လှောင်အိမ်မှ လွတ်သော (ဝါ) Manifesto of Zen.
by Zay Ya on Monday, September 17, 2012 at 6:18pm ·
လှောင်ချိုင့် ထဲမှ ထွက်သော ငှက်သည် ကောင်းကင်သို့ ပျံတက် သွားရန်သာ ဖြစ်သည်။ ထိုသို့ မဟုတ်ဘဲ၊ တစ်ဘက် လှောင်အိမ် မှ ထွက်၍ အခြား လှောင်အိမ်ငယ် တစ်ခု သို့ ဝင်ရောက်သွား လျှင် ၎င်းသည် လွတ်မြောက်သွားသော ငှက်ငယ် တစ်ကောင် မဟုတ်ပေ။
အချို့ က ရွှေလှောင်အိမ် တွင် နေထိုင်၍၊ သံလှောင်အိမ် ၌ နေသော တစ်ပါးငှက် တို့ကို လှောင်ပြောင်၊ ရှုံ့ချလျက် ရှိသည်။ အချို့ က ကြေးလှောင်အိမ် တွင် နေ၍ ငွေလှောင်အိမ် ကို မျှော်လင့် တမ်းတ ကြသည်။ သံလှောင်အိမ်၊ ကြေး လှောင်အိမ်၊ ငွေလှောင်အိမ် အမျိုးအစား မည်မျှ ကွဲပြား နေသော်လည်း လှောင်အိမ် သည် လှောင်အိမ် သာ ဖြစ်သည်။ ပိတ်လှောင်ခံထားရခြင်း ၌ တူလင့် ကြသည် သာ ဖြစ်သည်။
ဇင် သည် မိမိ အဖြစ် မှ အပြည့်ဝဆုံး လွတ်မြောက်ခြင်း ကို ခေါ်ဆိုပါ၏။ လွတ်မြောက်ခြင်း ကို လူအများက အမျိုးအစား ခွဲခြား တတ်ကြသေးသည်။ ပါတီအောက်မှ၊ နိုင်ငံအောက်မှ၊ အရှင်သခင် အောက်မှ၊ ဘာသာတရား တံဆိပ် ဝါဒ အောက်မှ၊ စသည် - ယင်း အမျိုးအစား များ ကွဲပြား ရှိကြသော်လည်း ယင်းတို့ အနက်၊ မိမိ အဇ္ဈတ္တမှ အပြည့်အဝ ပွင့်ဖူး၊ ထိုးဖောက်၊ လွတ်မြောက် လာခြင်း ကိုသာလျှင် အဆုံးစွန်ဆုံး လွတ်မြောက်ခြင်း ဟု ဇင် ၌ ခေါ်ဆိုသည်။ ယင်းမှ တစ်ပါး အဘယ် အောက် သို့ ရောက်သည် ဖြစ်ပါစေ - နံရံ အထပ်ထပ် ကာရံ ထားသည် သာ ဖြစ်သည်။ ကြေး၊ သံ၊ ရွှေ၊ ငွေ ကွာခြားသော်လည်း - ယင်း နံရံ လေးဘက် ကာရံ ၍ အဘယ်ကြောင့် ကမ္ဘာငယ်များ အပြန်အလှန် တည်ဆောက် နေရပါသနည်း။ တစ်လံ နှစ်ပြန်စာ ဤကိုယ်ခန္ဓာ တွင် အဘယ်ကြောင့် အိမ်ဖွဲ့၊ တွယ်တာ၊ ထုဆစ် နေ ပါသနည်း။ မိမိ၏ ထုနှင့် ထည်နှင့် ပြည့်စုံနေသော နံရံ ကျောက်သား များကို ကိုင်ကြည့်၍ အများစုက ဝမ်းမြောက် ဝမ်းသာ ဖြစ်လျက် ရှိသည်။ ခိုင်ခံ့နေသော လှောင်အိမ် သံတိုင်ကို ကြည့်၍ ဝမ်းမြောက် နေသော ငှက်ငယ် ကဲ့သို့။
စင်စစ် ဤလှောင်အိမ် ကို လှောင်အိမ်မှန်း သိလျှင်၊ ဖြိုဖျက်ရန် ကြိုးပမ်း ကြမည်ချည်း ဖြစ်သည်။ နည်းလမ်း အစွမ်းတို့ ဖြင့် ဖြိုဖျက် ကြသည့် အခါ- လှောင်အိမ် တံခါး သည် တစ်ဖြေးဖြေး ပါးလျား လာလိမ့်မည်။ ပါးလျား လာလေ၊ လွတ်မြောက်ရန် အဖြစ် ပိုမို ထင်ရှားလာလေ ဖြစ်၏။
ထိုမှ လွတ်မြောက်လာသော ငှက်သည်သာ ကောင်းကင်ယံ သို့ ပျံတက်၍ လှပတင့်တယ်သော ကမ္ဘာကို တကျယ်တပြော ရှုမြင်နိုင် သည်။ လှောင်အိမ် ၏ အဖြစ် ကိုလည်း မြင်ခဲ့ ပြီးပြီ။ မြစ်ပြင်ကျယ် ကိုလည်း ရှုမြင်နေရပြီ။ နံရံ တို့၏ အကာအကွယ် ကို ဖောက်ထွင်း ပြီးပြီ။ တောတောင် စိမ့်စမ်း ဆီသို့ ဝမ်းသာအယ်လှဲ ပျံသန်းနေလေပြီ။ ဤသည်ကိုပင် ရည်၍ ရှေးဆရာ အဆက်ဆက် တို့က ဇင်၏ အဖွင့် ကြေညာချက် ဟူ၍ အောက်ပါ အတိုင်း ဆိုကြသည်။
The less you are, the more you are.If you are nothing at all, then you are everything.♥ This is the Manifesto of Zen. ♥
..................
Sept 17th 2012 at 7:48 AM
..................
0 comments:
Post a Comment