ရယ်မောခြင်းအပိုင်းအစများ(ဇာတ်သိမ်း)
by မင်းလူ၏ ၀တ္တုတိုများ on Sunday, September 16, 2012 at 9:30pm ·

တစ်ကော်လံဝတ္ထု (ရှယ်)
-----------------------------
ရွှေနိုင်ငံမှာ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ ရာနှင့်ချီပြီးတပျော်ကြီးထွက်လာသည်။ မိုးအကုန် ဆောင်းအကူး ရထားသံလမ်းဘေးမှာ ပေါက်ပွားလာတဲ့ စူလာနဖာပင်တွေကျနေတာပဲ။ စူလာနဖာလို အစွမ်းထက်သလား ဆိုတာကတော့ သုံးခွက်တစ်ခွက်တင် ကျိုသာက်ကြည့်မှ သိလိမ့်မည်။
အထက်အဆိုပါကိစ္စနှင့်ပတ်သက်ပြီး စာပေလောကသားအချို့က ၀မ်းမြောက်ဝမ်းသာ ကြိုဆိုကြသည်။ တချို့ကတော့ သတိနှင့်စောင့်ကြည့်ရင်း ကြိုဆိုကြသည်ဟု ဆိုကြ၏။ စာအုပ်ဆိုင်တွေက ခုလို အင်နဲ့အားနဲ့ထွက်လာကြတာကိုတော့ ၀မ်းသာပါတယ်။ ဆိုင်မှာထားစရာနေရာမရှိတာက ပြဿနာပဲဟု ပြောကြသည်။ ဟော်ကာခေါ် လက်ပွေ့အရောင်းသမားတွေကလည်း ထွက်သမျှ အားလုံးကို ပွေ့ဖို့ဆိုတာကတော့ အာနိုးမှပဲဖြစ်မယ်။ ရောင်းကောင်းတာပဲ ရွေးယူရမှာပဲဟု ဆိုကြသည်။ စာဖတ်ပရိသတ်အများစု ကတော့ အသံသိပ်မထွက်။ အစကတည်းက ဂျာနယ် မဂ္ဂဇင်းတွေ ဈေးတက်လို့ သိပ်မှမ၀ယ်နိုင်ကြတာပဲမဟုတ်လား။
အရေအတွက်များလာပေမယ့် အရောင်းအားက တက်မလာတော့။ ဈေးကွက်ကို ခွဲယူဖို့သာရှိ၏။ စောင်ရေကိုလည်း မျှယူကြပေတော့ပေါ့။ အရေအတွက်များလာသဖြင့် အပြိုင်အဆိုင်လည်း များလာသည်။ အတွန်းအတိုက်ကလေးတွေလည်း အထိုက် အလျောက်ရှိလာသည်။ ဒါကလည်း ဈေးကွက်ခေတ်ရဲ့သဘောသဘာဝတစ်ခုပဲ။ ဆက်လက်ရှင်သန်ဖို့ ပြိုင်ဆိုင်လှုပ်ရှားရမည်။ ဆက်မပြိုင်နိုင်လျှင် နေရစ်ခဲ့တော့။
ဒီတော့ ဘာတွေပြိုင်ကြမလဲ။ ဂျာနယ်၏အသက်သည် သတင်းဖြစ်၏။ သတင်းဆိုရာမှာလည်း ထူးမှဦးမှ၊ စိတ်ဝင်စားစရာလည်း ကောင်းမှဖြစ်မည်။ စာဖတ်ပရိသတ်စိတ်ဝင်စားတဲ့ အကြောင်းအရာဆိုတာကလည်း တိတိကျကျပြောလို့မရ။ တသမတ်တည်းရှိနေတာမျိုးလည်းမဟုတ်။
ဘောလုံးဆို ဘောလုံး ဘောလုံး။ မန်ယူ၊ ချဲလ်ဆီး၊ လီဗာပူး၊ ရီးရဲလ်၊ ရော်နယ်ဒင်ဟို၊ ရွန်နီ၊ လမ်းပတ်၊ ဂျရတ်၊ မော်ရင်ဟို၊ ဖာဂူဆန်။ ဒါတွေချည်းဖတ်နေရသဖြင့် ကြာတော့ ရိုးအီချင်လာသည်။
