လောကီမင်္ဂလာ ဟူသည်မှာ
by Vipassana on Friday, September 14, 2012 at 8:16am ·
ယဿ မင်္ဂလာ သမူဟတာသေ၊ဥပ္ပတာ သုပိနာ စ လက္ခဏာ စ။သော မင်္ဂလဒေါသဝိပ္ပဟီနော၊သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။
ယဿ၊ အကြင်ရဟန်းသည်။ မင်္ဂလာ၊ ကောင်းကျိုး ရကြောင်း နိမိတ်ကောင်း ဖြစ်သည် ဟု စွဲယုံကြည်သည့် လောကီ ဆိုင်ရာ မင်္ဂလာတို့ကို။ သမူဟတာ၊ အရိယမဂ်ဖြင့် ကောင်းစွာ ပယ်အပ်ပြီး ဖြစ်လေကုန်ပြီ။ ဥပ္ပါတာ စ၊ မိုးကြိုးပစ်ခြင်း၊ လောင်မီးကျခြင်း စသော ဘေးဥပါဒ် ဆိုင်ရာ အယူအစွဲ တို့ကိုလည်းကောင်း၊ လက္ခဏာ စ၊ သက်ရှိ သက်မဲ့ အသုံးအဆောင် တို့၏ လက္ခဏ ဆိုင်ရာ အယူအစွဲ တို့ကို လည်းကောင်း။ သမူဟတာ၊ အရိယမဂ်ဖြင့် ကောင်းစွာ ပယ်အပ်ပြီး ဖြစ်လေကုန်ပြီ။ သော၊ ထို ရဟန်းသည်။ မင်္ဂလဒေါသဝိပ္ပဟီနော၊ မင်္ဂလာနှင့် စပ်သော အပြစ် ဒေါသ ဟူသမျှ ကို ပယ်ပြီး ဖြစ်လေတော့သည်။ သော၊ ထိုသို့သော ရဟန်းသည်။ လောကေ၊ လောက၌။ သမ္မာ ပရိဗ္ဗဇေယျ၊ ကောင်းစွာ ကျင့်သုံး နေနိုင်ပါပေသည်။
ဒီဂါထာမှာ ပယ်ရမယ့် မင်္ဂလာ ဆိုတာ တရားနဲ့ စပ်တဲ့ (၃၈) ဖြာ မင်္ဂလာ အစစ်တွေ ကို မဟုတ်ဘူး။ လောကသားတွေက မင်္ဂလာ လို့ ယူဆ စွဲလမ်း အပ်တဲ့ မင်္ဂလာ အတုတွေကိုသာ ဆိုလိုပါတယ်။ အဲ့ဒါတွေက ဒိဋ္ဌ မင်္ဂလာ၊ သုတ မင်္ဂလာ၊ မုတ မင်္ဂလာ လို့ သုံးမျိုး ရှိတယ်။
ဒိဋ္ဌမင်္ဂလာ
ဒိဋ္ဌမင်္ဂလာ ဆိုတာ အကောင်းအမြတ် ကို မြင်တွေ့ရရင် ကောင်းကျိုးကို ရတယ်။ မကောင်းတာ ဆိုးတာကို မြင်ရရင် မကောင်းကျိုးကို ရတယ် လို့ ယူဆချက်ပဲ။ ဘယ်လိုဟာလဲ ဆိုတော့ နံနက် အိပ်ရာမှ ထခါစမှာ ပျံလွှားငှက်၊ မိုးစာငှက် လူ့စကား ပြောတတ်တဲ့ ငှက်ကို မြင်ရရင်၊ ကိုယ်ဝန်ဆောင် ကို အပျို လူပျိုကို၊ ရေပြည့်အိုးကို၊ အာဇာနည် မြင်းကို၊ နွားလား ဥဿဘ ကို ဒီလို