Friday, September 14, 2012

"ချယ်ရီချိန်"


by Soe Min on Friday, September 14, 2012 at 7:25am 

          လိမ္မော်ချိန်တို့ ချယ်ရီချိန်တို့ဆိုတာ ဆရာစိုင်းခမ်းလိတ် သီချင်းတွေထဲမှာ ကြားဖူးခဲ့လေတော့ သူတို့ရှမ်းပြည်မှာ တတောလုံး တတောင်လုံး တခြံလုံးဝေနေအောင် သီးပွင့်နေတဲ့ရာသီမှာ တော်တော်လေး သာတောင့်သာယာရှိလိမ့်မယ် လို့ ယူဆရပါတယ်။ တောထဲတောင်ထဲမှာဆိုတာ တူရာတူရာ အပင်တွေ စုနေတာမို့ ပွင့်ပြီဆိုရင်လည်း ညွှတ်နေအောင် မြိုင်နေအောင် ဝေေ၀ဆာဆာ ဖူးကြပွင့်ကြတဲ့ အမျိုးပေကိုး။ ခုခေတ်လို မြို့ချင်းရွာချင်းဆက်ပြီး တောဆိုတာ ဘယ်နားရှာရမှန်း မသိတဲ့ဘ၀ မရောက်ခင်တုန်းကတော့ တောဘွဲ့တောင်ဘွဲ့ကလေးတွေ ရေးထားလိုက်ကြတာ နည်းနည်းနောနော မဟုတ်ပါဘူး။ သာဆန်းရဂုံဘွေ တဲ့။ တောနဲ့တောင်စွယ် တဲ့။ တောင်ရံတောက မောလေအောင် ဆိုတာက အကြီးတစ်ပုဒ် အသေးတစ်ပုဒ်ရှိတယ်။ မြိုင်ဂန္ဓမာတို့၊ မြိုင်ဟေမ၀န်တို့၊ စိမ့်ကြီးမြိုင်ကြီးတို့၊ ပြောလို့တောင် မဆုံးဘူး။ မဟာဂီတဆိုတာ ဘုန်းတော်ဘွဲ့ မယ်ဘွဲ့မောင်ဘွဲ့ မဟုတ်ရင် တောဘွဲ့တောင်ဘွဲ့တွေချည့်ပဲ လို့တောင် မှတ်ထားရမလိုပဲ။
ရှေးတုန်းက မင်းသားလေးတွေ မင်းသမီးလေးတွေ နှစ်ပါးသွားတဲ့အခါမှာလည်း မြိုင်ထလို့သာရှိတယ်။ မြို့ထ၊ နန်းထ မရှိခဲ့ဘူး။ သဘာဝ တောတောင်ရေမြေ အလှအပဆိုတာ အာကာကိုလွှာပုံပြုလို့တောင် ရေးလို့ဖွဲ့လို့ မကုန်ပဲကိုး။ ကိုယ်လည်း ရေမြေသဘာဝ တောဓလေ့ လူမှုဘ၀ကလေးတွေ ရေးခဲ့တာ မနည်းပါဘူး။ သည်တစ်ခါမှာတော့ ချယ်ရီချိန်အကြောင်းကို ရေးရဦးမှာပေါ့။ ရှမ်းပြည်မှာ ပင်လုံးညွှတ်အောင် ပန်းသွေးရောင် မရင့်တရင့်နဲ့ ပွင့်တဲ့ ချယ်ရီပန်းတွေတော့ မဟုတ်ပေဘူးဗျ။ အခုပြောမယ့်ချယ်ရီချိန်က ပြင်သစ်ဘာသာနဲ့ “Le Temps des Cerises” လို့ခေါ်တဲ့ သီချင်းကလေးကို ပြောတာပါ။ သီချင်းထဲမှာပါတဲ့ ချယ်ရီချိန်ကကိုယ့်ဆီမှာရှိတဲ့
