Friday, June 21, 2013

အိတ်တစ်လုံး အကြောင်း အက်ဆေး

by ဗိုလ် နင့် (Notes) on Thursday, June 20, 2013 at 9:04pm
 
အိတ်တစ်လုံးအကြောင်း ကျွန်တော် ပြောပြချင်တယ်။ သေချာတာက အိတ်တစ်လုံး ဆိုတာနဲ့ အဲဒီအိတ်ထက် အိတ်ထဲမှာ ဘာပါလဲ ဆိုတာ လူတော်တော်များများက ပိုသိချင်ကြလိမ့်မယ်။ ခင်ဗျားအနေနဲ့ တွေးတောကြည့်ဖို့တော့ လိုအပ်လိမ့်မယ်။ လူတစ်ယောက်အကြောင်း ကျွန်တော် ပြောချင်ခဲ့တယ်ဆိုတာနဲ့ အိတ်တစ်လုံး အကြောင်း ကျွန်တော် ပြောချင်ခဲ့တယ်ဆိုတာ ဘယ်အရာကို ခင်ဗျား ပိုစိတ်ဝင်စားမှာလဲ။
ခင်ဗျားတို့ အားလုံးက လူအဖြစ်ကို ဖတ်ခဲ့၊ ကြည့်ခဲ့၊ စဉ်းစားခဲ့ရပေါင်း များနေပြီမဟုတ်လား။ ဒီတော့ အိတ်တစ်လုံးအကြောင်းက ခင်ဗျားတို့အတွက် ပို၍ စိတ်ဝင်စားမယ်လို့ ကျွန်တော်က ထင်တယ်လေ။

ဟုတ်ပါပြီ။ ကျွန်တော် ခုချိန်က စ၍ အိတ်တစ်လုံး အကြောင်းကို စတင်ပြောပါပြီ။

အိတ်တစ်လုံး ရှိတယ်ဗျ။ အဲဒီအိတ်က မီးခိုးရောင် အိတ်တစ်လုံး။ အဲဒီအိတ်က အသေးစိတ် ဖွဲ့ပြီး ရေးဖို့ထက် ရိုးရှင်းလွန်းအားကြီးတဲ့ အိတ်တစ်လုံး။ အဲဒီအိတ်က လွတ်လပ်မှုကို ကြိုက်တယ်။ နှစ်သက်တယ်။ ခုံမင်တယ်ဆိုပါစို့။ ဥပမာအားဖြင့်ဗျာ။ အဲဒီအိတ်သာ အရက်ဆိုင်ထိုင်ရင် ပလက်ဖေါင်းဘေး၊ လမ်းဘေးက အရက်ဆိုင်လိုမျိုး ပိုထိုင်ချင်တယ်။ ဖြစ်ချင်တော့ ကျွန်တော် အဲဒီအိတ်ကို မှန်လုံခန်းနဲ့ အရက်ဆိုင်ကို အရက်သောက်ဖို့ ခေါ်သွားမိတယ်။ သူကပြောတယ်ဗျ။
“ကောင်မလေးတွေလည်း မကြည့်ရ၊ လေပြည်လေးတွေလည်း ငါ့ပါးကို လာမထိဘူး” တဲ့။
ခက်တော့လည်း ခက်ပါတယ်။ အဲဒီ အိတ်ဟာ အမှန်စင်စစ် အိတ်တစ်လုံးကော ဟုတ်ရဲ့လားပေါ့။

အဲဒီအိတ်တစ်လုံးဟာ ကျွန်တော်နဲ့ တော်တော်ကြီးကို ရင်းနှီးခဲ့ပါတယ်။ သူ့ထဲမှာ တစ်ခါတလေ ခန္ဓာကိုယ် အပိုင်းအပြတ်တွေ ထွက်လာတယ်။ ကျွန်တော်သူ့ကို ဇောက်ထိုးလှန်လိုက်တဲ့အခါများဆို ညီစို့စို့ အနံ့အသက်တွေ ထွက်လာလေ့ ရှိတယ်။ အဲလို အချိန်မျိုးမှာ ကျွန်တော်သူ့ကို သိပ်စိတ်ဆိုးခဲ့တာပေါ့။ ဒါပေမယ့်ဗျာ အိတ်ဆိုတာ အိတ်ပဲ။ သူ့အထဲကို လာထည့်မယ့် အရာတွေကို သူရွေးချယ်ခွင့် မရှိပါဘူး။ ဒါကို ကျွန်တော်နားလည်ပေးခဲ့ပါတယ်။