ကမ္ဘာ့ထူးခြားဖြစ်စဉ်တွေကိုလည်း စိတ်ဝင်စားကြသည်။ ဝေလမင်းသမီးဒိုင်ယာနာကွယ်လွန်တုန်းက ထိုသတင်းကြောင့် စာနယ်ဇင်းတွေ ရောင်းကောင်းခဲ့ဖူးသည်။ သို့ရာတွင် ဒိုင်ယာနာဆိုတာက တစ်ယောက်တည်းရှိတာ။ ခဏ ခဏ သေလို့ရတာမဟုတ်။
ဘင်လာဒင်တို့၊ ဆာဒမ်ဟူစိန်တို့ ကောင်းစားစဉ်ကလည်း စာနယ်ဇင်းတွ အတော်စားလိုက်ရသေးသည်။ စာနယ်ဇင်းတွေ အရောင်းထိုင်းနေလို့ဆိုပြီး သူတို့ကကူညီတဲ့အနေနဲ့ နောက်တစ်ကြိမ်လှုပ်ရှားပေးနိုင်မှာမဟုတ်။ ဆူနာမီဆိုတာကလည်း ကာလနဂါး လိုပဲ တစ်ကြိမ်လာပြီးရင် နှစ်ပေါင်းများစွာငြိမ်ပြီး နှပ်နေတတ်တဲ့ကောင်စားမျိုးလေ။ လူသတ်မှုတို့၊ ဖောက်ထွင်းမှုတို့လို လူစိတ်ဝင်စားမှုများတဲ့ မှုခင်းသတင်းမျိုးဆိုတာကျတော့လည်း များများမျှော်လင့်တာမျိုး မလုပ်ကောင်းဘူးမဟုတ်လား။
ထိပ်တန်းရုပ်ရှင်မင်းသား၊ မင်းသမီးတွေ၊ အဆိုတော်တွေရဲ့ မင်္ဂလာဧည့်ခံပွဲသတင်းတွေ လူကြိုက်များတာမှန်သည်။ သို့ရာတွင် သူတို့ကလည်း တစ်ပတ်တစ်ခါ၊ တစ်လတစ်ခါ ဆိုသလို လက်ထပ်နေကြတာမဟုတ်။ ဒါတောင် တချို့က နှစ်ကျော့ သုံးကျော့ထပ်ပြီး အိမ်ထောင်ပြုပေးကြလို့ ကျေးဇူးတင်ရသေးသည်။ ကိုရီးယားမင်းသမီးတွေ ၀င်ကယ်ပေလို့သာ နည်းနည်းပါးပါး အသက်ရှူချောင်ရတာ။ ဒါလည်း ကြာကြာလုပ်စားလို့မရနိုင်။
ဒါဆို ကလောင်အင်အားချင်းပြိုင်မလား။ ခက်တာက ပရိသတ်အပေါ် သြဇာရှိသော ထိပ်တန်းစာရေးဆရာကြီးတွေက သိပ်များများစားစားရှိတာမဟုတ်။ စာနယ်ဇင်းတွေက တစ်ပြုံကြီး။ ဒီတော့ ဆရာကြီးတွေဆီ အလုအယက် ၀ိုင်းအုံကြတော့သည်။ စာမူတောင်းခံလွှာတွေဆိုတာ ဂျီအက်စ်အမ်ဖုန်းလျှောက်လွှာတွေကျနေတာပဲ။ ဆရာကြီးတွေကလည်း စာပေစိတ်ဖြင့် တတ်နိုင် သလောက်တော့ ကြိုးစားရေးပေးကြရှာပါသည်။ သို့ရာတွင် စာမူဆိုသည်မှာ မိတ္တူပွားပြီး တစ်တိုက်ကိုတစ်စောင် ဖြန့်ဝေလို့ရတာ မဟုတ်။ ထို့ကြောင့် စာမူကောင်းတွေက ရှားပါးလာပြန်သည်။
ကဲ ဒီတော့..ဘာပြိုင်ကြဦးမလဲ။ အပြင်အဆင်ချင်းပြိုင်ရအောင်။ စိန်လိုက်လေ။ ဒီလိုနဲ့ စာနယ်ဇင်း"ကွာလတီ" ပြိုင်ပွဲကြီးကို ခြိမ့်ခြိမ့်သဲဆင်နွှဲကြလေတော့သည်။
