Monday, June 24, 2013

သမထနှင့် ၀ိပဿနာ ( အားထုတ်ယောဂီများ သိသင့်သည်)



ကျွန်တော်သည် တရားအားထုတ်မှုဆိုင်ရာ စာအုပ်များ၊ တရားခွေတွေကို ဖတ်ရှု နာကြားနေရာ မရှင်းလင်းသည့် အချက်များတွေ့ရှိလာပါ၍၊ အခြားသောတရားအားထုတ်သူ များပါသိသင့် သည်ထင်သော အောက်ပါမေးခွန်းများကိုတင်ပြလိုက်ပါသည်။

(၁) သမထကို ဦးစွာအားထုတ်ပြီးမှ ၀ိပဿနာသို့ကူးခြင်းနှင့် ၀ိပဿနာကိုတိုက်ရိုက် အားထုတ်ခြင်းတို့ရှိရာ ဉာဏ်အားနည်းသူတို့မည်သည့်နည်းကိုရွေးချယ်သင့်ပါသနည်း၊
(၂) သမထကိုအားထုတ်ပြီး သမာဓိခိုင်မာလာမှ ၀ိပဿနာအားထုတ်လျှင် ကြောက်ရွံ့မှု(ဘယ)၊ ငြီးငွေ့မှု(နိဗ္ဗိဒါ)စသော ဉာဏ်စဉ်များကို ကျော်လွှားသွားနိုင်သည် ဆိုခြင်းမှာ မှန်ပါသလား၊
(၃) ယောဂီက စာပေဗဟုသုတရှိသဖြင့် ဉာဏ်စဉ်များရနေသယောင် လိမ်လည် ပြောဆိုခြင်းကို ဆရာကယုံကြည်ပြီး မည်သည့်အဆင့်ရောက်နေပြီးဟု သတ်မှတ်ပေးလိုက်ခြင်း မျိုးတွင် မည်သည့်အပြစ်များ ဖြစ်နိုင်ကြပါသနည်း။
မခွါဖြူ (ရန်ကုန်)

(၁) သမထကိုဦးစွာအားထုတ်ပြီးမှ ၀ိပဿနာသို့ကူးခြင်းနှင့် ၀ိပဿနာကို တိုက်ရိုက် အားထုတ်ခြင်းတို့ရှိရာ ဉာဏ်အားနည်းသူတို့ မည်သည့်နည်းကို ရွေးချယ် သင့်ပါသနည်း၊- ဟူရာ၌ မည်သည့်နည်းကို ရွေးချယ်သင့်ကြောင့်စာပေတွင်မတွေ့ဖူးပါ။
ပါချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသကလည်း အောက်ပါအတိုင်း ဟောတော်မူထားပါသည်။
“သမထ နဲ့ ၀ိပဿနာမှာ ၀ိပဿနာက ဘယ်ထိအောင် သွားသလဲဆိုရင် မဂ်-ဖိုလ်ထိအောင် သွားတယ်။ အဲဒီမှ တဆင့် နိဗ္ဗာန်၊ ဒါဝိပဿနာရဲ့ လမ်းကြောင်း။ သမထလမ်းကြောင်းရဲ့ လမ်းဆုံးက အဘိညာဉ်၊ သေရင် ဗြဟ္မာ့ပြည်။
သမထကျင့်ပြီးတော့ ၀ိပဿနာကို ကူးတဲ့လမ်း ရှိတယ်တဲ့၊ သမထမကျင့်ဘဲ ၀ိပဿနာကို တိုက်ရိုက်သွားတဲ့ နည်းလမ်းလည်း ရှိတယ်။ ဒါကြောင့်မို့ ‘ယာန’ နှစ်မျိုးဆိုပြီး ပြထားတယ်။ ယာနဆိုတာ vehicle စီးစရာယာဉ်ကလေး၊ သမထယာဉ်ကိုပဲ စီးမလား၊ သို့မဟုတ် ၀ိပဿနာယာဉ်ကိုပဲ စီးမလား၊ ဘယ်ယာဉ်နဲ့ပဲသွားသွားပေါ့။ သမထကို အရင်ကျင့်ပြီးမှ ၀ိပဿနာကို ကျင့်တဲ့နည်း ရှိတယ်။ ၀ိပဿနာကို တိုက်ရိုက်ကျင့်တဲ့နည်းရှိတယ်တဲ့။
