Monday, September 10, 2012

အသံထွက်ကုထုံး


by မင်းလူ၏ ၀တ္တုတိုများ on Monday, September 10, 2012 at 10:45pm ·

 သူ(စာရေးဆရာ)သည် ညနေတိုင်းလိုလို လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်လေ့ရှိ၏။ သူ့လိုပင် ပုံမှန်လာထိုင်တတ်သူအချို့နှင့် စကားဝိုင်းဖွဲ့တတ်သည်။ ရုံးပိတ်ရက်ဆိုလျှင် ၀န်ထမ်းတွေပါ လာထိုင်တတ်သဖြင့် လူပိုစုံသည်။

    ပြောကြတဲ့အကြောင်းအရာတွေကတော့ မျိုးစုံပါပဲ။ တစ်ခါတလေ ဦးတည်ချက်မရှိဘဲ ထွေရာလေးပါးဖြစ်တတ်သည်။ တစ်ခါတလေတော့ တစ်ယောက်ယောက်က မိမိအတွေ့အကြုံ
သို့မဟုတ် မိမိစိတ်ကူးတစ်ခုကို ပြောပြရာမှ ထိုအကြောင်းကို ခေါင်းစဉ်တပ်ပြီး ၀ိုင်းဝန်းဆွေးနွေးကြသည်။ များသောအားဖြင့်တော့ လတ်တလောဖြစ်ပေါ်နေသော စိတ်ဝင်စားစရာသတင်းတွေအကြောင်း ပြောဖြစ်ကြ၏။
    ခုလောလောဆယ်မပါမဖြစ်တဲ့ကိစ္စကတော့ ငလျင်အကြောင်းပင်ဖြစ်၏။ အရှေ့တောင်အာရှနှင့် တောင်အာရှအရှေ့ခြမ်း တစ်လျှောက် လူသိန်းချီပြီး အသက်ဆုံးရှုံးခဲ့ကြရသော ကပ်ဆိုးကြီးဖြစ်၏။ ငလျင်ဒဏ်ထက် နောက်ဆက်တွဲဖြစ်ပေါ်ခဲ့သော ဆူနာမီ ရေလှိုင်းဒဏ်ကြောင့် သေဆုံးရသူတွေက ပိုပြီးများပြားခဲ့သည်။
    ဒီထဲမှာမှ မြန်မာနိုင်ငံသည် ကံကောင်းထောက်မစွာ လူအသေအပျောက်အနည်းဆုံးဖြစ်ခဲ့၏။ ခုလိုဖြစ်ရတာကတော့ အပြင်းထန်ဆုံးသောငလျင်ကြီး၏ဗဟိုချက်နှင့်ဝေးကွာနေခြင်း၊ ကမ်းရိုးတန်းဒေသများတွင် လူနေကျဲပါးခြင်း၊ ရေတိမ်ပိုင်းဖြစ်နေခြင်း၊ ဆူနာမီလှိုင်းကြီး၏အရှိန်ကို ဟန့်တားကာကွယ်ပေးသော သန္တာကျောက်တန်းများ သဘာဝအတိုင်းရှိနေသေးခြင်းတို့ကြောင့် ဖြစ်သည်ဟု တချို့က သုံးသပ်ကြသည်။
    "အဲဒီနေ့မနက်က ကျွန်တော်က အုန်းနို့ခေါက်ဆွဲထိုင်စားနေတာ၊ မိုက်ခနဲ မိုက်ခနဲဖြစ်သွားတော့ အုန်းနို့ကြောင့် သွေးတက်ပြီလို့ထင်တာပေါ့"
    ဟု တစ်ယောက်ကပြောတော့ နောက်တစ်ယောက်က....
    "ကျွန်တော်လည်း ဒီလိုပဲ။ ဟတ်အတက်ဝင်ပြီလို့ထင်နေတာ၊ ဘေးကပစ္စည်းတွေပါ သွက်သွက်ခါနေတာတွေ့တော့မှ ငလျင်လှုပ်မှန်းသိတာ"
    "ကျွန်တော်ကတော့ လမ်းလျှောက်နေရင်း လူက ယိမ်းထိုးလာတော့ လေဖြတ်ပြီထင်ပြီး လန့်သွားတာပဲ"
    "ဒီကြားထဲ ကောလာဟလတွေက ဖြစ်လိုက်သေးတယ်။ ဘယ်အချိန် ဘယ်နှနာရီမှာ ငလျင်ထပ်လှုပ်မယ် ဆိုပြီးတော့လေ..."
