Friday, September 7, 2012

တိုင်းပြည်၏ အမြင့်ဆုံး အာဏာကို ကျင့်သုံးလိုက်သည့် လွှတ်တော်အား သုံးသပ်ခြင်း


Aung Htoo

တိုင်းပြည်၏ အမြင့်ဆုံးနေရာတွင်ရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးတရားသူကြီးများအား ကန်ထုတ် လိုက် ခြင်းဖြင့် မြန်မာနိုင်ငံ၏ လွှတ်တော်ဟူသော အဖွဲ့အစည်းသည် ဗြိတိသျှပါလီမန်

 တံခိုးထွားစဉ်ကပင် ကျင့်သုံးခြင်း မပြုခဲ့သည့် လူကို ခွေးဖြစ်အောင် လုပ်နိုင်လောက်သည် အထိ အမြင့်ဆုံးသော အာဏာကို ကျင့်သုံးပြလိုက်ပါပြီ။ ယင်းနှင့် စပ်လျှဉ်း ၍ စက်တင်္ဘာလ (၆)ရက်နေ့ည၌

ဘီဘီစီ အင်တာဗျူးတွင် ​ စာရေးသူ၏ ဖြေကြားချက် ကို ဤ လင့်ခ် တွင် နားဆင်နိုင် ပါသည်။ https://docs.google.com/open?id=0BzC8VZhwp11ANW5UMFlrVDd2dEk


၂၀၀၈ ဖွဲ့စည်းပုံကို မပြင်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတရားသူကြီးအားလုံးကို ဖြုတ်ထုတ်လိုက်ပြီ ဖြစ်သဖြင့် နောက်အသစ်ခန့်ထားမည့် တရားသူကြီးများသည် လွှတ်တော်အား လုံးဝပင်

 ရိုကျိုးရ ပါတော့မည်။ ဤဖြစ်ရပ်မှာ လက်ရှိ အမြင့်ဆုံးအခြား တရားရုံးကြီး ဖြစ်သည့် တရားလွှတ်တော်ချုပ်ကို ပါရိုက်ခတ်သွားပြီး ၄င်း၏ ဦးခေါင်းကိုပါ ချိုးနှိမ်လိုက် သကဲ့သို့ ဖြစ်သွားပါပြီ။ လူထုအတွက်

အားကိုးတိုင်တန်းရမည့် လွတ်လပ်၊ ဘက်မလိုက်၊ ထက်မြက် သည့် တရားစီရင် ရေးစနစ်ပေါ်ပေါက်လာရေး ဆိုသည်မှာ ရေပေါ်တွင် အရုပ်ရေးသည့် အဆင့်ဖြစ်သွားပါပြီ။


လူထုကိုယ်စားလည်များနှင့် ဖွဲ့စည်းထားသည့် လွှတ်တော်၊ လူထုနှင့် နီးစပ်သည့် လွှတ်တော် က ယင်းသို့ အမြင့်ဆုံး အာဏာကို ကျင့်သုံးခြင်းမှာ မကောင်းဘူးလားဟူ၍ စောဒက တက်စရာရှိသည်။

သို့ရာတွင် ကြိုတင်မဲများဖြင့် နေရာ ယူထားကြသော လူထုကိုယ်စားလည် အစစ်အမှန် မဟုတ်သူများမှာ အများစုကြီး ဖြစ်နေသည့် အပြင် စစ်ဗိုလ်တမတ် သားပါ ပါဝင်နေသော လွှတ်တော် ဖြစ်နေသည့်

 ပကတိ လက်တွေ့အခြေအနေကို မမေ့စေလို။ လူထုကိုယ်စားလှယ် စစ်စစ်မှန်မှန်များနှင့်ပင် ဖွဲ့စည်းထားစေဦးတော့ တရားစီရင်ရေးမဏ္ဍိုင်အနေဖြင့် လွတ်လပ်စွာ သီးခြားရပ်တည်ကာ Judicial Review

ဟုခေါ်သော ပြန်လည် သုံးသပ်သည့် အခွင့်အာဏာကို သုံးစွဲလျှက် ဥပဒေပြုလွှတ်တော်နှင့် အစိုးရ အား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြား ဥပဒေများ ရှုဒေါင့်မှ ကြပ်မတ်လည်ပတ်စေသည့် ဒီမိုကရေစီ

