Friday, June 21, 2013

သူငယ်ချင်း ဘိုင်ဖရိထံ ပေးစာ


နေကောင်းလား ဘိုင်ဖရိ
အခြေအနေကောင်းကြရဲ့လား
မင်းတို့လောက်ပဲ မေးချင်နေတာမဟုတ်ဘူး
ငါတို့လည်း မင်းတို့ကို မေးချင်နေတယ်။

လပြည့်ည လရောင်ဟာ မြို့ပေါ်ကို ဖြာကျနေတယ်
မင်းတို့ရပ်ကွက် ငါတို့ရပ်ကွက်ဆိုပြီး ရွေးပြီးကျနေတာ မဟုတ်ဘူး
မင်းတို့ ဗလီပေါ်ဖြာကျနေသလို
ငါတို့ စေတီပေါ်ကိုလည်း ဖြာကျနေတယ်။

လေထဲက ငါးပုတ်နံ့ တသင်းသင်းကို
မင်းတို့လောက်ပဲ ရှူရတာ မဟုတ်ဘူး ငါတို့လည်း ရှိုက်ရတယ်။
မြိတ်မြို့မှာ လမ်းတစ်လမ်းပျက်နေရင်
ငါတို့ဆိုင်ကယ်လောက်ပဲ ပင်ပန်းတာမဟုတ်ဘူး
မင်းတို့ဆိုင်ကယ်တွေလည်း ချိုင့်ထဲဆင်းရတယ်။
ပထော်ပထက်က နေဝင်ဆည်းဆာကို
ငါတို့လောက်ပဲ ကြည်နူးခွင့်ရှိတာမဟုတ်ဘူး၊
မင်းတို့လည်း အပြည့်အဝခံစားခွင့်ရှိတယ်။
မန်ချက်အသင်း သောက်တလွဲလုပ်တော့
ငါတို့လောက်ပဲ မကျေမနပ်ဖြစ်ရတာမဟုတ်ဘူး၊
မင်းတို့လည်း တောက်ခေါက်ရတယ်။
မြိတ်ငပိစစ်စစ်ကို ငါတို့ကြိုက်သလို
မင်းတို့လည်း ကြိုက်လိမ့်မယ် မျှော်လင့်တယ်။

ပွိုင့်မီးတဝီဝီနဲ့ ဗီအိုင်ပီလူကြီးကားတန်းတွေဖြတ်သွားရင်
မင်းတို့လောက်ပဲ လမ်းဘေးဆင်းရပ်ရတာ မဟုတ်ဘူး
ငါတို့လည်း လမ်းဘေးမှာ ဆင်းနားရတယ်။
မြိတ်မြို့မှာ လျှပ်စစ်မီးစက်ရုံကြီး တစ်ရုံတည်း ရှိတုန်းက
မင်းတို့အဖေလောက်ပဲ မှောင်တလှည့် လင်းတစ်လှည့် နေခဲ့ရတာမဟုတ်ဘူး
ငါတို့အဖေလည်း လင်းတစ်လှည့် မှောင်တစ်လှည့် ဖြတ်သန်းခဲ့ရတယ်။
ငါတို့ နိုင်ငံ ငါတို့မြို့ လွတ်လပ်ရေးရဖို့ တိုက်ပွဲဝင်ကြတဲ့အခါ
ငါတို့အဖိုးနဲ့ မင်းတို့အဖိုး ရဲဘော်ရဲဘက်တွေ ဖြစ်ခဲ့လိမ့်မယ်။
၈၈တုန်းက လမ်းပေါ်ထွက်ခဲ့ကြတာ
ငါတို့အမေ အိမ်ရှင်မတွေ ပါသလို
ခေါင်းမြီးခြုံထားတဲ့ မင်းတို့အမေတွေလည်း ပါခဲ့မယ်။
မင်းတို့ ရှေးဟောင်းဗလီတွေကို ငါတို့ အလေးထားခဲ့သလို
ငါတို့ စေတီပုထိုးတွေကိုလည်း မင်းတို့ တန်ဖိုးထားလိမ့်မယ် မျှော်လင့်တယ်။

ဒီလိုဆိုတော့
ငါတို့ကပဲ မင်းတို့ကို ဆဲဆဲ မင်းတို့ကပဲ ငါတို့ကိုဆိုဆို
မင်းတို့ရော ငါတို့ရော အရှက်ကွဲရလိမ့်မယ်။
မင်းတို့ဗလီကို ငါတို့ကပဲ ကျောက်ခဲနဲ့ပစ်ပစ်
ငါတို့ဘုန်းကြီးကျောင်းကို မင်းတို့ကပဲ ဖျက်ဆီးဖျက်ဆီး
မင်းတို့ရော ငါတို့ရော ကွဲကျေပျက်စီးရလိမ့်မယ်။
မင်းတို့ရပ်ကွက်ကို ငါတို့ကပဲ မီးရှို့ရှို့
ငါတို့ရပ်ကွက်ကို မင်းတို့ကပဲ မီးရှို့ရှို့
မင်းတို့ရော ငါတို့ရော အိုးအိမ်မဲ့ပြေးလွှားကြရလိမ့်မယ်
မင်းတို့ကပဲ ငါတို့ကို ရိုက်ရိုက် ငါတို့ကပဲ မင်းတို့ကို နှက်နှက်
ငါတို့ရော မင်းတို့ရော သွေးချောင်းစီးရလိမ့်မယ်။
မင်းကပဲ ဆူပူမှုကို စချင်စ ငါကပဲ အဓိကရုဏ်းကို စချင်စ
ငါတို့ရော မင်းတို့ရော စစ်ဖိနပ်အောက် ပြန်ရောက်ရလိမ့်မယ်။