ဂျာနယ် မဂ္ဂဇင်းတွေကို ပြည်တွင်းဖြစ် ဘားဖြူစက္ကူနှင့်ရိုက်နေရာမှ နော်ဝေစက္ကူ ပြောင်းရိုက်သည်။ ဒါနဲ့မှ အားမရသေးဘဲ ၀ူဖရီစက္ကူနှင့် ရိုက်နှိပ်လာကြသည်။ ဂျာနယ်အဖုံးကို ၀ူဖရီနှင့်ရိုက်နေရာမှ အတ်ပေပါ ကြွေစက္ကူချောနှင့်ရိုက်သည်။ ထိုအခါ မဂ္ဂဇင်းတွေကလည်း အဖုံးကို အတ်ပေပါနှင့်ရိုက်နေရာမှ ကတ်ထူဖုံးပြောင်းတင်သည်။
ဂျာနယ်များသည် ရိုးရိုးအဖြူအမည်းတွင်မကဘဲ နှစ်ရောင်တွေထည့်ရိုက်လာသည်။ တစ်ရောင်က နှစ်ရောင်၊ နှစ်ရောင်က သုံးရောင်၊ လေးရောင်ထိဖြစ်လာသည်။ နောက်တော့ ဂျာနယ်တစ်စောင်လုံး ရောင်စုံရိုက်တဲ့အထိ ပြိုင်ပွဲအရှိန်က မြင့်လာ၏။
မဂ္ဂဇင်းတွေကလည်း တစ်စောင်လုံးကို ကြော်ငြာစာမျက်နှာတွေလိုဖြစ်အောင် ရောင်စုံဒီဇိုင်းတွေ ဆင်လာကြသည်။ စက္ကူအမျိုးအစားကိုလည်း ခြောက်ဆယ်၊ ရှစ်ဆယ်ဂရမ်ကနေ တစ်ရာ့နှစ်ဆယ်ဂရမ်အထိ သုံးလာကြသည်။
မဂ္ဂဇင်းတစ်စောင်က နှစ်ပတ်လည်အထူးထုတ်တွင် မဂ္ဂဇင်းအမည်စာလုံးကို ဟော်လိုဂရမ်ရောင်ပြန်ဖြင့် ရိုက်လိုက်သည်။ ထိုအခါ နောက်တစ်စောင်က သရီးဒီဓာတ်ပုံဖြင့်ထွက်လာသည်။ ရှုထောင့်ပြောင်းကြည့်လျှင် ပုံရိပ်နှစ်မျိုးမြင်ရသော နည်းပညာကို သုံးလာသည်။ ရောင်ပြောင်းအဖုံးဖြင့် တင်ဆက်တာလည်းရှိသည်။ နေ့မှာအရောင်တစ်မျိုး ညကျတော့ အရောင်တစ်မျိုးဖြစ်၏။ မဂ္ဂဇင်း တစ်စောင်က အဖုံးကိုလှန်လိုက်လျှင် ခရစ္စမတ်ကတ်တွေလို သံစုံတီးလုံးထွက်ပေါ်လာအောင်ပြုလုပ်ထား၏။
နောက်ထပ်တီထွင်ဆန်းသစ်ထားတာရှိသေးသည်။ မဂ္ဂဇင်းတစ်စောင်၏မျက်နှာဖုံးမှာ မော်ဒယ်မိန်းကလေးက မြန်မာဆန်ဆန် ရိုးရိုးလေး ၀တ်စားဆင်ယင်ထားသည်။ ဂျာနယ်တစ်စောင်ကတော့ အစောင်တစ်ရာပြည့်(ဆရာပြည့်မဟုတ်) အထူးထုတ်ကို တစ်စောင်လုံး ကြွေစက္ကူချော အသုံးပြုထားရုံမျှမက စာမျက်နှာတိုင်းမှာပါဝင်သော စာသားအားလုံးကို ဖိတ်စာတွေမှာလို ရွှေရောင်ဖောင်းကြွ(အင်ဘော့စ်)စာလုံးများဖြင့် ရိုက်နှိပ်ထားလေသည်။
ဒီလိုနဲ့ စာနယ်ဇင်းကွာလတီပြိုင်ပွဲကြီးမှာ အရှိန်မြင့်သထက်မြင့်လာသည်။ မဂ္ဂဇင်း၊ ဂျာနယ်ဈေးနှုန်းတွေကလည်း ကြီးသထက် ကြီးလာသည်။ သို့ရာတွင်
စာနယ်ဇင်းထုတ်ဝေသူတွေအနေဖြင့် ကြိုတင်ညှိနှိုင်းတိုင်ပင်ထားခြင်းမရှိပါပဲလျက် သဘောတူထားကြသော အချက်တစ်ချက်တော့ ရှိပါသေးသည်။ ဘာလဲဆိုတော့....
"စာမူခအပေးပြိုင်ပွဲကြီး"ကို ကျင်းပဖို့ မေ့လျော့နေကြသောကိစ္စပင် ဖြစ်ပေသည်။
ဖတ်စရာဂျာနယ်
အမှတ် - ၅၁ (၃-၁-၂၀၀၆)
* * * * * * * * *
ကြည့်လုပ်
------------
ကုမ္ပဏီရုံးချုပ်ရှိ တယ်လီဖုန်းများသည် အမြဲလိုလို တစ်လုံးမဟုတ်တစ်လုံးကတော့ မြည်နေတတ်သည်ဟု အဆိုရှိ၏။ အလုပ်များလွန်းတယ် ဆိုတာကို တင်စားတဲ့သဘောဖြစ်သည်။
လုပ်ငန်းတွေက အလွန်အောင်မြင်နေသည်။ ထို့ကြောင့် ဌာနခွဲများ၊ ကိုယ်စားလှယ်များ၊ စီးပွားဖက်များ၊ ပြင်ပမှာ တာဝန်ဖြင့်သွားလာနေကြသော ၀န်ထမ်းများဆီက တယ်လီဖုန်းဆက်သွယ်မှုတွေ အဆက်မပြတ်ရှိနေသည်။
ပိုင်ရှင်သူဌေးလည်းဖြစ်၊ ဒီဂျီလည်းဖြစ်သူကိုယ်တိုင်ပင်လျှင် မကြာခဏဆိုသလို ဖုန်းပြောနေရသည်။ သူများက ဆက်သွယ်လာတာရော၊ သူက လှမ်းဆက်သွယ်ရတာရော၊ ဒါတောင် လက်ထောက်အတွင်းရေးမှူးမိန်းကလေးက ပါးရည်နပ်ရည် ရှိပေလို့ပဲ။ တချို့ဖုန်းခေါ်ဆိုမှုတွေကို သက်ဆိုင်ရာဌာနခွဲတာဝန်ခံဆီလွှဲပေး၊ တချို့ကိုတော့ "ဒီဂျီအစည်းအဝေးခန်းထဲမှာပါရှင်"၊ "အရေးကြီးတဲ့ကိစ္စနဲ့ အပြင်ခဏထွက်သွားပါတယ်"၊ "ဟုတ်ကဲ့၊ ဒီနေ့တော့ တွေ့နိုင်ဖို့အဆင်မပြေပါဘူး" စသည်ဖြင့် ရှောင်တိမ်း ပေးလို့ တော်တော့သည်။ ဒီလိုမှမဟုတ်လို့ကတော့ ဖုန်းပြောရတာနဲ့ပဲ နားရွက်က မီးထတောက်နိုင်လောက်သည်။
သူ၏သီးသန့်လက်ကိုင်ဖုန်းက အသံမြည်လာသည်။ ဒီဖုန်းနံပါတ်ကိုသိတဲ့လူက သိပ်များများစားစာမရှိ။ စိတ်အချရဆုံး၊ အရင်းနှီးဆုံး၊ အရေးပါဆုံးလူများကိုသာ ဒီဖုန်းနံပါတ်ကို ပေးထားသည်။ ဒီထဲမှာ သူ့မိန်းမတောင်မှ ပါဝင်ခြင်းမရှိ။
သူက ဖုန်းကိုဖွင့်ပြီး ထူးလိုက်သည်။ တစ်ဘက်မှ...