    "ငလျင် ဘယ်တော့လှုပ်မယ်ဆိုတာကို ခေတ်အမီဆုံး၊ အတိုးတက်ဆုံးနိုင်ငံကြီးတွေမှာတောင် ကြိုတင်ခန့်မှန်းနိုင်တာမှ မဟုတ်တာ။ အဲဒီလိုသာရကြေးဆိုရင် ဟိုတစ်ခါ ဂျပန်မှာလှုပ်သွားတဲ့ ကိုဘေးငလျင်ကြီးကို ရှောင်နိုင်ရမှာပေါ့ မဟုတ်ဘူးလား"
    စာရေးဆရာကပြောသည်။
    "ဆူနာမီရေလှိုင်းကတော့ ငလျင်ဗဟိုချက်နဲ့ခရီးအကွာအဝေးကိုလိုက်လို့ မိနစ်ပိုင်း၊ နာရီပိုင်းလောက် ကြိုတင် သိနိုင်တယ်တဲ့။ အဲဒီအချက်နဲ့ရောထွေးပြီး တောင်ထင်မြောက်ထင်ဖြစ်ကုန်တာလည်းပါတယ်ဗျ"
    "လူတွေကတော့ သူများပြောရင်ယုံကြတာပဲ။ အိမ်ပေါ်မှာမနေရဲလို့ဆိုပြီး လမ်းပေါ်မှာ တစ်ချိန်လုံးဒုက္ခခံပြီး ထွက်ထိုင်နေတဲ့လူတွေကို ကျွန်တော်က ငလျင်လှုပ်မယ်ဆိုတာ ဘယ်သူမှ ကြိုတင်ခန့်မှန်းနိုင်တာမဟုတ်ဘူးလို့ ပြောတော့ မိန်းမကြီးတစ်ယောက်က ဘာပြန်ပြောသလဲ သိလား"
    "ဘာတဲ့လဲ.."
    "ငလျင် ဘယ်တော့လှုပ်မယ်ဆိုတာ ကြိုမပြောနိုင်သလို နောက်ထပ်မလှုပ်တော့ပါဘူးလို့လည်း ကြိုတင်ပြီး အာမခံနိုင်လို့လားတဲ့"
    စာရေးဆရာက ခေါင်းတစ်ချက်ဆတ်ပြီး..
    "အင်းလေ.. ကြောက်တယ်ဆိုတာကို အပြစ်လို့ပြောဖို့ကတော့ ခက်သားကလား။ လူတွေမှာကလည်း ဒီအသက်လေး တစ်ချောင်းပဲရှိကြရှာတာကိုး"
    ဟု ပြောသည်။
    ထိုစဉ်မှာ ဆရာဝန်ရောက်လာသည်။ ဆရာဝန်သည် ပုံမှန်လာနေကျမဟုတ်။ ဆေးရုံတာဝန်ပြီးလျှင် ဆေးခန်းကို တန်းပြေးရသူဖြစ်၏။ ဆေးရုံနားရက်ရမှ ဆေးခန်းမသွားခင်ဝင်လာတတ်သူဖြစ်၏။ ဦးနှောက်နှင့် အာရုံကြောအထူးကုဆရာဝန်ကြီး တစ်ဦး၏ဆေးခန်းမှာ လက်ထောက်အဖြစ် ၀င်လုပ်ရင်း ပညာဆည်းပူးနေသူလည်းဖြစ်၏။
    "ငလျင်အကြောင်းပြောနေကြတာမှ ဟုတ်ရဲ့လား"
    ဟု ဆရာဝန်ကမေးသည်။
    "ဒါပဲပြောစရာရှိတာကိုး ဆရာရဲ့"
    "အေးဗျာ..ကျွန်တော်လည်း ဒါပဲပြောမိလို့ပါပဲ။ ငလျင်နဲ့ပတ်သက်ပြီး ထူးခြားတဲ့လူနာတစ်ယောက် တွေ့ခဲ့ရတယ်ဗျ"
    အားလုံးက စိတ်ဝင်စားသွားသည်။ ဆရာဝန်က ဆက်ပြော၏။
    "ဦးနှောက်မှာ တစ်စုံတစ်ခုကြောင့် ဒဏ်ရာရပြီး အတိတ်မေ့သွားတဲ့လူနာတစ်ယောက်ဟာ နောက်တစ်ခါ ခေါင်းကို မတော်တဆထိခိုက်မိပြီး ပြန်ကောင်းသွားတယ်ဆိုတာမျိုး ရုပ်ရှင်တွေထဲမှာ တွေ့ဖူးတယ်မဟုတ်လား"
    ခေါင်းညိတ်ကြသည်။
    "တကယ်တော့ အဲ့ဒါမျိုးတွေဖြစ်တတ်တယ်ဆိုပေမယ့် ရုပ်ရှင်တွေ၊ ၀တ္ထုတွေထဲမှာလောက် မလွယ်ပါဘူး။ အတော် ဖြစ်တောင့်ဖြစ်ခဲ့ပါဗျာ။ ဒါပေမဲ့ ဆေးခန်းမှာ အဲ့ဒါမျိုးဆန်ဆန်တွေ့ခဲ့ရတယ်ဗျ"
    "ဘယ်လိုမျိုးလဲဆရာ"