ဒီနည်းနှစ်နည်းစလုံးက မှန်ကန်တဲ့ နည်းတွေချည်းပဲ။ မိမိကြိုက်နှစ်သက်တဲ့ လမ်းကြောင်းက သွားလို့ရတယ်။ ဥပမာ ရွှေတိဂုံဘုရားကြီးကို ဖူးချင်ရင် တောင်ဘက်မုခ်က တက်မလား၊ အနောက်ဘက်မုခ်က တက်မလား။ အရှေ့မုခ်၊ မြောက်ဘက်မုခ်က တက်မလား ဘုရား မရောက်ဘူးလား။ ရောက်တာချည်းပဲ။
ဒီအတိုင်းပဲ၊ ကိုယ်ကြိုက်တဲ့ လမ်းကသွား၊ ကိုယ်ကြိုက်တဲ့ယာဉ်ကို စီးသွားလို့ ရတယ်။” (သမထ နှင့် ၀ိပဿနာ)
ပိဋကတ်တွင်တွေ့ရသည်မှာ-
“ဥဂ္ဃဋိတညုဿ သမထပုဗ္ဗင်္ဂမာ ၀ိပဿနာ သပ္ပါယာ၊ နေယျဿ ၀ိပဿနာ ပုဗ္ဗင်္ဂမော သမထော၊
ဝိပဥ္စိတညုဿ သမထ ၀ိပဿနာ ယုဂနဒ္ဓါ၊ (နေတ္တိအဋ္ဌကထာ ၂၁၂-၂၁၃) ဥဂ္ဃဋိတညုဿ၊ ဥဂ္ဃဋိတညူအား။ သမထပုဗ္ဗင်္ဂမာ၊ သမထရှေ့သွားရှိသော။ ၀ိပဿနာ၊ ၀ိပဿနာသည်။ သပ္ပါယော၊ လျောက်ပတ်၏။ နေယျဿ၊ နေယျအား။ ၀ိပဿနာ ပုဗ္ဗင်္ဂမော၊ ၀ိပဿနာ ရှေ့သွားရှိသော။ သမထော၊ သမထသည်။ သပ္ပါယော၊ လျောက်ပတ်၏။ ၀ိပဥ္စိတညုဿ၊ ၀ိပဥ္စိတညူအား။ ယုဂနဒ္ဓါ၊ အစုံဖွဲ့အပ်သော။ သမထ ၀ိပဿနာ၊ သမထ ၀ိပဿနာသည်။သပ္ပါယာ၊လျောက်ပတ်၏။”ဟုဖြစ်၏။
အထက်ပါအဋ္ဌကထာကို ထောက်ဆ၍ မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော်က အောက်ပါအတိုင်း
ကောက်ချက်ချထား၏။

“၀ိပဿနာသည်သုံးမျိုးရှိ၏၊ ယင်းတို့ကား -
၁။ သမထယာနိကနည်း၊ ၂။ ၀ိပဿနာယာနိကနည်း၊ ယုဂနဒ္ဓနည်းတို့ပင် ဖြစ်၏။ သမထယာနိက နည်းဆိုသည်မှာ ရှေးဦးစွာ ဈာန်ရအောင် ကျင့်ပြီးမှ ၀ိပဿနာဘက်သို့ ကူးပြောင်းသောနည်းပင် ဖြစ်၏။ ဗုဒ္ဓလက်ထက်က ရဟန်းတော်အများစုကား သမာဓိနှင့် ဉာဏ်ထက်မြက်သော ဥဂ္ဃဋိတညူ၊ ၀ိပဉ္စိတညူ ပုဂ္ဂိုလ်များချည်းသာ ဖြစ်ရကား သမထယာနိကနည်းဖြင့်သာ အကျင့်များ၏။ ထို့ကြောင့် ဆဠာဘိည၊ ပဋိသမ္ဘိဒါပတ္တ ရဟန္တာများ ပေါများခြင်း ဖြစ်၏။ ထို့ကြောင့် အရှင်မဟာဗုဒ္ဓဃောသသည် ၀ိသုဒ္ဓိမဂ်ကျမ်းကို ရေးသောအခါတွင်လည်း ထိုသမထယာနိက နည်းကိုပင် အဓိကထားပြီး ရေးသွားခြင်းဖြစ်၏။
