Friday, June 14, 2013

သမ္မတကြီးလုပ်ချင်သူများသို့

          မည်သို့ပင်ဆိုစေကာမှု စစ်အစိုးရရဲ့အသွင်းပြောင်းထားသော ဒီမိုကရေစီစနစ်သည်၊ အကြမ်းထည် အာဏာရှင်စနစ် အရှင်လတ်လတ်ဘ၀မှ ထုံကူးထားသော၊ စစ်ဗိုလ်ချုပ်ကြီးများ စိတ်ကြိုက်ဖော်ဆောင်ေ နသော ဒီမိုကရေစီစနစ်ဖြစ်တယ်ဆိုတာကိုတော့၊ ကလေးသိ၊ခွေးသိပါဘဲ။ သိပင်သိငြားသော်လည်း” ဘယ်နဲ့လုပ်မလဲကိုဖုန်းရယ်၊ ရတာယူပေါ့မိဖောင်းရယ်”ဆိုသလိုပဲပေးသလောက်၊ ရသလောက်အခွင့် အရေးလေးနဲ့ဘဲ စစ်အစိုးရရေးသားထားတဲ့နိုင်ငံရေးဇာတ်ညွှန်းနှင့်နှစ်ပါးသွားပြဇာတ်ကို ရတဲ့နေရာလေးမှာပင်ပြည်သူတွေအတွက် ကပြအသုံးတော်ခံတော့မည့်ဟု ဆုံးဖြတ်ချက်ချက်ချပြီးသည့် အလျှောက် ဒေါ်အောင်ဆန်းစုကြည်သည်ဒီချုပ်ဥက္ကဋ္ဌကြီးအမြန်လုပ်ကာ နိုင်ငံရေးစင်မြင့်ပေါ်သို့တက်၍ ကပြ အသုံးတော်ခံလျှက်ရှိနေပါပြီ။ ကပြရင်း နဲ့ဘဲ သူမ၏အစွမ်းသတ္တိ၊ အရည်းအချင်း၊ လုပ်ရည်ကိုင်ရည် တို့ကိုပြည်သူတွေအတွက် လုပ်ကွက်၊ပြကွက်မရရှိလာတာကို သိမြင်လာသည့်အတွက်ကြောင့် ရင်ဘတ်ထဲမှာ မထိန်းနိုင်၊ မသိမ်းနိုင်တော့ဘဲ ပွင့်အန်ထွက်ကျလာတာကတော့
“သမ္မတကြီးဖြစ်မှ ကိုယ်လုပ်ချင်တာလုပ်လို့ရမှာဖြစ်လို့ ကျမသမ္မတကြီးဖြစ်ချင်တယ်”လို့ဖွင့်ဟာပြော ကြားခဲ့ဘူးသလို၊
NLD ဥက္ကဋ္ဌကြီးဒေါ်အောင်ဆန်းစုကြည်က
"သေချာစဉ်းစားကြည်ရင်ကုလားထိုင်မှာ ကြာကြာထိုင်ရင်ညောင်းပါတယ်၊ဒါကြောင့်ကျမသတိပေးချင်တာက ကုလားထိုင်မှာကြာကြာထိုင်ချင်တဲ့စိတ်ရှိရင် ဖယ်ပေးကြပါလို့ပြောချင်ပါတယ်။"(ပထမအကြိမ်ဗဟိုကော်မတီအစည်းဝေး)လို့ ကုလားထိုင်တနည်းသမ္မတရာထူးကိုပါတီတွင်း စည်းဝေးပွဲမှာလည်း ဖွင့်ဟခဲ့ပြန်ပါတယ်။
ယခုကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌကြီးဗိုလ်ချုပ်ကြီးဟောင်းဦးရွှေမန်းကလည်း၂၀၁၅ အထွေထွေရွေး ကောက်ပွဲမှာ သမ္မတကြီးဖြစ်အောင် ကျနော်ကြိုးစားမည်”လို့ပြောလာပြန်ပါပြီ။ အဲဒီလိုပြောဆိုမှုအပေါ်
ကြံ့ခိုင်ရေးပါတီ၏ ဒုဥက္ကဋ္ဌဖြစ်သူဦးဌေးဦးကတော့ “ဦးရွှေမန်းဟာအရည်းချင်းရှိသူ၊ သမ္မတရာထူးနဲ့သင့်တော်သူ”ဖြစ်လို့ တတ်နိုင်သသည့်ဘက်မှ ကူညီသွားမည်ဖြစ်ကြောင်းထောက်ခံပြောဆိုသွားတာ ကိုတွေရပါတယ်။
သမ္မတကြီးဆက်ဖြစ်လိုသူဦးသိန်းစိန်ကတော့ကျန်းမာရေးမကောင်းပေမဲ့ပြည်သူလူထုကထောက်ခံလျှင် သမ္မတကြီးဆက်လုပ်ချင်တယ်လို့သူတို့နှစ်ဦးထက်စောစီးစွာပြောကြားခဲ့ဘူးပါတယ်။ ဒီတော့ သမ္မတကြီးဖြစ်ချင်သူ (၃) ဦးအနက်၂၀၁၅ မှာဘယ်သူ၊ ဘယ်ဝါသမ္မတဖြစ်နိုင်တယ်ဆိုတာကတော့ လူထုထောက်ခံမှုအပေါ်မှုတည်တာထက်
(၁) ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ
(၂) PR +တပ်မတော်သားကိုယ်စားလှယ် 25%၊
(၃) သမ္မတတစ်ယောက်ရဲ့အရည်အချင်း၊ပြည်သူ့အပေါ်မှာထားတဲ့စိတ်နေစိတ်ထားကောင်းများ၊
အထက်ပါအချက်(၃)ချက်အပေါ်မှုတည်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကသမ္မတကြီးဖြစ်ချင်တယ်ဆိုတာကတော့ “ပြည်သူတွေအတွက်တော့စိတ်ဝင်စားစရာ၊ပြည်သူတွေအတွက်အိပ်မက်ကောင်းတစ်ခုဖြစ်နိုင် ပေမယ့်ဒေါ်အောင်ဆန်းစုကြည်အတွက်တော့ လက်တွေ့မကျတဲ့ စိတ်ကူးယဉ်မှုသဘောဆောင်နေပါလိမ့်မည်။”

