Saturday, September 1, 2012

လွန်ခဲ့တဲ့ တနှစ်ကျော်၊ ပြည်သူ့ခေတ်ဂျာနယ်မှ ဖော်ပြခဲ့တဲ့ လွှတ်တော်နှင့် မီဒီယာတို့၏ တာဝန်


by May Thingyan Hein on Saturday, September 1, 2012 at 8:09am 

လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလတုန်းက ကျမဟာ မေသင်္ကြန်ဟိန်ဆိုတဲ့ အမည်နဲ့ ဂျာနယ်တွေမှာ စာရေးခွင့်မရခဲ့တဲ့ Black list တယောက်ပါ။
၂၀၀၄ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့နောက်ပိုင်း ကာလတည်းက ကျမကို စာပေစီစစ်ရေးက Black list အဖြစ်သတ်မှတ်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်စက်တင်ဘာလက စပြီးကျမ နာမည်ရင်းလည်းဖြစ်၊ သတင်းထောက်အမည်လည်း ဖြစ်တဲ့ မေသင်္ကြန်ဟိန် ဆိုတဲ့ ကလောင်နဲ့ ပြန်ပြီးစာရေးလို့ရခဲ့ပါတယ်။

မေသင်္ကြန်ဟိန်အမည်နဲ့ စာရေးလို့ မရခင်တုန်းက ကျမ ကလောင်အမည် တော်တော်များများနဲ့ ရေးဖြစ်ခဲ့ပါတယ်။ ကျမ မှတ်မိသလောက် ကလောင်အမည် ၇ ခုကျော်လောက်ထိ ကျမမှာ ရှိခဲ့ပါတယ်။ အဲဒီတုန်းက ငြိမ်းဆက်လင်း ဆိုတဲ့ ကလောင်အမည်ကတော့ လူသိများခဲ့တဲ့ ကလောင်တခုဖြစ်ခဲ့ပါ တယ်။ ကျမကိုယ်တိုင်လည်း နှစ်သက်ခဲ့ပါတယ်။


ငြိမ်းဆက်လင်း ဘ၀နဲ့ ရေးခဲ့တဲ့ ဆောင်းပါးတွေထဲက တခုကို ပြန်လည် မျှဝေလိုက်ပါတယ်။

လွှတ်တော်နှင့် မီဒီယာသမားတို့၏ တာဝန်
ပြည်သူ့ခေတ်ဂျာနယ်၊ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ၂၇ ရက်နေ့ထုတ် သတင်းဂျာနယ်တွင် ဖော်ပြခဲ့သောဆောင်းပါး)

ငြိမ်းဆက်လင်း(မြစ်မခ)

မကြာမီကာလမှာ လွှတ်တော်ခေါ်တော့မည်။ လွှတ်တော်မှာ မီဒီယာတို့၏ အခန်းကဏ္ဍကလည်း ပါဝင်လာတော့မည်။ ထို့အတွက် ကျွန်မတို့ မီဒီယာသမားတွေ အဆင်သင့်ဖြစ်ကြပြီလား။ ပြည်သူလူထု သိချင်သမျှတို့ကို မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန်ဖော်ပြနိုင်ဖို့အတွက် ကျွန်မတို့ သတင်းဂျာနယ် သမားတွေ၊ သတင်းထောက်တွေမှာ တာဝန်ရှိလာပြီမဟုတ်လား။

နိုင်ငံရေးပါတီတွေက လွှတ်တော်အတွက် ပြင်ဆင်နေကြသလို ကျွန်မတို့ သတင်းထောက်တွေကလည်း လွှတ်တော်မှာ သတင်းယူဖို့အတွက် ပြင်ဆင်သင့်ပြီ မဟုတ်လား။ လေ့လာမှတ်သားသင့်ပြီဟု မြင်မိပါသည်။