အဲဒီအိတ်ပေါ့…။ နားလည်ရ တကယ်ခက်ပါတယ်။ အိတ်ကတော့ အိတ်ပါပဲ။ ခက်နေတာက အမြင့်မှာ ထားရင်လည်း မရ။ အောက်ချထားပြန်ရင်လည်း မဖြစ်နဲ့။ မြို့တကာ လှည့်ပြီး လူတကာ လွယ်တာကို ခံချင်နေပြန်တဲ့ အိတ်ပါ။ တစ်ခါတလေလည်း သူ့ထဲမှာ ကဗျာစာရွက်တွေ၊ ဆောင်ပါးတွေ ပါလာပြန်တယ်။ တစ်ခါတလေကျတော့လည်း တစ်ခါသုံး ကာကွယ်ရေး ပစ္စည်းတွေနဲ့။ သူ့မှာ ပါတဲ့ လွယ်ကြိုးနဲ့တောင် သူ့ဘာသာ ခလုတ်တိုက်နေတတ်တဲ့ အိတ်တစ်လုံးပေါ့။

Magic Bag လို့ ပြောရင်လည်း မာယာတွေ သွေးဆောင်မှုတွေနဲ့ စိတ်ဝင်စားအောင် လုပ်ယူ တတ်တာ အဲဒီအိတ် ပါပဲ။ လှပမှုတွေ အပြည့်နဲ့ပေါ့။ အိတ်ထဲမှာ ခင်ဗျားတို့ ကျွန်တော်တို့ အတွက် မရေရာမှုတွေ ရှိနေဦးမယ် ထင်ရဲ့။ ညနေတိုင်း ဖန်ခွက်ချင်း ထိဆတ်လိုက်တဲ့ အခါတိုင်း ဘ၀ဟာ ပိုပို အရသာ ပြည့်ဝ သွားသလား။ ဒါမှမဟုတ်.. ပိုပို ညံ့ဖျင်းသွားသလား ဆိုတာတော့.. ကျွန်တော် မသိဘူး။ သို့ပေမယ့် လေပြည် တသုတ်နဲ့ တလှိမ့်လှိမ့်ဝင်လာ တဲ့ သူ့ရဲ့ သင်းရနံ့တွေကို၊ မိုးတပြိုက်နဲ့ ပါလာတဲ့ အေးချမ်းမှုတွေကို.. စွဲလမ်းနေမိပြန်ပါတယ်။

တစ်ခါတစ်ခါ အဲဒီအိတ်ထဲမှာ ၀ါဒတွေ ပါလာတယ်။ တစ်ခါတစ်ခါ အဲဒီအိတ်ထဲမှာ သူကိုယ်တိုင်နဲ့ မဆံ့တဲ့ ကိုးကွယ်မှုတွေ ပါလာတယ်။ သူ့ကို ဆက်သွယ်ရလွယ်အောင် သူဟာ ဖုန်းတစ်လုံး လိုချင်တယ်လို့ မကြာခဏ ပြောလေ့ရှိတယ်။ ပြောပြီးတော့လည်း သူဟာ သူ့ကိုယ်သူတောင် ပြန်ဆက်သွယ်ဖို့ ခက်နေတယ်လို့ ပြောပြန်တယ်။ အဲဒီအိတ်ပျောက်လို့ ကျွန်တော်တို့ သူငယ်ချင်းတစ်စု၊ ကျွန်တော်ရယ်၊ ကိုနိုင်စွမ်းရယ်၊ လူရိုးရယ်၊ တစ်ခါတစ်ခါ အောင်မိုးသူနဲ့ မောင်ရေချမ်းလည်း ပါတယ်ဗျ။ ရန်ကုန်မြို့ပတ်ချာလည် လိုက်ရှာခဲ့ရတာ အမော။

