ရယ်မောခြင်းအပိုင်းအစများ (စတုတ္ထပိုင်း)
by မင်းလူ၏ ၀တ္တုတိုများ on Friday, September 14, 2012 at 1:42am ·
ဒန္တသုခ
"သွားတစ်ချောင်းစိုက်ရင် ဘယ်လောက်ကုန်ကျနိုင်သလဲဆရာ"
ဟု လူနာကမေးသောအခါ ဆရာဝန်က ပြန်ဖြေသည်။
"ခန့်မှန်းခြေ တစ်သောင်းလောက်တော့ ကျနိုင်ပါတယ်"
လူနာသည် အံ့သြသွားသည်။ ပြီးမှ ၀မ်းသာအားရလေသံဖြင့်
"ဟာ...ဟုတ်လား၊ ကျွန်တော့်ပါးစပ်ထဲမှာ ငွေသုံးသိန်းနှစ်သောင်းတန်တဲ့ပစ္စည်းတွေရှိတယ်ဆိုတာ ခုမှပဲ သိရတော့တယ် ဆရာရေ့"
* * * * * * * * *
သွားအထူးကုဆေးခန်သို့ အမျိုးသမီးတစ်ယောက်က ဖုန်းလှမ်းဆက်ပြီးပြောသည်။
"ကျွန်မယောက်ျား သွားအရမ်းကိုက်နေလို့ သွားနှုတ်ဆက်ပါတယ်။ အဲဒါကြိုတင်စာရင်းပေးထားချင်လို့ပါ"
ဆေးခန်းတာဝန်ခံက
"ဟုတ်ကဲ့ရပါတယ်ခင်ဗျာ။ အားလုံးအဆင်သင့်ပြင်ထားပါ့မယ်"
"ဒါနဲ့ ရှင်တို့ဆေးခန်းက ဈေးကြီးသလား"
"မကြီးပါဘူးခင်ဗျာ။ ပြီးတော့ အစ်မကြီးတို့ သိပ်ကံကောင်းပါတယ်။ ဒီနေ့ဆေးခန်းဖွင့်တာ သုံးနှစ်ပြည့်တဲ့ အထိမ်းအမှတ်နဲ့ သုံးဆယ်ရာခိုင်နှုန်း လျှော့ယူပါ့မယ်"
"တကယ်ပြောတာနော်။ နောက်တော့မှ ပိုမတောင်းနဲ့"
"စိတ်ချပါခင်ဗျာ။ ဒါနဲ့ အစ်မကြီးရဲ့နာမည်လေးတစ်ဆိတ်လောက်ပြောပါဦး"
တစ်ဘက်မှဖြေသံကို ကြားရသောအခါ ဆေးခန်းတာဝန်ခံမှာ "ဟိုက်"ခနဲဖြစ်သွားရလေသည်။ ဖုန်းဆက်အကြောင်းကြားသူ အမျိုးသမီးရဲ့နာမည်က "စူဠသုဘဒ္ဒါ" တဲ့။
* * * * * * * * *
သွားဘက်ဆိုင်ရာဆရာဝန်ကြီးတစ်ဦးသည် အလုပ်အလွန်လုပ်သူဖြစ်၏။ အိမ်ထောင်လည်းမပြု၊ ဂေါက်သီးလည်းမရိုက်၊ အသောက်အစား၊ အပျော်အပါး ၀ါသနာမပါ။ တခြား ဘာကိုမှလည်း စိတ်မ၀င်စားဘဲ အလုပ်ကိုသာ စွဲလမ်းနေသည်။ နေ့နေ့ညည ဆေးခန်းထဲမှာသာ အချိန်ကုန်သည်။ သူ့ဆံပင်များသည် အလွန်ရှည်လျားနေပြီး မျက်နှာကို ဖုံးအုပ်လာသည်။ အလုပ်မှာ အနှောင့်အယှက်ဖြစ်လာတော့မှပင် ဆံပင်ညှပ်ဖို့ သတိရလာတော့သည်။
ထို့ကြောင့် သူသည် ဆံပင်ညှပ်ဆိုင်သို့သွားသည်။ ထိုင်ခုံပေါ်တက်ထိုင်ပြီးနောက် အကျင့်ပါနေသောကြောင့် ကျောမှီကို နောက်လှန်ချဖို့ ခလုတ်ကို လိုက်ရှာနေသည်။ ထိုစဉ်မှာပင် ဆံသဆရာက သူ၏ရှည်လျားသောဆံပင်များကို ကတ်ကျေးနှင့်ညှပ်မည်ပြုသည်။ ထိုအခိုက် ဆရာဝန်ကြီးက
"ဟေ့.. ဟေ့... ထုံဆေးဖျန်းဦးလေကွာ"
ဟု အလန့်တကြားအော်လိုက်၏။
* * * * * * * * *
တောသူဌေးကြီးတစ်ယောက်သည် သွားနှင့်ခံတွင်းအထူးကုဆေးခန်းထဲဝင်လာပြီး
"ကျုပ်သွားစိုက်ချင်လို့ဗျို့"ဟု ပြောသည်။ ဆေးခန်းတာဝန်ခံက ပျူငှာသောလေသံဖြင့်
"ဟုတ်ကဲ့ ရပါတယ်ခင်ဗျာ။ ကျွန်တော်တို့ဆီမှာ သွားတုမျိုးစုံ လုပ်လို့ရပါတယ်။ ကြွေသွား၊ ပလပ်စတစ်၊ သတ္တု၊ စတီးလ် ပြီးတော့..."