"ကျွန်တော်ပါ ဒီဂျီ" သူ့ပီအေက ဆက်ခြင်းဖြစ်၏။
"အေး..ပြော"
"ပါမစ်ကျကာနီးပါပြီ။ လက်မှတ်ထိုးဖို့ပဲ ကျန်ပါတော့တယ်။ အဲဒါ..."
"ဟုတ်ပြီ၊ ကြည့်လုပ်လိုက်ကွာ"
ထိုစကားသည် အမိန့်ညွှန်ကြားချက်လည်းဖြစ်၏။ လုပ်ပိုင်ခွင့်ပေးလိုက်ခြင်းလည်းဖြစ်၏။ သူ့ပီအေကောင်လေးမှာ အသက် ၃၀သာရှိသေး၏။ လူပျို၊ လူလွတ်၊ အသက်ငယ်သော်လည်း ၀ါရင့်တစ်ယောက်လို အားကိုးရသည်။ ထက်ထက်မြက်မြက် ရှိသည်။ လာဘ်မြင်သည်။ သစ္စာရှိသည်။ ထို့ကြောင့် ကိစ္စတော်တော်များများကို မျက်နှာ လွှဲထားလို့ရသည်။ ထို့ကြောင့် ကိစ္စ တော်တော်များများကို မျက်နှာလွှဲထားလို့ရသည်။ ကိုယ်တိုင်သွားဖို့လိုအပ်သော အရေးတကြီးကိစ္စတချို့ကိုတောင် မိမိကိုယ်စား စိတ်ချလက်ချ စေလွှတ်လို့ရသူဖြစ်၏။ ဒါကြောင့်လည်း လစာကောင်းကောင်းပေးပြီး ထိန်းထားခြင်းဖြစ်၏။
ဒီဂျီ၏သီးသန့်ရုံးခန်းအတွင်းသို့ ခွင့်မတောင်းဘဲ ၀င်ခွင့်ရသူအနည်းငယ်ထဲမှာ ပီအေကောင်လေးလည်းပါသည်။ သူက နှစ်ယောက်စလုံး၏ အဖိုးတန်သောအချိန်တွေကို ချွေတာသောအားဖြင့် စကားအပိုတွေ ပြောလေ့မရှိ။
"အခွန်ရုံးကိုသွားပြီး အစစ်ဆေးခံစရာရှိပါတယ်"
"အေး..မင်းပဲ သွားလိုက်လေ"
"ဒီနှစ် ကုမ္ပဏီအမြတ်ငွေက သိသိသာသာတက်လာတော့ အမြတ်ခွန်နည်းနည်း ပိုဆောင်ရပါလိမ့်မယ်"
"ကောင်းပြီလေ၊ မင်း ကြည့်လုပ်လိုက်ပေါ့"
ဒီဂျီတယ်လီဖုန်းပြောနေသဖြင့် ပီအေကောင်လေးက ရပ်စောင့်နေရသည်။ ဒီဂျီက လက်ပြပြီး ထိုင်ခိုင်းလိုက်သည်။ ဖုန်းပြောတာ နည်းနည်းကြာသည်။ ပြီးမှ ခေါင်းဆတ်ပြပြီး စကားပြောခွင့်ပေးလိုက်သည်။ ပီအေက
"ကွန်တိန်နာတွေကိစ္စမှာ ပြဿနာနည်းနည်းရှိပါတယ်"
"ဘာဖြစ်လို့လဲ"