နိုင်ငံများ၏ အစဉ် အလာ ကိုပါ ပြန်လည်စဉ်းစားဘို့ လိုပါမည်။ ယခု ဤ အခြေခံကို လက်ရှိလွှတ်တော်က ငြင်းပယ်လိုက်ပါပြီ။


အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၏ ကိုယ်ပိုင်ပစ္စည်းစာရင်းကောက်ယူရေး ဥပဒေကြမ်းတင်သွင်းရန်ကြိုးပမ်းသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်များကို အသိအမှတ်ပြုရပါမည်။ သိုရာတွင်

 ယင်းကြိုးပမ်းမှုကို လူများစု မဲဟူသည်အား အသုံးပြုကာ အသာကလေး ရိုက်ချလိုက်ခဲ့ပြီကို သုံးသပ်သင့်ပါသည်။ လူထုအတွက် စစ်စစ် မှန်မှန် အကျိုးရှိမည့် ဥပဒေများ ဤ အတုအယောင်လွှတ်တော်ကြီးမှ

 ပေါ်ထွက်လာ၇န် မဖြစ်နိုင်ပါ။


သို့ရာတွင် လူထုက စစ်မှန်စွာရွေးချယ်တင်မြှောက်ခြင်း ခံထားရသည် ဟု လက်ခံထားကြသော အမတ်အချို့မှာပင် လွှတ်တော် ကို အကောင်းမြင်လွန်းနေကြဆဲဖြစ်ကြောင်းတွေ့ရသည်။ လူဟူသည်မှာ

 မိမိတာဝန်ယူဆောင်ရွက်နေ သောအလုပ်အပေါ် တန်ဘိုးထား လေ့ရှိကြသဖြင့် အကောင်းမြင်ခွင့်ရှိပါသည်။ သို့ရာတွင် မည်သည့်အတွက် ယင်းသို့ အကောင်းမြင်နေသည်ကို မူ လူထုကို ရှင်းပြသင့်သည်။

 စာရေးသူအနေဖြင့်မူ လွှတ်တော်၏ပကတိအနေအထားကို အောက်ပါအတိုင်းသုံးသပ်ပါသည်။


(၁) ယင်းလွှတ်တော်သည် ၂၀၀၈ ဖွဲ့စည်းပုံ၏ မည်သည့် ကြောရိုး တခုတလေကိုမျှ ပြင်နိုင်ခြင်း မရှိသေးပါ။ အရေးမပါ သည့် ပုဒ်မ အချို့လောက်ကို ပြင်ခွင့်ပေးပြီး ၂၀၁၅ ရွေးကောက်ပွဲအထိ

 အချိန်ဆွဲထားမည့် အလားအလာကိုသာ တွေ့ နေသည်။

(၂) စစ်အာဏာရှင်စနစ် ကို ပံ့ပိုးပေးသည့် ဖေါက်ပြန်ဖိနှိပ်သည့် တည်ဆဲ အုပ်ချုပ်ရေး ယန္တယားများအားပြင်ဆင် ဖွဲ့စည်းရေး အတွက် မည်သည့် ဥပဒေတခုတလေကိုမျှ မပြဌာန်းနိုင်သေးပါ။
 
(၃) ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ယခုအချိန် တည်ရှိနေဆဲဖြစ်ပြီး လူ့အခွင့်အရေး အခြေခံကို ရုပ်သိမ်းထားသည့် အဓိက ကျသော မတရားဥပဒေကြီးများအနက်

တခုတလေကိုမျှ ရုပ်သိမ်းနိုင်ခြင်း မရှိသေးပါ။

(၄)  လူ့အခွင့်အရေးအခြေခံကို ဖေါ်ဆောင်ပေးမည့် မည်သည့် ဥပဒေသစ်တခုတလေကိုမျှ ပြဌာန်းနိုင်ခြင်းမရှိသေးပါ။ သတင်းမီဒီယာ လွတ်လပ်ခွင့် ကို အာမခံမည့် ဥပဒေဆိုသည်မှာလဲ အသံသာကြားပြီး