တောသူဌေးကြီးက လက်ကာပြလိုက်ပြီးနောက်
"ကျုပ်က ရွှေသွားစိုက်ချင်တာဗျ"
"ရွှေသွား၊ ဟုတ်လား။ ဟာ သိပ်ကောင်းတာပေါ့ခင်ဗျာ။ ကျွန်တော်တို့ အသက်သာဆုံးနဲ့ အခိုင်ခံ့ဆုံးလုပ်ပေးပါ့မယ်"
"နေဦး ကျုပ်တစ်ခုမေးဦးမယ်။ ဆယ့်ငါးပဲရည်နဲ့လုပ်မယ်ဆိုရင် အလျော့တွက်လက်ခ ဘယ်လောက်ပေးရမှာလဲ"
* * * * * * * * *
လူနာအမျိုးသမီးကြီးတစ်ဦးသည် အကြောက်လွန်ပြီး ပါးစပ်ကိုစေ့ထားသဖြင့် သွားဆရာဝန်မှာ အခက်တွေ့နေရ၏။
"ပါးစပ်ဟမပြဘဲနဲ့ အစ်မကြီးရဲ့သွားတွေကို ဘယ်လိုလုပ် စစ်ဆေးလို့ရမှာလဲ။ ဘာမှမကြောက်ပါနဲ့ လုံးဝမနာစေရပါဘူး"
ဟု ဖျောင်းဖျပြောဆိုသော်လည်း မရဘဲ ပါးစပ်ကိုအတင်းပိတ်ထား၏။ ဆရာဝန်သည် လူနာအမျိုးသမီးကြီး ပါးစပ်ဟလာအောင် ဘယ်လိုလုပ်ရပါ့မလဲ အကြံအိုက်နေရာမှ စိတ်ကူးတစ်ခုရလာပြီး
"ဒါနဲ့ အစ်မကြီးရေ၊ ဒီနေ့ထိပ်စီးဂဏန်း ဘာကောင်းသလဲဗျ"
ဟု ရုတ်တရက်မေးလိုက်တော့မှ အမျိုးသမီးကြီးက
"ငါး"ဟု ရေရွတ်လိုက်သည်။ ဆရာဝန်လည်း သွားတွေကို စစ်ဆေးကြည့်ခွင့် ရသွားလေသည်။
* * * * * * * * *
ဆရာဝန်က လူနာ၏သွားကို စစ်ဆေးကြည့်ပြီးနောက်
"ခင်ဗျားရဲ့သွားက အမြစ်တွေပါ ပျက်စီးနေပြီ။ နုတ်ပစ်မှရတော့မယ်"
"ဟုတ်ကဲ့၊ ကောင်းသလိုသာ လုပ်ပါဆရာ"
"ဒါဆို ရိုးရိုးနှုတ်မှာလား၊ ရှယ်နှုတ်မှာလား"
လူနာက အံ့သြသွားပြီး
"ဟင်...သွားနှုတ်တာတောင် ရိုးရိုးတွေ ရှယ်တွေရှိသေးလို့လားဆရာ"
"ရှိတာပေါ့ဗျ။ ရှယ်ဆိုရင်တော့ ထုံဆေးနဲ့နှုတ်ရမှာလေ"
* * * * * * * * *
လူနာ၏သွားများသည် ပိုးစားပျက်စီးနေရုံမက ရောဂါပိုးဝင်ပြီး အနာတွေဖြစ်နေ၏။ ထို့ကြောင့် ဆရာဝန်က
"ခင်ဗျားရောဂါက တော်ရုံနဲ့မရဘူး။ အန်တီဘိုင်အိုတစ်နဲ့ကုမှဖြစ်မယ်"
"ဟင်..ဒုက္ခပဲ၊ ဆရာပဲဖြစ်အောင် ကုပေးလို့မရဘူးလား၊ ဆရာ့အဒေါ်ဆီပြောင်းပြီး မကုပါရစေနဲ့တော့"
ဟု လူနာက တောင်းပန်လေသည်။
(အန်တီဘိုင်အိုတစ် = Antibiotic ပဋိဇီဝဆေး)
* * * * * * * * *
သွားဆရာဝန်တစ်ယောက်သည် သူ့နာမည်ဆိုင်းဘုတ်ချိတ်ရန်အတွက် သံရိုက်နေသည်။ မကျွမ်းကျင်သဖြင့် ရိုက်ရင်း သံကကောက်သွားသည်။ သံကိုပြန်နှုတ်ရာ အောက်ခံတိုင်က ပျဉ်းကတိုးသားဖြစ်နေသောကြောင့် နှုတ်လို့မရဘဲဖြစ်နေ၏။ ထိုအခါ ဘေးမှရပ်ကြည့်နေသောသူ့မိန်းမက ပြောသည်။
"သံလေးတစ်ချောင်းတောင် ရအောင် မနှုတ်နိုင်ဘူးလား။ ဒါကြောင့် ရှင့်ဆေးခန်းမအောင်မြင်တာပေါ့"
* * * * * * * * *
သွားအလွန်ကိုက်သဖြင့် အော်ဟစ်ညည်းညူနေသောလူနာတစ်ယောက်သည် ဆေးခန်းသို့ရောက်ရှိလာ၏။ ဆရာဝန်က စစ်ဆေးကြည့်ရှုပြီး
"ဘာမှမပူနဲ့ ဆရာနဲ့တွေ့ရင် ယူပစ်သလိုပျောက်သွားစေရမယ်"
ဟု ပြောပြီး သွားကို နှုတ်ပေးလိုက်သည်။ ထို့နောက်...