တွေ့မယ့် တွေ့တော့လည်း အဲဒီအိတ်ဟာ ဆိပ်ကမ်းသာလမ်းထဲက အိပ်မက်စိမ်းမှာ ရောက်နေပေါ့။
“ဟေ့ ကောင် .. အိတ် .. မင်းက ဒီမှာ ဘာလာလုပ်နေလဲ”
အိတ်ဟာ ထိုင်ခုံပေါ်မှာ ထိုင်နေပြီး ကျွန်တော်တို့ကို ရီဝေေ၀ မော့ကြည့်တယ်။ သူ့ပုံစံက မျက်လုံးလေး ကလည်လည်နဲ့။ အရက်ခိုးသောက်တာ မိဘတွေ မိသွားတဲ့ ကလေးတစ်ယောက်လိုမျိုးပေါ့။ အိတ်ဟာ သူ့ကိုယ်ထဲ ပြန်ဝင်သွားပြီး တစ်စုံတစ်ခု ကို ထုတ်ပြတယ်။ အဲဒါဟာ သူအိပ်မက်တစ်ခု ဖြစ်ကောင်း ဖြစ်နိုင်တယ်။ အိတ်ထဲက အိပ်မက်က ဘာလို့များ အရောင်မဲ့နေသလဲပေါ့။ ကျွန်တော်တို့ တစ်စု စဉ်းစားဖြစ်ကြတယ်။

ဒီလိုနဲ့ နေ၀င်သွားတဲ့ တစ်နေ့မှာ အနောက်တောင်ဘက်က မိုးရေတွေ ပြိုကျလာတယ်။ လမ်းမတွေကနေ ချောင်းတွေ အဖြစ်ပြောင်းလဲသွားတဲ့ ခပ်ချာချာ နေ့တစ်နေ့ပေါ့။ မောင်ရေချမ်းက ထီးတစ်လက်ကို ဂျောက်ခနဲ ထဖွင့်တယ်။ ပြီးတော့ ကျွန်တော်တို့ကို ဘာမှ ပြန်မပြောတော့ဘဲ ထပြန်သွားတယ်။ ကျွန်တော်တို့ တစ်စု သူ့ကို မတားဖြစ်လိုက်ဘူး။ မိုးတွေကတော့ အဲဒီနေ့က တဖြုတ်ဖြုတ် ရွာကျနေခဲ့တယ်။
ခဏနေတော့ အောင်မိုးသူက ကျွန်တော် စီးမယ့် ဘက်စ်ကားလာပြီ လို့ ပြောပြီး သူ့ဖုန်းနားကြပ်ကို နားမှာ ကောက်တပ်ပြီး ဘက်စ်ကားပေါ် တက်သွားတယ်။ ကျွန်တော်တို့တစ်စု မတားဖြစ်လိုက်ဘူး။ ပြီးတော့ တစ်ယောက်ပြီး တစ်ယောက်ပေါ့။

