ကြောက်စရာ အမုန်း
by Win Ko on Monday, September 10, 2012 at 4:02am
မနက်လင်းလို့ အိပ်ရာကထပြီး ရွှေထိပ်တန်း လက်ဘက်ရည်ဆိုင်ကို ချီတက်ခဲ့တယ်ဆိုရင် နေ့စဉ်ဖြစ်ပျက်နေတဲ့ မြန်မာ့နိုင်ငံရေးအကြောင်းတွေက စားပွဲဝိုင်းတိုင်းမှာ လွှမ်းမိုးပွက်လောရိုက်နေသည်။
ဆွေးနွေးနေကြသည့်အကြောင်းအရာတွေက စုံလွန်းလှသည်။
ပြည်တွင်းပြန်ဝင်သွားသူတွေ အကြောင်း၊ တိုင်းရင်းသားနယ်မြေတွင်းအခြေအနေ၊ မြောက်ပိုင်းအေဘီကိစ္စ၊ မြန်မာ့နိုင်ငံရေးအလားအလာ၊ ဒေါ်စုရဲ့ခရီးစဉ် နဲ့ လုပ်ဆောင်ချက်များ၊ အကျဉ်းထောင်တွင်းကျန်ရှိနေသည့် နိုင်ငံရေးအကျဉ်းသားများ၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီစနစ် အားနည်းချက်/ အားသာချက်၊ စသဖြင့်….။
သို့သော် သူတို့ဆွေးနွေးကြသော အကြောင်းအရာများထဲတွင် တော်လှန်ရေးနယ်မြေဘက်သို့ ကူးပြောင်း ရောက်ရှိလာသည့် တပ်မတော်သားဟောင်းများနှင့် ပတ်သက်သည့်စကားရပ်များမှာ တလုံးတပါဒမျှ မကြားရ။ ဥပေက္ခာပြုထားကြသည်လား (သို့မဟုတ်) နိုင်ငံရေးလောကထဲ အရာမသွင်းချင်၍လား စသဖြင့် မေးခွန်းပေါင်း များစွာ ပေါ်လာခဲ့ရသည်။
ကျနော်တော်လှန်ရေးနယ်မြေတွင် နှစ်ပေါင်းနှစ်ဆယ်နီးပါး ကျင်လည်ဖြတ်သန်းခဲ့ရသည်။ ထိတွေ့ခံစားမှုတွေကို ဘဝနဲ့ရင်းခဲ့ရသည်။ စစ်အာဏာရှင်အုပ်ချုပ်မှုအောက်တွင် ဘဝရပ်တည်ရေးအတွက် အကြောင်းအမျိုးမျိုး ကြောင့် တပ်မတော်တွင်းဝင်ရောက်ခဲ့ရသူ များစွာရှိသည်။ တကယ့်လက်တွေ့စစ်မှုထမ်းကြသောအခါ မိမိတို့ စိတ်နေသဘောထားနှင့် အာဏာရှင်စနစ်မှာ အံဝင်ဂွင်ကျမဖြစ်ကြပေ။
တပ်တွင်းဖိနှိပ်မှု၊ အထက်အောက်မညီမျှမှုများနှင့် တိုင်းရင်းသားနယ်မြေသို့ စစ်ဆင်ရေးဝင်ရသောအခါ မတော် မတရားသောလုပ်ရပ်များကို ခါးသီးလာကြသောကြောင့် အမှန်တရားဘက်ရပ်တည်မည်ဟု ဆုံးဖြတ်ပြီး တော်လှန်ရေးနယ်မြေသို့ အသက်နှင့်ရင်းကာစွန့်စားထွက်ခွာခဲ့ကြရသည်။ တကယ့်လက်တွေ့ တော်လှန်ရေး နယ်မြေသို့ရောက်ရှိလာသောအခါ အထင်နှင့်အမြင်မှာ တက်တက်စင်အောင်လွဲ ခဲ့ရသည်။
လက်နက်ဖြင့် တောခိုလာသူအများစုကို တော်လှန်ရေးတပ်မတော်တွင် ပြန်လည်တာဝန်ထမ်းဆောင်စေ ခဲ့သည်။ ပေးအပ်ခဲ့သည့် တာဝန်တွေက မိုင်းထောင်၊ ရန်သူ့တပ်ဝင်စီး၊ ခရီးထွက်လျှင် ပွိုင့်ကအမြဲသွားရသည်။ အသက်ကိုလောင်းကြေးထပ်ကာ အန္တရာယ်နှင့်အမြဲရင်ဆိုင်ကစားနေကြရသည်။ လက်နက်မဲ့တောခိုလာသူ၊ ပေါ်တာအဖြစ်မှထွက်ပြေး ရောက်ရှိလာသူတွေရဲ့ဘဝက ပို၍ဆိုးရွားလှသည်။ ဖြေရှင်းခွင့်တစုံတရာမရှိ။ အကြင်နာတရား မရှိ။ မထင်လျှင် မထင်သလို ‘ထောက်လှမ်းရေး’ ဆိုသည့်ခေါင်းစဉ်အောက်မှာ မရှုမလှ အသက်ပျောက်ကုန်ကြသူတွေ များသည်။
ကံကောင်းထောက်မ၍ အချို့သူတွေ အသက်ရှင်ခွင့်ရသော်လည်း လူကြားသူကြားမတိုးဝံ့တော့။ သိမ်ငယ်စိတ် က အမြဲလွှမ်းမိုးနေသည်။ ဘောင်းဘီချွတ်ဆိုသည့်စကားလုံးက အသက်တချောင်းကို အချိန်မရွေး ဒုက္ခပေးနိုင် သည်။ ကိုယ်စွမ်းကိုယ်စတွေ ပျောက်ဆုံးရသည့် ရှင်လျက်သေသောသူများဖြစ်ကုန်ကြသည်။ သည်ဘက်မှာ အခြေမလှသဖြင့် နောက်ကြောင်းပြန် လှည့်ရန်ကလည်း မလွယ်။ နှစ်ဘက်စလုံးကို ကြောက်နေကြရသည့် ကျီးလန့်စာစားဘဝဖြစ်သည်။