ချယ်ရီပန်းကလေးတွေအကြောင်းတော့ မဟုတ်ပါဘူး။ ချယ်ရီသီးလို့ခေါ်တဲ့ အညှာလေးနဲ့ နီနီရဲရဲ အသီးကလေးတွေသီးတဲ့ ချယ်ရီချိန်အကြောင်းပါ။ ကိတ်မုန့်တွေပေါ်မှာ ထက်ခြမ်းကလေးတင်လိုက်၊ အညှာတံကလေးထောင်လို့ အလုံးလိုက်ကလေး တင်ထားလိုက် လုပ်လေ့ရှိတဲ့၊ ကော့တေးဖန်ခွက်ကလေးထဲမှာ နီတာရဲကလေးစိမ်ထားလိုက်လုပ်တဲ့ ဂေါ်လီလုံးလို အသီးကလေးပေါ့။ အရောင်အားဖြင့်တော့ ဟင်္သာပြဒါးရောင်။ သွေးနီရောင် တောက်တောက်ပပ ရဲတယ်။ အရသာကလည်း ချိုရဲရဲကလေးနေတယ်။ သီချင်းစာသားလေးကို နားလည်အောင် ဘာသာပြန်ပေးရရင် သည်လိုဗျ။ ချယ်ရီချိန်များ ရောက်ပြီလားဆိုမှဖြင့် နိုက်တင်းဂေးငှက်ကလေးတွေကလည်း တေးသံကလေးတွေရွှင်လို့၊ မြေလူးငှက်ညိုလေးတွေကလည်း သူများအသံမှန်သမျှ သံယောင်တုပလို့၊ ကြွက်ကြွက်ကိုညံနေလိုက်တာ ငှက်ညီလာသဘင်ကြီး ကျင်းပနေတဲ့အတိုင်းပဲ တဲ့။ လုံမပျိုလေးတွေကတော့ ခေါင်းထက်မှာ ပန်းစည်းကြိုး အနီရောင်ကလေးတွေ ဆင်သလို့ နေခြည်နွေးနွေးကို မြတ်နိုးခုံမင် ချစ်ကျွမ်းဝင်သယောင် ရှိလိမ့်မတဲ့။  ချယ်ရီချိန်တေးသံစုံကို မြေလူးငှက်ကလေးတွေနဲ့အတူ
လေချွန်သံပေးရင်း တေးဆိုရတာ ပျော်စရာပေါ့။ သို့ပေမယ့် ချယ်ရီချိန်တွေများ အကုန်မြန်သလား မမေးပါနဲ့။ ချယ်ရီသီးရဲရဲကလေးတွေကို နားသံသီးလေးလို ဆွဲကစားမလို့မှ ကြံခါရှိသေး ဘယ်ဆီရောက်သွားမှန်းတောင် မသိလိုက်ဘူး။ ချယ်ရီရောင်သွေး နီစွေးစွေးနဲ့ ချစ်သူလေးခမျာလည်း ဘာထူးလို့လဲ။ ကွေးသောလက်မှ မဆန့်သေးခင် သွေးရောင်ချယ်တဲ့ ရွက်ကြွေရဲရဲတွေအပေါ် လျောင်းစက်ရင်း အိမ်မက်တိုင်းပြည်မှာ သန္တာကျောက်ခက်ရဲရဲကလေးတွေ လိုက်ကောက်နေမယ်ထင်ပါရဲ့ တဲ့။ ဟုတ်ပါရဲ့နော်။ ချယ်ရီချိန်ဆိုတာများ အကုန်မြန်လိုက်တာ မပြောပါနဲ့။ နောင်ကို ချယ်ရီချိန်ရောက်လို့ သည်လိုမျိုး ချစ်သောကတွေ ပွေရမှာစိုးရင်တော့ ပျိုဖြူလုံမ ရှုမ၀တွေနဲ့ ခပ်ကင်းကင်းနေတာ အကောင်းဆုံးဖြစ်မှာပါ။ ကိုယ့်အဖို့ရာကဖြင့် ဘာတွေကို ထူးကြောက်နေရဦးမှာလဲ။ ဘ၀ဆိုတာ သောကကင်းတဲ့ရက် တစ်ရက်တောင်ရှိခဲ့တာ မဟုတ်တော့ ရိုးနေပြီ။ ချယ်ရီချိန်ရောက်လို့မှ အသည်းကွဲရဦးမယ်ဆိုလည်း ကွဲသွားစမ်းပါစေ။ ဟုတ်ဘူးလား။ ရာသီတွေ ဘယ်လိုပဲပြောင်းပြောင်း ချယ်ရီချိန်တွေကို ချစ်မြဲချစ်နေဦးမှာမို့လို့ နှလုံးသားမှာ သွေးစိမ်းရှင်ရှင် နီနီလွင်တဲ့ ချယ်ရီချိန်တွေကို အခုကစပြီး မှတ်မှတ်သားသား သိမ်းထားလိုက်တော့မတဲ့။ တချိန်ချိန်မှာ ကံကြမ္မာလေး မျက်နှာသာပေးလာရင်တောင်မှပဲ သည်ဝေဒနာတွေကတော့ ကုစားပျောက်ကင်းစရာ အကြောင်းမရှိတော့ဘူးတဲ့။ ချယ်ရီချိန်ကိုတော့ ချစ်မြဲချစ်နေဦးမှာပေါ့။ အမှတ်ရစရာတွေကလည်း အများကြီးပဲ မဟုတ်လား တဲ့။
         သည်သီချင်းကလေးဟာ အစတုန်းကတော့ ကဗျာလေးတစ်ပုဒ်ပါ။ Jean-Baptiste Clément လို့ခေါ်တဲ့ ပြင်သစ်တော်လှန်ရေးသမားတစ်ယောက်က ၁၈၆၆ မှာရေးခဲ့တာ။ နောက်နှစ်နှစ်လောက်ကြာတော့ သူ့သူငယ်ချင်း Antoine Renard က သံစဉ်ထည့်ပေးပြီး သူတို့ပြင်သစ်တစ်နိုင်ငံလုံး ဆိုရှယ်လစ်တော်လှန်ရေး ကာလတလျှောက် ကွန်မြူနစ်တွေ၊ အလုပ်သမားလူတန်းစားတွေ ပဲ့တင်ထပ်အောင် ဆိုခဲ့ကြတဲ့ သီချင်းကလေးလို့ ဆိုတယ်။ တို့ဆီမှာဆို မင်းတုန်းမင်းကြီး လက်ထက်တော်လောက်ပဲ ရှိဦးမှာ။ ဟိုမှာတော့ ဘုရင်စံနစ်ကနေ ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေးတွေ ဖြစ်နေပြီနော်။ အမေရိကမှာဆို အေဘရာဟင်လင်ကွန်းက ၁၈၆၀ ကတည်းက သမ္မတဖြစ်နေပြီတဲ့။ သက်ဦးဆံပိုင်ဘုရင်စံနစ်ကို ခေါင်းဖြတ်စက်ကြီးနဲ့ ရုတ်တရက်ဆိုသလို အမြစ်ကတွန်းလှန်လိုက်တဲ့ ပြင်သစ်တော်လှန်ရေးကြီးဟာ အသွင်ကူးပြောင်းရေးကာလမှာ ချောချောမွေ့မွေ့ ကျော်ဖြတ်ခဲ့ရတာတော့ မဟုတ်ပါဘူး။ စွန်းထားတဲ့သွေးတွေမှ မခြောက်သေးခင် ပြည်သူက သမ္မတအဖြစ် ရွေးကောက်တင်မြှောက်လိုက်တဲ့ စစ်သေနာပတိလူထွက် (သူတို့ဆီမှာတော့ ဘောင်းဘီချွတ်စရာ မလိုဘူးထင်ပ) နပိုလီယံဘိုနာပတ်ကြီးက တတိယမြောက်နပိုလီယံ ဧကရာဇ်မင်းမြတ်အဖြစ် ဘိသိက်သွန်းပြီး နန်းစံလိုက်တော့ နောက်ကြောင်းပြန်လှည့်သွားတယ် လို့ပဲ ဆိုရမှာပေါ့။ အစကတည်းက ငတ်မွတ်ခေါင်းပါး ဆင်းရဲမွဲတေမှုတွေနဲ့ ဘုရင်စံနစ်ကို မခံစားနိုင်ဖြစ်နေရှာတဲ့ ပြင်သစ်ပြည်သူတွေဟာ နောက်လာတဲ့ မောင်ပုလဲက ဒိုင်းဝန်ထက်ကဲပြီး နှစ်ချက်ခေါက်တာ ခံရပြန်ပါတယ်။ စစ်ကလည်း မနားတမ်း တိုက်နေရသေးတာကိုး။ နောက်ဆုံးတော့ သူတို့တင်တဲ့မင်းကို သူတို့သွေးတွေနဲ့ရင်းပြီး တော်လှန်ရေးထပ်လုပ်လို့ တတိယသမ္မတနိုင်ငံ ထူထောင်တဲ့ဇာတ်လမ်းကို ဆက်ကရပါတယ်။ နပိုလီယံက ၁၈၇၀ အထိ နန်းစံတာဆိုတော့ သူ့လက်ထက်မှာ အဲသည်သီချင်းပေါ်လာတာပေါ့။ သီချင်းရေးသူကတော့ နောက် ၁၆ နှစ်လောက်အကြာ ပြည်နှင်ဒဏ်ခံရတဲ့ဆီက ပြန်လာတော့မှ အဲဒါ ပါရီကွန်မြွန်းက တော်လှန်ရေးလုံမေ Louise Michel ကို ရည်ညွှန်းပြီး ရေးသားခဲ့တယ် လို့ ဇာတ်ကြောင်းပြန်ပါတယ်။ ချယ်ရီသီးကလေးတွေကလည်းရဲရဲ၊ အသက်စွန့်သွားရှာသူ ပါရီလုံမေကလေးကလည်း သွေးသံတရဲရဲ၊ တော်လှန်ရေးကြီးကလည်း ရဲရဲတောက်လို့ မဟုတ်လား။ သူတို့ဆီမှာတော့ ချယ်ရီချိန်ရောက်တိုင်း သည်သီချင်းကလေးကိုဆိုလို့ ပုံပြင်ကလေးတစ်ပုဒ်လို ပြောနေကြဆဲပါပဲတဲ့။
ကိုယ့်ဆီမှာလည်း အဲသလို တော်လှန်ရေးနောက်ခံ လက်ပံပွင့်တွေ စွေးစွေးနီတဲ့ တပေါင်းသာခေါင် လများနောင်ဖွဲ့ သီချင်းကလေးတစ်ပုဒ် ရှိပါတယ်။ ဒေါ်မေလှမြိုင် ဆိုထားတာ။ “နွေဦးတေးသံ” တဲ့။ သစ်ရွက်ကလေးတွေကြွေ၊ ဥသြကလေးတွေ တေးဆိုလို့ အခါရာသီသဘာဝကိုက လွမ်းစရာကောင်းရတဲ့အထဲ ကိုယ့်တိုင်းပြည်လွတ်လပ်ရေးအတွက် ဖက်ဆစ်တွေကို တော်လှန်ရင်း အသက်ပေးသွားတဲ့ မြန်မာ့သားကောင်းတွေကို သတိရမိတဲ့အခါ ဖြေလို့တောင် မပြေနိုင်အောင် ဆွေးရပါတယ်တဲ့။ သည်သီချင်းဟာ ပညာရှင်တွေမှ ဆိုတတ်မယ့် အနူးဆိုအနပ်ဆို အမှည့်ဆိုဆိုရတဲ့သီချင်းပါ။ အသံကလေးတွေ ကုန်အောင်ယူ၊ အဆွဲအငင် အရှိုက်အဟဲနဲ့ ဆိုရတာမို့ အဆိုတော်တွေကို စာမေးပွဲစစ်ချင် အတီးသမားများ တီးပေးလေ့ရှိသတဲ့။ မြန်မာသံကလေးရဲ့အရသာကို ပြင်သစ်သီချင်းကလေးရဲ့အရသာနဲ့ နှိုင်းယှဉ်နားဆင်နိုင်အောင် သီချင်းနှစ်ပုဒ်လုံး တင်ပေးလိုက်ပါ့မယ်။ နှစ်ပုဒ်စလုံးဟာ နက်နဲလှတဲ့ သမိုင်းနောက်ခံကို ရိုးတိုးရိပ်တိတ်ကလေး မပီဝိုးတ၀ါး တို့ထိထားကြသလို ပြည်သူလူထုရဲ့ အနာဂတ်ကံကြမ္မာကို ပြုပြင်ပြောင်းလဲနိုင်ဖို့အတွက် ကိုယ်ကျိုးနဲ့ အသက်ကို စွန့်သွားတဲ့သူတွေကို ဂုဏ်ပြုပေးထားပါတယ်။