အဖြစ်ကတော့မနှစ်ကနဲ့မတူပုံများကတော့
“ဆေးမသောက်ရသေးဘဲနဲ့ရောဂါပျောက်ချင်နေတဲလူ၊စာမကျက်ဘဲနဲ့စာမေးပွဲအောင်ချင်တဲ့လူ၊၀မရှိဘဲနဲ့ဝိ လုပ်ချင်တဲ့လူ၊ပေါင်မရှိဘဲနဲ့ဘောကန်ချင်တဲ့လူ၊မုန့်ဆီကြော်ကဘယ်ဆီမှန်းမသိနူတ်ခမ်းအနာနဲ့တည့်ပါ
မလားဆိုတဲ့လူ၊………လူ…   လူ…..”လူစားမျိုးဖြစ်နေသလိုပါဘဲ။ 

အကြောင်းစစ်လိုက်တော့မှဖြင့်
“နအဖအစိုးရကစနစ်တကျအချိန်ယူရေးဆွဲခဲ့တဲ့၂၀၀၈အခြေခံဖွဲ့စည်းပုံကိုမပြင်နိုင်သေးဘဲနဲ့များ
သမ္မတဖြစ်ချင်နေတဲ့လူ” ဖြစ်နေပါသောကြောင့်ဖြစ်လေသတည်း။
၂၀၀၈ဖွဲ့စည်းပုံမှသမ္မတစစ်တမ်းကတော့ဒီလိုပါခင်ဗျာ…

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ၊အခန်း(၃)

နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများ မှ
ပုဒ်မ ၅၉ (ဃ) (စာမျက်နှာ၁၉) တွင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်အချင်းများမှာ
အောက်ပါအတိုင်းဖြစ်သည်-
(ဃ) နိုင်ငံတော်အရေးအရာများဖြစ်သောနိုင်ငံရေး၊အုပ်ချုပ်ရေး၊စီးပွားရေး၊စစ်ရေးစသည့်အမြင်များရှိရမည်။
ဒီပုဒ်မအရနိုင်ငံတော်သမ္မတလုပ်မည့်သူသည်စစ်သားဖြစ်ရမည်ဆိုတာကိုပြောလိုက်တာဆိုတာကိုတော့လူ
တိုင်းနားလည်ပါတယ်။
ဒီမိုကရေစီထွန်းကားတဲ့အိမ်နီးချင်းနိုင်ငံဖြစ်သောအိန္ဒိယနိုင်ငံတွင်၂၀၀၇ခုနှစ်ကမှ နိုင်ငံတော်သမ္မတရာထူးမှ ထွက်ခွာသွားခဲ့တဲ့ဒေါက်တာအဗ္ဗဒူလာကလမ်သည် စစ်ရေးအမြင်ရှိတဲ့ စစ်သားမဟုတ်ခဲ့ပါဘူး၊ ပညာတတ်၊ သိပ္ပံပညာရှင်ကျောင်းဆရာတစ်ယောက်ပါ၊ သို့ပေမဲ့တည်းကလမ်သည် အိန္ဒိယနိုင်ငံ၏ သမိုင်းတွင်သာမက ကမ္ဘာသမိုင်းပါသမိုင်းခြေချနိုင်ခဲ့သူတစ်ယောက်ဖြစ်ကြောင်း သူရဲ့အရည်အချင်း၊ စိတ်နေစိတ်ထား၊ ခံယူချက်၊ လုပ်ဆောင်ချက်တို့က သက်သေပြသလျှက်ရှိတယ်ဆိုတာကိုတော့..
အိန္ဒိယနိုင်ငံ သမ္မတကြီးဒေါက်တာအဗ္ဗဒူလာကလမ်ရဲ့ ယုံကြည်ချက်
“သမ္မတတစ်ဦးဟာနိုင်ငံအရေးမှာကြီးမားတဲ့အခန်းကဏ္ဍကနေပါဝင်လှုပ်ရှားနိုင်တယ်လို့ ယုံကြည်တယ် ၊မြင့်မြင့်တွေးရင်ကြီးကြီးလုပ်နိုင်တယ်၊ ရာထူးသည်လူသားကိုကန့်သတ်မထားပါ၊ သမ္မတတစ်ယောက် သည်ပြည်သူကို နှလုံးသားနဲ့ စကားပြောနိုင်ရမည်။ ပြဿနာတစ်ရပ်အတွက်ပူပင်သောကရှိခဲ့ရင်လည်း မာယာကင်းကင်းနဲ့ အစစ်အမှန်ကိုဖေါ်ပြပေးရမည်။ ဒီမိုကရေစီနိုင်ငံရဲ့သမ္မတတစ်ဦးဟာ ဒီမိုကရေစီကိုဖွင့်ဆိုတဲ့ကာလတစ်ခုကို ကိုယ်စားပြုဆောင်ရွက်နိုင်ခဲ့တဲ့သူတစ်ယောက်အဖြစ် ကျန်ရစ်နိုင်ခဲ့ရမယ်လို့” ကျုပ်ယုံကြည်တယ်။
(သမ္မတကြီးသည်သူယုံကြည်ချက်တွေကိုသူယုံကြည်တဲ့အတိုင်းအကောင်အထည်ဖေါ်ဆောင်ရွက်နိုင် ခဲ့သည်။)

