Thursday, September 6, 2012

ဖူးစာရှင်ကို ရွေးတော့မည်


by မင်းလူ၏ ၀တ္တုတိုများ on Thursday, September 6, 2012 at 7:13am ·


ဦးဆင်ပေါက်သည် ဆူဆူညံညံအသံများကြောင့် အိပ်ရာမှ လန့်နိုးလာခဲ့ရသည်။ အသံချဲ့စက်နှင့်အော်နေသောအသံများဖြစ်၏။
    "ဒီဓာတ်မှန်ကားတွေဟာ တော်တော်တရားလွန်တယ်"ဟု မကျေမနပ်ရေရွတ်သည်။ ထို့နောက် သူတို့လို လူကုံထံတွေသာ အသုံးပြုနိုင်သော မှို့စစ်စစ်ဖြင့်ပြုလုပ်ထားသည့် ခေါင်းအုံးကို နားရွက်ပေါ်မှာဖိလိုက်ပြီး ပြန်အိပ်ဖို့ကြိုးစားသည်။
သို့ရာတွင် အိပ်လို့မရတော့။ ထို့ကြောင့် အိပ်ရာမှထလိုက်ရပြီး ရေချိုးခန်းသို့ဝင်ခဲ့သည်။
    နယ်လှည့်ဓာတ်မှန်ကားများသည် သူတို့အရပ်ဒေသသို့ တစ်လနှစ်ခေါက်လောက်တော့ လာတတ်သည်။ ကြီးမားရှည်လျားသော မှန်လုံကားကြီးဖြစ်၏။ အစိမ်းရင့်ရောင်မှန်များတပ်ဆင်ထားသည်။ ရောဂါရှာဖွေရေးကိရိယာအပြည့်အစုံနှင့် ဓာတ်ခွဲခန်းလည်း ပါဝင်သည်။ သူတို့ဆီမှာတော့ ဓာတ်မှန်ကားဟူ၍သာ အလွယ်တကူခေါ်ကြသည်။
    ဒီကားတွေကရောက်လာပြီဆိုလျှင် အသံချဲ့စက်ဖြင့် အော်ဟစ်ကြေညာတတ်သည်။ အမှန်အားဖြင့်တော့ သူတို့နေရာမှာ ဆိတ်ငြိမ်ရပ်ကွက်ဖြစ်၏။ ဆူဆူညံညံမလုပ်ရ။ သန့်ရှင်းလတ်ဆတ်သောလေကောင်းလေသန့်ကို ထိခိုက်စေနိုင်သည်။ ဒီဇယ်ကား၊ ဓာတ်ဆီကားတွေမ၀င်ရ။ လောင်စာဆဲဓာတ်အိုး၊ နေရောင်ခြည်စွမ်းအင် စသည်တို့အသုံးပြုသောယာဉ်များသာ ၀င်ခွင့်ပြုသည်။ ဓာတ်မှန်ကားတွေကတော့ လျှပ်စစ်ကားဖြစ်တာကတစ်ကြောင်း၊ ကျန်းမာရေးအထောက်အကူပြုသည်ဆိုသော အကြောင်းပြချက်ကြောင့် တစ်ကြောင်း ၀င်ခွင့်ရခြင်းဖြစ်သည်။ ရှားရှားပါးပါးအသံချဲ့စက်အသုံးပြုခွင့်ရသောလုပ်ငန်းလည်းဖြစ်၏။
    မျက်နှာသစ်နေစဉ်မှာလည်း သူတို့အသံကိုကြားနေရသည်။ အပြောတော့ တော်တော်ကောင်းတဲ့လူတွေဟု မှတ်ချက်ပြုလိုက်သည်။
    "ဟုတ်ကဲ့ခင်ဗျ၊ အာရောဂျံ၊ ပရမံ၊ လာဘံဆိုတဲ့ ရှေးကဆိုရိုးစကားအတိုင်း ကျန်းမာရေးဟာ လာဘ်ကြီးတစ်ပါးပါပဲ။ လူဟာ အပြင်ပန်းက ကောင်းနေတယ်လို့ထင်ရပေမယ့် ခန္ဓာကိုယ်အတွင်းမှာ အလစ်တိုက်ခိုက်ဖို့ ပုန်းအောင်းနေတဲ့ရောဂါတွေရှိနိုင်ပါတယ်။ ဒါပေမဲ့ စိတ်မပူကြပါနဲ့။ စောစောသိရင် ကုသလို့ရပါတယ်။ ဒီအတွက် ကျွန်တော်တို့က နောက်ဆုံးပေါ်စက်သစ်ကြီးများနဲ့ စုံစမ်းဖော်ထုတ်ပေးသွား ပါမယ်။ ဆီး၊ ၀မ်း၊ သွေး၊ သလိပ်အဖြေကို စက္ကန့်ပိုင်းအတွင်း တိကျစွာသိနိုင်ပါတယ်။ ဒစ်ဂျစ်တယ်ဓာတ်မှန်များလည်း ရိုက်ကူးပေးထား ပါတယ်။ ဟော..