တကယ်တော့
မင်းတို့ကို ငါတို့က ဆန့်ကျင်တိုက်ခိုက်ဖို့ကြိုးစားခြင်းဟာ
ငါတို့ တရားကို
ငါတို့ ဆန့််ကျင်တိုက်ခိုက်မိခြင်းဖြစ်နိုင်သလို....
ငါတို့ကို မင်းတို့က အကြမ်းဖက်ဖို့ကြိုးစားခြင်းဟာ
မင်းတို့ ဘုရားကို မင်းတို့ အကြမ်းဖက်မိခြင်းဖြစ်လိမ့်မယ်။

တကယ်တော့
ကမ္ဘာကြီးမှာ ဘယ်အစ္စလာမ်တွေ စစ်သွေးကြွဂျီဟဒ်အယူဝါဒကို
လက်ခံကျင့်သုံးနေမှန်း မသိပေမယ့်
ငါတို့မြို့က မင်းတို့ရဲ့ ဗလီထဲမှာတော့ ဒါတွေ မဟောပြောဘူးလို့ ငါယုံကြည်တယ်။
ဂုဏ်တော်တွေကို နံပါတ်တပ်ဖို့
ငါ၊သူတပါး၊ယောက်ျား၊မိန်းမအပြင် တရုတ်တွေ ကုလားတွေ ခွဲခြားပညတ်ဖို့
သူတပါးအသက်အိုးအိမ်စည်းစိမ်ကို တိုက်ခိုက်ဖျက်ဆီးဖို့
ဒါတွေ ငါတို့ ဘုရားဟောမှာ မပါဘူးဆိုတာလည်း
မင်းတို့ကို ယုံကြည်စေချင်ပါတယ်။

သူငယ်ချင်း ဘိုင်ဖရိရေ
မင်းနဲ့ငါ အသားအရောင်မတူတာနဲ့ပဲ သူငယ်ချင်းမဖြစ်ရတော့ဘူးလား
မင်းနဲ့ငါ ဘာသာမတူတာနဲ့ပဲ ရန်သူဖြစ်ရတော့မလား။
မင်းတို့ အစ်နေ့တွေရောက်တိုင်း ဆမိုင်မုန့်နဲ့ အမဲသားတွေ ပို့ပေးခဲ့တာ ငါမမေ့သလို
ငါတို့ သင်္ကြန်ရောက်တိုင်း မင်းကို
သင်္ကြန်ရေခံကားနဲ့လာခေါ်ခဲ့တာ မင်း မမေ့ပါနဲ့။

အမှန်တရား၊ လွတ်လပ်မှုနဲ့ မျှတမှုကို
ဘဝနဲ့ရင်းပြီး တိုက်ခိုက်ကာကွယ်တတ်တဲ့
ဗိုလ်ချုပ်ပုံတွေ
ငါတို့ အိမ်တွေမှာ တလေးတစားချိပ်ဆွဲထားသလို
မင်းတို့အိမ်တွေမှာလည်း တန်ဖိုးထားချိပ်ဆွဲထားတာ ငါမြင်သားပဲ။
ဘိုင်ဖရိရေ
ဒါနဲ့များ မင်းတို့ကို 'ဧည့်သည်' လို့ ဘယ်သူတွေကများ စိမ်းစိမ်းကားကား စွပ်စွဲရစ်တာလဲ
'ဧည့်ဆိုး'က မင်းတို့ရော ငါတို့ရော မဟုတ်ဘူး
မနေ့တစ်နေ့ကမှ ရောက်လာပြီး ခရီးသွားဟန်လွဲ မှိုင်းတိုက်သွားတဲ့
အတွေးတွေ ဥပဒေတွေ အယူတွေ ဝါဒတွေပဲကွ။

မုဒိမ်းကျင့်တဲ့ကောင်ကို ငါတို့မုန်းတီးသလို မင်းတို့လည်း ရွံရှာမှာပေါ့
လူသတ်တဲ့ကောင်ကို ငါတို့ ရွံရှာသလို မင်းတို့လည်း မုန်းတီးမှာပေါ့။
အေး.. ဘာသာမတူ အသားအရောင်မတူ လိင်မတူရုံနဲ့တော့
လူလူချင်း ရွံရှာမုန်းတီးနေရစရာ မလိုဘူးလို့ ငါထင်တာပဲကွာ။