"ဘယ်လိုလဲ သက်သာသွားပြီမဟုတ်လား"
"ဟုတ်ကဲ့၊ တော်တော်ကောင်းသွားပါပြီ ဆရာ"
"ဒီလိုပဲဖြစ်ရမယ်လေ၊ ဒါကြောင့် ဆရာနဲ့တွေ့ရင် ယူပစ်လိုက်သလို ဖြစ်စေရမယ်လို့ပြောတာပေါ့"
ဟု ၀င့်ကြွားစွာပြောပြီးနောက် ကျသင့်ငွေ ရေးထားသောဘီလ်စာရွက်ကို လှမ်းပေးလိုက်သည်။ လူနာသည် ဘီလ်စာရွက်ကို လှမ်းပေးလိုက်သည်။ လူနာသည် ဘီလ်စာရွက်ကိုကြည့်ပြီးနောက် လေသံပျော့ပျော့ဖြင့် ပြောသည်။
"ဟုတ်ကဲ့ ယူပစ်လိုက်သလိုပါပဲ ဆရာရယ်"
* * * * * * * * *
သွားဆရာဝန်က လူနာ၏သွားများကို စစ်ဆေးကြည့်ရှုပြီးနောက်
"ခင်ဗျားရဲ့အံသွားမှာ ပိုးစားပြီး အခေါင်းပေါက်ကြီးဖြစ်နေတယ်"
လူနာက စိုးရိမ်သောလေသံဖြင့်
"ဟုတ်လား၊ အခေါင်းပေါက်က တော်တော်ကြီးသလားဆရာ"
"အင်း နည်းနည်းတော့ကြီးတယ်ဗျ"
"ဟာ ဒါဆို သွားဖာတဲ့ကုန်ကျစရိတ် တော်တော်များမှာပေါ့နော်"
"မပူပါနဲ့ဗျာ၊ ဆေးကုသစရိတ်လုံလောက်တဲ့အပြင် ခင်ဗျားအနေနဲ့ ဆုငွေ ဒေါ်လာသန်းနဲ့ချီပြီးတော့တောင် ထပ်ရဦးမှာပါ"
"ဟင် ဘာဖြစ်လို့လဲဆရာ"
"ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားရဲ့ သွားအခေါင်းပေါက်ထဲမှာ အိုစမာဘင်လာဒင် ပုန်းနေတယ်လေဗျာ"
၂၀၀၄ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်နှစ်လည်မဂ္ဂဇင်း (နှစ်လေးဆယ်ပြည့်)
* * * * * * * * * * * * * * * * * *
တစ်ကော်လံဝတ္ထု - ၁
--------------------------
ဦးဘ အပြင်မှပြန်လာသည်။ ခါတိုင်းလို ရွှင်ရွှင်ပျပျမရှိ။ သူ့အချစ်ဆုံးမြေးကလေး ပြေးပြီးဆီးကြိုသည့်တိုင် ဟိုအရင်ကလို
ပွေ့ချီပြီး ကလူကျီစယ်ပြီးမပြုနိုင်။ ၀ယ်လာနေကျမုန့်ပါမလာသဖြင့် မြေးကလေးက မကျေမနပ်ဖြစ်ပြီး ခြေဆောင့်တာတောင် ဂရုမစိုက်နိုင်ဘဲ အိပ်ခန်းထဲတန်းဝင်သွားသည်။
သူ့မျက်နှာက နီရဲပြီး သုန်သုန်မှုန်မှုန်ဖြစ်နေ၏။ တစ်ခုခု အဆင်မပြေဖြစ်လာသလား၊ နေပဲမကောင်းလို့လားဟု
သူ့အဘွားကြီးက စိုးရိမ်ပြီး နောက်ကလိုက်သွားသည်။
"ဘာဖြစ်လာလို့လဲ"
အဘွားကြီး၏အမေးကို ခေါင်းခါသည်။
"နေမကောင်းဘူးလား"
"ဘာမှမဖြစ်ဘူး"
"သံပုရာရည်သောက်မလား"
ခေါင်းခါသည်။
"ကော်ဖီ"
"မသောက်ချင်ဘူး"
"တစ်ခုခုစား.."
"အမေးအမြန်းထူလိုက်တာကွာ"
ခပ်ငေါက်ငေါက်ပြောပြီးနောက် နားထင်နှစ်ဖက်ကို လက်မနှင့်ထောက်လိုက်သည်။
အဘွားကြီးက
"ခေါင်းမူးနေလို့လား နေဦး ဦးမြက သွေးဆေးပေးမယ်ပြောထားတယ်။ ဖုန်းဆက်ပြီး"
ဦးဘက လက်ဝါးကာပြပြီး
"သူ့မျက်နှာ မကြည့်ချင်ဘူး"
ဟု ပြောရင်း ပုံလဲကျသွားသည်။
ဦးဘကို ဆေးရုံပို့ကြ၏။ အချိန်မီရောက်သွားလို့တော်သေးသည်။ နည်းနည်းနောက်ကျလျှင် ဦးနှောက်သွေးကြော
ပြတ်သွားနိုင်သည်။ ခုတော့ စိုးရိမ်စရာမရှိတော့ဟု ဆရာဝန်က ပြောသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ဦးဘ၏သူငယ်ချင်းဦးမြသည်လည်း ဆေးရုံပေါ်ရောက်နေသည်။ အပြင်ကပြန်အလာ ဘာတွေ
အလိုမကျဖြစ်သလဲမသိ။ ဒေါသတွေဖြစ်နေရာမှ ရင်ဘတ်အရမ်းအောင့်လာသဖြင့် ဆေးရုံတင်လိုက်ရခြင်းဖြစ်သည်။ အခုတော့
အခြေအနေ ကောင်းသွားပါပြဟု ဦးမြ၏သမီးက ပြောသည်။ ထူးခြားတာကတော့ ဦးမြသည်လည်း ဆေးရုံပို့ကာနီးမှာ
"ဦးဘကိုမပြောနဲ့"
ဟု တားမြစ်ခဲ့ခြင်းဖြစ်၏။ သူငယ်ချင်းနှစ်ယောက် ဘာများဖြစ်ကြတာလဲဟု စုံစမ်းကြည့်သည်။ ညနေက ဓမ္မာရုံမှာ