နှစ်သက်ဖွယ် အဆင်းကို မြင်ရရင် ကောင်းခြင်း မင်္ဂလာ ဖြစ်တယ် လို့ ယူဆ ကြတယ်။ ရှေးတုန်းက အိန္ဒိယမှာ ယူဆပုံတွေ ပါပဲ။ ယခုခေတ် မြန်မာပြည်မှာလဲ ထိုက်သည့် အားလျော်စွာ ယူဆ စွဲလမ်းချက် ဟာ အတော်အတန်တော့ ရှိတာပါပဲ။ သူတောင်းစား ဒွန်းစဏ္ဍား ကို မြင်ရရင် အမင်္ဂလာ ဖြစ်တယ်လို့ ရှေးခေတ်က အယူအဆ ရှိခဲ့တယ်။
သုတမင်္ဂလာ
သုတ မင်္ဂလာ ဆိုတာကတော့ အကြားကောင်းကို မင်္ဂလာ လို့ ယူပြီး အကြားဆိုး ကို အမင်္ဂလာ လို့ ယုံကြည်စွဲလမ်း တာပါပဲ။ ဝမ်းမြောက် ပျော်ရွှင်ဖွယ် အသံကောင်း အဆိုကောင်းကို ကြားရရင် မင်္ဂလာလို့ ထင်မှတ် တယ်။ မသာ စသည် အကြောင်း၊ လွမ်းဆွတ် ငိုကြွေးသံ စသည် တို့ကို ကြားရရင် အမင်္ဂလာ လို့ ယူဆတယ်။ ငှက်ဆိုးသံ ကြားရရင် အမင်္ဂလာ ဖြစ်တယ် လို့ ယူဆတယ်။ ဒါမျိုးတွေ ပါပဲ။
မုတမင်္ဂလာ
မုတမင်္ဂလာ ဆိုတာကတော့ အနံ့ကောင်း ကို နံရတာ၊ အရသာ အထူးကို စားရတာ၊ အတွေ့ကောင်းကို တွေ့ထိရတာ ဒါမျိုးတွေကို မင်္ဂလာလို့ ယူဆတယ်။ အိန္ဒိယ က ဇာတ်အယူဝါဒ အရ ဆိုရင် ဇာတ်နိမ့် ဒွန်းစဏ္ဍား ကိုယ်နဲ့ ထိတာကို အမင်္ဂလာ လို့ ယူဆကြတယ်။ တစ်ခါက အိန္ဒိယ စာသင်ကျောင်း တစ်ခုမှာ ဇာတ်နိမ့် ကျောင်းသားက ဇာတ်မြင့် ကျောင်းဆရာ နဲ့ မတော်တဆ ထိမိလို့ အဲ့ဒီ ကျောင်းဆရာက အမင်္ဂလာ ဖြစ်တယ် လို့ ယူဆပြီး အကြီးအကျယ် စိတ်ဆိုးတယ်။ အဲ့ဒီ ကျောင်းသားလေး ကို အပြင်းအထန် ရိုက်နှက် နှိပ်စက် တဲ့ အကြောင်း စာစောင် တစ်ခုမှာ တွေ့ရဖူးတယ်။
နောက်ပြီး ရက်ရာဇာ ပြဿဒါး လာဘ်နေ နတ်နေ စသည် အယူအစွဲ တွေလဲ ဒီမင်္ဂလာ အမင်္ဂလာ အယူအစွဲ ထဲမှာ ပါဝင်ပါတယ်။ အလှူပွဲ ထိမ်းမြားပွဲ စတဲ့ မင်္ဂလာ ကိစ္စ ကို ပြုကြတဲ့ အခါမှာ ရက်ကောင်း နေ့ကောင်း အချိန်ကောင်းကို ရွေးကြတယ်။ အိမ်ကျောင်း စသည် ဆောက်လုပ် တဲ့ အခါမှာလဲ အချိန်ကောင်း