မိုးကောင်းကင်ဘုံသို့ ဖုန်းဆက်ခြင်း
by စာပေခရီးသွားခြေလှမ်းများ on Wednesday, September 19, 2012 at 7:20pm ·
နွေရာသီရဲ့ စနေနေ့ တစ်ရက်... ဆင်ခြေဖုံးရပ်ကွက်တစ်ခုရဲ့ ကုန်စုံဆိုင်ငယ်လေးတစ်ခုမှာ..အသက် ၅၀ အရွယ် ဆိုင်ရှင်ဖြစ်သူ ဦးလေး ဟာ အနားယူရင်း သတင်းစာဖတ်နေပါတယ်...အဲဒီအချိန်မှာ စကပ်အနီရောင် ၀တ်ထားတဲ့ အသက် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ယောက်က ကုန်စုံဆိုင်ငယ်လေးရှေ့ မှာ လာရပ်ပြီး ဘေးဘီ ၀ဲယာကို ကြည့်လိုက်...ဆိုင်ထဲမှာရှိတဲ့ ဖုန်းကို ကြည့်လိုက်နဲ့ ထွက်သွားပါတယ်...
ခဏကြာတော့ အဲဒီဆိုင်လေးရှေ့ကို ပြန်ရောက်လာပြန်ပါတယ်...
ဘာလိုချင်မှန်းမသိပဲ စိတ်ပူပန်တဲ့ ပုံစံနဲ့ မိန်းကလေးဟာ သူမရဲ့ အရောင်တောက်နေတဲ့ စကပ်အနီရောင်ကြောင့် ဆိုင်ရှင်ဦးလေးက သူမကို သတိထားမိပါတယ်... ဒါနဲ့ သူက ခေါင်းမော့ကြည့်ပြီး သူမကို မေးလိုက်ပါတယ်..."မိန်းကလေး.. စာစောင်လိုချင်လို့လား"
မိန်းကလေးက "မဟုတ်ပါဘူး အဘ...သမီး ဖုန်းဆက်ချင်လို့ပါ"
"ဆက်လေ မိန်းကလေး..."
"ကျေးဇူးပဲ အဘ..နိုင်ငံခြားရော ဆက်လို့ရသလား"
"ရတယ် မိန်းကလေး တကမ္ဘာလုံး ဆက်လို့ရတယ်..."
ဒါနဲ့ မိန်းကလေးက ဖုန်းခွက်ကို ကိုင်လိုက်ပြီး နံပါတ်ကို သေသေချာချာ နှိပ်လိုက်ပါတယ်...
အလိုက်သိတတ်တဲ့ ဆို်င်ရှင်ဦးလေးဟာ မိန်းကလေးအနှောင့်အယှက်ဖြစ်မှာ စိုးတာနဲ့ သတင်းစာကို ကောက်ဖတ်ချင်ယောင် ဆောင်လိုက်ပါတယ်...မိန်းကလေးက ပြောတယ်"ဟယ်လို... မေမေလား... သမီး နေခြည်ပါ...အမေနေကောင်းတယ်မလား...သမီး ဦးလေးနဲ့ အတူတူ ဒီမြို့လေးကို ရောက်လာတာလေ...ပြီးခဲ့တဲ့လတုန်းက ဦးလေးက သမီးကို ဒေါ်လာ ၅၀ ပေးတယ်...သမီး ခေါင်းအုံးအောက်မှာ သိမ်းထားတယ်...ဒေါ်လာ ၅၀၀ ပြည့်ရင် မောင်လေးကျောင်းစရိတ်ပေးလို့ရပြီလေ...ပြီးတော့ ဖေဖေ့အတွက်လဲ မြေသြဇာတွေ ၀ယ်ပေးလို့ရတာပေါ့...သမီးကိုယ့် ကျန်းမာရေးကို ဂရုစိုက်ပါတယ်... အော် မေမေ့ကို ပြောရဦးမယ်...ဦးလေးရဲ့ အလုပ်က နေ့တိုင်း သမီးကို ထမင်းအ၀ကျွေးတယ်...မေမေသမီးကို စိတ်မပူနဲ့နော်...ကိုယ့်ကိုယ်ကိုပဲ ဂရုစိုက် သိလား...ပြီးတော့ ဟိုနေ့က သမီးကို အဒေါ်တစ်ယောက်က စကပ်အနီရောင်လေး လက်ဆောင်ပေးတယ်...အခု အဲဒီ စကပ်လေး ၀တ်ပြီး သမီးဖုန်းဆက်နေတာလေ...မေမေ.... ဦးလေးရဲ့ အလုပ်မှာ ရုပ်ရှင်လဲ ကြည့်လို့ရတယ်... သမီးအမြဲ ကြည့်တယ်သိလား...ကြည့်လို့ ကောင်းတယ်..."