အိန္ဒိယနိုင်ငံသမ္မတကြီးဒေါက်တာအဗ္ဗဒူလာကလမ်ရဲ့ ဗီဇထူးခြားချက်များ
(၁) ဟိတ်ဟန်ကင်းတဲ့ဆက်ဆံမှု
(၂)ပွင့်လင်းရိုးသားမှု၊ကိုယ်ကျိုးမကြည့်မှု
(သမ္မတရာထူးနားတဲ့နေ့တွင်နန်းတော်မှသယ်ယူသွားတဲ့ပစ္စည်းများမှာသူ
ကိုယ်ပိုင်စာအုပ်များသာဖြစ်သည်။)
(၃) ပြည်ချစ်ဝါဒဆုပ်ကိုင်ထားရှိမှု
(၄) တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ယုံကြည်လုပ်ဆောင်မှု
(၅) လူငယ်ထုအပေါ်အားကိုးယုံကြည်မှု
(၆) အသက်ကြီးပေမယ့်(၇၀ကျော်) အလုပ်စွမ်းရည်ထက်မြက်မှု
(၇)လူငယ်ထုအကြားလိုက်လံပြီးနွေးထွေးစွာနဲ့စိတ်ဓါတ်အင်အား၊လူငယ်အိပ်မက်တို့ကိုအကောင်ထည် ဖေါ်ဆောင်ပေးနိုင်မှု
(၈) သမ္မတတစ်ဦး၏ဘ၀ကိုလှလှပပထုဆစ်သွားနိုင်ခဲ့မှု
(၉)ခံစားမှုအပြည်နှင့်လှိုက်လပွင့်လင်းဆက်ဆံတဲ့ကိုယ်ရည်ကိုယ်သွေးတစ်ခုကိုနိုင်ငံရေးဝါရင့်ကြီးတွေလက်ဖျားခါသွားလောက်အောင်ဖေါ်ထုတ်ပြသနိုင်မှု
(၁၀)သမ္မတသက်တမ်းစကတည်းကသူဟာထုံအအနိုင်ငံရေးလက်သင်မဟုတ်ဘူးဆိုတာကိုပြဿနာ ပေါင်းသောင်းခြောက်ထောင်ကိုကိုင်တွယ်ဖြေရှင်းပြနိုင်မှု
(၁၁)သူဟာချိုထောင်မြောက်ကြွကြွမဟုတ်သလိုရော်ဘာတံဆိပ်တုံးကြီးလည်းမဟုတ်ခဲ့ကြောင်းပြသနိုင်ခဲ့မှု
(၁၂) ရောက်တဲ့နေရာ၊ကြုံတဲ့နေရာတိုင်းမှာသူရဲ့စံနူန်းတွေ၊မက်ဆေ့ခ်ျတွေကိုလိမ္မာပါးနပ်စွာဖြန်ဝေနိုင်ခဲ့မှု
(၁၃) သူရဲ့အကောင်းဆုံးစီမံချက်ဖြစ်တဲ့ (PURA)ကျေးလက်ပြည်သူတွေ၏အခြေခံဘ၀လိုအပ်ချက်တွေ
ကိုမြို့ပြမှာကဲ့သို့ဖြည့်ဆည်းပေးနိုင်အောင်ဆောင်ရွက်ပေးနိုင်ခဲ့မှု
(၁၄)ပြည်သူလူထုရဲ့ချစ်ခင်၊ယုံကြည်လေးစားမှုနှင်အတူဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ၏သမိုင်းတွင် ဒီမိုကရေစီလမ်းကြောင်းသမိုင်းတွင်ရစ်အောင်ဖေါ်ဆောင်ပေးနိုင်ခဲ့မှု
(၁၅) ပြည်းတွင်းအချုပ်အချာသာမကပြည်ပအချုပ်အချာကိုပါထိရောက်အောင်ဆောင်ရွက်နိုင်မှု
…….အစရှိတဲ့လုပ်ဆောင်ချက်တွေသည်ဒီမိုကရေစီနိုင်ငံထူထောင်ပေးမည့်သမ္မတအသစ်စက်စက်များအ တွက်အားကျ၊ဂုဏ်ယူ၊အတုယူပြီးတိုင်းပြည်ကောင်းကျိုးဆထက်တံပိုးဆောင်ရွက်နိုင်ပါစေလို့ဆန္ဒပြုလျှက်။