ထို့ကြောင့် ဆရာလူထုစိန်ဝင်းဆီသို့ နှစ်သစ်ဂါဝရပြုရင်း ဆရာတို့ခေတ်တုန်းက လွှတ်တော်မှာ သတင်းထောက်တွေ သတင်းဘယ်လို ယူကြပါသလဲဆရာဟု မေးမြန်းမိခဲ့ပါသည်။ ဆရာကလည်း ရာသီဥတု ဒဏ်ကြောင့် ရင်ကျပ်နေသည့်ကြားမှ ကျွန်မတို့ သိချင်သမျှတို့ကို ရှင်းပြခဲ့သည်။

`ဆရာတို့တုန်းက လွှတ်တော်က ရန်ကုန်အတွင်းဝန်ရုံးအတွင်းမှာ ထားရှိတယ်၊  အခုတော့ အရင်ဝန်ကြီးများ ရုံးပေါ့လေ အဲထဲမှာလွှတ်တော်ခန်းမရှိတယ် လွှတ်တော်မှာသတင်းထောက်တွေဟာ လွတ်လွတ်လပ်လပ် သတင်းယူခွင့်ရှိတယ်၊ ကြိုက်တာကိုလဲရေးခွင့်ရှိတယ်။ အဲဒီမှာလာတဲ့ လွှတ်တော် အမတ်တွေကိုရော၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးဝန်ငယ်တွေရော လွတ်လွတ်လပ်လပ်တွေ့ ဆုံမေးမြန်းပြီးတော့  ရေးလို့ရတယ်။ 

တကယ့်လွှတ်တော်ထဲမှာ  ပြောကြဆိုကြ ဆွေးနွေးကြတာတွေ ငြင်းခုံကြတာတွေကအစ ပြည်သူလူထုက သတင်းစာတွေမှာ သေချာဖတ်ကြရတယ်`ဟု ဆရာက ရှင်းပြရင်း ခဏနားသည်။

ဆရာက အောက်စီဂျင်ပိုက်တန်းလန်းနှင့် စာရေးသူဖြစ်သလို၊ အောက်စီရျင်ပိုက်တန်းလန်းနှင့်ပင် လာရောက်ကြသော မိတ်ဆွေများ၊ တပည့်များကိုလည်း လက်ခံတွေ့ဆုံပေးသူလည်း ဖြစ်သည်။ ကျွန်မတို့လို သိချင်တာ ရှိရင် ဆရာ့ဆီကို ပြေးလာတတ်သော တပည့်တွေကိုလည်း ဆရာက လက်ခံတွေ့ဆုံပြီး မေးသမျှကို နားလည်းအောင်ရှင်လင်းသင်ကြားပေးသည့် ဆရာပင်ဖြစ်သည်။ ခုလည်း ဆရာက အသက်၀၀ရှုလိုက်ပြီး စကားဆက်ပါသည်။

`အဲဒီသတင်းတွေသတင်းစာထဲမှာ ထည့်ပြီး ဖတ်ရတော့ ပြည်သူလူထုကလည်း တို့အမတ်ကတော့ ဘာတွေ ပြောတယ်၊ တို့အမတ်ကတော့ လွှတ်တော်ထဲမှာ တို့အတွက် ဘာတွေ မေးပေးတယ်၊တို့အတွက် ဘာတွေ ဆောင်ရွက်ပေးဖို့ အစိုးရကို တိုက်တွန်းနိုးဆော်ပေးတယ် အဲလိုမျိုးမဲဆန္ဒရှင်တွေက သိရတယ်၊ သိရတဲ့အတွက် ဒီအမတ်ကောင်းတယ် မကောင်းဘူး၊ နောက်တစ်ကြိမ်ရွေးကောက်ပွဲ ကြရင် ပြန်ရွေးသင့် မရွေးသင့်ဆိုတာမျိုး သူတို့က ဆုံးဖြတ်လို့ရတဲ့အတွက် ပြည်သူလူထုကလည်း ကျေနပ်ကြတယ်၊
သတင်းသမားတွေကလည်း ကိုယ့်တာဝန်ကိုယ်ကျေအောင်လုပ်နိုင်တဲ့အတွက် စိတ်ကျေနပ်ကြရတယ်`ဟု ဆရာက ရှင်းပြခဲ့သည်။

