ဂျိန်းဖောမြေသို့ ....မန်းမြေ...။
by ကိုဝိုင် ဝိုင်ကေ on Thursday, September 20, 2012 at 1:13pm
ဘူတာလေးထဲ ကို ရထားဝင်ပြီ ဆိုတာနဲ့ ဟိုးတုန်းက ရေ ရမယ် ရေ ဆိုတဲ့ အသံလေး ပြန်ကြားရဦးမလား လို့ နားစွင့်မိပါတယ်။ ကြားလိုက်ရတော့ ရေတော့ရေ ပါပဲ..။
ရေသန့် ဗူးခွံလေးတွေ ချပေးပါ... ရေသန့်ဗူးလေးတွေ ချပေးပါ...။
မန္တလေးက ထွက်လာခဲ့တဲ့ ရထားဟာ ၂၆ နာရီကြာ မောင်းခဲ့ရလို့ မြစ်ကြီးနား ဘူတာထဲ အဝင်မှာ မောဟိုက်စွာနဲ့ တလှိမ့်ချင်းဝင်လိုက်တဲ့ အချိန်က ကြားရတဲ့ အသံတွေပါ...။ ကိုယ်မှာ ပါလာတဲ့ ခရီးဆောင် အိတ်ကို လွယ်ရင်း အောက်ကို ဆင်းနှင့်တဲ့ ကိုယ့်ဘော်ဒါများထံကို စစ်ဘေးသင့်ပြည်သူများ အတွက် သယ်လာတာတွေ ချပေးဖို့ ပြင်လိုက်ပါတယ်။ အိတ်ကို ဆွဲမလိုက်တဲ့ အချိန် ဝင်လာတဲ့ ခြေ တစုံကြောင့် ခါးကိုင်းငုံထားတဲ့ ခေါင်းကိုမော့ ကြည့်လိုက်ပါတယ်။
ဦး... သမီး.. ရေသန့်ဘူးလေး လိုချင်လို့...ဆိုပြီး မျက်နှာအိုစွာ လှမ်းပြောတဲ့ ၁၀ နှစ်ဝန်းကျင် ကလေးမ ငယ်ငယ်လေးကိုတွေ့လိုက်ပါတယ်။
အေးအေး ခဏစောင့် သမီး.. ဦး တို့ အိတ်တွေ ဖယ်လိုက်ရင် အများကြီး.. လို့ ပြောလိုက်တော့ အဲဒီ သမီးလေး မျက်နှာ က ဝင်းသွားပြီး ထိုင်ခုံပေါ်ကို ဘေး တစောင်းလေး ထိုင်စောင့်နေပါတယ်။
ဟုတ်တယ် .. ကျွန်တော်တို့မှာ ရေသန့် ဘူးခွံတွေ အများကြီးပါတယ်။ လမ်းတစ်လျှောက် မိုးညှင်း မိုးကောင်း နဘား နမား ကသာ ရွှေဘို ကန့်ဘလူ စတဲ့ မြို့တိုင်းက မိတ်ဆွေတွေက စားစရာနှင့် ရေသန့်ဘူးတွေ ပေးကြလို့ ရထားပေါ်မှာ အခြား ခရီးသည်တွေကိုတောင် မျှကျွေးရတဲ့ အထိ များခဲ့တယ်။ ထားလို့ရတဲ့ ကိတ်မုန့်တွေ ပါမုန့်တွေကို စခန်းတွေ ရောက်ရင် ကလေးတွေကို ပြန်ပေးမယ် ဆိုပြီး မစားပဲ သိမ်းထားခဲ့ကြပါတယ်။ လမ်းမှာလည်း ရေသန့်ဘူး အချို့ကို ငြိမ်းချမ်းရေး စတစ်ကာတွေ ကပ်ပြီး ရထားလမ်းဘေးတစ်လျှောက် မှာ လူသူမနီး တဲ့နေရာမှာ လုံခြုံရေး တာဝန်ယူထားတဲ့ တပ်မတော်သားများကို ပေါက်စီတို့ မုန့်တို့နဲ့ တွဲပြီး ချပေးခဲ့ပါတယ် ။ သူတို့လက်ထဲ ရောက်ရင် ရေသန့်ဘူးက ငြိမ်းချမ်းရေး စာတမ်းလေးတွေ သတိထားမိမှာပါ။ သိုသော်လည်း အမိန့်တွေအောက်ကမို့ ပါတဲ့ ရေပဲ သောက်မိကြမှာလည်း စိတ်မကောင်းစွာ ဖြစ်မိပါတယ်။
ဦး....
ဦး....
အော် အေးအေး သမီး ယူလို့ရပြီ... ဆိုတော့ ကလေးမလေးက တစ် နှစ် သုံးလေး ရေတွက်ပြီး ရေဘူးတွေကို ကောက်ပါတယ် ။ ကျွန်တော် တွေသွားတယ်။
သမီး .. စာသင်ဘူးလား လို့ မေးလိုက်တော့
ဟုတ်ကဲ့ ဦး.. ၃တန်းထိနေဘူးတယ်.....တဲ့...။
ဘာလို့ ကျောင်းမတက်တာလဲ... မေးလိုက်တော့၊
သမီးက ဒီက မဟုတ်ဘူး ရွာက... ရွာမှာ တိုက်ပွဲတွေ ဖြစ်နေလို့ ဒီကိုပြေးလာတာ...
အဲတာကြောင့် အားနေလို့ ဒီမှာ ရေဘူးလာကောက်တာ..ဦး ..။
အော်...
ဦးတို့က ဘယ်ကလာတာလဲဟင်...
မန္တလေးက သမီး...
မန်းလေးက ဘယ်နားကရွာလဲဟင်.. အဝေးကြီးလား
အာ.. သမီးကလည်း မန်းလေးဆိုတာ ခု မြစ်ကြီးနားလို့ မြို့ကြီး သမီးရဲ့ ...
ဟုတ်လား.. အဲမှာရော သမီးလို ရေဘူးကောက်တဲ့ သူတွေ ရှိလား ... ဟင် ...
အင်း.... ရှိတာပေါ့
ဟာ... ဒါဆို.. အဲမှာလည်း တိုက်ပွဲတွေ ဖြစ်နေတာပေါ့နော်...။
ကျွန်တော် တော်တော်လေးစိတ်ထိခိုက်မိပါတယ်။ ဟုတ်မှာပါ ဘဝတိုက်ပွဲတွေ မန်းလေးမှာလည်း တိုက်နေရတာပါပဲ..။
ဦး...
ဦး...
ဟေ..
သမီးသွားတော့မယ်...ကျေးဇူးပါရှင့်...။
++++++++++++
ကျန်တာတော့ စာဖတ်သူပဲ ရင်ထဲမှာ ဆက်ရေးလိုက်ပါတော့....။
++++++++++++
ကိုဝိုင်ဝိုင်ကေ
၂၁-၉-၁၂
အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ အမှတ်တရ ။
0 comments:
Post a Comment