Friday, September 7, 2012

“ပန်းခင်းလမ်းလေးဖြစ်စေလို - ( ၂ ) ( ၁ )” (စိမ်းခက်စိုး)


by Sein Khat Soe on Friday, September 7, 2012 at 6:34am 

“ပန်းခင်းလမ်းလေးဖြစ်စေလို - ၂”
  
သို့
 အဝေးမှ အကို၊ အများ၊

အောက်က စာလေးက လွန်ခဲ့တဲ့နှစ်တုန်းက အဝေးကလူတွေ ပြန်လာလိုကလာနိုင်တယ်ဆိုပြီး သမ္မတက စကြေငြာစဉ်က ကျွန်တော် ရေးလိုက်တာလေးပါ။ ခုတလောမှာ အတွင်း-အပြင်အကြောင်းတွေ ပြန်လည်သီးဝေလာတဲ့အချိန်မှာ တချို့သော လူတွေကြောင့် နားလည်မှုလွဲလာသလိုလို ရှိလာတယ်လို့ထင်လို့ ဒီစာလေးကို ပြန်တင်လိုက်တာပါ။

 ကျွန်တော့်အတွေ့အကြုံအရဆိုရင် ကျွန်တော်တို့ လူငယ်တွေစကားစုစုပြောဖြစ်၊ အချင်းချင်းဆုံဖြစ်လို့ အပြင်ကလူတွေအကြောင်း ပြန်ပြောင်းပြောဖြစ်တဲ့အချိန်တိုင်းမှာ ဘယ်သူလာရင်တော့ ဘယ်လိုနယ်ပယ်မှာအကျိုးရှိမယ်။
ဘယ်သူပြန်လာ ဦးဆောင်ရင်တော့ဖြင့် ဘယ်နယ်ပယ်မှာ ပိုကောင်းလာနိုင်တယ်စသည်ဖြင့် ဆွေးနွေးရင်ခုန်ခဲ့ကြပါတယ်။ ပြန်လာနိုင်ကြပါစေလို့လည်း မျှော်တလင့်လင့်ရှိခဲ့တယ်။
  
ဒါပေမယ့် မျှော်သူမလာဖြစ်လာခဲ့သလို လာသူမှာလည်း ဆူးတွေနဲ့ဖြူကောင်လို အတိတ်ဆိုး ဆူးတွေ၊ ပညာမာန ဆူးတွေ၊ ငွေကြေးမာန ဆူးတွေ တထောင်ထောင်နဲ့ သူမျိုးဖြစ်တဲ့အတွက် တော်တော်လေး ရုန်းရုန်းခက်ခက်ဖြစ်သွားကြတဲ့ကြားမှာ တချို့သော အပြင်ကအကိုအမတွေအနေနဲ့ တွေဝေ၊ စိတ်ညစ်သွားသလို၊ အတွင်းကလူတွေကို နားလည်မှုလွဲသွားတာဖြစ်နိုင်တယ်
လို့ တစ်ယောက်တည်း တွေးမိပါတယ်။

 ကိုယ့်အမိမြေ၊ အဖမြေပြန်လာတာပဲ အဇာတသတ်ပြန်လာလာ၊ စကြာဝတေးလောင်းပြန်လာလာ အနည်းဆုံးတော့ မိဘညီအမောင်နှမတွေ၊ ဆွေမျိုးညာတိတွေကတော့ ပျော်ရွှင်စွာကြိုဆိုကြမှာပါ။ ရိုးသားသူတွေ ပြန်လာဖို့တွေးနေချိန်မှာ ရိုးသားတယ်
လို့ တွေးတောလက်ခံလို့မရသေးသူတွေက အောင်လံလွင့်လွင့်နဲ့ပြန်ဝင်လာတာ၊ ဒီလို အပွင့်အဟလေးကို အချိန်ကောင်းလုပ်ပြီး မိသားစုလုံးကျွတ်ပါ အပြင်ခေါ်ထုတ်သွားတာ၊ စပွန်ဆာဆန်ဆန် ဒေါ်လာပေး တပည့်မွေးပြီး ဟိုလိုလုပ်ပါလား၊ ဒီလိုလုပ်ပါလား၊
ဟိုလူနဲ့ ဒီလူနဲ့ပေါင်းဆိုတာမျိုးကို မ၀င်ခင်တည်းကနေ ကျိုတင်လုပ်လာလို့ အထဲက ဆင်းဆင်းရဲရဲ တည်တည်ငြိမ်ငြိမ်ချစ်ခင်
စည်းလုံးမှုလေး အခြေလှုပ်အောင်လုပ်လာသူမျိုးတွေ ၀င်လာတာကိုတော့ ပေါ်ပေါ်တင်တင် ညင်းဆန်တာကို အဝေးကပြန်လာ
ဖို့ ပြင်နေကြတဲ့ အကိုအမတို့အနေနဲ့ တမျိုးမမြင်စေချင်ပါဘူး။