စကားထိုင်ပြောနေကြရင်း ရုတ်တရက်ဒေါသတကြီးအပြန်အလှန်အော်ဟစ်ပြောဆိုကုန်ကြတာပဲဟု ဓမ္မာရုံအစောင့်ကြီးက ပြောသည်။
"အဲ့ပါရဲ့တော် ဒီအရွယ်ကြီးတွေကြမှ တရားဆွေးနွေးနေရာကထပြီး ရန်ဖြစ်ကြသတဲ့။ လူကြားလို့တောင် မကောင်းဘူး"
ဟု ဦးဘ၏အဘွားကြီး၏ ရေရွတ်သည်။
အမှန်မှာ အင်္ဂလိပ်ပရီးမီးယားရှစ်ဘောလုံးအသင်းတွေထဲက မန်ယူနှင့်အာဆင်နယ် ဘယ်သူပိုကောင်းသလဲ ငြင်းခုံရာမှ ပြဿနာတက်ရခြင်းဖြစ်ကြောင်းကို ဘုရားပန်းလဲနေသောလူငယ်လေးတစ်ယောက်သာ သတိပြုလိုက်မိသည်။
ဖတ်စရာဂျာနယ်
အမှတ် - ၁၊ (၄-၁-၂၀၀၅)
* * * * * * * * *
တစ်ကော်လံဝတ္ထု - ၂
---------------------------
မိန်းမက အိမ်ခန်းထဲမှ လှမ်းခေါ်သောကြောင့် လက်ကျန်ကော်ဖီကို ဇိမ်ဆွဲပြီး မသောက်နိုင်တော့ဘဲ တစ်ကျိုက်တည်း မော့ချလိုက်သည်။ သူခေါ်လို့ ချက်ချင်းမရောက်လျှင် မိန်းမက စိတ်ကောက်တတ်သည်။ ထို့ကြောင့် ခပ်သွက်သွက်ကလေး
သွားရသည်။
ဘော်လီချိတ် ကူချိတ်ပေးဖို့ခေါ်ခြင်းဖြစ်သည်။ တကယ်တော့ ဒီကိစ္စက အလွန်လွယ်ကူသည်။ မိန်းမတွေ
ကျွမ်းကျင်အပ်သော အလုပ်မျိုး။ သို့ရာတွင် မိန်းမက ခုတစ်လော နည်းနည်းဝလာသည်။ ဒါကို ဖုံးကွယ်ဖို့အတွက် ဘော်လီအင်္ကျ
ခပ်ကျပ်ကျပ်ဖြင့် စည်းနှောင်ဖို့ကြိုးစားသည်။ လက်နောက်ပြန်အနေအထားဖြင့် အတင်းဆွဲစေ့ရသောကြောင့် အားမပါဘဲ အခက်အခဲ ဖြစ်လေ့ရှိသည်။
ထို့ကြောင့် သူက ၀င်ကူပေးရခြင်းဖြစ်၏။ ဒီလိုအခါတိုင်းမှာ လေရူးသုန်သုန်ဇာတ်ကားထဲက မင်းသမီးစကားလက်၏
ချွေးခံအင်္ကျီကို ဆင်မြန်းပေးရရှာသော အိမ်ဖော်ကပ္ပလီမကြီးကို သတိရမြင်ယောင်မိတတ်သည်။
သုံး လေးကြိမ်လောက် ကြိုးစားပြီးနောက် အောင်မြင်စွာချိတ်ဆက်သွားနိုင်သည်။
"ကားအဆင့်သင့်ဖြစ်ရင် လာခေါ်နော်"
ဟု မိန်းမက ညွှန်ကြားသဖြင့် ကားဂိုဒေါင်ဆီ ထွက်ခဲ့သည်။
ကားက ခုတစ်လော မနက်ပိုင်း အနှိုးရခက်တတ်သည်။ ဘက်ထရီမကောင်းလို့လား၊ ဒိုင်နမိုမော်တာကအပြစ်လား၊
ပလပ်တွေ မကောင်းလို့လား၊ အချိန်ရလျှင် စက်ဆရာဆီ သွားပြရဦးမည်။
လေး ငါးဆယ်ချက်လောက်မွှေပြီးမှ စက်နိုးသည်။ ကားကိုအိမ်ရှေ့တံခါးပေါက်တည့်တည့်မှာ ရပ်သည်။ မိန်းမက
ဟွန်းတီးပြီးခေါ်တာကိုမကြိုက်။ ထို့ကြောင့် အင်ဂျင်နွေးအောင် စက်မသတ်ဘဲထားခဲ့ပြီး မိန်းမကို သွားခေါ်ရသည်။
ကားပေါ်ရောက်ပြီးကာမှ
"ဟော ရွှေဆိုင်က ဘောင်ချာမေ့ကျန်ခဲ့ပြီ။ မောင်ပဲ ပြေးယူလိုက်ပါဦး။ မှန်တင်ခုံအံဆွဲထဲမှာ ရှိတယ်"
ဟု ဆိုသဖြင့် အိပ်ခန်းထဲတစ်ခေါက် ပြေးရပြန်သည်။ ကားပေါ်ပြန်ရောက်တော့ မိန်းမက ဒက်ရှ်ဘုတ်ကို
ပွတ်ကြည့်နေတာတွေ့ရ၏။
"ဖုန်တွေပေါ်နေပါလား။ ပြီးတော့ အရောင်ကလည်း မွဲခြောက်ခြောက်ဖြစ်နေပြီ။ လယ်သာပေါလစ်ရှ်နဲ့ တိုက်လိုက်ပါဦး"
သူ ခေါင်းညိတ်ပြလိုက်သည်။
ရွှေဆိုင်ကို အရင်မောင်းခိုင်းသည်။ အပ်ထားသောအထည်ကို ရွေးသည်။ ငွေရှစ်သောင်းခွဲ ထပ်ပေးရမည်။ မိန်းမက
တစ်ထောင်တန်အုပ်ကို ပိုက်ဆံအိတ်ထဲကထုတ်၍ သူ့လက်ထဲထည့်ပြီး
"မောင်ပဲ ရေပေးလိုက်ပါ"
ဟု ဆိုသဖြင့် ငွေတွေကို ရေတွက်ပြီးပေးလိုက်သည်။ ကျန်ငွေကို မိန်းမလက်ထဲ ပြန်ထည့်လိုက်သည်။
"ကားပြင်ဖို့ရှိတယ်ဆို၊ ယူထားဦး။ ပြီးမှရှင်းမယ်"
ဟု မိန်းမက ပြောသည်။