 အဆံမရှိသည့် အမြှောက်ပမာ ဖြစ်နေသည်။ ပြီးခဲ့သော နှစ်များအတွင်း လူ့အခွင့်အရေးချိုးဖေါက်ခံခဲ့ရသဖြင့် နစ်နာဆုံးရှုံးခဲ့ရသည့် တိုင်းရင်းသား ပေါင်းစုံ လူထုကြီး၏ ဘ၀ကို ကုစားပေးရေး၊

 လျော်ကြေးများရရှိရေး၊ ပြန်လည်ထူထောင်နိုင်ရေး တို့ အတွက် မည်သည့် ဥ ပဒေ တစုံတရာမျှ ပြဌာန်းခြင်း မရှိသေးပါ။ ပြဌာန်းမည့် အလားအလာလည်း စိုးစဉ်းမျှ မတွေ့ရပါ။


(၅) အလုပ်သမားသမဂ္ဂများဖွဲ့စည်းခွင့်၊ ဆန္ဒပြခွင့်များပေးထားသည် ဟူသော ဥပဒေမှာလည်း တဖက်မှလှည့်ပြီး ထိမ်း ချုပ်ထား သည့် ဥပဒေသာ ဖြစ်နေသည်။ ဖျက်သိမ်းလိုက်သည့်

၁၉၂၆ ခုနှစ် အလုပ်သမားသမဂ္ဂ ဥပဒေမှာ ယခု လွှတ်တော်က အသစ်ပြဌာန်းလိုက်သော ဥပဒေထက် အဆတရာ ကောင်းမွန်ပါသည်။ လယ်သမားများအတွက်လည်း လယ်လုပ်သူ လယ်ပိုင်ခွင့်

 ရှိသည့် မည်သည့် ဥပဒေကိုမျှ ပြဌာန်းမပေးသဖြင့် တပြည်လုံးအနှံ့ မြေယာကိစ္စများ ပြသနာ တက်လျှက်ရှိသည်။ ယခု လယ်သမားထု၏ မြေသိမ်းတိုက်ပွဲ တစုံတရာ စတင်နေပြီကို တွေ့မြင်နိုင်ပါသည်။


(၆) လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲလွတ်လပ်မျှတစေရန်၊ ၂၀၁၀ ခုနှစ်က အတွေ့အကြုံမျိုးကိုရှောင်ရှားနိုင်စေရန် လွတ်လပ်သည့် ရွေးကောက်ပွဲကော်မရှင်တရပ် ပေါ်ထွန်းလာစေရေးအပါအ၀င်

 ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတစုံလုံး ကို အသစ်ပြဌာန်းရန် လိုပါမည်။ ယခုအချိန်အထိ ယင်းအတွက် မည်သည့် လှုပ်ရှားမှုတခုတလေကိုမျှ လွှတ်တော် အတွင်းတွင် မတွေ့ရပါ။ လူထုထံမှ

 အကြံဥာဏ်များ ရယူသံလည်း မကြားရပါ။


(ရ) တိုင်းပြည်မှ နည်းလမ်းအမျိုးမျိုးဖြင့် လက်ခံ၊ရှာဖွေ၊ ရယူကာ တပ်မတော်က အသုံးပြုနေသည့် ဘဏ္ဍာငွေကြေးများ အားလုံးကို သိရှိနိုင်အောင်၊ ကြီးကြပ်စစ်ဆေးခွင့်ရအောင်၊ အလွဲသုံးမှုများ

တွေ့ရှိပါက အရေးယူခွင့်ရအောင် ဥပဒေ တခုတလေကိုမျှပြဌာန်းခြင်း ပြဌာန်းရန် လေ့လာဆွေး နွေးနေကြခြင်းများ တစုံတရာမျှ မကြားရပါ။ ယင်းနှင့် သက်ဆိုင် ရာ ဥပဒေပေါ်ထွက်မလာပါက

 မြန်မာနိုင်ငံသည် အိပ်ပေါက်နှင့် ဖားကောက်ဘ၀က တက်နိုင်မည်မဟုတ်။ အခြေခံ လူထုများသည် ကြောမွဲနင်းပြား ဆင်းရဲသားများဘ၀မှ မည်သည့်အခါတွင်မျှ တက်လာနိုင်မည် မဟုတ်ပါ။