ဘိန်းမုန့်ဖုတ်သလိုပေါ့ဗျာ။ အပေါ်မီးအောက်မီး ညီမှ မျှမှ မုန့်ကောင်းကောင်းရသလိုပေါ့..ဒါမှမဟုတ် မိုက်ခရိုဝေ့ထဲကို ဟင်း
ထည့်နွေးသလိုပေါ့။ အချိန်တိကျစွာရွေးတတ်မှ၊ မီးလည်းလာမှ၊ ဟင်းထည့်နွေးတဲ့ပန်းကန်ကလည်း ကြွေ၊ ဖန်ပန်းကန်ဖြစ်မှ
သာ ဟင်းနွေးနွေးလေးပြန်စားရမှာပေါ့။ အတွင်းရော၊ အပြင်ရော သူ့နည်းသူဟန် တန်ရာတန်ကြေးပေးဆပ်ခဲ့ရသူချည်းဆိုတာ
ကို အတွင်းကလူတွေလည်း လက်ခံပါတယ်။ လက်မခံတာ မရိုးသားမှုနဲ့ အထင်သေးတဲ့ ဖိနပ်မြင့်မြင့်တွေ စီးပြီးအထဲကိုဝင်လာ
တာကို မခံနိုင်တာဖြစ်မှာပါ။

ကျွန်တော်လုပ်ကိုင်နေတဲ့ လူမှုရေးလောကမှာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကဆိုရင် ဥရောပက နိုင်ငံခြားသားတွေကို အားကိုးနေရမှု
လျော့ချပြီး အာရှသားတွေကိုနေရာပေးဖို့ (အာရှသားတွေသာ အာရှစံနှုန်းတွေကို ပိုရင်းနှီးပြီး လုပ်သာကိုင်သာအခြေအနေကို ပို
တွေးတောစဉ်းစားပေးနိုင်တယ်ဆိုပြီး တိုက်ပွဲဝင်ခဲ့ကြတယ်။) နောက်တော့ ကိုယ့်နိုင်ငံသားကိုသာ စီစဉ်ဆုံးဖြတ်နိုင်ခွင့်နေ
ရာတွေမှာ ပေးဖို့တွေအထိ တိုးတက်တောင်းဆိုလာတာအပြင် ခုဆို နိုင်ငံသားတွေ ဦးဆောင်တဲ့ LNGO၊ CBOတွေကို ပိုမိုတိုးမြှင့်
ကူညီဖို့ပေးကြဖို့ကို ကျယ်ကျယ်လွင်လွင်ပြောဆိုဆွေးနွေးလာကြသလို အောင်မြင်သလိုလိုလည်းရှိလာတယ်။


အဲဒါဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ကို နားလည်မပေးနိုင်မှု၊ လူရာမသွင်းမှု၊ ကိုယ်ချင်းမစာမှုတွေကနေ စတင်ခဲ့တာဘဲ။
မြန်မာလူမျိုးတွေဟာ အင်္ဂလိပ်လက်အောက်၊ ဂျပန်လက်အောက်ရောက်ခဲ့သည့်တိုင် ကျွန်တော်တို့သမိုင်းဖတ်စာမှာတောင် မုန်း
အောင်၊ ပြန်ကလဲ့စားချေအောင် ပြဌာန်းထားတာမျိုးမတွေ့ရဘူး။ (ဂျပန်တော်လှန်ရေးကားတွေတောင် လူတိုင်းလက်ခံတာမဟုတ်
တဲ့အပြင် ရိုက်တဲ့သူတွေကလည်း တခြားတော်လှန်ရေးကားတွေရိုက်ခွင့်မသာသေးလို့သာ ဂျပန်တွေကိုခုထိ ရုပ်ရှင်ထဲက နေ
တော်လှန်နေကြသေးတာပါ။) ဒါပေမယ့် ဂျပန်တွေမြန်မာပြည်လာလို့ ဘယ်သူမှ အမုန်းမျက်လုံးနဲ့တောင်မကြည့်ခဲ့ကြပါဘူး။