ရွှေဆိုင်ကပြီးတော့ ဗိုလ်ချုပ်ဈေးကို မောင်းပို့ရသည်။ ကားထဲမှာပင်စောင့်ပြီး နေခဲ့ချင်သော်လည်း ပစ္စည်းဝယ်စရာတွေ ရှိတယ်။ တစ်ယောက်တည်းမသယ်နိုင်ဘူး ဆိုသဖြင့် လိုက်သွားရသည်။
အပ်ချုပ်ဆိုင်ဝင်ပြီး အင်္ကျီရွေးသည်။ အသင့်ချုပ်ပြီးသားအင်္ကျီတွေဝယ်သည်။ အစတစ်စကို အရောင်ကြိုက်လို့ဆိုပြီး
ထပ်ဝယ်သည်။ အပ်ချုပ်ဆိုင်တစ်ခေါက်သွားပြီး အင်္ကျီ ထပ်အပ်ပြန်သည်။
"ဆိုင်နေရာမှတ်ထားဦးနော်။ မောင်ပဲ လာရွေးရမှာ"
ဟု သတိပေးသည်။ ထို့နောက် စတိုးဆိုင်တွေ လျှောက်ဝင်သည်။ တစ်ဆိုင်မှာ ရေမွှေးဝယ်သည်။ နောက်တစ်ဆိုင်မှာ
ခေါင်းလျှော်ရည်နှင့် ဆံပင်ပေါင်းတင်ဆေးဝယ်သည်။ မျက်နှာသန့်စင်ဆေးကတော့ လိုချင်သောအမျိုးအစားမရသဖြင့်
နောက်တစ်ဆိုင်ကျမှ ၀ယ်သည်။ ဖိနပ်ဆိုင် ၀င်သေးသော်လည်း စိတ်ကြိုက်မတွေ့သဖြင့် မ၀ယ်ဖြစ်။
သူငယ်ချင်းတစ်ယောက်အိမ် လိုက်ပို့ရသည်။ သူငယ်ချင်းကိုခေါ်ပြီး အလှပြင်ဆိုင်သွားသည်။ တစ်နာရီလောက် အကြာမှာ
ပြန်ထွက်လာသည်။ ဆံပင်နည်းနည်းတိလာတယ်ဟု ဆိုသည်။ သူ့အမြင်မှာတော့ ဘာမှမထူးခြားဘူးထင်သည်။ သူငယ်ချင်းကို
အအေးတိုက်ချင်သေးတယ်ဟု ဆိုသဖြင့် ရွှေပုဇွန်သို့ မောင်းပို့ရသည်။
အအေးဆိုင်က ပြန်အထွက်မှာ လမ်းကြောင်းအသစ်တစ်ခုပေါ်လာပြန်သည်။ အဆီကျဗိုက်ချပ်စေတဲ့ စက်အသစ်
ရောက်နေတယ်ဟု သူငယ်ချင်းက သတင်းပေးသဖြင့် ကိုယ်ကာယအလှပြင်ခန်းကို လိုက်ပို့ရသည်။ ဤတွင် မိန်းမ၏
ပထမပိုင်းခရီးစဉ်ပြီးသည်။
"မောင် ဘာကိစ္စသွားစရာရှိသေးလဲ"
ဟု မေးသဖြင့် ကားဝပ်ရှော့သွားဖို့ စိတ်ကူးထားကြောင်း ပြောသည်။
"ကောင်းသားပဲ သွားလိုက်လေ။ ညနေ ငါးနာရီ လာကြိုနော်။ ဖေဖေတို့ အိမ်သွားရအောင်။ ၀ပ်ရှော့သွားရင်းနဲ့
ဆေးဆိုင်ဝင်လိုက်ပါ။ ဖေဖေ့အတွက် စူပရာဒင်းတစ်ပုလင်း၊ မေမေ့အတွက် ဂမုန်းပေါင်းတစ်ထောင်သွေးဆေးဝယ်ခဲ့။
သြော်..တစ်လက်စတည်း ငွေဆောင်မှာရိုက်လာတဲ့ ဓာတ်ပုံတွေပါ ၀င်ရွေးလိုက်ဦး"
သူ ခေါင်းညိတ်ပြီး ကားထွက်မယ်အလုပ်မှာ...
"နေဦး နေဦး အချိန်ရရင် ဂျီအက်စ်အမ်ဖုန်းကိစ္စလည်း ၀င်ပြီး စုံစမ်းခဲ့နော်"
မိန်းမမှာသောကိစ္စတွ လုပ်ပြီးနောက် ကားဝပ်ရှော့ဆီသို့ မောင်းလာခဲ့ရင်း ဒီနေ့ဓာတ်ဆီထည့်ရက်ဖြစ်ကြောင်းသတိရသည်။ ဆီဆိုင်ရောက်တော့ ကံအားလျော်စွာ ကားရှင်းနေတာတွေ့ရသည်။ ဆီဖြည့်ဝန်ထမ်းက တစ်ဖက်ခြမ်းက ကားတစ်စီးကို
ဖြည့်ပေးနေတုန်း ဆီဖိုးငွေ သွင်းထားလိုက်သည်။
ကားမောင်းရတာ အတော်ပင်ပန်းသွားပြီ။ ၀ပ်ရှော့မသွားခင် လက်ဖက်ရည်တစ်ခွက် ၀င်သောက်ရကောင်းမလား
စဉ်းစားနေစဉ်
"အစ်ကို ဆီတိုင်ကီအဖုံး ဖွင့်ပေးဦးလေ"
ဟု ဆီဖြည့်ဝန်ထမ်းက သတိပေးသည်။ သူက
"ဓာတ်ဆီကို တိုင်ကီထဲမထည့်နဲ့။ ဟောဒီထဲသာ လောင်းထည့်လိုက်ပါတော့ကွာ"
ဟု ပြောပြီး ပါးစပ်ဟပေးလိုက်လေ၏။
ဖတ်စရာဂျာနယ်
အမှတ် - ၈ (၂၂-၂-၂၀၀၅)
* * * * * * * * *
တစ်ကော်လံဝတ္ထု - ၃
--------------------------
ကိုလိုနီခေတ်က မြို့တိုင်းမှာ အမိန့်ရအပေါင်ဆိုင်ဆိုတာတွေရှိသည်။ တရုတ်လူမျိုးတွေလုပ်ကြ၏။ ထိုစဉ်က လက်ပတ်နာရီ၊ ပိုးလုံချည်၊ သက္ကလတ်၊ တိုက်ပုံကအစ ပစ္စည်းမျိုးစုံကို လက်ခံသည်။ စာရေးစာချီတွေက လလယ်ရက်မှာ ပစ္စည်းပေါင်ပြီး လကုန်လို့ လခထုတ်တော့ ပြန်ရွေးသည်။ တချို့က ရှိတာပေါင်ပြီး မြင်းပွဲလောင်းသည်။ သုံးဆယ့်ခြောက်ကောင်ထိုးသည်။ နိုင်လျှင် ပြန်ရွေးသည်။ ရှုံးလျှင် အဆုံးခံသည်။ တက္ကသိုလ်ကျောင်းသားတွေတောင်မှ အသုံးအဖြုန်းကြီးလို့ ဘိုင်ပြတ်သွားလျှင် အပေါင်ဆိုင်ပြေးရသည်ဟု ကြားဖူး ဖတ်ဖူးသည်။