မှတ်မှတ်ရရ ၂၀၀၀ ပြည့်နှစ် ဇွန်လအတွင်း နေ့တနေ့ ညနေ ၃ နာရီလောက်အချိန်၊ ကျနော် ရွာလည်လမ်းမကြီး အတိုင်း လမ်းလျှောက်လာခဲ့သည်။ ရှေ့မနီးမဝေးတွင် လူ ၄ ဦးက ဆွေးမြေ့နေသော သစ်တုံးတတုံးဖြင့် လူတဦးကို ရိုက်သတ်နေသည်ကို တွေ့လိုက်ရသည်။ ကြားရသည့်စကားလုံးများက ကျနော့နားထဲမှာ ယနေ့အချိန်ထိ လွှမ်းမိုးကြားယောင်နေမိဆဲ။
‘ငါမသေချင်သေးဘူး… ငါမသေချင်သေးဘူး လို့ပြောနေတယ်… ငါ့ကိုမရိုက်သတ်ကြပါနဲ့… ဗျာ’
‘မင်းလို ဗမာတပ်ကပြေး ဘောင်းဘီချွတ်တဲ့ကောင်ကို ဘယ်လိုသတ်သတ် သတ်လို့ရတယ်ကွ… မှတ်ထား ငါ့နာမည်..(……) ကွ’ ဟုဆိုလိုက်၊ တုံးနှင့်ထုလိုက်နှင့် သွေးဆာနေသော လူ့ဘီလူးများလက်ချက်ကြောင့် ဆန့်ငင် ဆန့်ငင်နှင့် ဝိညာဉ်ချုပ်ငြိမ်းသွားရသည်။ ဝိညာဉ်မဲ့ခန္ဓာကိုယ်ကြီးကို ဂုံနီအိတ်ထဲသို့ထိုးသွင်းကာ ခွေးသေကောင်ဆွဲသကဲ့သို့ ဒရွတ်တိုက်ဆွဲကာ သယ်ဆောင်သွားကြသည်။ ဘက်ပြောင်းလာသော တပ်မတော်သားများအပေါ် အမြင်မကြည်လင်ပါက တံဆိပ်တပ်ရန် အလွန်လွယ်ကူလှသည်။ ‘ရန်သူ့ ထောက်လှမ်းရေး’ ‘အာဏာရှင်စိတ်မပျောက်သေးသူ’ ‘အာဏာရှင် လက်ပါးစေ’ စသဖြင့်…။
သူတို့သည် စစ်အာဏာရှင်စနစ် ကျဆုံးအောင်မတိုက်ခိုက်နိုင်ဘဲ မိမိတို့ထံလာရောက်ပူးပေါင်းသော တပ်မတော် သားများကို အမုန်းတရားဖြင့် ရိုးမယ်ဖွဲ့ အပြစ်ရှာနေသည်ကို တွေ့ခဲ့ရသည်။
‘ကျားကြောက်၍ ရှင်ကြီးကိုး ရှင်ကြီးက ကျားထက်ဆိုး’ သည့် အဖြစ်အပျက်တွေ များစွာရှိခဲ့သည်။ ထိုအဖြစ်အပျက်တို့ကို သိခဲ့ကြားခဲ့သော ပြည်ပရောက် လူ့အခွင့်အရေးလှုပ်ရှားသူများ ဒီမိုကရေစီရေး ဆောင်ရွက်နေသူများ မသိကျိုးကျွံပြုကာ နှာစေးနေသည်ကိုလည်း ကြုံတွေ့ခဲ့ရဖူးပါသည်။ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး အတွက် စွမ်းစွမ်းတမံ ကြိုးစားအကောင်အထည်ဖော်နေပါသည် ဆိုသည့် နိုင်ငံရေးသမားကြီး များ အတိုက်အခံ အဖွဲ့အစည်းများအနေဖြင့် ပြည်သူထဲက တပ်မတော်သားများကို မေ့လျော့ ဥပေက္ခာပြုကာ ဒီမိုကရေစီလှုပ်ရှားသူများကိုသာ အသိအမှတ်ပြုပြီး ဆက်လက်ချီတက်နေဦးမည်ဆိုပါက တန်ပြန်သက်ရောက် မှု များသည် မြန်မာ့နိုင်ငံရေးတွင် အရုပ်ဆိုးအကျည်းတန်စွာဖြင့် မှတ်တမ်းတင် ကျန်ရစ်နေမည်မှာ မလွဲဧကန် ဖြစ်တော့သည်။
ယခုအခါ ပွင့်လင်းလွတ်လပ်လာသော လူ့အဖွဲ့အစည်းတွင် အာဏာရှင်စနစ်ကို ရွံမုန်းပြီး ပြည်သူလူထုနှင့် တသားတည်းရှိနေသော ပြည်တွင်းပြည်အရှိ တပ်မတော်သားဟောင်းများကို အားပေး ကူညီဖေးမပြီး သူတို့နှင့်အတူလက်တွဲကာ ဒီမိုကရေစီခရီးပန်းတိုင်ကို ဆက်လက်ချီတက်သင့်ပါကြောင်း အကြံပြုတင်ပြ အပ်ပါသည်။
ကိုယ်ချင်းစာတရားများ ပွားများလွှမ်းခြုံနိုင်ကြပါစေ……
အုပ်ကြီးဖေ
၁၀-၉-၂၀၁၂
0 comments:
Post a Comment