ကျွန်တော်တို့ဟာ နှစ်ပေါင်းများစွာ စနစ်ဆိုးတစ်ခုကြောင့် ကမ္ဘာ့အလယ်မှာ မျက်နှာငယ်ငယ်နဲ့ သူတပါးလူဝါးဝတာခံခဲ့ရကြတယ်။
ခံနေစဲအခြေအနေမှာ ကိုယ့်အိမ်၊ ကိုယ်မြေပြန်လာတဲ့ အကိုအမတွေမှာတော့ အဲလိုအပေါ်စီးကကြည့်တဲ့ စိတ်မျိုးတွေနဲ့ကြည့်
ပြီးပြန်လာမယ်ဆိုတာမျိုးတော့ အထူးသဖြင့် ဆင်ခြင်သင့်တာပေါ့..။ အတွင်းကလူတွေမှာ မျိုးဆက်ကွာဟမှု အခက်အခဲ၊ သမိုင်း
အဆက်ပြတ်မှု ဆိုးကျိုးဆက်၊ လူငယ် လူကြီးအဟ၊ ပြင်ပလေကို တ၀ရှုရှိုက်နိုင်တဲ့ အဆုပ်ကောင်းကောင်းရှိမနေသေးတာ အမှန်
ဖြစ်သလို အပြင်လောကရဲ့ သိုင်းကျမ်းမှတ်တမ်းမှာလည်း သိုင်းသမားအချင်းချင်း လက်နက်ပုန်းနဲ့ထု၊ အတွင်းအားချင်း ယှဉ်ပြီး
သိုင်းကျမ်းထူသလောက် အောင်မြင်တဲ့ သိုင်းကွက်တွေထွက်မလာတဲ့ သိုင်းကျမ်းကြီးတွေကိုသာ သင်ကြားရတော့ သံသရနဲ့
ဖဲကြိုးဖြတ်ဖွင့်လှစ်ရတဲ့ အခြေအနေမျိုးတွေ ဖြစ်လာတာလည်းဖြစ်နိုင်ပါတယ်။


မြန်မာပြည်ဟာ ကမ္ဘာ့အလယ်မပြောနဲ့ အရှေ့တောင်အာရှမှာတောင် တိုးတက်မှုနောက်ကျနေစဲဆိုတာ မှန်ပါတယ်။ ဒါပေမယ့်
လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က၊ လွန်ခဲ့တဲ့ ၁၀ ကျော်ကထက်တော့ ချိတ်ဆက် ဆက်သွယ်မှုပိုင်းတွေ အပြန်အလှန်ဆောင်ရွက်မှု
ပိုင်းတွေမှာ အတွင်းက ခေါင်းဆောင်တွေ၊ အကိုအမတွေ၊ အသင်းအဖွဲ့တွေရဲ့ အားထုတ်မှုနဲ့ ကျိုးရုန်းမှုနဲ့ တိုးတက်လာတာတော့
အမှန်ဘဲဗျ။ အဲဒီတော့ ကချင်ပြည်နယ်က စစ်ဘေးရှောင်စခန်း တစ်ခုခုက လူတစ်ယောက်ယောက်နဲ့ ရန်ကုန်က လ္ဘက်ရည်ဆိုင်
ထဲက လူမှုရေးလုပ်နေသူတစ်ဦးနဲ့ နံပါတ်လေး ကိုးလုံးလောက်နှိပ်ပြီးချိတ်လိုက်ယုံနဲ့ အလုံးစုံပူးပေါင်းဆောင်ရွက်လို့ရသလို အူမ
ချေးခါး ဆွေးနွေးဖလှယ်လို့ရနေပါပြီ။ အထူးသဖြင့် လူငယ်တွေ အခွင့်အလမ်းကို ဖမ်းကိုင်ပြီး ဘ၀ကိုအခြေကိုမြှင့်ဖို့နားလည်
လာကြသလို၊ သူတို့အခွင့်အရေးကို သူတို့တောင်းဆိုရမှန်းသိလာကြပါပြီ။