"ကျွန်တော်တို့ပစ္စည်းတွေကတော့ ဘာမှမဖြစ်ပါဘူး။ တချို့ကုမ္ပဏီတွေက စည်းကမ်းနဲ့မညီလို့တဲ့။ အားလုံးကို ကြပ်ကြပ်မတ်မတ် စစ်ဆေးမှာဆိုတော့ ပစ္စည်းထုတ်ဖို့ နည်းနည်းနှောင့်နှေးကြန့်ကြာသွားနိုင်ပါတယ်"
"အဲဒီတော့"
"အရောင်းဆိုင်တွေမှာ ပစ္စည်းမပြတ်ရအောင်ထိန်းပြီးဖြန့်ရပါလိမ့်မယ်။ ဈေးနှုန်းကိုလည်း ပြင်သင့်ရင် ပြင်ရပါမယ်"
"ဒါတွေ မင်းပိုင်ပါတယ်။ ကြည့်လုပ်လိုက်လေ"ဟု လုပ်ကိုင်ခွင့်ပေးလိုက်သည်။
မနက်ဖြန်လုပ်မယ့် ညိနှိုင်းအစည်းအဝေးက နည်းနည်းအရေးကြီးပါတယ်။ အရောင်းကိုယ်စားလှယ်တွေအားလုံး တက်လာကြပါလိမ့်မယ်။ ကုန်ပစ္စည်းသစ်အကြောင်းလည်း ရှင်းလင်းမိတ်ဆက်ရမှာဆိုတော့ ဒီဂျီကိုယ်တိုင် တက်သင့်ပါတယ်"
"မနက်ဖြန် ငါမအားဘူးကွ။ ငါ့သားက ကျောင်းမှာဆုတက်ယူရမှာ။ ကွန်ပျူတာတွေလှူဖို့လည်းရှိတယ်။ မသွားလို့ မဖြစ်ဘူး။ သူ့မွေးနေ့တုန်းကလည်း ငါ ခရီးထွက်နေလို့ ဘာမှလုပ်မပေးနိုင်ခဲ့ဘူး။ ဒီတစ်ခါ ငါပျက်ကွက်ရင် မလွယ်ဘူး။ ဒီကောင် စိတ်ကောက်ပြီး သောင်းကျန်းရင် ဘယ်လောက်ကြောက်ဖို့ကောင်းတယ်ဆိုတာ မင်းလည်း သိသားပဲ"
"ဒါပေမဲ့ ချက်ချင်းဆုံးဖြတ်ရမယ့်ကိစ္စတချို့ရှိနေတော့"
"ဒီအစည်းအဝေးကို မင်းသွားတတ်တာဟာ ငါကိုယ်တိုင်တက်တာနဲ့အတူတူပါပဲ။ လိုအပ်ရင် မင်းပဲ ငါ့ကိုယ်စား အဆုံးအဖြတ်ပေးလိုက်ပါ။ မင်းဟာ ငါ့ရဲ့ကိုယ်ပွားပဲ"
ညနေ ၅နာရီခွဲပြီ။ တစ်နေ့လုံးပြဿနာတွေဖြေရှင်းနေတာနဲ့ပဲ အချိန်တွေကုန်ခဲ့သည်။ စိတ်ရောလူရော ပင်ပန်း နွမ်းနယ်နေပြီ။ ဒါတောင် တချို့ကိစ္စတွေကို ပီအေကောင်လေးက ကြိုရှင်းထားပေလို့။
အပန်းပြေသွားအောင် အနှိပ်ခံရကောင်းမလား၊ ရေနွေးငွေ့နဲ့တစ်ကိုယ်လုံးပေါင်းတင်တဲ့ဆီကို သွားရကောင်းမလား၊ ရှန်ပိန်အေးအေးလေးနဲ့ အမောဖြေရကောင်းမလား စဉ်းစားနေတုန်း ပီအေက...