ငြီးစီစီဖြစ်နေသလား၊ အီးစီဂျီ ဆွဲကြည့်လိုက်ပါ။ ကင်ဆာလို့ မသင်္ကာရင်လည်း စကင်နာလေး ရိုက်ကြည့်လိုက်ပေါ့ခင်ဗျာ"ဟု ကာရန်တွေ နဘေတွေနဲ့ ပြောနေသေးသည်။
    ညတုန်းက "ဟိုကိစ္စ"ကိုစဉ်းစားရင်း တော်တော်နှင့် အိပ်မပျော်ခဲ့။ ခုလည်း မနက်အစောကြီးမှာ ဓာတ်မှန်ကားကြောင့် လန့်နိုးလာခဲ့ရ၏။ အိပ်ရေးမ၀သဖြင့် လူက မလန်းဆန်း၊ မျက်လုံးတွေတောင် ဝေချင်နေသည်။ သို့ရာတွင် စားပွဲပေါ်မှာပြင်ဆင်ထားသော နံနက်စာကိုမြင်လိုက်သောအခါမှာတော့ ဗိုက်ထဲက ဆာလာသည်။
    အုန်းသီးဖတ်နုနုလေးတွေဖြူးထားသော ကောက်ညင်းငချိတ်ပေါင်း၊ စားတော်ပဲပြုတ်ဆီဆမ်း၊ မတ်ပဲဘယာကြော်၊ ငါးရံ့ခြောက်ဖုတ်၊ ကြာရိုးဟင်းခါး၊ ရွှေငှက်ပျောသီး၊ ဆိတ်နို့၊ ကြယ်ငါးပွင့်ဟိုတယ်ကြီးတွေမှာမှရနိုင်သော နံနက်စာမျိုးဖြစ်၏။ ဒါတောင် ကြာရိုးဟင်းခါးလိုမျိုးက ကြိုတင်အော်ဒါမှာထားမှရမည်။ ခုချိန်မှာ သူတို့လို ငွေကြေးအလွန်ကြွယ်ဝချမ်းသာသူတို့သာ ဒီလိုအစားအစာမျိုးကို သုံးဆောင်နိုင်သည်။
    သနပ်ခါးပန်းနံ့သင်းထားသော လက်ဖက်ရည်ကြမ်းတစ်ခွက် ငှဲ့သောက်လိုက်ပြီးသောအခါ ခေါင်းထဲက ကြည်လင်လန်းဆန်း လာသည်။
    ငါးရံ့ခြောက်ဖုတ်တစ်ဖတ်ကိုယူပြီး မြုံ့လိုက်သည်။ နှမ်းဦးဆီဆမ်းထားသဖြင့် မွှေပြီး ချိုမြနေသည်။ ဒီငါးရံ့ခြောက်မှာ နှယ်နှယ်ရရ မဟုတ်။ အင်းထဲမှာ အလိုအလျောက်ရှားရှားပါးပါးပေါက်ဖွားနေသော ငါးရံ့ကို သဘာဝနေရောင်ခြည်ဖြင့် အခြောက်လှန်းထားတာ။ သူတို့နှင့် စီးပွားဖက်ဖြစ်သော "ပျဉ်ပုံကြီးထရေးဒင်းကုမ္ပဏီ"မှ အမြတ်တနိုးထားပြီး လက်ဆောင်ပေးခဲ့ခြင်းဖြစ်၏။
    စားကောင်းသောက်ဖွယ်တွေကို အရသာခံစားနေရင်းက သမီးအလတ်မကို သွားသတိရလိုက်မိ၏။ ဒီကောင်မက အစားကောင်း ကြိုက်တတ်သည်။ သို့ရာတွင် ခုချိန်လောက်ဆို အလတ်မသည် မြို့ပေါ်ရှိ မွန်းကျပ်နေသော တိုက်ခန်းကျဉ်းကလေးထဲမှ ဂျနက်တစ်ပေါင်မုန့်၊ ဓာတုဗေဒထောပတ်နှင့် အသားတုတို့ကို ကြိတ်မှိတ်မျိုချနေရရှာပေလိမ့်မည်။
    သိပ်မိုက်တဲ့ကလေးမပဲဟု စိတ်မကောင်းစွာတွေးရင်း သက်ပြင်းတစ်ချက်ချမိသည်။