အဲလိုအခြေအနေရှိနေတဲ့ အခြေအနေတွေကြားမှာ ကျွန်တော်တို့ချင်း ညီညွတ်ရေးကိုဦးဆောင်လုပ်နေသူ ဘယ်သူမဆိုက ရိုးသားမှုနဲ့ရေးနေရတာပါ။ ပေးဆပ်မှုနဲ့ မောင်းနှင်နေရတာပါ။ ကတ္တရာလမ်းပေါ်ကနေ ရွံ့ဗွက်ထဲဖြတ်မယ်ဆိုရင် စီးထားတဲ့
ရူးဖိနပ်လေးလည်း ချွတ်ပြီးဖြတ်ရမှာဖြစ်သလို၊ ရွံ့ဗွက်ကိုဖြတ်နေစဉ်အချိန်မှာလည်း ပြုံးပြုံးရွှင်ရွှင်ဖြတ်နိုင်တဲ့စိတ်ထားမျိုး
ရှိမှာ ရွှံ့ဗွက်ဖြတ်ဖို့ စဉ်းစားစေချင်ပါတယ်။


ဒီမိုကရေစီ လိုချင်တယ်၊ ရဖို့ တိုက်ယူတောင်းယူမယ်ဆိုတဲ့ အတွေးတွေရှိလာတည်းက ကျွန်တော်တို့ ဒီမိုကရေစီရပြီးနေခဲ့ပါ
ပြီ။ တနိုင်ငံလုံးက အဲလိုစိတ်ဓာတ်ထားခဲ့တဲ့အချိန်ကစပြီး ဒီမိုကရေစီနိုင်ငံဖြစ်နေခဲ့ပါပြီ။ ပြီးခဲ့တဲ့ ၁ နှစ်ကျော်ကမှ ဒီမိုကရေစီ
ရခဲ့တာလို့ ကျွန်တော်က လက်မခံပါဘူး။ ဒီမိုကရေစီဟာ အနှောင့်အယှက်အတားအဆီးခံနေခဲ့ရတာသာဖြစ်ပါတယ်။


ကိုယ့်အိမ်ကိုယ်ပြန်လာပေမယ့် ဘေးအိမ်က ခြံစည်းရိုးလေးကျိုးနေတာ၊ ဘေးအိမ်ကကလေး ကျောင်းဝတ်စုံစုတ်လေးနဲ့ ကျောင်း
သွားနေတာတွေ့ရင် ပြုံးပြပခုံးဖက်ပြီး နုတ်ဆက်နိုင်ဖို့ကျိုးစားတာဟာ ဘာလို့ဆင်းရဲနေကြတာ၊ အဲဒီလိုဆင်းရဲနေတာကို ဘာဘာ
ညာညာဆိုရင်၊ ကိုယ်ပြန်လာတဲ့အချိန်မှာ ကျောင်းနေဘက် သူငယ်ချင်းက လမ်းလေးမှာကွမ်းယာရောင်းနေတာ၊ လေထိုးကျွတ်
ဖာလုပ်နေတာတွေ့ရင် သူ့ဆိုင်ဝင်ပြီး ကွမ်းတစ်ရာဝင်စားလိုက်ဖို့၊ ရေနွေးကြမ်းလေးဝင်သောက်လိုက်ဖို့ ကြိုးစားပေးမယ်ဆိုရင်
ခုချိန်ထိ ဆင်းရဲနေတုန်းလား၊ မင်းကိုကူညီမယ် ငါ့ကိုခြေဆုပ်လက်နယ်ဆိုတာမျိုးလာလုပ်ရင် ကျိုးနေတဲ့ခြံစည်းရိုးတိုင်လေး
တွေဟာ၊ ထုံးအိုးထဲက ထုံးတွေဟာ၊ ကျွတ်ဖာရင်သုံးတဲ့ သံတုတ်တွေဟာ မေတ္တာရှင်ကြိးအတွက် လက်ဆောင်ဖြစ်သွားနိုင်ပါ တယ်။