လက်ရှိ လွှတ်တော်က ပြဌာန်းပြီးခဲ့သမျှသော ဥပဒေများမှာ စနစ်ဟောင်းနှင့် တည်ဆဲအုပ်ချုပ်ရေးယန္တယားဟောင်းများ လည်ပတ်အောင် ပံ့ပိုးပေး သည့် ဥပဒေများသာ ဖြစ်နေပါသည်။ အမှန်ဆိုရလျှင်

ယင်း ဥပဒေများအား ယခင် နအဖ၊ န၀တ ခေတ် က လူ (၅၀) ခန့်မျှနှင့် ပြဌာန်းနိုင်ခဲ့သော ဥပဒေများဖြစ်သည်။ ယခု လူတထောင် ခန့်အင်အားသုံးပြီး ပြဌာန်းနေရ သည့် အနေအထားမျိုးသာ ရှိနေသည်။

 ယင်းသို့ဖြစ်လျှင် လွှတ်တော်ဆိုသော အရာသည် လူထုအကျိုး စီးပွားအတွက် ရပ်တည်ဖေါ်ဆောင်နေသည် ဟု မည်သို့ ပြောနိုင်ပါအံ့နည်း။ နေ့စဉ်ကျပ်သိန်းထောင်နှင့်ချီကုန်ကာ လွှတ်တော်

အစည်းအဝေးများ ကျင်းပသည့် စားရိပ်၊ လွှတ်တော်အမတ်များအတွက် လစဉ် ထောက်ပံ့ကြေးပေးရ သည့် စားရိပ်များနှင့် လွှတ်တော် ကော်မတီများ လှုပ်ရှားလည်ပတ်သည့် စားရိပ်များ အားလုံးကို

ပေါင်းလျှင် တိုင်းပြည် အပေါ် မတန်တဆ ကြီးမားသည့် ၀န်ကြီးပိလျှက်ရှိသည်။ လူထုအတွက် အသုံးပြုရမည့် ကျမ္မာရေး၊ ပညာရေး၊ လူမှုရေး ဘတ်ဂျက် များမှ ကျခံသုံးစွဲနေရခြင်းသာ အဖတ်တင်သည်။


ထပ်မံ ဆိုးဝါးသွားစေ သည့် အချက်မှာ အချိုးကျ ကိုယ်စားပြုမဲပေးစနစ်ကို အသုံးပြုသည့် ဥပဒေတရပ် ပေါ်ထွက်လာ စေရန် လှုပ်ရှားမှုကို တွေ့နေရခြင်း ဖြစ်သည်။ စစ်မှန်သည့်ဒီမိုကရေစီ အခြေခံ နှင့်

လွတ်လပ်သည့် တရားစီရင်ရေး စနစ်ကို မတည်ဆောက်နိုင်သေးဘဲ အချိုးကျ ကိုယ်စားပြုမဲပေးစနစ်ကိုကျင့်သုံးကာ ရွေးကောက်ပွဲ ကျင်းပလျှင် နိုင်ငံ ရေးပါတီတိုင်းက ရွေးကောက်ပွဲ ၀င်သူများသည်

အနိမ့်ဆုံး သတ်မှတ် သည့် ဆန္ဒမဲ အရေအတွက်ရရုံဖြင့် လွှတ်တော် အမတ် ဖြစ်သွားပေတော့မည်။ ပါတီငယ်မှန်သမျှသည်လည်း လွှတ်တော်အတွင်း နေရများရကြပေတော့မည်။ ယင်း ရွေးကောက်ပွဲ

စနစ်အောက်တွင် မည်မျှအားကောင်းသည့် ပါတီဖြစ်စေ လွှတ်တော် ကိုယ်စားလှယ်ဦးရေ ၅၀% အထက် ကျော်ရန်ပင် မလွယ်တော့။ လွှတ်တော်ကိုယ်စားလှယ် ဦးရေ ၇၅% ကျော်ရမှသာ ၂၀၀၈ အခြေခံ