            * * * * *

မြေနေရာတွေ ရှားပါးလာသည်။ မြေဈေးတွေက ခေါင်ခိုက်နေသည်။ အလွန်အမင်းချမ်းသာကြွယ်ဝသူတွေသာ ခြံနှင့်ဝင်းနှင့်နေနိုင်သည်။ အထူးသဖြင့် ကျေးလက်ဒေသရှိရွာတွေမှာ နေခွင့်ရဖို့ဆိုတာ သာမန်လူများအတွက် အိပ်မက်တောင်မမက်နိုင်။
    လူလတ်တန်းစားများ၊ ၀န်ထမ်းများ၊ အခြေခံလူတန်းစားများသည် မြို့ပေါ်ရှိအထပ်ပေါင်းများစွာမြင့်သော တိုက်ခန်းများမှာ နေကြသည်။ လက်လုပ်လက်စားဆင်းရဲသားတွေကတော့ မြေအောက်ထပ်အခန်းများမှာ နေကြရ၏။
    မြေနေရာအခက်အခဲကြောင့် မြို့ပေါ်မှာ အဆောက်အအုံဆောက်လျှင် အနည်းဆုံး အထပ်ငါးဆယ်ရှိရမည်။ တိုက်ကြီးတွေက မိုးထိုးနေသဖြင့် လမ်းပေါ်မှာသွားလာနေသောသူတို့မှာ မွန်းတည့်ချိန်ဝန်းကျင်လောက်မှာသာ နေရောင်ကိုမြင်ရသည်။
    လူတွေအဖို့ မြေကွက်လပ်မကျန်ဆောက်လုပ်ထားရသောကြောင့် သစ်ပင်တွေအတွက်တောင် နေရာမရှိတော့။ လူတွေက ပြွတ်သိပ်ကျပ်ညပ်နေသည်။ အသက်ရှူထုတ်လိုက်သော ကာဘွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေကိုစုပ်ယူပြီး အောက်ဆီဂျင်နှင့် ဖလှယ်ပေးမည့် သစ်ပင်တွေကမရှိတော့။ လေထုထဲတွင် ကာဘွန်ဒိုင်အောက်ဆိုဒ်ပါဝင်နှုန်း အလွန်မြင့်မားလာသည်။
    ထို့ကြောင့် အောက်ဆီဂျင်ထုတ်လွှတ်ပေးသောစက်တွေကို နေရာအနှံ့အပြားမှာ တပ်ဆင်ထားရသည်။ ဒါတောင် လုံလောက်မှုမရှိ။ သူတို့သည် ထိုစက်တွေနားရောက်မှ အသက်ဝအောင် အလုအယက်ရှူနေကြရသည်။ မြေအောက်ထပ်တွေမှာ နေကြရသော ဆင်းရဲသားတွေဆိုလျှင် အောက်ဆီဂျင်ချို့တဲ့သောရောဂါကြောင့် အသားအရေ ပြာနှမ်းနှမ်းဖြစ်နေကြရှာသည်။ အားလပ်ရက်တွေကျမှ မြို့ပြင်ထွက်ပြီး လေကို တ၀ကြီးရှူကြရ၏။
    ငွေကြေးကြွယ်ဝသူတွေကတော့ မြို့နှင့်ဝေးရာမှာ သွားနေကြသည်။ မြို့ကြီးနှင့်ဝေးလေ မြေဈေးက ကြီးလေပင်ဖြစ်၏။