ရွှေထည်ပစ္စည်းဆိုလျှင် ရွှေစင်မစစ်စမ်းတဲ့အနေနဲ့ မှတ်ကျောက်တိုက်ကြည့်ပြီးမှ လက်ခံသည်။ အပေါင်ဆိုင်တွေက မှတ်အတိုက်ကြမ်းသည်ဟု နာမည်ကြီးသည်။ ရွှေအစအနလေးတွေ မှတ်ကျောက်မှာပွန်းငြိပြီး ကျန်ခဲ့တတ်သည်။ ထို့ကြောင့် အပေါင်ဆိုင် ပို့ဖန်များလျှင် ကိုယ့်ရွှေက အလေးချိန်လျော့လျော့လိုက်လာတတ်သတဲ့။
လူရွှင်တော်တွေကလည်း "ငါ့လက်ပတ်နာရီကကွာ ၀ယ်တုန်းကတော့ ငါးဆယ်ပါပဲ။ ပေါင်လိုက် ရွေးလိုက်နဲ့ အတိုးပါပေါင်းရင် တစ်ရာ့ငါးဆယ်လောက်တန်နေပြီ"ဟု ပြက်လုံးထုတ်တတ်ကြသည်။
အပေါင်ဆိုင်ယဉ်ကျေးမှုသည် လွတ်လပ်ရေးရပြီး နှစ်အတန်ကြာအထိ ရှိနေခဲ့သေးသည်။ ဆိုရှယ်လစ်ခေတ် ရောက်တော့ အပေါင်ဆိုင်လုပ်ငန်းတွေလည်း နေရှင်နယ်လိုက်ဇေးရှင်းလုပ်တဲ့အထဲမှာ ပါသွားသည်။ ပုဂ္ဂလိကတွေ လုပ်ခွင့်မရှိတော့။ အပြင်လူ အနေဖြင့် ရပ်ကွက်ထဲမှာ တိုးတိုးတိတ်တိတ် ကြိတ်လုပ်တာလောက်သာရှိတော့သည်။ အပေါင်ဆိုင်နေရာမှာ နိုင်ငံပိုင်အသေးစား
ငွေချေးဌာနဆိုတာ ပေါ်ပေါက်လာသည်။
ခုချိန်မှာတော့ ပုဂ္ဂလိကငွေချေးလုပ်ငန်းတွေ ပြန်ပေါ်လာသည်။ တရားဝင်ချိတ်ဆွဲရသော ဆိုင်းဘုတ်အစိမ်းရောင်က ခပ်သေးသေးသာဖြစ်၏။ အမိန့်ရအပေါင်ဆိုင်လို့ ရေးထားတဲ့ ဆိုင်းဘုတ်ကြီးကတော့ ဟီးထနေတာပဲ။
မိဘလက်ငုတ်လက်ရင်းမို့လို့ ထင်ပါရဲ့။ ဒီလုပ်ငန်းကို "သူလို့"ကသာ ဆက်လက်လုပ်ကိုင်ကြသည်။ မြန်မာတွေကလည်း မိရိုးဖလာအစဉ်အလာအတိုင်း ဆက်ပြီးအားပေးနေကြတာပေါ့။
ခုကာလအပေါင်ဆိုင်တွေကတော့ ပစ္စည်းကို ပို၍စိစစ်ရွေးချယ်လာကြသည်။ အ၀တ်အထည်တွေကို လက်မခံချင်ကြတော့။ ရွှေဆိုလျှင်တောင် မျက်နှာသိမှ၊ စိတ်ချရမှ၊ ဒါမှမဟုတ် ရွှေဆိုင်က ဘောက်ချာပါမှယူသည်။ အပေါင်ဆုံးလျှင် ပြန်ရောင်း၍ မျက်နှာပန်းလှသောကက်ဆက်၊ ပန်ကာ၊ စက်ဘီး စသည်တို့သာ လက်ခံလေ့ရှိ၏။
သူသွားနေကျ အပေါင်ဆိုင်ဆိုလျှင် ပိုပြီးတော့တောင် စိစစ်သေးသည်။ စတီးချိုင့်ဆို ပြောင်လက်နေမှ၊ ဇီးဘရားတို့၊ ဆီးဝဲတို့၊ ရော့ကက်တို့လို နာမည်ကြီးတံဆိပ်မှ ကြိုက်သည်။ ကက်ဆက်တို့၊ ပန်ကာတို့ဆိုလျှင် အသစ်နီးပါးလတ်မှ အလုပ်ဖြစ်သည်။
ကောင်းမကောင်းဖွင့်ပြီး စမ်းကြည့်သေးသည်။ ခလုတ်တွေ ဘာတွေပြုတ်နေပျက်နေလျှင် လက်မခံ။
သူ့ကိုတော့ ရယ်ဂူလာ ကပ်စတန်မာမို့လို့ဆိုပြီး အထူးအခွင့်အရေးပေးတတ်သည်။
အပေါင်ဆိုင်ကိုရောက်သွားတော့ သူ့ရှေ့မှာ မိန်းမနှစ်ယောက်ရှိနေသဖြင့် စောင့်နေလိုက်သည်။
ပထမမိန်းမက လျှပ်စစ်မီးပူတစ်လုံး လာပေါင်ခြင်းဖြစ်သည်။ မီးပူရဲ့အခြေအနေက သိပ်မကောင်းလှ။ အတော်ရွဲနေပြီ။ ၀ါယာကြိုးကလည်း နဂိုအ၀တ်စအုပ်ထားသောကြိုးမဟုတ်။ ရိုးရိုးဝါယာကြိုးကို တပ်ထားသည်။ အပူလောင်ပြီး ပေါက်သွားလို့ တိပ်နဲ့ ပတ်ထားရသေးသည်။ ပလပ်ကလည်း အော်ရီဂျင်နယ်မဟုတ်တော့။
အပေါင်ဆိုင်မှ တာဝန်ခံအမျိုးသမီးက မီးပူကို စစ်ဆေးကြည့်သောအခါ လက်ကိုင်က အက်ကွဲနေတာပါ ထပ်တွေ့သွားသဖြင့်
"မရဘူး၊ လက်မခံနိုင်ဘူး"ဟု ပြောလိုက်သည်။ ပထမမိန်းမက
"ကောင်းပါတယ် အမရဲ့၊ မယုံရင် ပလပ်ထိုးပြီး ဖွင့်ကြည့်ပါလား"