အဲလိုနဲ့ ပြောရင်း မိန်းကလေးဟာ သူမပါးပြင်ပေါ်ကို စီးကျလာတဲ့ မျက်ရည်တွေကို လက်ဖမိုးနဲ့ သုတ်လိုက်ပါတယ်... "မေမေ... မေမေ့ရဲ့ ဗိုက်ရော နာနေသေးလား...အဲဒီမှာ ရော ပန်းတွေပွင့်နေပြီလားဟင်... သမီးအိမ်ကို သတိရပါတယ်...ပြီးတော့ ဖေဖေရော မောင်လေးရော မေမေရော အားလုံးကို သတိရတယ်...မေမေ့ကို အမြဲ အိပ်မက် မက်တယ် မေမေ..."
နောက်တော့ မိန်းကလေးဟာ ငိုရင်း...ဆက်မပြောနိုင်တော့တာနဲ့ ဖုန်းကို ချလိုက်ပါတယ်...
ဒါနဲ့ ဆိုင်ရှင်ဦးလေးက "မိန်းကလေး...အိမ်ကို သတိရလို့လား..မငိုပါနဲ့ ကွယ်... အခွင့်အရေးရရင် အိမ်ပြန်ပြီး မိဘတွေကို သွားတွေ့လို့ရတာပဲ"
မိန်းကလေးက "ဟုတ်ကဲ့ အဘ...ဖုန်းပြောတာ ဘယ်လောက်ကျလဲ..."
"သိပ်မများပါဘူး...သမီးမေမေနဲ့ ခဏလေးပဲ ပြောတာပဲ...နည်းနည်းပဲ ကျမှာပါ..."ဆိုပြီး ဆိုင်ရှင်ဦးလေးက ဖုန်းမိနစ်ကို ကြည့်ဖို့ ဖုန်းနားကို သွားကြည့်လိုက်ပါတယ်... အဲဒီအချိန်မှာ သူတွေ့လိုက်တာက ဖုန်းဟာ လုံးဝဆက်ထားခြင်း မရှိတာပါပဲ...
"ဟာ မိန်းကလေး...သမီး ဖုန်းလဲ မဆက်ထားပါလား..."
"ဟုတ်ကဲ့ အဘ.. တကယ်တော့ သမီး ဖုန်းမဆက်ပါဘူး..."
ဒါနဲ့ ဆိုင်ရှင်က "ခုနက သမီးမေမေနဲ့ ဖုန်းပြောနေတာမလား"
မိန်းကလေးဟာ ရုတ်တရက်ငိုပြီး ပြောလိုက်ပါတယ် "တကယ်တော့ သမီးမှာ မေမေ မရှိတော့ပါဘူး... မေမေဆုံးသွားတာ ၄ နှစ်ကျော်ရှိပါပြီ...အမြဲတမ်း သမီး ဦးလေးက သူ့မိတ်ဆွေတွေဆီ ဖုန်းဆက်တာတွေ့တော့ သမီးလဲ အားကျတာနဲ့ သူတို့လိုပဲ မေမေ့ဆီဖုန်းဆက်ပြီး မေမေနဲ့ စကားတွေ ပြောမိတာပါ"
မိန်းကလေးရဲ့စကားလဲ ကြားရော ဆိုင်ရှင်ဦးလေးက မျက်မှန်အောက်က မျက်ရည်တွေကို သုတ်ရင်းနဲ့ ပြောပါတယ်... "စိတ်မကောင်းမဖြစ်ပါနဲ့ သမီးရယ်... ခုနက သမီးပြောတာတွေအားလုံး သမီးမေမေကြားမှာပါ... သူက သမီးကိုကြည့်နေမှာ... လိမ္မာပြီးသိတတ်တဲ့ သမီးလေးဆိုပြီးတော့ ၀မ်းသာနေမှာ သမီးရဲ့....နောက်တစ်ပတ်ကျရင်လဲ လာဆက်ဦးနော်...အဘ ဖုန်းခ မယူပါဘူး..."
အဲဒီအချိန်ကစပြီး မိန်းကလေးနဲ့ ဆိုင်ရှင်ဦးလေးတို့ဟာ အရင်းနှီးဆုံးမိတ်ဆွေတွေ ဖြစ်သွားကြပါတယ်... အပတ်စဉ် စနေနေ့ တိုင်းမှာ...ဆိုင်ရှင်ဦးလေးက မိန်းကလေးကို စောင့်ပြီး နံပါတ်မရှိတဲ့ ဖုန်းနံပါတ်ကို မိန်းကလေးကို ဆက်သွယ်စေပါတယ်...
တကယ်တော့ လူသားတွေနဲ့ ကောင်းကင်ဘုံဆိုတာ စိတ်ချင်းဆက်သွယ်လို့ရတာပဲမဟုတ်လား....
မူရင်း။ ။邵云ရှောင်ယွင် ရေးသားသော 打往天堂的电话 မိုးကောင်းကင်ဘုံသို့ ဖုန်းဆက်ခြင်း ကို ဘာသာပြန်မျှဝေပါသည်....
ကျေနပ်နိုင်ကြပါစေ....
(ဇေယျာ) 20/09/12( Thursday) , 10:02 am,
0 comments:
Post a Comment