    ဦးဆင်ပေါက်တို့နေသောရွာသည် မြို့နှင့် ကီလိုမီတာငါးဆယ်လောက်ဝေးသည်။ ဒီနေရာမျိုးမှာ နေခွင့်ရဖို့မလွယ်။ ငွေရှိရုံနှင့်လည်းမရ။ ဂုဏ်သရေရှိလူကြီးလူကောင်းဖြစ်ဖို့လည်း လိုသေးသည်။
    ဒီရွာမှာက အိမ်တိုင်းလိုလို ခြံနှင့် ၀င်းနှင့်ဖြစ်၏။ သစ်ပင်တွေက အုံ့အုံ့ဆိုင်းဆိုင်း၊ ကြည်လင်သောကောင်းကင်ပြာကို မြင်နိုင်သည်။ နေရောင်ခြည်ကို ကောင်းစွာမြင်ရသည်။ လေထုက အနံ့အသက်ကင်းစင်ပြီး သန့်ရှင်းလတ်ဆန်နေသည်။
    ဒီထဲကမှ ဦးဆင်ပေါက်တို့အိမ်သည် ထိပ်တန်းအဆင့်ထဲမှာပါသည်။ သဘာဝကျွန်းတိုင်လုံးကြီးများနှင့် ဆောက်ထားခြင်းဖြစ်၏။ အကာက ကျွန်းတိုင်လုံးကြီးများနှင့်ဆောက်ထားခြင်းဖြစ်၏။ အကာက ပေပျဉ်ကြီးတွေ၊ အမိုးကလည်း ပျဉ်အုပ်ကြွပ်တွေကိုသာ အသုံးပြုထားသည်။ ရေနံဝနေအောင်သုတ်ထားသဖြင့် မည်းနက်ညို့မှိုင်းနေသည်။ တကယ့်သဘာဝပစ္စည်းတွေချည်း အသုံးပြုထားခြင်း ဖြစ်၏။ ကျွန်းတိုင်လုံးတစ်လုံး၏တန်ဖိုးကပဲ ကာလပေါက်ဈေး "ဂလိုဘယ်ငွေ"တစ်သောင်းလောက်တန်သည်။
    တော်ရုံလူမဆိုထားနဲ့ သူတို့လူကုံထံအချင်းချင်းတောင် အားကျမက်မောရသောအိမ်ကြီးဖြစ်၏။ နိုင်ငံခြားကလာသော ကမ္ဘာလှည့်ခရီးသည်တွေကလည်း သူတို့အိမ်ကို တကူးတကန့်လာကြည့်ပြီး လေ့လာကြသည်။ ကျွန်းတိုင်လုံးကြီးများကို တအံ့တသြ ပွတ်သပ်ကြည့်ကြပြီးနောက် "ဒါကအိမ်မဟုတ်ဘူး၊ နန်းတော်ကြီးပဲ"ဟု ဆိုကြသည်။ ရုပ်မြင်သံကြားမှ နေရှင်နယ်ဂျော်ဂရပ်ဖစ်ချယ်နယ် ကတောင် ဒီအိမ်ကြီးအကြောင်း ထုတ်လွှင့်ပြသခဲ့သေးသည်။
    ခုလို ချမ်းသာကြွယ်ဝပြီး ဂုဏ်သရေရှိလူကြီးလူကောင်းဖြစ်နေခြင်းကပင် ဦးဆင်ပေါက်တို့အတွက် စိုးရိမ်ပူပန်စရာကိစ္စတွေ ပေါ်ပေါက်လာခြင်းဖြစ်၏။ သူခိုးဓားပြရန်ကို ကြောက်ရခြင်းမဟုတ်။ အခိုးခံရတာ၊ အတိုက်ခံရတာက တစ်ခါပါသွားပြီးလျှင်ပြီးပြီ။ ခုဟာကတော့ တစ်သက်လုံး ဆုံးရှုံးရမည့်အန္တရာယ်ဖြစ်၏။
    တခြားမဟုတ်၊ သားသမီးများ၏အိမ်ထောင်ရေးကိစ္စပင်ဖြစ်လေ၏။