"မီးပျက်နေတယ်"
"အကောင်းကြီးပါ။ ဒီကိုလာခါနီးတောင် ကလေးအနှီးတွေ တိုက်ခဲ့သေးတယ်။ ကိုင်ကြည့်ပါလား ခပ်နွေးနွေးရှိသေးတယ်"
မီးပူကိုကိုင်ပြီး စောဒကတက်သေးသည်။ ဆိုင်တာဝန်ခံက ဂရုမစိုက်တော့ဘဲ ဒုတိယမိန်းမဘက်လှည့်၍
"အမကကော ဘာလဲ"
ဒုတိယမိန်းမသည် အပေါင်ပစ္စည်းကို ဆာလာအိတ်ထဲမှထုတ်ယူပြီး ကောင်တာပေါ်တင်လိုက်သည်။ ကြေးမီးပူကြီးဖြစ်၏။ အပေါ်အဖုံးကိုဖွင့်ပြီး အထဲမှာ မီးသွေးမီးခဲထည့်တိုက်ရသော ခေတ်ဟောင်းကကြေးမီးပူကြီးပဲ။ ပေါင်ပန်းလှအောင် သေသေချာချာ
တိုက်ချွတ်လာခဲ့သဖြင့် ၀င်းလက်သောအရောင်မှာ ဆိုင်တာဝန်ခံအမျိုးသမီး၏မျက်လုံးတွေကိုတောင် ဟပ်မိသွားသလားထင်ရ၏။
ဆိုင်တာဝန်ခံက ချက်ချင်းဆွဲယူလိုက်ပြီး
"ရတယ် အစ်မ၊ ရတယ်"
ပထမမိန်းမက မကျေနပ်သောလေသံဖြင့်
"ကျွန်မရဲ့လျှပ်စစ်မီးပူကျတော့ မရဘူးတဲ့။ အဲ့ဒါကြီးကျတော့"
ဒုတိယမိန်းမက ဆတ်ခနဲလှည့်ကြည့်ပြီး
"ဒါက ကြေးအစစ်၊ ပိဿချိန်ဈေးနဲ့ဆိုရင်တော့ မနည်းဘူး တန်တယ်။ ဘာမှတ်သလဲ"ဟု အားကျမခံ ပြန်ပြောသည်။
သူကတော့ ခပ်အေးအေးပင် စောင့်နေလိုက်သည်။ သူပေါင်မယ့်ပစ္စည်းကတော့ ဖောင်တိန်တစ်ချောင်းဖြစ်၏။ ဖောင်တိန်ဆိုလို့ အထင်တော့မသေးလိုက်နဲ့။ ပတ်ကားအမျိုးအစားဖြစ်၏။ "နစ်"က နှစ်ဆယ့်တစ်ကာရက်ရှိသည်။ ပြီးတော့ပြည်သူ့အကျိုးပြု စာပေပေါင်းမြောက်မြားစွာရေးခဲ့တဲ့ ဖောင်တိန်နော်။ နယ်နယ်ရရမဟုတ်ဘူး။
ဖတ်စရာဂျာနယ်
အမှတ် - ၂၇ (၁၉-၇-၂၀၀၅)
* * * * * * * * *
တစ်ကော်လံဝတ္ထု - ၎
--------------------------
ဟော်တယ်ရှေ့တွင် ပြည့်ကျပ်နေသဖြင့် သူတို့၏ကားစုတ်ကလေးမှာ "ကားနေရာမရ"ဖြစ်နေ၏။ ဟော်တယ်ဝန်ထမ်းကလေးက ဘေးဘက်သို့ဆက်မောင်းသွားရန် လမ်းညွှန်ပြနေသည်။ ဟော်တယ်၏ ဘေးကွက်လပ်မှာလည်း ကားတွေ အတော်များနေပြီဖြစ်သဖြင့် အစွန်ဆုံးတစ်နေရာမှာ သွားရပ်ရသည်။ ရပ်ထားသောကားများမှာ မော်ဒယ်အမြင့်တွေသာများသည်။ အားလုံးလိုလို ပြောင်လက်တောက်ပနေကြ၏။
သူတို့၏ ဆေးရောင်မှိန်မှိန်မာဇဒါဘီခြောက်ရာ လေးဘီးကားလေးသည် "ဟိုကား"တွေကြားမှာ မျက်လုံးကလေး
ပြူးကြောင်ကြောင်ဖြစ်နေသလိုထင်ရ၏။ ဒါတောင် စနေနေ့မို့ အဆင်ပြေတာ။ မနက်ဖြန်ဆိုလျှင် "ဒရိုင်းဒေး"ဖြစ်သောကြောင့်
ကားသုံးလို့ရမှာမဟုတ်။
ဘာပဲဖြစ်ဖြစ် ငါ့ကားလည်း အိတ်တီစစ်မော်ဒယ်ပါပဲ။ ပြီးတော့ မိုးခြိမ်းသလို အောင်မြင်ခန့်ညားတဲ့ တံခါးပိတ်သံနဲ့ လေမုန်တိုင်းလို မြည်ဟိန်းသံစက်သံကိုတော့ ဘယ်ကားမှ ယှဉ်လို့မရဘူးဟု ကြံဖန် ဂုဏ်ယူလိုက်၏။
ဟော်တယ်မင်္ဂလာခန်းမထဲ ၀င်လိုက်သည်။ လက်ဖွဲ့လက်ခံသော ကောင်တာဆီသို့သွားသည်။ စားပွဲရှည်ကြီးပေါ်မှာရှိနှင့်နေသော လက်ဖွဲ့ဘူးကြီးများကို မြင်ရသောအခါ သူတို့၏လက်ဖွဲ့ဘူးသည် အတော်သေးငယ်နေကြောင်း သိသာသွား၏။
သူတို့ရှေ့မှ လူတစ်ယောက်က ကောင်တာမှမိန်းကလေးထံ စာအိတ်ပါးပါးတစ်အိတ် လှမ်းပေးတာမြင်တော့မှ ကိုယ့်ထက် သေးတာရှိသေးတာပဲဆိုပြီး နည်းနည်းအားတက်လာသည်။ လက်ဖွဲ့ဘူးကိုလှမ်းပေး၊ လက်ဆောင်ပြန်ကမ်းသော သော့ချိတ်ကိုယူပြီးထွက်လာသည်။ သူ့မိန်းမကတော့ စောစောက လက်ဖွဲ့စာအိတ်ကို ဖောက်နေတာ မသိမသာစောင့်ကြည့်နေသဖြင့် ခြေလှမ်းအနည်းငယ် နောက်ကျကျန်ခဲ့သည်။ ပြီးမှ သူ့ကိုမှီအောင်လိုက်လာပြီး "ချက်လက်မှတ်လား၊ အက်ဖ်အီးစီလားမသိဘူး"ဟု ခပ်တိုးတိုးပြောသည်။