အိန္ဒိယနိုင်ငံသမ္မတကြီးဒေါက်တာအဗ္ဗဒူလာကလမ်က လူငယ်ထုကိုပေးသွားနိုင်ခဲ့တဲ့ အကောင်းဆုံးအမွေ
“စိတ်အားထက်သန်တက်ကြွတဲ့ ပညာတတ်လူငယ်ထုရဲ့စံပြပုဂ္ဂိုလ်ဖြစ်ခဲ့ပြီး၊ လူငယ်ထုကိုနိုင်ငံချစ်တဲ့စိတ်၊ အသိပညာကိုမြတ်နိုးတဲ့စိတ်၊ အမိတိုင်းပြည်ကိုကြီးပွားတိုးတက်စေချင်တဲ့စိတ်တွေနိုးကြားလာအောင် တိုက်တွန်းနိုးဆော်နိုင်ခဲ့ခြင်းတို့သည် သမ္မတကလမ်ရဲ့လူငယ်ထုတွေကိုပေးထားနိုင်ခဲ့သော ၊ပေးထားရစ် ခဲ့သောအကောင်းဆုံး အမွေဖြစ်ပါကြောင်း။”
ကဲဒီလောက်ဆိုရင်နိုင်ငံတော်သမ္မတလုပ်မည့် လူတစ်ယောက်ရဲ့အရည်အချင်းဆိုတာ စစ်ရေးအမြင်ရှိဖို့ထက် များစွာအရေးကြီးတဲ့အချက်တွေဖြစ်တဲ့၊ စိတ်နေစိတ်ထား၊ ပွင့်လင်းရိုးသားမှု၊ ကိုယ်ကျိုးမရှာတတ်ပုံ၊ တရားသဖြင့်အုပ်ချုပ်တတ်ပုံ ။နိုင်ငံရေးရပ်တည်ချက်နိုင်ငံအပေါ်ယုံကြည်ချက်၊ လူငယ်တွေအပေါ်ထားရှိရမည့်စိတ်နေစိတ်ထား၊တို့သည်သာ အရေးအကြီးဆုံးဖြစ်တယ်ဆိုတာကို လယ်ပြင်မှာ ဆင်သွားသကဲ့ သို့ရှင်းလင်းစွာသိစေအပ်ပါယုံသာမက နိုင်ငံတော်သမ္မတတစ်ယောက်သည် စံပြနိုင်ငံတော်သမ္မတစ်ယောက်ကို အားကျ ဂုဏ်ယူ၊ အတုယူတတ်စေရန်ရည်ရွယ် ပါသည်ခင်ဗျာ။