သို့သော် ဉာဏ်နုံ့သော ရဟန်းတော်များ၊ အိမ်စီးပွားနှင့် တွဲဖက်ပြီး တရားလုပ်ကြသော လူပုဂ္ဂိုလ်များကား သမထမပါသော ၀ိပဿနာယာနိကနည်းဖြင့်သာ အားထုတ်ပွားများကြ၏။ အရေအတွက်အားဖြင့် ကြည့်လျှင်ကား သမထယာနိကနည်းဖြင့် ၀ိပဿနာယာနိက နည်းဖြင့် မဂ်ဖိုလ်ရသူက ပိုများ၏။ သမထယာနိကနည်းဖြင့် ဘုရားထံတွင် ကမ္မဋ္ဌာန်းတောင်းကာ တောထဲသွားပြီး တစ်ယောက်တည်း အားထုတ်၍ မဂ်ဖိုလ်ရသွားသူ များသည် ထောင်ဂဏန်းလောက်သာရှိပြီး ဓါတ်တရား ပရမတ်တရားကို ဆရာထံမှ နာယူကာ စီးပွားရေး အလုပ်အကိုင်မပျက် ပွားများပြီး ၀ိပဿနာယာနိကနည်းဖြင့် မဂ်ဖိုလ်ရသွားသူများ သည် ကုဋေနှင့်ချီ၍ ရှိ၏။ ရာဇဂြိုဟ်တစ်မြို့တည်းမှာပင် ၀ိပဿနာယာနိကနည်းဖြင့် မဂ်ဖိုလ်ရသူပေါင်း ခုနှစ်ကုဋေရှိ၏။ သာဝတ္ထိမြို့တွင် ငါးကုဋေရှိ၏။ ဓမ္မပဒအဋ္ဌကထာ တစ်အုပ်လုံးတွင်လည်း မြတ်စွာဘုရားထံ တရားနာကြားပြီး တရားဆုံးသည်နှင့် မဂ်ဖိုလ်ရသွားသူပေါင်း များစွာကို ဖွင့်ပြထား၏။ တရားအဆုံးတွင် မဂ်ဖိုရကြသူများသည်လည်း ၀ိပဿနာယာနိကနည်းဖြင့် ရသူများပင် ဖြစ်၏။ ၀ိပဿနာယာနိကနည်းဆိုသည်မှာ သမထကမ္မဋ္ဌာန်းကို မကျင့်တော့ဘဲ ဓါတ်တရား၊ ပရမတ်တရားကို နည်းရအောင်နာပြီး ၀ိပဿနာကို တိုက်ရိုက်ရှုပွားခြင်းပင် ဖြစ်၏။ ယုဂနဒ္ဓနည်းဆိုသည်ကား စုံတွဲလိုက် သမထကိုပွားလိုက်၊ ၀ိပဿနာကို ပွားလိုက်ဖြင့် ပွားများခြင်းမျိုးကို ဆိုလိုခြင်းဖြစ်၏။” (သညာသိနှင့် ပညာသိ၊ ၇၅-၇၆)

(၂) သမထကိုအားထုတ်ပြီး သမာဓိခိုင်မာလာမှ ၀ိပဿနာအားထုတ်လျှင်ကြောက်ရွံ့မှု(ဘယ)၊ ငြီးငွေ့မှု(နိဗ္ဗိဒါ)စသော ဉာဏ်စဉ်များကို ကျော်လွှားသွားနိုင်သည် ဆိုခြင်းမှာ မှန်ပါသလား၊-ဟူရာ၌ ကျော်လွှားသွားနိုင်ခြင်းမျိုးမဟုတ်ဘဲ ဖြစ်ပါလျက် မထင်းရှားခြင်းသာ ဖြစ်နိုင်ပါသည်။ မဟာစည်ဆရာတော်ကြီး မှတ်ချက်မှာ အောက်ပါအတိုင်း ဖြစ်၏။ “ဒီနေရာမှာ အထူးမှတ်စရာကတော့ ဘယ၊ အာဒီန၀၊ နိဗ္ဗိဒါဆိုတဲ့ ဉာဏ်သုံးမျိုးရဲ့ဖြစ်ပုံက တချို့ယောဂီမှာ အကုန်လုံးဘဲ ထင်ရှားတယ်၊ တချို့မှာတော့ ဉာဏ် ၂-မျိုးရဲ့ ဖြစ်ပုံလောက်သာ ထင်ရှားတယ်၊ တချို့မှာတော့ ဉာဏ်တစ်မျိုးထဲ ဖြစ်ပုံလောက်သာ ထင်ရှားတယ်၊ သို့ပေမဲ့ ဒီဉာဏ် ၃-မျိုးက သဘောရင်းမှာတော့ တဉာဏ်ထဲမို့ တစ်မျိုး နှစ်မျိုး ဖြစ်ပုံထင်ရှားရင်လဲ ကိစ္စပြီးတော့တာပါဘဲ။”(မဟာစည်ဆရာတော်၊၀ိသုဒ္ဓိနှင့်ဉာဏ်စဉ်တရားတော်)