ရွေးချယ်ပြီး ပန္နက် အုတ်မြစ်ချကြရတယ်။ ဒါတွေလဲ မင်္ဂလာ အစွဲအလမ်း တွေ ပါပဲ။ အမှန်ကတော့ နေ့ရက် အချိန်က ကောင်းသည် ဖြစ်စေ၊ မကောင်းသည် ဖြစ်စေ အချိုးတကျ မဆောင်ရွက်လျင်တော့ မအောင်မြင်ဘူး။ အဲ့ဒါကို စဉ်းစား ကြည့်ဖို့ ကတော့ ထိမ်းမြား မင်္ဂလာ ပြုကြရာမှာ ရက်ကောင်း အချိန်ကောင်း ရွေးပြီး ဆောင်ရွက် ကြပေမယ့် အချင်းချင်း ဆက်ဆံရေး ကလဲ အဆင်မပြေတဲ့ အခါ တကွဲ တပြားစီ ဖြစ်သွားကြတာတွေ များစွာ ရှိနေတာပါပဲ။ တစ်ချို့ ဘုရားကိစ္စ ကျောင်းကိစ္စ တွေဟာလဲ မပြီးနိုင်ဘဲ ဖြစ်နေတာတွေ ရှိနေတာပဲ။
ဒါ့ကြောင့် ဘုန်းကြီးတို့ ကတော့ ရက်ရာဇာ ပြဿဒါး စသည်တွေကို ယုံကြည်တာတွေဟာ အလုပ်ပို ပဲ လို့ အသိအမှတ် ပြုထားပါတယ်။
ဒီဂါထာမှာ လောကီ မင်္ဂလာ ကို ပယ်ရမယ် ဆိုတာက အဲ့ဒီ မင်္ဂလာကြောင့် ကောင်းကျိုး ဆိုးကျိုး ရတယ်လို့ အယူအစွဲ ကို ပယ်ဖို့ ပါပဲ။ အမှန်ကတော့ ကောင်းကျိုး ဆိုးကျိုး ဆိုတာ ရှေးကုသိုလ်ကံ အကုသိုလ်ကံ နဲ့လဲ ဆိုင်တယ်။ ယခု မျက်မှောက်မှာ သင့်တော်တဲ့ အလုပ်၊ မသင့်တော်တဲ့ အလုပ်နဲ့လဲ ဆိုင်တယ်။ ဒါ့ကြောင့် "ကုသိုလ်ကံ ကြောင့် မင်္ဂလာကို တွေ့ရတယ်။ အဲ့ဒီ ကုသိုလ်ကြောင့်ပဲ ကောင်းကျိုး ကို ရတယ်။ အကုသိုလ် ကံကြောင့် အမင်္ဂလာ ကို တွေ့ရတယ်။ အဲ့ဒီ အကုသိုလ်ကံ ကြောင့်ပဲ မကောင်းကျိုးကို ရတယ်" လို့ ကံ ကိုသာ ပဓာန ပြုပြီး ယူဆဖို့ ပါပဲ။ အဲ့ဒါဟာ ကမ္မဿကတာ သမ္မာဒိဋ္ဌိ ဖြင့် ယူဆတဲ့ အမြင်မှန် ဖြစ်ပါတယ်။ မင်္ဂလာ အမင်္ဂလာ ကြောင့် ပဲ ကောင်းကျိုး ဆိုးကျိုး ရတယ်လို့ ယုံကြည် စွဲလမ်းတာကတော့ အဲ့ဒီ ကမ္မဿကတာ သမ္မာဒိဋ္ဌိ နဲ့ ဆန့်ကျင်တဲ့ မိစ္ဆာ အယူအစွဲပဲ။ ဒါကြောင့် အဲ့ဒီ မိစ္ဆာ အယူအစွဲကို ပယ်ဖို့က လိုရင်း ပဲ။
(သမ္မာပရိဗ္ဗာဇနီယသုတ်တရားတော်၊ မဟာစည်)
0 comments:
Post a Comment