ဆရာကဆက်ပြီး သတင်းသမားတို့၏တာဝန်နှင့်ပတ်သက်ပြီး ထပ်ပြောခဲ့သည်။ ဒီမိုကရေစီခေတ်မှာ မီဒီယာက ပိုပြီး တာဝန်ကြီးလာသလို၊အရေးလည်း ကြီးလာကြောင်းပြောသည်။ ထို့ပြင် သတင်းသမား တစ်ယောက်အနေဖြင့် ကိုယ့်တာဝန်ကိုယ်ကျေဖို့အတွက် အမြဲကြိုးစားရမည်ဖြစ်ကြောင်း ဆရာက ပြောသည်။

`သတင်းသမားဆိုတာ ပြည်သူသိချင်တာတွေကို သိအောင်လုပ်ပေးဖို့ ဒါ သတင်းသမားရဲ့ အဓိကတာဝန်ဘဲ အဲ့ဒါမလုပ်ပေးနိုင်ဘူးဆိုရင် သတင်းသမားရဲ့တာဝန်မကျေတော့ဘူးပေါ့ အခု သတင်းသမား တွေဟာ ပုံစံအမျိုးမျိုးနဲ့ ကြိုးစားနေကြတယ် ဒါကောင်းတယ်၊ မရနိုင်ပါဘူးဆိုတဲ့ ဆင်ခြေအမျိုးမျိုးနဲ့ နေတဲ့သူတွေလည်း ရှိတယ်၊ အဲဒါသတင်းသမားတာဝန်မကျေဘူး`ဟု ဆရာလူထုစိန်ဝင်းက ပြောသည်။

လက်ရှိသတင်းဂျာနယ်များမှသတင်းထောက်အများတွင် အမျိုးအစား ၂ မျိုးခန့် ကွဲနေသည်ကိုတွေ့မြင်ရသည်။ တစ်မျိုးက ပြည်သူ့ သတင်းထောက်၊ပြည်သူ့အတွက် တာဝန်ကျေအောင် ကြိုစားတတ်သော သတင်းထောက်မျိုးဖြစ်ပြီး၊ နောက်တစ်မျိုးကတော့ သတင်းအလုပ်ကို ၀တ်ကျေတန်း ကျေလုပ်သော၊ တာဝန်မယူတတ်သော၊ မျက်နှာကြီးရာ ဟင်းဖတ်ပါတတ်သော သတင်းလုပ်ငန်းလုပ်သူတို့ဖြစ်သည်။

ထို့ပြင် သတင်းလုပ်ငန်းဖြင့် လိမ်လည်ပြီးအခကြေးငွေ ယူနေသူမားလည်း ရှိကြောင်း ကြားသိနေရသည်။

တစ်လောတုန်းကလည်း ပြည်ပအလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းတစ်ခုမှ သတင်းရေးပေး မည်၊ သတင်းရေးခဟု ဆိုကာ ငွေကျပ် ၂ သောင်း တောင်းယူသွားသော အဖြစ်အပျက်ကိုလည်း ကြားလိုက်ရသေးသည်။ ထိုကဲ့သို့အဖြစ်အပျက်များမှာ လွန်ခဲ့သော ၂၀၀၀ ၀န်းကျင်ခန့်တုန်းကတည်းက ရှိခဲ့ဖူးသည်။ ဟိုတုန်းကလည်း ရှိခဲ့သည်ဟု ကြားရပါသည်။ သတင်းလောကအတွက် ရုပ်ပျက်ဆင်းပျက် အဖြစ်အပျက်၊ ရှက်ဖွယ်အဖြစ်အပျက်ဟုသာ ဆိုရပါမည်။