    "ခါးဆစ်ရိုးထိခိုက်မိပြီး အောက်ပိုင်းမလှုပ်ရှားနိုင်တဲ့လူနာဗျ။ အရိုးအနေအထားပျက်သွားလို့ အာရုံကြောမကြီးကို ဖိမိပြီးဖြစ်တာ၊ ခွဲစိတ်ကုသလို့လည်း ရကောင်းရနိုင်ပေမယ့် တပ်အပ်ကောင်းသွားမယ်လို့ မပြောနိုင်ဘူး။ ဒါနဲ့ သောက်ဆေး၊ ထိုးဆေးနဲ့ ကုနေရတာ"
    ထိုလူနာက ရှစ်ထပ်တိုက်ခန်းမှာနေခြင်းဖြစ်၏။ ငလျင်လည်းလှုပ်ရော သူ့ရောဂါကိုမေ့ပြီး ကြောက်လန့်တကြား ရုန်းကန်ထပြေးနေရာက ကြောရိုးအနေအထား ပြန်မှန်သွားပြီး ကောင်းသွားခြင်းဖြစ်သည်ဟု ဆို၏။
    "ခုဆိုရင် လူကောင်းပကတိလို လမ်းမလျှောက်နိုင်သေးပေမယ့် အမှီအတွယ်နဲ့ဆိုရင် သွားလို့ရနေပြီ"
    "တကယ်ကံကောင်းတဲ့လူပဲနော်"
    "ကံကောင်းတယ်မပြောနဲ့ဦးဗျ။ ခြေထောက်ပြန်ကောင်းသွားပေမယ့် ငလျင်လှုပ်တဲ့အချိန်မှာ ရှစ်ထပ်တိုက်က သွက်သွက်ခါနေတော့ သေတော့မှာပဲလို့ အရမ်းထိတ်လန့်ပြီး စကားမပြောနိုင်တော့ဘဲ ဖြစ်သွားတယ်"
    "ဟာဗျာ၊ ဖြစ်ပုံကလည်း"
    "အရမ်းကြောက်လန့်စရာအဖြစ်နဲ့ ကြုံရတာတာတို့ အလွန်တုန်လှုပ်ခြောက်ခြားစရာမြင်ကွင်းကို မြင်ရတာတို့ဖြစ်တဲ့အခါ အဲဒီလိုပဲ ဆွံ့အသွားတတ်တယ်။ များသောအားဖြင့်တော့ ဒါမျိုးဟာ ယာယီပဲဖြစ်တတ်တာပါ။ တချို့ကတော့  အချိန်တော်တော်ကြာတဲ့ အထိ ပြန်မကောင်းဘဲဖြစ်နေတတ်တယ်"
    "အခု ဆရာပြောတဲ့လူကတော့ သူ့ခမျာ သနားပါတယ်။ ခြေထောက်ပြန်ကောင်းသွားပြီးမှ ဆွံ့အသွားရရှာတယ်"
    "အခုတော့ ပြန်ကောင်းသွားပါပြီ။ စကားပြန်ပြောနိုင်ပါပြီ"
    "ဟုတ်လား။ ဆရာတို့ ဘယ်လိုကုထုံးကို သုံးလိုက်လို့လဲ"
    "ဘာကုထုံးမှ မသုံးလိုက်ရဘူး။ သူ့ဘာသာပြန်ကောင်းသွားတာ"
    "ဘယ်လိုလဲ ဆရာရဲ့"
    "ဒီလိုဗျ၊ ရုပ်မြင်သံကြားကနေ တိုက်ရိုက်ပြတဲ့ တိုက်ဂါးဖလားဘောလုံးပွဲမှာ မြန်မာအသင်းကန်နေပုံကိုကြည့်နေရင်း အားမလို အားမရဖြစ်ပြီး ထအော်လိုက်ရာက အသံပြန်ထွက်လာတာပဲ"
    ဆရာဝန်က နာရီကိုကြည့်ပြီး...
    "ဟာ...ဆေးခန်းသွားဖို့ အချိန်တောင်နီးနေပြီ"
    ဆိုပြီး ထထွက်သွားသည်။ နားထောင်နေသူများ ဆတ်တငံ့ငံ့ဖြစ်ကျန်ခဲ့၏။ တကယ်ပဲပြောသလား၊ စိတ်ကူးတည့်ရာပဲ လျှောက်ပြောသွားသလား ဆိုတာကတော့ နောက်တစ်ခေါက်လာမှပဲ မေးကြည့်ရတော့မည်။ ဒီဆရာဝန်ကလည်း ခပ်နောက်နောက်ရယ်။

မင်းလူ (အတွေးသစ်ဂျာနယ်၊ ၁၇-၁-၂၀၀၅)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...