အခုအချိန်မှာ ကျွန်တော်တို့လိုနေတာ ဒီမိုကရေစီဆိုတဲ့ စိတ္တဇနာမ်ကြီးမဟုတ်ပါဘူး။ ဆိုးတူကောင်းဘက်၊ သေဖော်ရှင်ဖက်တွေရဲ့ လူသားဆန်တဲ့အသိအမှတ်ပြုမှုပါ။ အမေတွေ၊ အဖေတွေလည်း အဲဒါကိုလိုနေတယ်၊ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေကလည်း
လိုနေတယ်၊ ညီ၊ ညီမတွေကလည်း တောင့်တနေတယ်။ ကျွန်တော်တစ်ယောက်တည်းရဲ့ မျှော်လင့်မှုအရဆိုရင်.. ရပါတယ် အကိုတို့အမတို့ရယ် ဒေါ်လာတွေလည်းယူမလာပါနဲ့၊ ဒိုနာတွေလည်း ခေါ်မလာပါနဲ့၊ ဘော့စိတွေလည်း ပါမလာပါစေနဲ့ “ရိုးရိုးသား
သားစိတ်ထားလေးနဲ့” အမေ့အိမ်နဲ့ သူငယ်ချင်းတွေဆီပြန်မယ်သာ စိတ်ထားခဲ့ပါ။



နူနူဝဲ၀ဲ ပြဲပြဲကွဲကွဲ မည်းမည်းသည်းသည် ဘယ်သူ့ကိုမဆို လက်ခုပ်သံတစ်ဖြောင်းဖြောင်း၊ မျက်ရည်တို့လို့တွဲလောင်းနဲ့ကို ကြိုဆိုနေကြ မှာပါလို့ ညီလေးတစ်ယောက်အနေနဲ့ အဝေးက အကိုတွေအမတွေကို ပြောပါရစေ။ ရိုးသားသူတွေအတွက် ပန်းခင်းလမ်းကြီးလုပ်ဖို့
ကျွန်တော်တို့မှာ ပန်းတွေအများကြီးစိုက်ထားကြပါတယ်ဗျာ။          ။


ချစ်ခင်လေးစားစွာဖြင့်

ညီလေး

စိမ်းခက်စိုး




“ပန်းခင်းလမ်းလေးဖြစ်စေလို…”

ကျွန်တော် လွန်ခဲ့တဲ့ ၈နှစ်လောက်က ကဗျာတစ်ပုဒ်ရေးဖူးတယ်။ လွန်းဆွဲသူများဆိုတဲ့ကဗျာလေးပါ။ အဘိုးကိုသတိယ တုန်းကရေးထားတဲ့ကဗျာလေးပေါ့..။ အဘိုးက ဆုံးခါနီးနောက်ဆုံးနှစ်တွေမှာ အမေ့ကို သူရွာမှာပြန်ပြီး ခေါင်းချချင်ကြောင်း တဖွဖွ ပူစာရှာတယ်။ ကျွန်တော်တို့က ဘယ်လိုမှ အဘိုး ဆန္ဒကို ဖြည့်ဆည်းမပေးနိုင်ခဲ့ဘူး။ သူမသေခင်အတောအတွင်း ဘယ်လိုမှ ရွာမှာလိုက် မပြုစုနိုင်ဘူး။ အမျိုးမျိုးချော့မော့ပြီး နောက်ဆုံးမြို့မှာဘဲ ဆက်နေခိုင်းခဲ့ရတယ်ပေါ့ဗျာ။ ဒီလိုနဲ့ အဘိုး လည်း ရွာအကြောင်းတွေ တဖွဖွပြောရင်း၊ ယောင်ရင်း နောက်ဆုံးထွက်သက်အထိ မြို့မှာကွယ်လွန်ဆုံးပါးသွားခဲ့ရတယ်။