          သီချင်းနှစ်ပုဒ်စလုံး နားထောင်ပြီးတဲ့အခါ ဆက်ပြီးတွေးစေချင်တာကတော့ လူဆိုတာ အမှားနဲ့မကင်းတဲ့သတ္တ၀ါမို့ အရင်တုန်းကလည်း မှားခဲ့တယ်။ အခုလည်း မှားကြတယ်။ နောင်ကိုလည်း ဆက်မှားနေဦးမှာပဲ။ ရှေ့လူရဲ့အမှားကို နောက်လူက သင်ခန်းစာယူနိုင်ရင်တော့ အမှန်ဖြစ်အောင် ပြန်ပြီး ပြုပြင်ယူရတဲ့ တန်ဖိုး နဲ့ အချိန်တွေ အလဟဿ မကုန်တော့ပဲ တိုးတက်ရာတိုးတက်ကြောင်း အရင်းအနှီး အထောက်အပံ့ ဖြစ်စေတာပေါ့။ တချို့အမှားတွေကျပြန်တော့ သူ့အချိန်နဲ့သူတုန်းက အမှန်တရားဖြစ်ခဲ့ပေမယ့် ပရမတ္ထသစ္စာတရား မဟုတ်တဲ့အတွက် အချိန်တွေ ပြောင်းလဲလာတဲ့အခါ မမှန်တော့ဘူး ဆိုပြီး အမှန်တရားအသစ်နဲ့ ကဏ္ဍကောစဖြစ်လာတာပေါ့။ အမှတ်သည်းခြေမရှိ သည်အမှားတစ်မျိုးတည်းကိုပဲ သားစဉ်မြေးဆက် ထပ်ကာထပ်ကာမှားနေမယ်ဆိုရင်တော့ မျိုးဆက်တစ်ခုလုံး နစ်နာပါတယ်။ ၁၉ရာစုအလယ်လောက်က အမှားမျိုးကို ၂၁ရာစုထိအောင် လိုက်မှားနေသေးတယ်ဆိုရင် ကိုယ့်တိုင်းပြည်အဖို့ ရာစုနှစ်နဲ့ချီပြီး ခေတ်နောက်ကျနေတုန်းပဲ မဟုတ်ဘူးလား။ သူများနိုင်ငံတွေမှာ သည်လို သွေးမြေကျတဲ့တော်လှန်ရေးဆိုတာမျိုးတွေ ရှိတောင် မရှိတော့တာ ဘယ်လောက်ကြာပလဲ။ ကိုယ့်ဆီမှာတော့ အဲလိုဟာမျိုးတွေ မကြာခင်ဖြစ်လာမှာ စိုးလွန်းလို့ ပူနေရတယ်။ ကချင်အရေး စစ်မီးမငြိမ်းခင် ရခိုင်အရေးကလည်း မပြီးသေးဘူး။ မုံရွာကတခါ ထပ်ပူလာပြန်ရော။ ပြစ်တင်ဝေဖန်တို့ ရှုံ့ချကန့်ကွက်တို့ ဆိုတဲ့အသံတွေကလည်း ညံနေတာပဲ။
         တလက်စတည်း ကိုယ်ကိုယ်တိုင် အယူမှား အမှတ်မှား အတွေးမှားခဲ့မိတာ တစ်ခုကိုလည်း သင်ခန်းစာယူနိုင်အောင် မျှဝေချင်ပါတယ်။ ဟုတ်သည် မဟုတ်သည်ကို ကိုယ်တိုင်ပဲ ဆက်တွေးကြည့်ကြပေါ့။ တော်လှန်ရေးဆိုတာ ဖိနှိပ်အုပ်ချုပ်သူ လူတန်းစားတစ်ရပ်ကို မခံမရပ်နိုင်လွန်းလို့ ပြည်သူလူထုတရပ်လုံးက အသက်သွေးချွေး ဘ၀တွေရင်းနှီးပြီး