ဥပဒေ၏ ကြောရိုးများ အား ပြင်ဆင်နိုင်မည့် ပြဌာန်းချက်ရှိသဖြင့် ၂၀၁၅ ရွေးကောက်ပွဲပြီးနောက်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ကြောရိုး များအား ပြင်နိုင်ရေးဟူသော မျှော်မှန်းချက်မှာ မိုးကောင်းကင်ပေါ်မှ

 သက်တန့်ကို ဆုပ်ကိုင်ရန် ကြိုးပမ်းနေသူနှင့်သာ ပမာ တူပါမည်။


သို့ဖြစ်၍ ယခုအချိန်၌ လွှတ်တော် အားကောင်းလာခြင်းသည် တိုင်းပြည်အခြေအနေဆိုးလာစေမည့် သဘောဆောင် လျှက်ရှိသည်။ လွှတ်တော်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှ ၄င်းတို့

လိုခြင်သော အပိုင်းကိုသာ လိုက်နာသည်။ မလိုခြင်သော အပိုင်းကို ပစ်ပယ်ထားလိုက်သည်။ ဤသည်မှာ ဥပဒေစိုးမိုးရေး အခြေခံကို လုံးဝဆန့်ကျင်လိုက်ခြင်းပင် ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံ

ပုဒ်မ ၃၂၄ ပါ "ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် အတည်ဖြစ်သည်။" ဟူသော ပြဌာန်းချက်ကို လွှတ်တော်သည် လုံးဝပင် မျက်ကွယ်ပြုလိုက်ပြီ။

 နည်းနည်း ကလေးမျှ ဂရုမထားတော့။ ၄င်းတို့ပြဌာန်းအတည်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံကိုမျှ မလိုက်နာလျှင် ဥပဒေစိုးမိုးရေး ဟူသော စကားလုံးကို အဘယ်ကြောင့် သုံးစွဲနေပါသနည်း။

လွှတ်တော်သည် လွတ်လပ်၊ ဘက်မလိုက် ထက်မြက်သည့် တရားစီရင်ရေး စနစ်အခြေခံတွင် ဥပဒေစိုးမိုးရေးတည် ဆောက်ရမည့် အစဉ်အလာကို ဆန့်ကျင်လိုက်ပြီ။ ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးတွင်

အသစ်ခန့်မည့် တရားသူကြီးများသည် လွှတ်တော်၏ နိုင်ငံရေးအာဏာကို မလွန်ဆန်ရဲ တော့။ ပြည်ထောင်စု တည်ဆောက်ရာတွင် ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်အစိုးရများ အကြား၊

 ပြည်နယ်အစိုးရ အချင်းချင်းအကြား၊ တိုင်းပြည်အာဏာပိုင်အဆောက်အအုံများ အချင်း ချင်းအကြား ပေါ်ပေါက်သည့် ဖွဲ့စည်းပုံဆိုင်ရာပြသနာ များအားလုံးကို လွတ်လပ်၊ ဘက်မလိုက်

ထက်မြက်သည့် ဖွဲ့စည်းပုံဆိုင်ရာတရားရုံး၏ အဆုံးအဖြတ် ကို အပြီးသတ် ခံယူနိုင်ကြမှသာ ပြည်ထောင်စုကြီးတည်ငြိမ်မည်။ ယခုယင်း အခြေခံအား ၂၀၀၈ ဖွဲ့စည်းပုံ ကိုသုံး၍ပင်

 ငြင်းပယ်လိုက်ပြီ။ သို့ဖြစ်၍ ၂၀၀၈ ဖွဲ့စည်းပုံအောက်တွင် လွတ်လပ်၊ ဘက် မလိုက် ထက်မြက်သည့် တရား စီရင်ရေးစနစ် ပေါ် ပေါက်ရေးသည် ရွှေပြည်တော် မျှော်တိုင်းဝေး ဖြစ်ခဲ့ပြီ။

၂၀၀၈ ဖွဲ့စည်းပုံ တည်ရှိနေသမျှကာလပတ်လုံး ဥပဒေစိုးမိုးရေး အခြေခံတွင် ပြည်တွင်းစစ်ငြိမ်းသတ်ရေး၊ ပြည်တွင်းစစ်မဖြစ် အောင် တားဆီးရေး၊ ပြည်ထောင်စု တည်ငြိမ်ရေးကို မျှော်မှန်း၍