အဲဒီလို အဖြစ်တွေကြားမှာ အမေက အဘိုးကိုသနားပြီး အမြဲပြောတဲ့စကားတစ်ခွန်းရှိတယ်။ မင်းတို့လူငယ်တွေကတော့ ဘယ် နားလည်မှာလဲ မိုးဦးလေဦးဆိုရင် နွားတွေတောင်သူတို့ငယ်ငယ်က ချည်တိုင်ဆီပြန်ပြေးတတ်လေ့ရှိတယ်သားရဲ့.။ အဲတော့ လူဆိုတာ ကိုဇာတိချက်ကြွေကို အကြောင်းတိုက်ဆိုင်တိုင်း လည်ပြန်လွမ်းမောတတ်တာပေါ့.. ဒါ အဆန်းမဟုတ် ပေမယ့် မင်းတို့အဘိုးဆန္ဒကို မဖြည့်ဆည်းပေးနိုင်တာကိုဘဲ အမေတို့စိတ်မကောင်းဖြစ်ရမှာတဲ့။



အဲဒီတုန်းက အမေပြောတာကို ကောင်းကောင်း နားမလည်ခဲ့ပေမယ့်၊ ဘဝပေးအခြေအနေအရ ကိုယ့်ဇာတိချက်ကြွေက နေ စတင်ခွဲခွာလာခဲ့ပြီး လူမှုဝန်ထမ်းတစ်ဦးအနေနဲ့ ဒေသများစွာကို လည်ပတ်ရောက်ရှိလာတဲ့အချိန်မှာတော့ ကျေးလက် ဒေသတချို့မှာ မိုးဦးလေဦးဆို နွားတွေ ချည်တိုင်ကနေရုန်းပြီး ခြေဦးတည်ရာလျောက်ပြေးတာတွေ့တော့မှ၊  ကျွန်တော် ဆို တဲ့ အလေအလွင့်လူငယ်တစ်ယောက်လည်း အမေ့ရင်ခွင်လွမ်းသလိုလို၊ အိပ်ယာလေးလွမ်းသလိုလို၊ စာအုပ်တွေ၊ တူတူမ လေးတွေ၊ သူငယ်ချင်းဟောင်း၊ ချစ်သူဟောင်းတွေ၊ ကျောင်းဟောင်းတွေ၊ လမ်းဟောင်းလေးတွေကို လွမ်းသလိုလို ဖြစ်မိ တတ်တာတွေနဲ့ ကိုယ်ချင်းစာပြီး အဘိုး၊ အမေနဲ့ အဲလိုလျောက်ပြေးတတ်တဲ့ နွားတွေကို ကိုယ်ချင်းစာသနားမိလာပါတယ်။ တစ်ခါတစ်လေ မျက်ရည်တောင်လည်မိတယ်။ ဒါပေမယ့် ကျွန်တော်နဲ့ အိမ်နဲ့က တစ်မြေတည်း၊ တစ်ရေတည်း အချိန်မရွေး ပြန်လို့ရတဲ့ အကွာအဝေးတစ်ခုမှာရှိနေခဲ့ပါတယ်။



ကျွန်တော် ပြည်ပနိုင်ငံတစ်ခုအမှာ အလုပ်သွားလုပ်ဖူးတုန်းကဆို ကျီးကန်းတွေမြင်ရင်လည်း မျက်ရည်လည်တယ်။ လေ ယဉ်ပျံသံကြားရင်လည်း မျက်ရည်ဝဲတယ်။ အဆင့်မြင့်နည်းစနစ်တွေ ခံစားသုံးဆောင်နေသူတွေမြင်ရင်လည်း ဝမ်းနည်း မချိ တင်ကဲဖြစ်တယ်။ ကိုယ့် မိရိုးဖလာဘာသာစကားပြောသံတွေကြားတိုင်းလည်း ဝမ်းနည်းတယ်။ တခါတလေ အလုပ်ထဲမှာ ဗမာစကားပြောချင်လွန်းလို့ ဘာမဆိုင်ညာမဆိုင် စိတ်ဆိုးဒေါသထွက်ရတဲ့ အချိန်တွေတောင်ရှိခဲ့ပြီး ပြသနာတွေလည်း တက်ခဲ့ရတယ်။