နောက်ဆက်ပြီးတော့
အုပ်ချုပ်ရေး စနစ်တွင် သမ္မတ အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးထားသည်။ ပြည်ထောင်စု ၀န်ကြီးချုပ်ကိုပင် ဖော်ပြသည့် ပြဋ္ဌာန်းချက် တစုံတရာ ပါမလာပါ။ ပုဒ်မ -၁၆ တွင်“နိုင်ငံတော် အကြီးအကဲနှင့် နိုင်ငံတော် အုပ်ချုပ်ရေး အကြီးအကဲသည် နိုင်ငံတော် သမ္မတ ဖြစ်သည်။” ဟု ဖော်ပြသည်။ တိုင်းဒေသကြီး ၀န်ကြီးချုပ်များနှင့် ပြည်နယ် ၀န်ကြီးချုပ်များကို ပုဒ်မ ၂၆၁ (ခ)အရ သမ္မတ က ခန့်အပ်တာဝန်ပေးရန် ဟု ဖော်ပြထားသည်။ ပြည်နယ်နှင့် တိုင်းတွင် အကြီးအကဲမထားပဲ ၀န်ကြီးချုပ်စနစ်ကို ကျင့်သုံးခြင်းမှာ အာဏာချုပ်ကိုင်မှုကို တကြိုးတည်း ကိုင်ထားကြောင်းတွေ့ရသည်။ ပြည်ထောင်စုစစ်စစ် ဖွဲ့စည်းခြင်းဆိုင်ရာ သဘောထားနှင့် ကွာဟ နေကြောင်း တွေ့ရပါသည်။ နိဒါန်းတွင်ဖော်ပြထားသည့် နိုင်ငံတော်အတွင်း လူမျိုးရေး တန်းတူမှုကို မဖော်ဆောင်နိုင်ကြောင်း ပေါ်လွင် နေပါသည်။
ပုဒ်မ ၅၇  မှ ပုဒ်မ ၇၃ အထိ ပုဒ်မပေါင်း ၁၇ ခုပါရှိသည်။ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၌ နိုင်ငံတော်သမ္မတ ကို အခန်း ၅ ပုဒ်မ ၄၅ မှ ပုဒ်မ ၆၄ အထိ ဖော်ပြပါရှိသည်။ ၁၉၇၄ အခြေခံဥပဒေကိုမူ ပါတီစုံ ခေတ်မဟုတ်၍ မဖော်ပြတော့ပါ။ ၂၀၀၈ အခြေခံဥပဒေတွင် သမ္မတ စနစ်ဖြင့် အုပ်ချုပ်ခြင်းဖြစ်၍ ၁၉၄၇ အခြေခံဥပဒေနှင့် ကွာခြားသည်မှာ ပြည်ထောင်စု ၀န်ကြီးချုပ်ကိုလုံးဝ ရှာမတွေ့ရပါ။ သို့ရာတွင် တိုင်းနှင့်ပြည်နယ် ၀န်ကြီးချုပ်များက တိုင်းနှင့်ပြည်နယ်အရေအတွက်အတိုင်းပင်ဖြစ်သည်။ တိုင်းနှင့်ပြည်နယ် တွင် အကြီးအကဲ ဟူ ၍ ယောင်လို့မှမဟ။ ဗမာ လည်း လူမျိုးစု တစုဟုသာ လက်ရှိသမ္မတဦးသိန်းစိန် ကပြောရုံသာ ပြောဖူးသည်။ နိဒါန်းတွင်ပါရှိသည့် လူမျိုးရေး တန်းတူမှုကို ဖော်ထုတ်နိုင်သည့် ပုဒ်ထီး ပုဒ်မ တခုတလေမျှ ဤဖွဲ့စည်းပုံ ၂၀၀၈ ထဲ တွင် ပါမလာ သည်က လက်တွေ့ပြဿနာ ဖြစ်နေပါသည်။

ပုဒ်မ ၅၉ (စ) တွင် “မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘ တစ်ပါးပါး သော်လည်းကောင်း၊မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီး တစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင် သားသမီး တစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသား ဖြစ်သူများ မဖြစ်စေရ၊ထိုသူများသည် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံဖြစ် သူသော် လည်းကောင်း၊တိုင်းတစ်ပါး၏ နိုင်ငံသားသော် လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့် ရှိသူများ မဖြစ်စေရ။”ဟု လွန်လွန်ကဲကဲ ကန့်သတ် ထားသည်ကိုတွေ့ရပါသည်။ သားသမီးနှင့် သားသမီး၏ ဇနီး သို့မဟုတ် ခင်ပွန်းအထိတိုင်အောင် နိုင်ငံခြားအစိုးရနှင့် ကင်းရှင်းအောင် ပြဋ္ဌာန်းထားချက်မှာ နိုင်ငံတကာအလယ်တွင် ရှက်ဖွယ်လိလိ ဖြစ်နေပါသည်။ လူ့အခွင့်အရေးကို တားမြစ်ပိတ်ပင်သည်အထိ ပြဋ္ဌာန်းထားချက်မျိုး တခြားနိုင်ငံများ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေများတွင်လည်း ရှာတွေ့နိုင်မည် မဟုတ် ပါ။ သမ္မတ နှင့်ပတ်သက်၍ ၁၉၄၇ အခြေခံဥပဒေ ပုဒ်မ ၄၉ တွင်”(က) မိမိကိုယ်တိုင်သော်၎င်း၊ မိမိ၏ မိဘနှစ်ပါးသော်၎င်း၊ ပြည်ထောင်စု နိုင်ငံတော်၏ အာဏာပိုင် နက် အတွင်း၌ မွေးဖွားခဲ့၍ ပြည်ထောင် စု နိုင်ငံသားလည်းဖြစ်သော၊ ထို့ပြင် (ခ) ပါလီမန် အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခံနိုင်သည့် အရည်အချင်းနှင့် ပြည့်စုံသည်လည်း ဖြစ်သော ပုဂ္ဂိုလ် မျိုးမဟုတ်လျှင်၊ မည်သူမျှ နိုင်ငံတော်သမ္မတ ရာထူးအတွက် ရွေးကောက်ခြင်း ခံနိုင်ခွင့် မရှိစေရ။”ဟူ၍သာ ပြဋ္ဌာန်း ထားသည်ကို တွေ့ရှိရပါသည်။ ဤမျှဆိုလျှင် ပြည့်စုံလုံလောက် ပြီဖြစ်ပါသည်။ သားသမီး သမက်ချွေးမများနှင့် ပတ်သက်၍ကား ပတ်သက်စရာ အကြောင်းအချက်မရှိပါ။ ကျဉ်းမြောင်းလွန်းသည့် ပိတ်ပင်တားမြစ်မှုမျိုး ဖြစ်နေပါသဖြင့်  လုံးဝရှောင်ရှား သင့်ပါသည်။ ပယ်ဖျက်သင့်ပါသည်။