            * * * * *

    သူ့မှာ သားသမီးသုံးယောက်ရှိ၏။ သားကြီးကတော့ သိတတ် လိမ္မာသည်ဟု ဆိုရမည်။ စာလည်းတော်သည်။ ဆယ်တန်းကို ဂုဏ်ထူးဆယ်ဘာသာဖြင့်အောင်သည်။ (စုစုပေါင်း ဆယ့်နှစ်ဘာသာရှိ၏)။ အမှတ်တွေကလည်း အလွန်ကောင်းသည်။
    ထို့ကြောင့် စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးတက္ကသိုလ်၊ အဏ္ဏ၀ါတက္ကသိုလ် စသောထိပ်တန်းအဆင့်တက္ကသိုလ်ကြီးတွေ တက်ခွင့်ရဖို့ အဆင့်မီသည်။ အမှတ်နည်းနည်းလေးဖြင့် အောင်ရုံလောက်သာအောင်တဲ့လူတွေကတော့ ဆေးတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် စသောသာမန်အဆင့်တက္ကသိုလ်တွေကိုသာ တက်ခွင့်ရကြသည်။ ထိုတက္ကသိုလ်များမှာ သိပ်အသုံးမ၀င်တော့သော ဘာသာရပ်များဖြစ်သဖြင့် ကောလိပ်အဆင့်သို့ လျှော့ချလိမ့်မည်ဟု သတင်းကြားရသည်။)
    သားကြီးက မိဘလုပ်ငန်းနှင့်သက်ဆိုင်သော အဏ္ဏ၀ါတက္ကသိုလ်တက်သည်။ မစ္ဆဗေဒအထူးပြုဘာသာရပ်ဖြင့် မဟာသိပ္ပံဘွဲ့ကို ရရှိခဲ့သည်။ ထို့နောက် မိဘလက်ငုတ်ဖြစ်သော ငါးဖမ်းလုပ်ငန်းကို ၀င်လုပ်သည်။ သူ၏ကြိုးစားမှုကြောင့် လုပ်ငန်းမှာ ဆထက်ထမ်းပိုး အောင်မြင်ကြီးပွားလာခဲ့ခြင်းဖြစ်၏။
    အိမ်ထောင်ပြုတော့လည်း ဂုဏ်သရေရှိလယ်သမားကြီးတစ်ဦး၏သမီးနှင့် လက်ထပ်ခဲ့သည်။ မင်္ဂလာဆောင်တွင် ယောက္ခမများက သစ်ဆိမ့်ပင် ဧကငါးဆယ်နှင့် မက္ကဒေးမီးယားဧကငါးဆယ် လက်ဖွဲ့ခဲ့သည်။ မြေဆယ်ဧကလောက်ပိုင်ရင်ပဲ လူချမ်းသာ စာရင်းဝင်နေတဲ့အချိန်မှာ ဒီမြေတွေ အများကြီးလက်ဖွဲ့နိုင်တယ်ဆိုကတည်းက ချမ်းသာကြွယ်ဝမှုအတိုင်းအတာကို ခန့်မှန်းလို့ရနေပြီ။

