လက်တစ်ဖဝါးစာ (Photo Essay)
by Zay Ya on Saturday, September 1, 2012 at 8:29pm
မြူခြေ ဆိုင်းတဲ့ ကောင်းကင်ပြာ ကို မော့ကြည့်လိုက်တော့ - မြူတွေ ကိုသာ မြင်ရတယ်။ ဩ ဒါဆို - ကောင်းကင် ဆိုတာ မြူပြင်ကြီးပဲ လို့ တန်းသတ်မှတ်လိုက် တော့တယ်။ ဒီလက်တစ်ဆုပ်စာ မျက်ဝန်း အစုံ နဲ့ ကောင်းကင်ပြင်ကျယ် တစ်ခုလုံး ကို ဘယ်လိုမြင်၊ ဘယ်လို ဆုံးဖြတ် မလဲ။
အာရုံ ကိုသာ မှီတွယ်ပြီး အသိ ကို ရှာတဲ့ အခါ - အာရုံက ပေးတဲ့ အစ အန ကိုပဲ ရတယ်။ ထိုးထွင်းသိ မပါတဲ့ မျက်ဝန်းဟာ မျက်တောင်မွှေး တစ်ဆုံး ကိုပဲ မြင်ရတယ်။ အသိမပါတဲ့ မှတ်သားမှု ဟာ စကား တစ်လုံး ကိုပဲ ရလိမ့်မယ်။ မိမိ အသိမပါဘဲ သိမ်းပိုက် ထားတဲ့ ရင်ထဲမှာ တစ်ပါးသူရဲ့ စာစကားတွေသာ ပြည့်နှက် နေမှာပဲ။
အမှောင် ထဲမှာ ဆင်ကို စမ်းတော့ - စမ်းကြည့်တဲ့ အရာ ဟာ မိမိ လက်ဖဝါး နဲ့သာ ဖြစ်ပါတယ်။ ဒီလက်ဖဝါး နဲ့ - ဆင် တစ်ကိုယ်လုံး ဘယ်လိုမှ အုပ်မိမှာ မဟုတ်ဘူး ရယ်။ ဒါပေမယ့် အများစုက လက်ဖဝါး ကိုသာ မှီခိုတယ်။ လက်ဖဝါး ရဲ့ အမှန် ကိုသာ အမှန် အဖြစ် သတ်မှတ် သိမ်းယူ တယ်။ ဒါကိုပဲ သိပ္ပံ နည်းကျ တယ် လို့ ဘဝင်ထင်လိုက်သေးတယ်။ ဒီလိုနည်းနဲ့ လက်ဖဝါး ကိုသာ အမှီအခို ကြီးကြ တဲ့ အခါ - ဒီ လက်တစ်ဝါးစာ အသိကိုပဲ ရကြတော့မယ် မဟုတ်လား။
ကိုယ် မသိမမြင်တဲ့ အရာအတွက် ကိုယ်စီကိုယ်ငှ ကြိုးပမ်းအားထုတ် ကြတာ ချည်းပါပဲ။ ဒါပေမယ့် ပိတ်ထားတဲ့ မျက်ဝန်းနဲ့ ဖွင့်ထားတဲ့ မျက်ဝန်း - ဘယ်အရာ အမြင် ကွာသလဲ - ခွဲခြားနိုင်ဖို့တော့ လိုပါမယ်။ ကွာဟချက်က ကြီးလွန်း တယ်။ ဖြန့်ထားတဲ့ လက် နဲ့ ဆုပ်ထားတဲ့ လက် - ဘယ်အရာ က ပိုယူနိုင်စွမ်း ရှိသလဲ။ ရယူနိုင်စွမ်း က ကွာခြား လွန်း တယ်။
မီးခိုးမှိုင်း၊ အညှော် ဝင်မှာ စိုးစိတ်နဲ့ ကြောက်အားလန့်အား - တံခါးတွေ အလုံ ပိတ်ထား တတ်ကြတာ ရှိတယ်။ သတိပြုကြည့်ပါ - အဲ့လိုအခါမျိုး မှာ ကိုယ် ချစ်တဲ့သူလည်း ဝင်မလာနိုင်၊ ကိုယ်လိုလားတဲ့ အရာ လည်း ရောက်မလာနိုင် တာ တွေ့ရ မှာပဲ။
......................
"Becomes the Ocean" Photo Essay 8.
Photo from "Vertical Here-Now."
......................
Sept 2nd 2012 at 10:00 AM......................
0 comments:
Post a Comment