အဓိက တင်ပြလိုသည်မှာ သမ္မတ ရွေးကောက်တင်မြှောက်သည့် စနစ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သမ္မတသည် ပုဒ်မ ၅၈ အရ ”ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းလုံးတွင် နိုင်ငံသား အားလုံး၏ အထွဋ်အထိပ် နေရာ ရရှိသည်။” ဖြစ်၍ နိုင်ငံသား အားလုံး၏ ရွေးကောက်တင်မြှောက်မှုကို ခံယူရရှိသူသာ ဖြစ်ရပါမည်။ သို့တည်း မဟုတ် ပြည်သူ့ကိုယ်စားလှယ်စစ်စစ် လွှတ်တော်အမတ် များ၏ နိုင်ငံသားအားလုံးကိုယ်စား ရွေးကောက်တင်မြှောက်မှုကို ရရှိသူသာ ဖြစ်ရပါမည်။ တခြားနည်း မရှိပါ။ မြန်မာနိုင်ငံ သမိုင်း၌လည်း ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ ၄၆ တွင်”နိုင်ငံတော် သမ္မတကို လျှို့ဝှက်သော မဲဆန္ဒပေးစံနစ်ဖြင့်၊ ပါလီမန်ဆိုင်ရာ လွှတ်တော်နှစ်ရပ်၏ တွဲဖက် ညီလာခံ တွင် ရွေးကောက်တင်မြှောက်ရမည်။ ဤအခန်းရှိ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ နိုင်ငံတော် သမ္မတ ရာထူးအတွက် ရွေးကောက်တင်မြှောက်ခြင်းကို၊ ပါလီမန်အက်ဥပဒေဖြင့် သတ်မှတ်ရမည်။”ဟု အတိအလင်းပြဋ္ဌာန်းထားခဲ့ဖူးသည်။ နိုင်ငံသား အားလုံး၏ အထွဋ်အထိပ်နေရာကို ပုဒ်မ ၅၈ နှင့် ဆန့်ကျင်စွာ ဤဥပဒေ ပုဒ်မ ၆၀ (က)တွင် ”နိုင်ငံတော် သမ္မတကို သမ္မတရွေးချယ်တင်မြှောက်ရေး အဖွဲ့ဖြင့် ရွေးချယ်တင်မြှောက်ရမည်။” ဟုဖော်ပြလာပါသည်။
ပုဒ်မ ၆၀ (ခ) တွင်လည်း”သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့ကို ပြည်ထောင်စု လွှတ်တော်ကိုယ်စား လှယ် အစုအဖွဲ့ သုံးဖွဲ့ဖြင့် အောက်ပါအတိုင်း ဖွဲ့စည်းရမည်-(၁) တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်ဦးရေတူညီစွာ ရွေးကောက် တင်မြှောက်သည့် လွှတ်တော်ရှိ ရွေးကောက် တင်မြှောက်ခြင်း ခံရသော လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့၊ (၂)မြို့နယ်ကို အခြေခံ၍လည်းကောင်း၊ လူဦးရေကို အခြေခံ၍လည်းကောင်း၊ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ရှိ ရွေးကောက် တင်မြှောက်ခြင်း ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့၊
(၃) ဖော်ပြပါ လွှတ်တော်နှစ်ရပ်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းသည့် တပ်မတော်သား ကိုယ်စား လှယ်များ အစုအဖွဲ့၊ -ဟူ၍လည်းကောင်း။
ထို့ပြင် ပုဒ်မ ၆၀ (ဂ) တွင်” ယင်းအစုအဖွဲ့ တဖွဲ့စီက ဒုတိယ သမ္မတ တစ်ဦးစီကို လွှတ်တော် ကိုယ်စားလှယ်များထဲမှ ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲမှ ဖြစ်စေ ရွေးချယ် တင်မြှောက်ရမည်။”ဟု လည်းဖော်ပြထားသေးသည်။
ပုဒ်မ ၆၀ (င) တွင်” ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အားလုံးပါဝင်သော သမ္မတရွေးချယ် တင်မြှောက်ရေးအဖွဲ့က နိုင်ငံတော် သမ္မတလောင်းများ ဖြစ်သည့် ဒုတိယ သမ္မတ သုံးဦးအနက် မိမိတို့ ကြိုက်နှစ် သက်သည့် ဒုတိယ သမ္မတ တစ်ဦးကို နိုင်ငံတော်သမ္မတ အဖြစ် ဆန္ဒမဲပေး ရွေးချယ်တင်မြှောက် ရမည်။”ဟုပါရှိပါသည်။
ဤသည်ကို ဆန်းစစ်လျှင် သုံးဦးအနက် တဦးမှာ တပ်မတော်က ရွေးချယ်သူသာ မုချဖြစ်နေပါသည်။ ကျန်နှစ်ဦးမှာလည်း စစ်တစ်ပိုင်း ကြံ့ဖွံ့ပါတီဝင်များ ဖြစ်မြဲဖြစ်နေသည်ကို လောလော လတ်လတ် တွေ့ကြုံနေ ရပြီး ဖြစ်ပါသည်။