“ငါ့အိပ်မက်ကို ရှာဖွေဖို့ အချိန်တန်ပြီ ထင်တယ်”
ပြောပြီး ထပြန်သွားတဲ့ ကိုသန်းရဲ့ နောက်ကျောကို ကျွန်တော့် ဘေးက အိတ်က တွေတွေကြီး ကြည့်နေတယ်။ အဲဒီနေ့က အနောက်ဘက်ကို နေကြီး ၀င်သွားတာ သိပ် အကျည်းတန်နေခဲ့တယ်။ ကျွန်တော်တို့ဟာ တကယ့်ကို ညံ့ဖျင်းနေခဲ့ကြတယ်။
“ကဲ အိတ်ရေ … မင်းနဲ့ ငါပဲ နောက်ဆုံး ကျန်ခဲ့ပြီ
ငါတို့တွေ ဘာဆက်လုပ်ကြမလဲ”
အိတ်က တော်တော်ကြာတဲ့ အထိ ဘာမှ ပြန်မပြောဘူး။
“ဘာလဲ .. အိတ် .. မင်းလည်း သူတို့လို ထပြန်ချင်နေပြီလား”
“မဟုတ်ဘူးဗျ.. ကျွန်တော်စဉ်းစားနေတာ
ခင်ဗျားတို့ အားလုံး ကျွန်တော့်ထဲကို တစ်ခုပြီး တစ်ခု ထည့်သွင်းခဲ့ကြတယ်
ကျွန်တော်ကလည်း အိတ်ဆိုတော့ဗျာ … ထည့်ပေါ့ ဘာမှ မဖြစ်ခဲ့ပါဘူး
ဒါပေမယ့် လူတွေဟာ တစ်ခါတလေ အိတ်တွေလို
ကျင့်ကြံနေချင်ကြတယ်
အိတ်တွေလိုပဲ သူတို့ စိတ်ထဲကို တစ်ခုပြီး တစ်ခု ထည့်ချင်နေကြတယ်
ထည့်တာတွေ များသွားရင်တော့ အရမ်းလေးပင်လာမှာ အမှန်ပဲလေ”

မိုးရေတွေ တစ်ပွင့်ပြီး တစ်ပွင့် ပွင့်နေလိုက်ကြတာများ။ အဲဒီနေ့က ကျွန်တော်တို့ ပတ်ဝန်းကျင်ကြီး တစ်တောလုံး အမှောင်ဖုံးသွားတဲ့အထိပေါ့။ အိတ်ပြောတဲ့ စကားအတိုင်း ကျွန်တော်တို့ကရော အိတ်လိုကျင့်ကြံဖို့ ကြိုးစားခဲ့ကြသလားပေါ့။

အိတ်တလုံးဟာ ဗလာဖြစ်ချင် ဖြစ်မယ်၊ ထပ်ဖြည့်မရတာ ဖြစ်ချင် ဖြစ်မယ်၊ အဲဒီအိတ်ကို ခင်ဗျား ဘယ်လို ရွေးမလဲ။ ခင်ဗျား ဘယ်လို သုံးမလဲ။ ကျွန်တော်လည်း တစ်ခါတစ်ခါ ကိုယ့်ဘာသာကိုယ် အိတ်ထဲ ထည့်ပြီး လွယ်ပိုးသွားနေရတာဗျ။ ကြုံကြိုက်မှုနဲ့ တိုက်ဆိုင်မှု ကြားမှာ ကျွန်တော်တို့ ကိုယ်တိုင် အိတ်တလုံး ဖြစ်လို့…၊ အိတ်တလုံး လွယ်လို့…၊ အိတ်တလုံးထဲ ထည့်လို့….။

အဲလို အတွေးကိုယ်စီ ရှိနေကြတုန်းမှာပဲ အိတ်ဟာ သူ့အိတ်ထဲသူ ပြန်ဝင်သွားတယ်။ ပြီးတော့ သူ့ဇစ်ကိုယ် သူ အတွင်းထဲက ပြန်ပိတ်ပြီး တိတ်ဆိတ်သွားတော့တယ်။ အိတ်တစ်လုံးရဲ့ ဖြစ်တည်မှုမှာ သူဟာ ဘာကိုမှ အလေးထားတော့မှာ မဟုတ်ဘူးဆိုတာ ကျွန်တော် ယုံကြည်တယ်။ ကျွန်တော်တို့ နှလုံးသားကကော အိတ်တစ်လုံးလို ဖြစ်နေခဲ့သလားဆိုတာတော့ ကျွန်တော် သံသယ ဖြစ်မိနေတုန်းပေါ့။


ရင်နင့်အောင်၊ လူရိုး၊  နိုင်စွမ်း
၂၀ ဇွန်၊ ၂၀၁၃

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...