"ဒီနေ့ အထူးကုဆရာဝန်ကြီးနဲ့ချိန်းထားပါတယ်။ တိုကင်နံပါတ်နဲ့ ထူးရှယ်တစ်ကို ရအောင်ယူထားပါတယ်။ အဲဒါ"
ထိုအချိန်တွင် ဒီဂျီ၏သီးသန့်လက်ကိုင်ဖုန်းက အသံမြည်လာသည်။ ဖုန်းကိုဖွင့်၍နားထောင်လိုက်ပြီးနောက် သူ့မျက်နှာမှာ စောစောကလို ပင်ပန်းနွမ်းနယ်နေပုံမဟုတ်တော့ဘဲ ချက်ချင်းရွှင်ပြလန်းဆန်းလာသည်။
"အေးကွယ်၊ ကိုကြီးလည်း အလုပ်တွေသိပ်များနေလို့ မလာဖြစ်တာပါ။ စိတ်မကောက်ပါနဲ့ကွာ၊ ဟိုတစ်ခါ ပူဆာတဲ့ အသည်းပုံစိန်လော့ကက်လေး ၀ယ်ထားပြီးပါပြီ။ နက်ဖြန်၊ ဘာ...အခုလာရမယ် ဟုတ်လား။ ဟိုကိစ္စလေးတွေက အဲ..အဲ အရေးမကြီးပါဘူး။ ဟုတ်ပါပြီ။ နာရီဝက်အတွင်း အရောက်လာခဲ့ပါ့မယ်။ သူ့စိတ်ချည်းပဲ။ သိပ်ဆိုးတယ်၊ ဒါပဲနော်"
ဖုန်းပိတ်လိုက်သည်။ ပီအေကောင်လေးက
"အဲဒါဆေးခန်းက ခြောက်နာရီဆိုတော့ ခုချိန်ထွက်မှ"
"ငါမအားဘူး။ အရေးကြီးတဲ့ကိစ္စသွားစရာရှိတယ်၊ မင်းလည်းကြားသားပဲ"
"ဒါပေမဲ့ ဆရာဝန်ကြီးက"
"ဆေးခန်းကို မင်းပဲ သွားလိုက်တော့"
"ဗျာ"
ဒီဂျီက ကောင်လေးစကားမဆက်နိုင်ခင် ဆတ်ခနဲထပြီး သန့်စင်ခန်းထဲဝင်သွားသည်။ ခဏအကြာမှာ ပြန်ထွက်လာတော့ လူငယ်လေးတစ်ယောက်လို နုပျိုသွက်လက်နေသည်။ တစ်ကိုယ်လုံးလည်း မွှေးကြိုင်လို့။
"ကြည့်လုပ်လိုက်ကွာ"ဟု ကောင်လေး၏ပခုံးကိုပုတ်၍ ခပ်သုတ်သုတ်ထွက်သွားသည်။ ပီအေကောင်လေးရဲ့ အတွေးထဲမှာတော့...
တကယ်ဆိုရင် အခုသွားရမယ့်နေရာကိုသာ မိမိအား ကိုယ်ပွားအဖြစ် စေလွှတ်သင့်ပါသည်။ အထူးကုဆေးခန်းတွင် သွေးပေါင်ချိန်ခြင်း၊ အီးစီဂျီဆွဲခြင်း၊ အစမ်းသပ်ခံခြင်း စသည်တို့မှာ ကိုယ်စားဝင်၍ ဆောင်ရွက်ပေးလို့ မရဘူးမဟုတ်လား။
မင်းလူ
လျှပ်တစ်ပြက်ဂျာနယ်
၁/၃ (၁၀-၁၁-၂၀၀၆)
* * * * * * * * *
အလုပ်ကြီး အကိုင်ကြီး
--------------------------
သားအငယ်ဆုံးကောင်သည် အိမ်ထဲသို့ဝင်လာသည်။ ခါတိုင်းဆိုလျှင် အိမ်အပြန်လမ်းတစ်လျှောက် ကြုံသလို ၀င်ဆော့လာသဖြင့် အ၀တ်အစားတွေ တွန့်ကျေပြီး ညစ်ပတ်ပေရေနေတတ်သည်။ ဒီနေ့တော့ မနက်က၀တ်သွားတဲ့အတိုင်း သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ဖြစ်နေ၏။ ဒါကိုက တစ်နေရာတည်းမှာ ငြိမ်ငြိမ်လေးထိုင်ပြီးကစားခဲ့ခြင်းဖြစ်ကြောင်း ပြနေသည်။ ထို့ကြောင့် အမေလုပ်တဲ့သူက စာရွက်စာတမ်းတွေနဲ့ အလုပ်ရှုပ်နေရာမှ လှမ်းခေါ်ပြီး စစ်ကြောရေးဝင်လေသည်။