မရနိုင်တော့။ အတု အယောင်လွှတ်တော်သည် အား လုံး၏ အထက်တွင် အတိအလင်း နေရာယူလိုက်ပြီ။


ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးတရားသူကြီးများကို ဖြုတ်ချသည့် ဖြစ်စဉ်မှာလည်း မြန်လွန်းအားကြီးနေသည်။ ခုံရုံးတရားသူကြီး အဖွဲ့များကိုယ်တိုင် လာရောက်အစစ်မခံခဲ့ကြ။ ဥပဒေလုပ်ထုံး လုပ်နည်း

များနှင့် အညီ စစ်ဆေးပေးရန် ခုံရုံးက လွှတ် တော်သို့ စက်တင်္ဘာ (၅)ရက်နေ့တွင် ဥပဒေ နှင့် အခြား သက် ဆိုင်ရာ စာရွက်စာတမ်း အကိုးအကားများ အမြောက် အများ ပေးပို့ခဲ့သည်။

 ပြည်သူ့လွှတ်တော် စုံစမ်းစစ်ဆေးရေး အဖွဲ့က တဘက်သတ်ကြားနာစစ် ဆေး သည် ဟူသည် မှာ တရက်မျှသာ ကြာခဲ့သည်။ ဤမျှများပြားသော ဥပဒေအကိုးအကားများကို ဖတ်ရှုလေ့လာခြင်း၊

 ဤမျှ အရေးကြီးလှ သည့် ကိစ္စကို စစ်ဆေးခြင်းတို့ တရက်အတွင်း ပြီးသွားသည်မှာ အတော်ပင် အံ့သြစရာကောင်းလှသည်။


ကြက်တကောင်သတ်သည်ကမှ ခက်ပါဦးမည်။ တိုင်းပြည်၏ အမြင့်ဆုံး ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးတရားသူကြီး (၉) ဦးကို အရေးယူသည့် အမှုအား ဆုံးဖြတ်ခြင်းမှာ လွယ်လိုက်သည့် ဖြစ်ခြင်း။ တရက်အတွင်း

 ပြီးသွားခဲ့သည်။ စက်တင်္ဘာ (၆) ရက်နေ့တွင် အဖြေထွက်လာပြီး စုံစမ်းစစ်ဆေးရေး အဖွဲ့၏ တွေ့ရှိချက်ကို သမတရုံးကို ပေးပို့သွားမည်ဟု လွှတ် တော် ကိုယ်စားလည်များက ပြောကြသည်။

ထိုသို့ပြောကြသည့် ညနေမှာပင် သမတ ရုံးညွှန်ကြားရေးမှုး ဦးဇော်ဌေး အား ဘီဘီစီမှ မေးမြန်းရာ ဖွဲ့စည်းပုံအရ ပို့လာရင် သမတ က နုတ်ထွက်ခိုင်းရမယ် ဟု ၄င်းက လွယ်လင့်တကူပင် ပြောဆိုခဲ့သည်။

သမတ ရုံးညွှန်ကြားရေးမှုးက သမတ ကိုယ်စားအဘယ်ကြောင့် ဤသို့ချက်ခြင်းပြောနိုင်သနည်း။ မူလကထဲက စီစဉ် ခင်းကျင်းအကွက်ချထားခြင်း မရှိပါက ဤသို့တမုဟုတ်ခြင်းပြောနိုင်ပါ့မလား။

လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနှင့် သမတ ဦးသိန်းစိန်တို့အကြား ပဋိပက္ခဖြစ်နေသယောင် အသွင်ဆောင်ပြီး (သမတ အကြံပေး ဦးကိုကိုလှိုင်၏ စကား လုံးအရ ဆိုလျှင်) ဇာတ်ထုတ်တထုတ်တည်း၌

သူ့နေရာနှင့် သူ တာဝန်ခွဲကပြနေကြသလား။ ဦးဇော်ဌေးပြောဆိုပြီး မရှေးမနှောင်းမှာပင် ခုံရုံး တရားသူကြီးများ နုတ်ထွက်သွားကြပြီ ဖြစ်ကြောင်း သတင်းထွက်ပေါ်လာခဲ့သည်။ အံ့သြ စရာ ကောင်းလိုက်သည့် ဖြစ်ခြင်း။


အယ်န်ဂျီအိုဟု ခေါ်သည့် လွတ်လပ်သော လူထုအသင်းအဖွဲ့တခုမှာ အလုပ်လုပ်နေသည့် ၀န်ထမ်းတဦးကိုပင် အလုပ် မှ ထုတ်ပစ်ရေးမှာ အလွယ်တကူ လုပ်၍မရပါ။ အစိုးရ၀န်ထမ်းတဦးကို ဖြုတ်ရေးမှာမူ

 ပို၍ပင် ခက်ပါသည်။ တိုင်းပြည်၏ အမြင့်ဆုံး ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးတရားသူကြီး (၉) ဦးကို အရေးယူသည့် ကိစ္စမှာ အခက်တကာ့အခက်ဆုံး ဖြစ်ရပါမည်။ နိုင်ငံအတော်များများ၌ တရားသူကြီးများ၏

ရာထူးနေရာတည်မြဲမှုကို ဖွဲ့စည်းပုံအရပင် အာမခံချက်ပေးရပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံအောက်တွင် ခုံရုံးတရားသူကြီး (၉) ဦးကို အရေးယူလိုက်သည့် ကိစ္စမှာ တုန်လှုပ်ဘွယ်ကောင်းလောက် အောင်ပင်

 လွယ်ကူလွန်းလှသည်။ ဒီမိုကရေစီနိုင်ငံကြီးများတွင် ဆိုက ယင်းကိစ္စမှာ တပြည်လုံး ဟိုးလေးတကျော်ဖြစ်၊ ပွက်ပွက်ညံသွားပါမည်။ မြန်မာနိုင်ငံ၌မူ ကရော်ကမယ် နိုင်လွန်းလှသည်။ ခုံရုံးတရားသူကြီးများ၏

ဂုဏ်သိက္ခာမှာ ရစရာမရှိလောက်အောင်ပင် ကျဆင်းသွားခဲ့သည်။ ဤအချက်က ၂၀၀၈ ဖွဲ့စည်းပုံအောက်၌ တရား စီရင်ရေးမဏ္ဍိုင်၏ မခိုင်မြဲမှုကို အတိအလင်း သက်သေ ပြလိုက်ခြင်းပင်။


ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးမြင့်ဆွေအား ဒုသမတ နေရာ ရာထားပြီးမှ ၄င်း၏သား သြစတြေးလျ နိုင်ငံသားခံယူ ထားသည် ဟူ၍ သတင်းထွက်ပေါ်လာပြီးနောက် ၄င်းရာထားချက်ကို ပယ်ချခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအရ သမတ ၏ အရည်အချင်းများတွင် ဇနီး၊ ခင်ပွန်း၊ သားသမီး တဦးဦးသည် တိုင်းတစ်ပါး၏ နိုင်ငံသား မဖြစ်စေရဟူသော ပြဌာန်းချက် ပါရှိသည်။ ဦးမြင့်ဆွေ ပယ်ချခံလိုက်ရသော

 ဖြစ်ရပ်ကိုထောက်ပြပြီး ဒီမိုကရေစီရေး လှုပ် ရှားတက်ကြွှသူ ပုဂ္ဂိုလ်တဦးက တကောင်ကျွေးပြီး ဘုရင်မကို စားလိုက်ပြီ ဟု သုံးသပ်ခဲ့ဘူးသည်။ ဆိုလိုသည်မှာ ၂၀၀၈ ဖွဲ့စည်းပုံတည်ရှိနေသမျှ

 ဒေါ် အောင်ဆန်းစုကြည်သည် မည်သည့်အခါတွင်မျှ သမတ မဖြစ်နိုင်တော့။ ယခုဖြစ်ရပ်တွင်မူ ဖွဲ့စည်းပုံခုံရုံး တရားသူကြီး (၉) ဦးကိုစတေးပြီး တပြည်လုံးကိုပင် စားလိုက်ပြီ ဟု ပြောရပါတော့မည်။