ပုဒ်မ ၆၀ (ဂ) တွင် လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူများထဲမှ ဖြစ်စေ ရွေးချယ်တင်မြှောက်ရမည်-ဟု စာသားပါရှိခြင်းမှာ အဆိုးရွားဆုံးဖြစ်သည်ကို တွေ့ရပါသည်။ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူ လည်း ဒု သမ္မတများ ဖြစ်နိုင်သည် ဟုပြဋ္ဌာန်းထားချက် ကို၌က မူနှင့် ဆန့်ကျင်ကွဲလွဲနေပါသဖြင့် လုံးဝပယ်ဖျက်ပစ်သင့် ပါသည်။ ဒုသမ္မတ သုံးဦးရွေးချယ်သည့် အစုအဖွဲ့ စုဖွဲ့ပုံကအစ ပုဒ်မ ၅၈ နှင့် လုံးဝဆန့် ကျင်နေပါသဖြင့် သမ္မတရွေးချယ်ရေးအဖွဲ့ကို ဖျက်သိမ်းသင့်ပါသည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၆ အတိုင်းသာ ဖြစ်သင့်ပါသည်။ သို့မှသာ နိုင်ငံသား အားလုံး၏ အထဋ်အထိပ် နေရာကို ထိုက်ထိုက်တန်တန် ရရှိနိုင်ပါမည်။ စစ်အာဏာရှင် လက်စွဲ၂၀၀၈အခြေခံဥပဒေ အတိုင်း ဒုတိယ သမ္မတ သုံးဦးတွင် နှစ်ဦးက စစ်တပ်ကချည်းဖြစ်ရမည်ဟု တရားသေ သတ်မှတ်လိုက်ခြင်းမှာ စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ပြီး တိုင်းပြည်စီးပွားရေး ချွတ်ခြုံကျစေရန် ဦးတည်နေပါသည်။ စစ်ဗိုလ်မှ သမ္မတ ဖြစ်ရမည် ဟု ပြဋ္ဌာန်းထားသကဲ့သို့ သတ်မှတ်ချက်သာဖြစ်ပါသည်။
ဥပဒေအတိုင်း လိုက်နာ၏ မလိုက်နာ၏ကို သမ္မတများကိုယ်၌က ကိုယ့်ကိုယ်ကိုယ် ဆန်းစစ် သုံးသပ်ရန် ဖော်ပြလိုပါသည်။ ပုဒ်မ ၆၈ တွင် ”နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများသည် မိမိတို့ဦးစီးသည့် တစ်စီးပွားတည်း ဖြစ်သော မိသားစုပိုင်မြေ၊ အိမ်၊ အဆောက်အအုံ၊ စီးပွားရေးလုပ်ငန်း၊ စုငွေနှင့် အခြား အဖိုးတန် ပစ္စည်းများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး ပြည်ထောင်စုလွှတ်တော် အကြီးအမှူးထံပေးပို့ရမည်။”ဟု ဖော်ပြထားချက်ကို ယနေ့ထက်ထိ စာရင်းပြုစုပေးပို့ပြီး ဖြစ်သည်ဟု လူသိရှင်ကြား ထုတ်ပြန်ထားချက် မရှိသေးပါ။ ပွင့်လင်းမြင်သာသည့် အစိုးရတရပ်၏ ဂုဏ်သိက္ခာနှင့် လက်တွေ့ညီညွတ်ရန်လိုအပ်ပါသည်။ တိုင်းပြည်စီးပွားရေးကို အခြေခံမူ ပုဒ်မ ၃၆ (ခ) ပါ “စီးပွားရေး လုပ်ငန်းများတွင် တရားသဖြင့် ယှဉ်ပြိုင်ခြင်းကို ပျက်ပြားစေရန် တဦးတယောက်က ဖြစ်စေ၊ အစုအဖွဲ့က ဖြစ်စေ လက်ဝါးကြီးအုပ် ဆောင်ရွက်မှု  သို့မဟုတ် ဈေးကစားမှုပြုခြင်းဖြင့် အများပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက် နစ်နာစေခြင်းမှ တားဆီးကာကွယ်မည်။”ဆိုသည့် မူနှင့် ဆန့်ကျင်နေလျှင် အရေးယူခြင်း ခံရမည်။ သမ္မတများ နှုတ်ထွက်ပေးရပါမည်။ တိုင်းပြည်က အယုံအကြည်မရှိ အဆိုတင်သွင်းခွင့် ရှိပါသည်။