ခု မနေ့က အဝေးကလူတွေ ပြန်လာလို့ရတယ်လို့ သမ္မတက လူစုံတက်စုံအရှေ့မှာ ထုတ်ဖော်ကြေငြာခဲ့တော့ စိတ်ထဲမှာ အဝေးကလူတွေမျက်နှာကို ပြန်တွေးပြီး ကြည်နူးရသလို၊ အဲဒီအဝေးရောက်သူတို့ရဲ့ အတွင်းက ဇနီး၊ လင်၊ သားသမီး၊ မိဘ ဆွေမျိုး အပေါင်းတွေရဲ့ ကိုယ်စားလည်း ကြည်နူးဝမ်းသာရတယ်။ ဒါပေမယ့် မေးမြန်းမှုမလုပ်ရ ကန့်သတ်ပြီး ဖိတ်ခေါ် ကြေ ငြာချက်ထဲမှာ နောက်ဆက်တွဲမြှုပ်ကွက်တွေ၊ နိုင်ငံတော်အဆင့် ဆောင်ရွက်စရာတွေ အများကြီးကျန်မှာ ဖြစ်တယ်ဆိုတာ လည်း ခံစားမိပါတယ်။ ပြန်လာချင်သူနဲ့ ပြန်ခေါ်လိုသူအကြားမှာ နားလည်မှုတစ်ခု တည်ဆောက်ရဦးမှာပေါ့…။



အဲဒီကြေငြာချက်နဲ့မရှေးမနှောင်းမှာ အပြင်ရောက်နေသူ ညီအကိုမောင်နှမတစ်ချို့နဲ့ အတွင်းက မိသားစုဝင် ညီအကိုမောင် နှမတစ်ချို့ရဲ့ ထောက်ပြ၊ တောင်းဆိုမှုလေးတစ်ခုဟာ အထူးလေးစားကြေနပ်စရာကောင်းတာကို သွားတွေ့ရပါတယ်။ အဲဒါ ကတော့ အပြင်ကလူတွေ ပြန်မခေါ်ခင် အတွင်းမှာ အကျဉ်းကျခံနေရသူတွေကို အရင်လွှတ်ပေးပါဆိုတာလေးပါ။ ကိုယ့်အ တွက်ကိုယ်၊ ကိုယ့်လုံခြုံသာယာရေးအတွက်ကိုယ် အရင်မယူ၊ မပူဘဲ တခြားတပါးအတွက် တောင်းဆိုချက်ဟာ ဘယ် လောက်ချစ်ခင်လေးစားဖို့ ကောင်းသလဲဆိုတာ ပေါ်လွင်နေပါတယ်။



ကျွန်တော်တစ်ယောက်တည်းရဲ့ ခံစားမှုအရဆိုရင် အဲလိုကြေငြာချက်ထွက်ပေါ်လာတဲ့အချိန်မှာ အစိုးရသစ်တစ် ရပ်ရဲ့ မ ဖြစ်မနေလုပ်ကိုလုပ်ရမယ့် အလုပ်တွေထဲက တစ်ခုကို လုပ်တာဖြစ်တဲ့အတွက် သိပ်ထွေထွေထူးထူး မခံစားရပေမယ့် ပြည် သူဘက်က ကိုယ်ချင်းစာတရားအခြေခံပြီး ပြန်လည်တုန့်ပြန်ချက်ကို ဖတ်ရသိရ ကြားရတဲ့အတွက် တော်တော်လေး အံ့သြ လေးစားရပါတယ်။



အစိုးရအဖွဲ့အနေနဲ့လည်း ခေါင်းမကောင်းတဲ့ ခေါင်းပေါင်းတွေလို့အမြင်ခံနေရတာကနေ၊ လူရှေ့သူရှေ့မှာ ကျွန်တော်တို့ လည်း တိုင်းပြည်ကိုချစ်ပါတယ်ဆိုပြီး ငိုကြီးချက်မလုပ်ပြရတဲ့အခြေအနေကနေ တကယ်ချစ်ခင်လေးစားကြောင်း မေတ္တာ၊ ကတိ၊ သစ္စာအခြေပြုပြီး လုပ်ပြ၊ အကောင်အထည်ဖော်ပြပေးရမယ့် အလုပ်တွေ အများကြီးကျန်နေသေးတယ်ဆိုတာ ရိုး ရိုးသားသားလက်ခံ နိုင်ရမှာဖြစ်ပါတယ်။



