လူတကိုယ် သမိုင်းတမျိုး
by Wai Maw on Wednesday, September 5, 2012 at 11:00pm
ကောင်းကင်တခုလုံး အုံ့မှိုင်းနေပြီး မိုးတဖွဲဖွဲ ရွာသွန်းနေသော နေ့တနေ့..။
အိမ်မှာနေရာတာ ပျင်းသလိုလိုရှိသဖြင့် လမ်းထိပ်လက်ဘက်ရည်ဆိုင်သို့ ထွက်လာကာ ရေနွေးကြမ်း သောက်ရင်း ရတတ်သမျှ ဂျာနယ်တွေကို ဟိုလှန်သည်လှောလုပ်လိုက်၊ မိတ်ဆွေတစုနှင့် ရောက်တတ်ရာရာ စကားတွေဖောင်ဖွဲ့လိုက် ရှိနေစဉ် ဆိုင်ထောင့်တနေရာရှိ စလောင်းတပ် တီဗီမှုထုတ်လွှင့်နေသော ရုပ်သံအစီအစဉ် တခုကို သတိထားကြည့်ရှုမိလိုက်သည်။
သတင်းဌာန တခုမှအပတ်စဉ်တင်ဆက်သော စကားဝိုင်း။ ဆွေးနွေးနေသည့် အကြောင်းအရာက မကြာသေးမီ အတွင်းကမှ ထုတ်ပြန်ကျေညာလိုက်သော မြန်မာအစိုးရ၏ Black List ပယ်ဖျက်ပေးမှု သတင်းနှင့်ပတ်သက်၍ အမြင်တချို့ကို ဆွေးနွေးနေကြခြင်းဖြစ်သည်။
ဆွေးနွေးပွဲ နိဂုံးချုပ်ခါနီးမှာ တယောက်က..
“အမေရိကမှာလည်း ဒီလိုလုပ်တာရှိပါတယ်။ သူတို့ကတော့ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်တာပေါ့ဗျာ.. လူ့အခွင့်အရေး ချိုးဖောက်သူတွေ၊ ဒီမိုကရေစီဆန့်ကျင်သူတွေ၊ မူးယစ်ဆေးဝါး ကုန်ကူးသူတွေလို့ အမည်စာရင်း ပေါက်ထားသူတွေကို လုပ်တာ၊ အခု မြန်မာအစိုးရက Black List လုပ်ထားတဲ့ လူစာရင်းကို ကြည့်လိုက်တဲ့အခါကျတော့ ဒီမိုကရေစီရေး နဲ့ လူ့အခွင့်အရေး ဆောင်ရွက်သူတွေ ဖြစ်နေတာ တွေ့ရတယ်။ ဒီတော့ အမေရိကန်အစိုးရနဲ့ မြန်မာအစိုးရ လုပ်ပုံချင်း တမျိုးစီလို့ ဆိုနိုင်တာပေါ့ဗျာ” ဟု
ပင့်လုံးထုတ်လိုက်ရာ ကျန်တယောက်က-
“မှန်တာပေါ့ဗျာ ဆန့်ကျင်ဘက်လို့ ပြောနိုင်ပါတယ်” လို့ အလိုက်သင့်ထောက်ခံလိုက်သည်။
“ဒီလိုဆို ကျနော်တို့ကလည်း အစိုးရရဲ့သတ်မှတ်ချက်ကို ပြောင်းပြန်တွေးကြည့်ရင် သူတို့ Black List သွင်းထားတဲ့ လူခြောက်ထောင်ကျော်ကို သူရဲကောင်းခြောက်ထောင်လို့ ကင်ပွန်းတပ်လို့ ရတာပေါ့” တဲ့။
ဤမှာပင် ဆွေးနွေးပွဲ အဆုံးသတ်သွားသည်။
ဆွေးနွေးပွဲစကားဝိုင်းတွင် ပါဝင်သူတို့ ကောက်ချက်ချသလို စစ်အစိုးရလက်ထက်က သတ်မှတ်ထားခဲ့သည့် နာမည်ပျက်စာရင်း Black List တွင် ပါဝင်နေသူ အားလုံး မြန်မာပြည်ဒီမိုကရေစီတိုက်ပွဲနှင့် လူ့အခွင့်အရေး လှုပ်ရှားမှုတွင် ကိုယ်ကျိုးစွန့်အနစ်ခံ ဆောင်ရွက်ခဲ့သူတွေ ဟုတ်သလား မဟုတ်ဘူးလား ဆိုသည်ကို ယခု Black List ပယ်ဖျက်စာရင်းတွင် ပါဝင်သူတဦးချင်းအကြောင်း လေ့လာရုံနှင့် သိနိုင်လောက်ပေသည်။