"နောက်ကျလှချည်လား၊ ဘယ်သွားနေလဲ"
အငယ်ကောင်က ပြန်မဖြေဘဲ ပေကပ်ကပ်လုပ်နေသဖြင့်
"ဂိမ်းဆိုင်ဝင်နေတာမဟုတ်လား"
ဆိုတော့မှ ခေါင်းညိတ်ပြသည်။
"ပိုက်ဆံကြေးကစားတာလား"
"မဟုတ်ပါဘူးအမေရာ၊ စာကူးပေးကြေးပါ"
ဒါဟာ လောင်းကစားကြေးထဲ အကျုံးဝင် မ၀င် ရုတ်တရက်ဆုံးဖြတ်ဖို့ ခက်နေသည်။ ထို့ကြောင့်
"နင်နော် ကျပ်ကျပ်သတိထား"
ဟူ၍သာ ငေါက်လိုက်ရသည်။ အငယ်ကောင်ခေါင်းကုတ်ပြီး ထွက်သွားသည်။ အိပ်ခန်းထဲဝင်သွားစဉ်
"ဟဲ့..အ၀တ်အစားတွေ သပ်သပ်ရပ်ရပ်လွှားထားနော်။ လုံးထွေးပြီး ပစ်မထားခဲ့နဲ့"
` ဟု အမေက လှမ်းအော်သည်။
ထိုစဉ် သားကြီးဖြစ်သူက
"သိပ်မအော်ကြနဲ့လေ။ ဒီမှာ ဖုန်းပြောနေတာမတွေ့ဘူးလား"
ဟု လှမ်းဟန့်လိုက်သည်။ ထို့နောက် လက်ဝါးနှင့်ပိတ်ထားသောဖုန်းပြောခွက်ကို ပြန်ဖွင့်ပြီး
"ခင်ဗျားပြောတာဖြစ်နိုင်တယ်။ ဒါဘီပွဲဆိုတော့ လယ်ဗယ်နေတာ အကောင်းဆုံးပဲ"
ဟု ပြောလိုက်သည်။
ထိုအချိန်တွင် သမီးအလတ်ဖြစ်သူ အလုပ်မှပြန်လာသည်။ ခြင်းတောင်းကို စားပွဲပေါ်ချရင်း
"အမေ့အိပ်မက်ကလည်း အလကားပဲ"
ဟု ပြောပြီး သူ့အခန်းထဲ ၀င်သွားသည်။
"သူကလည်း တစ်မျိုး"
အမေလုပ်တဲ့သူက ရေရွတ်လိုက်ပြီးနောက် ရှေ့မှာချထားသောစာရွက်ကို ကြည့်လိုက်၊ ဗလာစာအုပ်ထဲမှာ ရေးခြစ်လိုက်၊ ခေါင်းကုတ်လိုက် လုပ်နေ၏။
အငယ်ကောင်သည် အ၀တ်အစားလဲပြီး ပြန်ထွက်လာသည်။ ထို့နောက် အိမ်ဦးခန်းထဲ စွတ်ကနဲဝင်သွားသည်။ ခဏကြာတော့ ပြန်ထွက်လာပြီး အိမ်ပေါက်ဝဆီ ပြေးသည်။
"ဟဲ့...ဒါက ဘယ်သွားဦးမလို့လဲ"
အမေက လှမ်းမေးတော့...
"ဘိုးဘိုးက အော်နာပေးလိုက်လို့ မုန့်သွားဝယ်စားမလို့"
ဟု ပြန်ဖြေသောအခါ
"မုန့်စားမယ်အကြောင်းပြပြီး တီဗွီဂိမ်းဆိုင်မှာ တမေ့တမောသွားကစားမလို့မဟုတ်လား။ အေး..တွေ့မယ်၊ တွေ့မယ်။ နင့်အဖေ ဘီလိယက်ခုံကပြန်လာမှ မှတ်လောက်သားလောက်အောင် ဆော်ခိုင်းရမယ်"
ဟု အမေလုပ်သူက မျက်စောင်းခဲရင်းပြောလိုက်သည်။
မင်းလူ
0 comments:
Post a Comment