ခန်းမထဲမှာ ဧည့်ပရိသတ် အတော်များများရောက်နှင့်နေပြီဖြစ်သောကြောင့် သူတို့လင်မယားမှာ နောက်နားခပ်ကျကျ စားပွဲမှာပဲ နေရာရသည်။ စားပွဲ၏ တစ်ဖက်ခြမ်းမှာ ခပ်ရိုးရိုးကုပ်ကုပ်ဖြစ်ဟန်တူသောမိသားတစ်စုသာ ထိုင်နေသည်။ ထိုသူများကို ပြုံးပြ နှုတ်ဆက်ပြီး ၀င်ထိုင်လိုက်ကြသည်။
နာမည်ကျော်ခေတ်ပေါ်တီးဝိုင်းတစ်ခုက ဧည့်ခံဖျော်ဖြေနေသည်။ အဆိုတော်တွေကို သိတာလည်းရှိ၊ မသိတာလည်းရှိ။ အသက်အရွယ်ထောက်လာပြီဖြစ်သော တစ်ချိန်က နာမည်ကျော်အဆိုတော်အမျိုးသမီးကြီးတစ်ဦး၏အလှည့်ရောက်လာသည်။ သူ
အလွန်နှစ်သက်ခဲ့သူပဲ။ ခုချိန်ထိ အသံက မကျသေး။ နားထောင်လို့ကောင်းဆဲ၊ နုပျိုလှပဆဲ။
"တော်တော် အရွယ်တင်တယ်နော်"
သူ ရေရွတ်လိုက်သည်။ သူ့မိန်းမ၏တုံ့ပြန်သံ မကြားရသဖြင့် လှည့်ကြည့်၏။ မိန်းမသည် တီးဝိုင်းကို စိတ်မ၀င်စား။ လက်ဖွဲ့ကောင်တာဆီသို့သာ စောင်းငဲ့ကြည့်နေသည်။
ဟော်တယ်ဝန်ထမ်းလူငယ်နှစ်ယောက်သည် လှိုင်းတွန့်ကတ်ထူပုံးကြီးတစ်ခုကို တစ်ဖက်တစ်ချက်ဆီက မပြီးသယ်လာကြသည်။ စားပွဲရှည်ကြီးပေါ်တွင် အခြားလက်ဖွဲ့ဘူးကြီးတွေနှင့်ပြည့်နေသောကြောင့် တင်စရာနေရာမရှိတော့။ ထို့ကြောင့် ကြမ်းပြင်ပေါ်ချမည်အပြုတွင် နောက်မှကပ်လိုက်လာသော ပြောင်ပြောင်လက်လက် အမျိုးသမီးကြီးတစ်ယောက်က တစ်စုံတစ်ခုပြောသဖြင့် ဒီအတိုင်း ဆက်ကိုင် မထားရ၏။ စားပွဲခုံလေးတစ်ခုကို ၀န်ထမ်းတစ်ယောက်က ယူလာပေးမှ တင်လို့ရသွားသည်။ လူတစ်ရပ်စာမကသော သေတ္တာရှည်ကြီးတစ်လုံးကတော့ ရောက်နှင့်နေပြိးသားဖြစ်၏။ ဆိုနီ၊ တိုရှီဘာ၊ ဆမ်ဆောင်း စသောတံဆိပ်မျိုးစုံတို့သည် တန်ဖိုးချင်းပြိုင်နေကြလေသည်။
အခမ်းအနားမှူးက ဖိတ်ခေါ်သောအခါ သတို့သား၊ သတို့သမီးနှင့် နှစ်ဖက်သောမိဘဆွေမျိုးများ တန်းစီ ပွဲထွက်လာသည်။ အခါတော်ပေးသီချင်းကို အဆိုတော်ကြီးက ဆိုပေးသည်။ "ဖုံကတ္တီပါမှာ စုံညီစွာ"ထိုင်ကြပြီးနောက် မင်္ဂလာစကားပြောခြင်း၊ ပန်းကုံးစွပ်ခြင်းတို့ ပြုလုပ်ကြသည်။
ထို့နောက် ဧည့်ခံကျွေးမွေးသောမုန့်များကို စားကြသည်။ ဟော်တယ်ဧည့်ခံပွဲပေါင်းများစွာတက်ရောက်ခဲ့ဖူးပါလျက် အချိုးကျအောင် တစ်ခါမှမစပ်နိုင်ခဲ့သော လက်ဖက်ရည်ကို ဖျော်သောက်သည်။ အပြင်မှာဆိုလျှင် လက်ဖက်ရည်နှင့် ဘယ်တုန်းကမှ တွဲဖက်သုံးဆောင်လေ့မရှိသော ရေခဲမုန့်ကိုစားသည်။
အပေါက်ဝမှာအသင့်စောင့်နေသော သတို့သား၊ သတို့သမီးနှင့် နှစ်ဘက်မိဘများကို နှုတ်ဆက်ပြီး ဟော်တယ်ထဲမှ ထွက်ခဲ့သည်။
"သူများသားသမီးတွေများ မိဘအပေါ် သိတတ်လိုက်တာ။ အိမ်ကသမီးကတော့ ခုထိ မလှုပ်သေးဘူး။ မြန်မြန်နေရာ ချပေးလိုက်မှထင်တယ်"
သူ့ဟာသကို တစ်ဦးတည်းသောပရိသတ်ဖြစ်တဲ့ မိန်းမက မရယ်တဲ့အပြင် မဆီမဆိုင် မေးခွန်းတစ်ခုကို ပြန်မေးသည်။
"ရှင် ပင်စင်ယူဖို့ ဘယ်လောက်လိုသေးလဲ"
ထိုစကားကတော့ ဟာသမဟုတ်။ သို့ရာတွင် သူက ရယ်လိုက်သည်။ ကားသော့များကို ရီမုဒ်နှင့်ဖွင့်ကြသဖြင့် ဖားလက်တက်အော်သံလို တကွိကွိမြည်သံတွေ ကြားရသည်။ သူတို့၏လေးဘီးကားသည် စတတ်တာလေးငါးချက် မွှေ့ရုံဖြင့် စက်နှိုးလာပါစေဟု ကြိတ်ပြီးဆုတောင်းနေမိသည်။
အစီအစဉ်ပြီး၏။
ဖတ်စရာဂျာနယ်
အမှတ် - ၃၇ (၂၇-၉-၂၀၀၅)
0 comments:
Post a Comment