(၃) ယောဂီက စာပေဗဟုသုတရှိသဖြင့် ဉာဏ်စဉ်များရနေသယောင် လိမ်လည် ပြောဆိုခြင်းကို ဆရာကယုံကြည်ပြီး မည်သည့်အဆင့်ရောက်နေပြီးဟု သတ်မှတ်ပေးလိုက်ခြင်း မျိုးတွင် မည်သည့်အပြစ်များ
ဖြစ်နိုင်ကြပါသနည်း။-ဟူရာ၌ တစ်ဦးနှင့်တစ်ဦး မတူနိုင်ပါ။ ရောက်သည့်အဆင့်တွင်ပင် မာန်တက်ကာ ရပ်တန့်နေနိုင်သလို ကိုယ်ကြွားထားသည့်အဆင့် ရောက်အောင် အားထုတ်သဖြင့် အမှန်တကယ်
ရောက်ရှိသွားခြင်မျိုးလည်း ဖြစ်နိုင်ပါသည်။ “ယုံကြည် ကျန်းမာ၊ စိတ်ဖြောင့်စွာဖြင့်၊ လွန်စွာအားထုတ်၊
နာမ်နှင့်ရုပ်ကို၊ ဖြစ်ချုပ်ဉာဏ်မြင်၊ ဤငါးအင်၊ မှန်ပင် မဂ်ရကြောင်း။”(မိုးကုတ်ဆရာတော်ကြီး) ဟူသော တရားအားထုတ်သူ ယောဂီဘက်က ပြည့်စုံရမည့် အင်္ဂါငါးပါးတွင် “စိတ်ဖြောင့်စွာဖြင့်” ဟူသော အင်္ဂါကို
လယ်တီဆရာတော်ကြီးကအောက်ပါအတိုင်းပြန်ဆိုရှင်းပြထားတော်မူ၏။
“အသဌော ဟောတိ အမာယာဝီ ယထာဘူတံ အတ္တာနံ အာဝိကတ္တာ သတ္ထရိ ဝါ ဝိညူသု ဝါ သဗြဟ္မစာရီသု။”
အသဌော- မစဉ်းလဲသည် ၊ အမာယာဝီ – လှည့်ပတ်ခြင်းမရှိသည် ၊ ဟောတိ- ဖြစ်၏ ။ သတ္ထရိ ဝါ – ငါဘုရား၌သော်လည်းကောင်း ၊ ဝိညူသု- မိမိထက် တရားကျမ်းဂန် အမြင် သန်ကုန်သော ၊ သဗြဟ္မစာရီသု ဝါ – အတူနေသီတင်းသုံးဖော်တို့၌သော်လည်းကောင်း၊ အတ္တာနံ – မိမိကိုယ်ကို ၊ ယထာဘူတံ -ဟုတ်မှန်သောအတိုင်း ၊ အာဝိကတ္တာ – ထင်စွာ ပြုတတ်သည် ၊ ဟောတိ – ဖြစ်၏ ။
မိမိ၏ စိတ်သန္တာန်၌ရှိသော အမူအရာ အကြံအစည် ဝါသနာ စရိုက် တို့ကို မထိမ် မချန် ဖြောင့်မှန်စွာလင်းရမည် ။ မသိဘဲနှင့် အသိလုပ်ချင်မှု၊ မမြင်ဘဲနှင့် အမြင်လုပ်ချင်မှု အနည်းငယ်မျှ သိသည်မြင်သည်ကို အများလုပ်ချင်မှု၊ အသိအဉာဏ် မပါးဘဲကို အပါးလုပ် ချင်မှု။ ဤကဲ့သို့သော ကောက်ကျစ်မှုများကို အနည်းငယ်မျှ မရှိစေရ။ ဖြောင့်စင်းဖြူစင်သော စိတ်နှလုံးရှိစေရမည် ဆိုလိုသည် ။ (၀ိဇ္ဇာမဂ္ဂဒီပနီကျမ်း-၁၂)
အထက်ပါဒေသနာအရ သူတော်ကောင်းတရား အားထုတ်နေပါလျက် ဖြောင့်စင်းသော စိတ်နှလုံးမရှိပါလျှင် တရားရဖို့ခဲယဉ်းပါလိမ့်မည်။
အရှင်ကောဝိဒ (ယော)
http://www.myatpanyagon.com မှတဆင့်ခံစားတင်ပြသည်။မူကြိုဆရာ၏ဘလော့များကို www.damanady.tk တွင်လဲဖတ်ရှုနိင်သည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...