 တပြည်လုံးလူထုက အားကိုးလျှောက်လှမ်းရ မည့် ဥပဒေစိုးမိုးရေး မဏ္ဍိုင်ကြီး တည်ဆောက်ရေးမှာ အိပ်မက်မျှသာဖြစ်သွားသောကြောင့်ပင်။


ဝမ်းနည်းစရာ အကောင်းဆုံးမှာ ဤမျှ အရေးကြီးလှသော အရေးယူမှုကြီးအတွင်း လွှတ်တော်ပြင်ပရှိ နိုင်ငံရေးအင်အား စုများ၊ တိုင်းရင်းသား အဖွဲ့အစည်းကြီးများ၊ လူထုများ၏ အခန်းကဏ္ဍ

လုံးဝပျောက်နေခြင်းဖြစ်သည်။ သမတ ကလည်း တစုံတရာ အကျယ်တ၀င့်လူထုကို ရှင်းပြခြင်းမရှိ။ လွှတ်တော်အမတ်များကလည်း လူထုထံမှ သဘောထားများ တောင်းခံရယူခြင်းမပြု။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လေ့လာဆွေးနွေးပွဲများ၊ သဘောထား အမြင် ထုတ်ဖေါ်ပွဲများ အင်တိုက်အားတိုက်ကျင်းပသည့် အသံများမကြားရ၊ ယင်းသို့ကျင်းပနိုင်စေရန် လူထုပါဝင်ခွင့်ရရန်

တိုင်းပြည်က စီစဉ်ဆောင်ရွက်နေသည်များ မတွေ့မြင်ရ။ ဤသည်မှာ ဒီမိုကရေစီကို လျှောက်လှမ်းနေခြင်း ဟုတ်ပါ ရဲ့လား။ နေပြည်တော်တွင် ဖွဲ့စည်းပုံခုံရုံးတရားသူကြီးများအား ဖြုတ် ထုတ်ရုံသာမက

 တရားစီရင်ရေးမဏ္ဍိုင်ကြီး တခုလုံးကို ချနင်းနေသည့်အချိန်၌​ ရန်ကုန်တွင် ဟိုပွဲ သည်ပွဲ များနှင့် စည်ကားနေအောင် ၀န်ကြီးများက အားပေး ဆင်နွှဲလျှက် ရှိသည်။ သီပေါဘုရင်ခေတ် မန္တလေးနန်းတွင်း

 လူသတ် ပွဲကြီးကျင်းပနေစဉ် နန်းပြင်၌ ပျော်ပွဲ ရွှင်ပွဲများ ဆင်နွှဲထား စေခဲ့သည့် ဖြစ်ရပ်ကို သတိရမိပါသည်။


အင်္ဂလိပ်ဘာသာဖြင့် ဆောင်းပါးကို အောက်ပါလင့်တွင် ဖတ်ရှုနိုင်ပါသည်။
 http://www.dvb.no/analysis/a-constitutional-crisis-in-burma/23662

အောင်ထူး (ရှေ့နေ)
                                                                                                                 
၂၀၁၂ ခုနှစ် စက်တင်္ဘာလ (၇) ရက်

  1 comment:

  1. အတူတူနဲ့ အနူနူပါ..
    မြန်မာပြည် တရားစီရင်ရေးမဏ္ဍိုင်ကြီးကလည်း စုတ်ပြတ်သတ်ချည့်နဲ့နေပါပြီ။ အဂတိအပေါင်းတို့ တရားဝင်စုရုံးရာ နေရာသဖွယ်ဖြစ်နေတာ ကြာပါပြီ။ အခု ဥပဒေခုံရုံးကြောင့် ဒီလိုလူတွေ ဦးကျိုးသွားလည်း သိပ်ဝမ်းနည်းစရာမရှိပါ။ သူတို့ရဲ့ တရားရေးမဏ္ဍိုင်ကြီးကလည်း အားကောင်းတည်ရှိနေတော့ကော တိုင်းပြည်အတွက် ဘာများ အကျိုးဖြစ်ထွန်းပါမည်လဲ..။ မထူးရေးချ မထူးပါ။

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...