တရားဝင်ထုတ်ပြန်ကျေညာထားခြင်း မရှိသည့် စစ်အစိုးရ၏ Black List စာရင်း လူခြောက်ထောင်တွင် မည်သူမည်ဝါ ပါဝင်သည်ဟု အတိအကျပြောဆိုရန် ခက်ခဲပေသည်။ ယခု ပယ်ဖျက်စာရင်းပါ လူစာရင်းကိုသာ အများသူငါ ဖတ်ရှုခွင့်ရသဖြင့် သိနေကြခြင်းဖြစ်သည်။
ထိုသူတွေထဲမှာပင် နိုင်ငံခြားသားတွေကို အသာထားပါဦး။ မြန်မာပြည်ဖွား ပြည်ပရောက် နိုင်ငံရေးလှုပ်ရှားသူ တဦးချင်း၏ လှုပ်ရှား ဆောင်ရွက်မှု အခြေအနေနှင့် ရပ်တည်ချက် အနေအထားကို ပြည်ပနိုင်ငံရေး အဝန်း အဝိုင်းထဲလူတွေ ကောင်းစွာ သိထားကြသည်။ ပြည်တွင်း နိုင်ငံရေးလောကသို့ပင် ကောင်းသတင်း ဆိုးသတင်း တွေ ပေါက်ရောက်ထားပြီးသားလည်း ဖြစ်သည်။
ချီးမွမ်းဂုဏ်ယူ အသိအမှတ်ပြုလေးစားရလောက်သူတွေ ရှိနေသလို မနှစ်မြို့မသတီစရာ အပုပ်နံ့ တထောင်းထောင်းထနေသုတွေလည်း မရှားပါ။ တချို့ပုဂ္ဂိုလ်များဆိုလျှင် အတိတ်က သူတို့ကျူးလွန်ခဲ့သော လုပ်ရပ်များအတွက် တာဝန်ယူ ဖြေရှင်းရမည့် ကိစ္စတွေ တသီတတန်းကြီးရှိနေပေသည်။
ယင်းအနေအထားကို သိပါလျက် အမည်စာရင်းသိရှိပြီး လူနှစ်ထောင်ကျော်သာမက ခန့်မှန်းတွက်ချက်ယူရမည့် လူလေးထောင်အတွက်ပါ တာဝန်ယူ၍ ‘သူရဲကောင်းဘွဲ့’ အပ်နှင်းဝံ့သော အဆိုပါ ဆွေးနွေးပွဲစကားဝိုင်းတွင် ပါဝင်ဆွေးနွေးသူ သတင်းသမားအချို့၏ သတ္တိကိုတော့ မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်မိသည်။ တခုရှိသည်က ကိုယ့်စကားကိုယ်တာဝန်ယူကြဖို့ပင်။
အမှန်က အစိုးရတရပ်အနေဖြင့် မိမိတို့အကျိုးစီးပွား နှင့် တိုင်းပြည်အကျိုးစီးပွားကို ထိပါးနှောက်ယှက်နေသူများ ထိပါးနှောက်ယှက်ရန် အလားအလာရှိသူများကို နာမည်ပျက်စာရင်းဖြင့် ပိတ်ပင်တားမြစ်လေ့ရှိသည်။ အမျိုးသားအကျိုးစီးပွားဦးစားပေးသော လက်ရှိခေတ်အခါတွင် နိုင်ငံများ၏ နိုင်ငံခြားရေးပေါ်လစီချမှတ်မှာ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးသက်သက်ကို ရှေ့တန်းတင် လုပ်ဆောင်သည်တော့မဟုတ်ပါ။ အမေရိကန်အစိုးရက အမေရိကန်အကျိုးစီးပွားကိုအဓိကထား၍ ဗီဇာပိတ်ပင်မှုပြုလုပ်ပေမည်။ အမေရိကန် အစိုးရက ဗီဇာပိတ်ပင်ခံထားရသူအားလုံးကို လူ့အန္ဓမိစ္ဆာကောင်များအဖြစ် တကမ္ဘာလုံးက ရှုမြင် နိုင်ပါသလား။ နိုင်ငံအားလုံး သူ့စံနှုန်းသတ်မှတ်ချက်နှင့်သူ ရှိပေလိမ့်မည်။