ကတုံး တုံးပြီး သင်္ကန်းခြုံထားတိုင်းလည်း သံဃာအစစ်မဖြစ်သလို
မုတ်ဆိတ်ထားပြီး အင်္ကျီရှည်ဝတ်ထားသူတိုင်းလည်း တရားဟောဆရာ မဖြစ်ဘူးမဟုတ်လား။
ထို့အတူ ဘယ်တရား ခေါင်းစဉ်တပ်တပ်
မင်းတို့ငါတို့ လူသားအပေါင်းတို့ရဲ့ လောကပါလဓမ္မအရတော့
တစ်စုံတစ်ယောက်ရဲ့ စီးပွားရေးကို ထိခိုက်စေတာဟာ အကုသိုလ်ပဲ
တစ်စုံတစ်ယောက်ရဲ့ အသက်အိုးအိမ်ကို ထိခိုက်စေတာဟာ အကြမ်းဖက်မှုပဲ
တစ်စုံတစ်ယောက်ရဲ့ ဘာသာအယူအဆကို ဖယ်ရှားဖို့ကြိုးစားတာဟာ အစွန်းရောက်ဘာသာအယူအဆပဲ
ဘယ်တရား ခေါင်းစဉ်တပ်တပ် မတရားတာက မတရားတာပဲ။

ကမ္ဘာပေါ်မှာ ဘာသာအမျိုးမျိုး ဘုရားအမျိုးမျိုးဆီကလာတဲ့
တရားအမျိုးမျိုး ကွဲပြားကောင်းကွဲပြားမယ်
ငါ နားလည်သမျှတော့
'ကိုယ်ချင်းစာတရား' တစ်မျိုးတည်းပဲ။

အများညီလို့ ''ဤ''ကို ''ကျွဲ'' လုပ်တဲ့အထဲ ငါမပါသလို
အများမိုးခါးရေသောက်လို့ ကိုယ်လိုက်သောက်ရတဲ့အထဲ
မင်းကို မပါစေချင်။

ပျံ့ပွားနေတဲ့ ဝါဒဆိုး ဗိုင်းရပ်စ်ပိုးတွေကို
သီလ၊သမာဓိ၊ပညာ ဆိုတဲ့ ကိုယ်ခံအား အင်တီဗိုင်းရပ်စ်ကောင်းကောင်းနဲ့ တောင့်ခံရင်း
ငါတို့ဟာ ဦးနှောက်နည်းပြီး စိတ်လှုပ်ရှားလွယ်တဲ့ လူပြိန်းတွေမဟုတ်ကြောင်း ပြရမယ်
မင်းတို့ဟာ အယုံသွင်းမြောက်ပင့်တိုင်း သွေးဆူလွယ်တဲ့ စောက်ချဉ်တွေ မဟုတ်ကြောင်း ပြရမယ်။

ပြောရတာ မောတယ် ဘိုင်ဖရိ
စစ်အစိုးရအုပ်ချုပ်တဲ့ အနှစ်နှစ်ဆယ်ကျော်အတွင်းမှာ
လူတွေ ဦးနှောက်အဆေးခံလိုက်ရပုံပဲ။

မကြာခင်မှာ မိုးရာသီကျရောက်တော့မယ် ဘိုင်ဖရိ
လူမျိုးမရွေးဘာသာမရွေးပဲ ကျရောက်ပူလောင်စေခဲ့တဲ့ ခရမ်းလွန်ရောင်ခြည် နေရောင်ဟာ
တဖြည်းဖြည်း လွှင့်ပြယ်ပျောက်ကွယ်သွားပြီး
လူမျိုးမရွေးဘာသာမရွေး မြို့သူမြို့သားအားလုံး
အေးချမ်းစွာ နေထိုင်နိုင်ကြမယ်လို့
ငါ မျှော်လင့်မေတ္တာ ပို့သလိုက်ပါတယ်ကွာ။ ။

မင့်ရဲ့
သူငယ်ချင်း
အားလုံးရဲ့
သူငယ်ချင်း
m.y.p
၂ဝ၁၃ မေလ

(ကိုယ့်မြို့အတွက် အေးရာအေးကြောင်းလေး တစ်ခုခု စွမ်းတဲ့ဖက်က လက်ကမ်းဝေမျှဖို့ ရည်ရွယ်ရင်း ရေးဖြစ်သွားတာပါ။ လူတန်းစားအသီးသီးကြား အလွယ်တကူရယူပျံ့နှံ့ဖို့ လိုလာတဲ့အခါ ငြီးငွေ့စွန့်ပယ်ခဲ့တာ ကြာပြီဖြစ်တဲ့ ခေတ်ပေါ်လိုင်းရစ်နဲ့ပေးစာရေးဟန်ကိုပဲ ရွေးချယ်ဖွဲ့နွဲ့ခဲ့ရပြန်တယ်။ နောက်ဆုံးပေါ်ကဗျာပုံစံများသာမျှော်လင့်တဲ့ ဆရာသမားသူငယ်ချင်းများအား အားနာသောအားဖြင့် မည်သူမျှ မတဂ်တော့ပါခင်ဗျား)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...