တဆက်တည်း ကျွန်တော်မြင်မိတာတစ်ခုက တချို့က လူသိရှင်ကြားကြေငြာလိုက်ယုံနဲ့ ပြန်လာဖို့(ပြန်လာချင်ခဲ့သည်ရှိ သော်) ဖြစ်နိုင်သူတွေရှိသလို ကမ္ဘာ့နေရာအနှံ့အပြား အထူးသဖြင့် အရှေ့တောင်အာရှရဲ့ နိုင်ငံအချို့မှာ လူမသိ၊ ရှင်မကြား မတရား လူကုန်ကူးခံနေရတဲ့ မြန်မာအမျိုးသား၊ အမျိုးသမီးတွေရဲ့အရေး၊ ပြည်ပရောက်အလုပ်သမားတွေရဲ့အရေးကို ထင်ထင်ရှားရှား၊ ပွင့်ပွင့်လင်းလင်း ကူညီကယ်ဆယ်ပေးဖို့လည်း ပြည်သူတစ်ဦးအနေနဲ့တိုက်တွန်းတောင်းဆိုချင်ပါတယ်။



ဘယ်လိုဘဲဖြစ်ဖြစ် ဒီလိုအပြုသဘောဆောင်တဲ့ အဖြစ်ပျက်တွေ၊ အပြုမူအပြောအဆိုတွေ အားလုံးကို ကြိုဆိုရမှာဖြစ်သလို၊ ဆထက်ထမ်းပိုး တိုးတက်ကောင်းမွန်လာဖို့ကိုလည်း ပြည်သူတွေ၊ အတိုက်အခံတွေ၊ အဝေးအနီးရှိနေသူတွေနဲ့ မီဒီယာတွေ အားလုံးကလည်း စောင့်ကြည့်ထောက်ကန်ပေးထားပြီး တစ်ကယ်စစ်မှန်ကောင်းမွန်သော ရလာဘ်များဖြစ်ပေါ်လာရေးကို အားပေး တိုက်တွန်းတောင်းဆိုပေးနေရမှာ ဖြစ်တယ်လို့လည်း ခံစားယုံကြည်မိပါတယ်။



တစ်ခုတော့ နှစ်ဦးနှစ်ဘက်လုံး သတိထားစေချင်တာကတော့ ချည်တိုင်တော့ ချည်တိုင်ပါဘဲ ဒါပေမယ့် ယာဇ်ပုလ္လင်ဘေးက ချည်တိုင် မဖြစ်နေဖို့တော့ အလွန်အရေးကြီးသလို ပြန်လာလိုသူတွေဘက်ကလည်း မိမိလုံခြုံရေး၊ မိမိမိသားစုဝင်တွေ လုံခြုံ ရေး၊ လက်ရှိအစိုးရအဖွဲ့ရဲ့ ရယူလိုတဲ့ ဂုဏ်သိက္ခာတွေကို ကိုယ့်ဘက်ကလည်း လူကြီးလူကောင်းဆန်ဆန် ပြန်လည်ပေးနိုင် မပေးနိုင် တွေးတောချိန်ဆပြီး အပြန်အလှန်ယုံကြည်မှုရပါမှသာ ပြန်လာမယ့်လမ်းကို ပန်းခင်းလှမ်းစေချင်ကြောင်းပါ….။



ဝေးနေ၊ ခွဲနေကြရသော မည်သူမဆို စည်းစည်းလုံးလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပျော်ရွှင်စွာပြန်လည်တွေ့ဆုံနိုင်ကြ စေကြောင်း လည်း ဆန္ဒပြုလိုက်ပါတယ်။



ချစ်ခင်လေးစားစွာဖြင့်

စိမ်းခက်စိုး
(အတွင်းမှ ညီငယ်)
(ကြာသာပတေး) သြဂတ်စ် ၁၉၊ ၂၀၁၁
ည - ၁၀း ၅၀ နာရီ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...