တွန်းလှန်တိုက်ခိုက်ရတာ ဟုတ်ပါ့မလား။ သမိုင်းထဲက ငတစ်ပါးမင်းတွေလို ရှင်ဘုရင်သတ်ပြီး ရှင်ဘုရင်လုပ်မယ်ဆိုရင် အဲသည်ရှင်ဘုရင်စံနစ်ကြီးက ဘယ်တော့ဆုံးမှာလဲ။ လူကိုဖြုတ်ချပြီး မူကိုဆက်ခံ ထိန်းသိမ်းထားရင် နောက်လူလည်း အရင်လမ်းအတိုင်း လိုက်လာဦးမှာပါပဲ။ အာဏာရှင်စံနစ်ကို တိုက်ဖျက်တယ်ဆိုပြီး ကိုယ့်အလှည့်ကျတော့ တစ်သွေးတစ်သံတစ်မိန့်နဲ့ အာဏာယစ်မူးချင်သေးတယ်ဆိုရင် သူလုပ်ခဲ့တဲ့တော်လှန်ရေးကြီးက ဘယ်မှာအောင်မြင်လို့လဲ။ ဒီမိုကရေစီစံနစ်မှာ တော်လှန်ရေး လုပ်တယ်ဆိုတာ အာဏာရအစိုးရကို ဓါးဓါးချင်း လှံလှံချင်း သွေးချောင်းစီးအောင် အမြစ်ကတွန်းလှန်ရမှာ မဟုတ်တော့ပါဘူး။ ဘယ်အစိုးရပဲဖြစ်ဖြစ် သက်တမ်းတစ်ခုကုန်တဲ့အခါ မကောင်းရင် သွားရမှာပဲ။ တကယ်အောင်မြင်အောင် လုပ်ရမယ့်တော်လှန်ရေးက ပြည်သူတွေရဲ့ စိတ်ဓါတ်၊ အသိဥာဏ် နဲ့ အတွေးအခေါ်တွေကိုသာ ပြောင်းလဲအောင် တော်လှန်ရလိမ့်မယ် လို့ ထင်ပါတယ်။ အဲဒါတွေပြောင်းသွားတဲ့တစ်နေ့ အစိုးရကလည်း မဖြစ်မနေ လိုက်ပြောင်းလဲလာရလိမ့်မယ် မဟုတ်ဘူးလား။
          သူများနိုင်ငံမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၀ လောက်ကတည်းက သမ္မတနိုင်ငံအဖြစ် ပြည်သူလူထု ဆန္ဒမဲတွေနဲ့ ရွေးကောက်တင်မြှောက်နေကြတဲ့ဓလေ့ဟာ ကိုယ့်ဆီမှာတော့ ခုချိန်ထိ အသားကောင်းကောင်း မကျချင်သေးပါဘူး။ ရွေးကောက်ပွဲလုပ်တဲ့အခါတိုင်း ပြည်သူ့ဆန္ဒအမှန်ကိုရဖို့ထက် ကုလားထိုင်လုဖို့သက်သက်ပဲ လုံးပန်းကြတယ်။ ဘယ်နည်းနဲ့ပဲနိုင်ရနိုင်ရ အာဏာလက်ထဲရောက်လာဖို့သာ အဓိကလို့ ယူဆထားကြတယ်။ မဆလခေတ်တုန်းက နောက်ဆုံးလုပ်တဲ့ ဆန္ဒခံယူပွဲကို ၁၈ နှစ်ပြည့်လို့ မီလိုက်ပါသေးတယ်။ “သည်လူနဲ့သည်လူကို သည်နေရာနဲ့သည်နေရာအတွက် ရွေးလိုက်။ မင်းကအဆိုတင်၊ သူကထောက်ခံ။ လိုချင်တဲ့မဲ မပြည့်သေးရင် ကြည့်ကြက်လုပ်လိုက်ကြ။” ဆိုတာမျိုးပါ။ မင်းတုန်းမင်းကြီး မမာတော်မူတဲ့အခါ ဆင်ဖြူမရှင် နဲ့ ရနောင်မောင်မောင်တုတ်တို့လည်းပဲ နန်းတော်ထဲမှာ သီပေါကိုယ်တော်လေးအတွက် ဆန္ဒခံယူပွဲ လုပ်ကြသေးပါရောလား။ “သဘောမတူရင် ခေါင်း သည်မှာထားခဲ့။ ကိုယ်ချည့်ပြန်” တဲ့။ အဲလိုရိုးရာမျိုးကျတော့ ဆက်လက်ထိန်းသိမ်း ထားချင်တယ်လား။ ဒီမိုကရေစီစံနစ်နဲ့ ရွေးကောက်တင်မြှောက်တဲ့ပွဲတွေမှာ ဆန္ဒမဲအစစ်ကို ရအောင် မလုပ်နိုင်ပဲ ဒီမိုကရေစီအစစ်ရဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။ ကိုယ်ပေးလိုက်တဲ့ ဆန္ဒမဲပြားတစ်ပြားကို အသက်ဝင်လာအောင် မလုပ်နိုင်တဲ့ ပြည်သူတွေအတွက်လည်း အသက်ကင်းမဲ့တဲ့ ဒီမိုကရေစီကိုပဲ ရတော့မှာပေါ့။ (ငါကတော့ အနီဘက်ထည့်လိုက်တာပဲ။ သူ့ဘာသူ အထဲရောက်မှ စိမ်းကုန်တာတော့ မတတ်နိုင်ဘူး။ ဆိုတာမျိုးက အသက်မ၀င်တဲ့ ဆန္ဒမဲပေါ့)။ တကယ်လို့များ အဲသည်ဒီမိုကရေစီအစစ်ဆိုတာ သက်ဝင်လှုပ်ရှားလာတဲ့အခါကျရင် တိုင်းပြည်ရဲ့ကံကြမ္မာဟာ အုပ်ချုပ်သူအစိုးရထက် ပြည်သူလူထုရဲ့ အသိဥာဏ်အပေါ်မှာပဲ အမှီပြုတော့မှာပေါ့။ အများဆန္ဒ အများသဘောအတိုင်း ဆုံးဖြတ်ရတော့မှာကိုး။ အဲသည်အခါကျတော့မှ လူလေးယောက် မူငါးမျိုးကွဲတဲ့ တို့ဗမာသာကီမျိုးတွေ လက်ထက်မှာ ၀ိဋဋူဘမပါပဲ သွေးချောင်းစီးရတော့မှာ မြင်ယောင်ပါသေးတယ်။ ပြည်သူတွေရဲ့ အသိဥာဏ်နုံနဲ့ရင် အမျှော်အမြင်ကင်းမဲ့ရင် ခေါမဒီမိုကရေစီဟာ ဆိုကရေးတီးကြီးကို အဆိပ်ခွက်ကမ်းပါတယ်။ တော်လှန်ရေးနောက်ခံသီချင်းလေးတွေ နားထောင်ပြီး တော်လှန်သော စိတ်ဓါတ်ကောင်း၊ အတွေးအမြင်ကောင်း၊ အလေ့အထကောင်းကလေးတွေ ပြုပြင်ပျိုးထောင်နိုင်မှသာ အသက်စွန့်သွားခဲ့သူတွေက လက်ဆင့်ကမ်းပေးခဲ့တဲ့ သမိုင်းပေးတာဝန်တွေ ကျေပွန်ပါလိမ့်မယ်။ အရေးတော်ပုံ အောင်ရမည် ဆို ။

 “Le Temps des cerises”
http://youtube/MnAHcxtFJVc


Quand nous en serons au temps des cerises (Quand nous chanterons le temps des cerises)
Et gai rossignol et merle moqueur
Seront tous en fête
Les belles auront la folie en tête
Et les amoureux du soleil au cœur
Quand nous en serons au temps des cerises
Sifflera bien mieux le merle moqueur


