယ်များတွင် မိဘဆရာ သမား၊ သက်ကြီးရွယ်အိုများကို ဆက်ဆံ ပြောဆိုရာတွင် အပြုအမူပိုင်း ဆိုင်ရာ ချွတ်ယွင်းမှု (Lack of Manner) ဖြစ်နေကြပါပြီ။

စာသင်ကျောင်းများတွင် ဆရာ၊ ဆရာမများက စည်းကမ်းပိုင်း ကျင့်ဝတ် အပိုင်းများကို ပြုပြင်ပေးနေရသော အချိန်မျိုးတွင် ကောင်းမွန် မှန်ကန်သော အခြေအနေများ ဖြစ်ပေါ်လာစေရန် လက်ပိုက်ခြင်း၊ လက်အုပ်ချီခြင်းများသည် ကလေးများကို ခြိမ်းခြောက်ပြီး မပြောရဲအောင်၊ ကြောက်ရွံ့အောင် ဖိနှိပ် လိုသော စိတ်ရင်းစိတ်ထားဖြင့် ပြုမူ လုပ်ဆောင်ခဲ့သည့် သဘောထားမျိုး မရှိခဲ့ကြပါ။ မည်သည့် ဘာသာဝင်ကိုမျှ အတင်းအဓမ္မ ဘုရားခန်းထဲခေါ်ပြီး ဘုရားရှိခိုးခိုင်းခြင်းမျိုးလည်း မဟုတ်ပါ။ မြတ်ဗုဒ္ဓ၏ အယူဝါဒနှင့် ကျင့်စဉ်များ သည် မည်သည့် ဘာသာ၊ မည်သည့် ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကိုမျှ ထိခိုက် နစ်နာစေလိုသော စိတ်ဆန္ဒဖြင့် အကြမ်းဖက်ခြင်း၊ အနိုင်ယူ တိုက်ခိုက်လိုခြင်း အလျဉ်းမရှိခဲ့ပါ။

ယနေ့ လူငယ်လူရွယ် အတော်များများသည် မပြောရဲတာ၊ မတွေးရဲတာ၊ မဆန့်ကျင်ရဲတာတွေမရှိဘဲ အတိုင်းထက်တောင် လွန်ကဲနေအောင် လွဲမှား စွာ ပြုမူဆောင်ရွက်နေလာကြသည်ကို စိတ်မကောင်းစွာ တွေ့ကြုံနေရပါ သည်။ သို့ပါသောကြောင့် (လောကနီတိ/ ပြည်သူ့နီတိ) များကိုပင် သီးခြား အချိန်ပေး လေ့ကျင့် သင်ကြားပေးသင့်ကြောင်း အကြံပြု တိုက်တွန်းလိုက် ရပါသည်။

လတ်တလော အခြေအနေ အချိန်အခါမျိုးတွင်လည်း အကြောင်းအကျိုး ညီညွတ်သော ငြိမ်းချမ်းမှုကို ဦးတည်သော အတွေးအခေါ်ကောင်းများ ပေါ် ထွန်းလာအောင် ဝိုင်းဝန်း ကြိုးစား လုပ်ဆောင်သင့်ပါကြောင်း ထပ်လောင်း အကြံပြုလိုက်ရပါသည်။ သို့ပါသောကြောင့် စာသင်ကျောင်းများတွင် လက် ပိုက်ခြင်း၊ လက်အုပ် ချီခြင်းများကို ဒီအတိုင်းလေးပဲ ကောင်းပါတယ်ဟု ထင်မြင်မိပါတယ်။

အငြိမ်းစားဝန်ထမ်း တစ်ဦး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...