မြန်မာစစ်အစိုးရကလည်း သူ့စံနှင့်သူ တိုင်းတာသတ်မှတ်၍ နာမည်ပျက်စာရင်း ပြုစုထားခြင်း ဖြစ်သည်။ ထိုသို့ သတ်မှတ်ရာတွင် မြန်မာပြည်သူလူထုအကျိုး မြန်မာတမျိုးသားလုံးအကျိုးစီးပွားကို အခြေမခံဘဲ စစ်အုပ်စုတခု တည်း၏ အကျိုးစီးပွားကို အကာအကွယ်ပြုရန် သတ်မှတ်သည်ထားဦး၊ သူတို့ ပြုစုထားသော နာမည်ပျက် စာရင်းပါ ပုဂ္ဂိုလ်အားလုံး ပြည်သူ့အကျိုးဆောင်သူများအဖြစ် မည်သူအာမ,ခံနိုင်ပါမည်နည်း။
ယခုအခါ ပြည်ပရောက် အထင်ကရနိုင်ငံရေးလှုပ်ရှားသူတချို့ ပြည်တွင်းဝင်ကာ အစိုးရခေါင်းဆောင်များနှင့် တစားပွဲတည်းထိုင် စကားပြောဆိုဆွေးနွေးနေကြသည်ကို ပြည်သူလူထုက သတိကြီးစွာစောင့်ကြည့်နေကြ သည်။ ထိုသူများမှာ မကြာသေးမီသော ကာလအတွင်းမှာပင် အစိုးရ၏လုပ်ဆောင်ချက်များအပေါ် မကျေမချမ်း အော်ကြီးဟစ်ကျယ် ပြစ်တင်ဝေဖန်ရှုတ်ချသူတွေ ဖြစ်ခဲ့သော်လည်း ပြည်တော်ဝင်ချင်ပြီဆိုသည့်အခါ မိမိတို့သက်ဆိုင်ရာ အဖွဲ့အစည်းအလံတော်နှင့် နောက်လိုက်နောက်ပါအင်အားဝင်များကိုပင် သစ္စာမဲ့စွာ ချန်ထားရစ်၍ အဖော်မပါ တကိုယ်တည်း သုတ်ခြေတင် ခရီးနှင်နေကြသည်။ အစိုးရအဖွဲ့ဝင် ဝန်ကြီးတချို့နှင့် စကားလက်ဆုံကျသောအခါ ယခင်က သူတို့ပြောခဲ့သော စကားတွေ မေ့သွားကြသည်။ ယုံကြည်မှု အညှာလွယ် လွန်းသူများဟုဆိုလျှင် မှားအံ့မည်မထင်။
မြန်မာပြည်၏ အခြေအနေကို လေ့လာရုံသက်သက်ဆိုလျှင် ရိုးရိုးတန်းတန်း မိသားစုအလည်ခရီးပြန်၍လည်း ရနိုင်ပါလျက် လူသိရှင်ကြားဖြစ်အောင် ရှိစုမဲ့စုအင်အားဖြင့် တခမ်းတနားကြိုဆို အုတ်အော်သောင်းတင်း ပြုလုပ်နေကြသည်ကိုလည်း တွေ့ရ၏။
မည်သို့ဆိုစေ မြန်မာပြည်သူလူထုအနေဖြင့် စစ်အာဏာရှင်စနစ်အောက်မှာ ဆယ်စုနှစ်များစွာ နေခဲ့ဖူးပြီ ဖြစ်သောကြောင့် ဘဝပေးအတွေ့အကြုံတွေအရ ဘယ်သူ့ကိုဘယ်လိုအဆင့်သတ်မှတ်ရမည်လဲ သိနေကြသည်။ ဘူးလုံးနားမထွင်း အုတ်ရောရောကျောက်ရောရောဖြင့် ပြည်သူလူထုကို တပတ်ရိုက် လှည့်စားရန် မလွယ်ကူ နိုင်တော့ပေ။
တဦးချင်း ဖြတ်သန်းလျှောက်လှမ်းခဲ့သော သမိုင်းမှတ်တိုင်များက လူတဦးချင်းစီ၏ ဂုဏ်သိက္ခာနှင့် သူ့အတွက် အခန်းကဏ္ဍကို သတ်မှတ်ပြဌာန်းပေးပါလိမ့်မည်။
မည်သူမဆို ကိုယ့်သမိုင်းအထုပ်ကိုယ်ထမ်း၍ ပြည်သူလူထု၏အဆုံးအဖြတ်ကို ခံယူကြရုံသာ….။
ဝေမော်
၆ စက်တင်ဘာ ၂၀၁၂
0 comments:
Post a Comment