ဥပမာလက်တွေ့တခုတည်းကိုသာထောက်ပြလိုပါသည်။ Crony ခေါ် ဆွေမျိုးသားချင်းကောင်းစားရေးသမား ဗျူရိုကရက်အရင်းရှင်ကြီးများ ပါဝင်သည့် သတင်းတပုဒ်ကို ကြည့်မြင်လျှင် ရှင်းသွားပါ လိမ့်မည်။ အောက်တွင်ဖော်ပြအပ်ပါသည်။
နိုင်ငံတော် သမ္မတ၏ ဂျပန်နိုင်ငံ ခရီးစဉ်သို့ နာမည်ကျော် စီးပွားရေး လုပ်ငန်းရှင်ကြီးများ လိုက်ပါခဲ့ကြ
(Weekly Eleven News; No 30,Vo 17,May 2, 2012; page-3)
ဂျပန်နိုင်ငံသို့ ဧပြီလ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့အထိ ငါးရက်ကြာသွားရောက်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်တွင် မြန်မာနိုင်ငံမှ စီးပွားလုပ်ငန်းရှင်ကြီး များဖြစ်သော ထူးကုမ္ပဏီအုပ်စု ဥက္ကဋ္ဌ ဦးတေဇ၊ ကမ္ဘောဇဘဏ် လီမိတက် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း၊ UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်၊ IGE ကုမ္ပဏီ မှ ဦးနေအောင်၊ ရွှေသံလွင် ကုမ္ပဏီ ဥက္ကဋ္ဌ ဦးကျော်ဝင်း နှင့် ဒိုင်းမွန်းစတား ကမ္ပဏီမှ ဒေါက်တာ ကိုကိုကြီး တို့လိုက်ပါခဲ့ကြခြင်း ဖြစ်ကြောင်းသိရသည်။

အထက်ဖော်ပြပါ စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် သမ္မတများ မည်သို့ဆက်စပ်နေကြသည် ကို တွေ့မြင်နေရပြီးဖြစ်သည်။ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို သမ္မတများ ကိုယ်၌က မလိုက်နာပါမူ အဘယ်သူလိုက်နာပါအံ့နည်း။
အခြေခံမူများပါပုဒ်မ- ၂၁(က)အရ ” နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သတ်မှတ်ထားသည့် တန်းတူညီမျှမှု အခွင့်အရေး၊ လွတ်လပ်မှု အခွင့်အရေး၊ တရားမျှတမှု အခွင့်အရေးတို့ ခံစားခွင့် ရှိသည်။”ဟု ပြဋ္ဌာန်းချက်နှင့် တိုင်းတာရန်လိုအပ်ပါသည်။ ပုဒ်မ ၆၅ တွင် ဖော်ပြထားသော ကတိသစ္စာ ပြုထားသည့်အတိုင်း ဥပဒေများကို လိုက်နာကျင့် သုံး ဆောင်ရွက်ရန်လိုပါသည်။    
ဒီလိုဆိုရင်ဖြင့်စစ်အုပ်စုရဲ့အသက်ဗူးဖြစ်တဲ့၂၀၀၈အခြေခံဖွဲ့စည်းပုံအရဒေါ်ဒေါ်စုသမ္မတကြီးဖြစ်နိုင်မဖြစ်နိုင်ဆိုတာကို တော့ရိပ်မိလောက်ပါပြီ။

နောက် PR + 25% တပ်မတော်သားကိုယ်စားလှယ်
မကြာမီကာလ၊ဒီတစ်ပတ်လွှတ်တော်တွင် PRစနစ်(သို့)အချိုးကျကိုယ်စားပြုစနစ်ကိုတင်သွင်းမည်ဖြစ်သည်။
လိုရင်းအတိုချုပ်ပြောရရင်PR +25% သည်၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ NLD အင်းအားမကြီးအောင်တနည်းအစိုးရမဖွဲ့နိုင်အောင်လုပ်ဆောင်လိုက်ခြင်းဖြစ်သည်။
PRစနစ်ကိုလွှတ်တော်တွင်အတည်ပြုမဲခွဲအောင်မြင်သွားပါက။NLDပါတီသည်65%မဲရခဲ့ရင်တောင်မှအစိုးရမဖွဲ့နိုင်ပါ။ဒါကြောင်အခြေခံဥပဒေမှာပါတဲ့စစ်တပ်၏အချိုးကျ25%ကိုပါဖြုတ်ချပေးပါရန်တနိုင်ငံလုံးတောင်းဆိုဆန္ဒပြရမည်ဖြစ်သည်။သို့မဟုတ်ခဲ့ပါကစစ်ဘိနပ်အောက်၊သား၊မြေး၊မြစ်၊တီတွတ်၊ကျွတ်ဆပ်၊အဆက်ဆက်၊ဆက်လက်အလျားမှောက်နေရဦးမည်ဖြစ်ပေသည်။

စာကိုး။ ။
(၁) (ဦးမျိုး(ဥပဒေ)မှ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ
          (၂)  India Today ( Aug: 2007)

မောင်သာမြား

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...