သတင်းသမားတို့အတွက် သတင်းရေးခကို သက်ဆိုင်ရာ ဂျာနယ်တိုက်က ပေးရခြင်းဖြစ်သည်။ သတင်းရင်းမြစ်များထံမှ အခကြေးငွေတောင်းယူခြင်း၊ လက်ဆောင်ပစ္စည်းလက်ခံယူခြင်းတို့မှာ သတင်းသမား ကျင့်ဝတ်နှင့်မညီပါ။ ထို့ပြင် သတင်းသမားတို့က စီးပွားရေးလုပ်ငန်းရှင်တို့ကျင်းပသော ဧည့်ခံပွဲများ၊ ပရိုမိုးရှင်းပွဲများသို့ တက်ရောက်ခြင်းကလည်း သတင်းလုပ်ငန်းကို ထိခိုက်စေကြောင်း သိရပါသည်။

`သတင်းထောက်တွေက ဧည့်ခံပွဲတွေတက်တာ၊ ကုန်ပစ္စည်းကြေညာပွဲတို့ ကုန်ပစ္စည်းပရိုမိုရှင်းပွဲတွေ တက်ကြ ကျွေးတာစား၊ပေးတာ ယူကြတာ သတင်းသမားအလုပ်မဟုတ်ဘူး၊ အဲလို လုပ်တဲ့ သတင်းသမားတွေ ကိုလည်း ပြည်သူကမလေးစားဘူး`ဟု ဆရာလူထုစိန်ဝင်းက ပြောဆိုခဲ့ဖူးသည်။

ကျွန်မတို့ရှေ့မှ သတင်းထောက်များ ပွဲတက် လက်ဆောင်ယူခဲ့ကြသည့်အတွက် နောက်မှ သတင်းထောက်တွေကလည်း ပွဲတက်လက်ဆောင်ယူသည့် အလေ့စွဲလာခဲ့တာဖြစ်သည်။ လက်ဆောင်ယူ ထားသော အခကြေးငွေယူထားသော သတင်းသမားတစ်ယောက် ရေးသည့် သတင်းသည် မည်သို့သော သတင်းမျိုးသား ဖြစ်မည်နည်း။ သတင်းသမားများအနေဖြင့် ကျင့်ဝတ်နှင့်အညီနေထိုင်ကြရန် အရေးကြီးကြောင်း မှတ်သားခဲ့ဖူးသည်။

ရွေးကောက်ပွဲကာလကို ကျွန်မတို့သတင်းသမားတွေ ဖြတ်သန်းခဲ့ကြပြီးပြီ အသန့်ရှင်းဆုံး၊ အမျှတဆုံးဖြစ်အောင် သတင်းယူကြ၊ သတင်းရေးကြသူတွေလည်း ရှိပါသည်။ ထို့ပေါ်မှာအခွင့်ကောင်းယူသော သတင်းသမားများ၊ နိုင်ငံရေးပါတီအချို့၏ လက်ကိုင်တုတ်သဖွယ်ဖြစ်သွားသော သတင်းသမားလည်းရှိသည်ကို စိတ်မသက်သာစွာ တွေ့မြင်ခဲ့ရသည်။ လူတိုင်းလူတိုင်း ကိုယ့်သမိုင်း ကိုယ်ရေးကြပါသည်။

လာမည့် လွှတ်တော်ကာလတွင်လည်း သတင်းသမားတွေ သတင်းယူကြရဦးမည်။ ကျင့်ဝတ်နှင့်အညီ နေထိုင်ရင်း ပြည်သူ့သတင်းထောက်ဖြစ်အောင်သာ သတင်းသမားတိုင်း ကြိုးစားနေထိုင်သင့်သည်ဟု ဆရာ၏ သြ၀ါဒကို လက်ခံယူဖြစ်ခဲ့ပါသည်။

သတင်းသမားဆိုတာ ပြည်သူ့အပေါ် အမြဲသစ္စာရှိရမည်။ ပြည်သူ့အတွက်သာ အလုပ်လုပ်ကြရမည် ဟု ရင်ထဲစွဲနေဆဲဖြစ်သည်။  ငြိမ်းဆက်လင်း(မြစ်မခ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...