Mais il est bien court le temps des cerises
Où l'on s'en va deux cueillir en rêvant
Des pendants d'oreilles
Cerises d'amour aux robes pareilles (vermeilles)
Tombant sous la feuille en gouttes de sang...
Mais il est bien court le temps des cerises
Pendants de corail qu'on cueille en rêvant !

Quand vous en serez au temps des cerises
Si vous avez peur des chagrins d'amour
Évitez les belles !
Moi qui ne crains pas les peines cruelles
Je ne vivrai pas sans souffrir un jour...
Quand vous en serez au temps des cerises
Vous aurez aussi des peines d'amour !

J'aimerai toujours le temps des cerises
C'est de ce temps-là que je garde au cœur
Une plaie ouverte !
Et Dame Fortune, en m'étant offerte
Ne pourra jamais calmer (fermer) ma douleur...
J'aimerai toujours le temps des cerises
Et le souvenir que je garde au cœur !

“နွေဦးတေးသံ”
http://soundcloud.com/winmyat-nyein/nweootaythan

နေမင်းသူရိန် ပူရှိန်ကပြင်း၊ သပြေဒီပါကျွန်း ထွန်းထိန်လို့လင်း။
(နှင်းငွေ့ကျံ လေပြန်လောင်း၊ ဟေမာန်ဆောင်းလ ပြောင်းကြွခဲ့ပါပြီအမှန်။ ခါတပေါင်း ညှာညောင်းကြွေ နွေရတုကိုဖန်) ၂ ။
(စုံမြိုင်ယံ ရွက်သစ်ဦးတွေက မြူးကွန့် လူးလွန့် ဖူးညွန့်က စိမ်းမြရည်လိမ်းပြန်) ၂ ။
သိန်းသန်းဝါစွေ ၀နာဘွေ သာစေရန်၊ (ဥသြ ဥသြ ဥသြ ဟန်ပို သံချိုဆင့်လောင်း) ၂ ။
တင့်တောင်း တင့်လှပေဟန်။ (ထွေရာစိတ်ကူး ထူးစွာပဖန်) ၂ ။ သဘာဝဟန်။
(ပင်စုံအောက်ကို လျှောက်ခဲ့ပြန် ရွက်ခြောက်ကိုနင်းမိတော့ တင်းသည့်အသံ) ၂ ။
မြိုင်ယံဆူဝေ လူခြေတိတ်ပေမယ့် မဆိတ်အောင်ညံ၊ တစ်ကိုယ်ရေမယ့်နား လှည့်စားကြပြန်၊ စိုးရွံ့အောင်ဖန် ဖြေသော်ပြေဘူး လေရူးကလေးထန် နွေဦးတေးသံ။
Unlike ·  · Share

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...