            * * * * *

    သားကြီးအတွက် ကျေနပ်အားရနေဆဲမှာပင် သမီးအလတ်မက မိဘရင်ကျိုးအောင် စုံကန်ပြီး ထွက်သွားလေသည်။ မဖြစ်သင့်တာ မဖြစ်ရလေအောင် ကြပ်ကြပ်မတ်မတ် ထိန်းသိမ်းနေတဲ့ကြားက သူ့သဘောနှင့်သူ အမိုက်ဇာတ်ခင်းသွားခြင်းဖြစ်၏။
    ကန်စွန်းခင်းအမြောက်အမြားပိုင်ဆိုင်သော သူ့မိတ်ဆွေလူကုံထံတစ်ယောက်၏သားနှင့် လက်ထပ်ပေးရန် စီစဉ်နေဆဲ အချိန်မှာပင် အလတ်မသည် ကွန်ပျူတာပရိုဂရမ်မာလေးတစ်ယောက်နှင့် ခိုးရာလိုက်ပြေးသွားသည်။
    မိဘတွေရဲ့အထက်တန်းလွှာတံငါသည်မျိုးရိုးဂုဏ်သိက္ခာကိုမှမထောက်ထားဘဲ ဘာမဟုတ်တဲ့ ကွန်ပျူတာစာရေးကလေးကိုမှ ယူရကောင်းလားဆိုပြီး အမေလုပ်တဲ့သူက အမွေပြတ်ကြေညာစွန့်လွှတ်ထားခဲ့သည်။
    ဦးဆင်ပေါက်ကတော့ နည်းနည်းပျော့ပျောင်းချင်သည်။ စားကောင်းသောက်ဖွယ်များ စားရသောအခါ သမီးလတ်ကို သတိရမိ၏။ တစ်ခါတစ်ရံကျလျှင် သူတို့ရွာဘက်သို့ မြို့ကတက်လာသော ပျံကျကွန်ပျူတာသမားတစ်ယောက်တစ်လေ ရောက်ရှိလာတတ်သည်။ ပစ္စည်း ကိရိယာတွေထည့်ထားသောအိတ်ကြီးကို လက်ကဆွဲ၊ နေပူကျဲကျဲမှာ ချွေးသံတရွှဲရွှဲလျှောက်သွားရင်း
    "ကွန်ပျူတာတွေပြင်တယ်၊ ဟဒ်ဝဲတွေ အပ်ဂရိတ်လုပ်ပေးတယ်၊ နောက်ဆုံးပေါ် ဆော့ဖ်ဝဲတွေ တင်ပေးတယ်"ဟု အော်သွားသော အသံကို ကြားရတဲ့အခါတိုင်း မြို့ပေါ်မှာ ဆင်းဆင်းရဲရဲ ချို့ချို့တဲ့တဲ့နေရရှာသောသမီးလတ်ကို မြင်ယောင်ပြီး စိတ်မကောင်းဖြစ်ရ၏။
    သူ့ဆန္ဒအရဆိုလျှင်တော့ အမေလုပ်တဲ့လူကို ဖျောင်းဖျပြောဆိုပြီး ပြန်ခေါ်ထားချင်သည်။ သို့ရာတွင် အဘွားကြီးက အတော် စိတ်နာနေသည်။ တစ်လောက လာကန်တော့ကြတာကိုတောင် ထွက်အတွေ့မခံဘဲနေသည်။
    ကောင်လေးကိုလည်း ကြီးပွားတိုးတက်စရာလမ်းမမြင်သော ကွန်ပျူတာအလုပ်ကထွက်ပြီး သူတို့ငါးလုပ်ငန်းထဲက သင့်တော်ရာ နေရာမှာ အလုပ်ပေးထားရကောင်းမလား စဉ်းစားခဲ့ဖူးသည်။ သို့ရာတွင် ဖြစ်နိုင်မှာမဟုတ်။
    ကောင်လေးရဲ့ပုံက မြို့ကျလွန်းသည်။ နေရောင်ခြည်ဓာတ်ချို့တဲ့သဖြင့် အသားအရေက ဖြူဖပ်ဖြူရော်ဖြစ်နေ၏။ ကွန်ပျူတာရှေ့ မှာပဲ နာရီပေါင်းများစွာထိုင်လုပ်နေရသောကြောင့် အညောင်းမိပြီး ပိန်ညောင်ညောင်ကုပ်ချိချိဖြစ်နေ၏။ မျက်စိအမြင်အာရုံ ထိခိုက်သောကြောင့် မျက်ကြည်လွှာအတု တပ်ထားရတာကလည်း သိသာသည်။ ဘယ်နေရာမှာမှ သုံးစားလို့ရမည့်ပုံမပေါ်။
    သင်းတို့ထိုက်နဲ့သင်းတို့ကံပဲ၊ ကလေးရလာတဲ့အခါကျလျှင်တော့ အိမ်ကအဘွားကြီး စိတ်ပြေသွားပါစေဟု မျှော်လင့် ဆုတောင်းဖို့သာရှိတော့သည်။

            * * * * *

    ခုလောလောဆယ်မှာ စိုးရိမ်ပူပန်နေရတာကတေ့ သမီးအငယ်ဆုံးလေးအတွက်ဖြစ်၏။ အငယ်ဆုံးဆိုတော့ အားလုံးက အလိုလိုက်ထားကြသည်။ အမေလုပ်သူရဲ့အသည်းကျော်လည်းဖြစ်၏။ နွဲ့ဆိုးဆိုးတတ်သလို ခေါင်းကျောလည်းမာသည်။ သူ့အစ်မကိစ္စတုန်းကလည်း "ကိုယ်ချစ်တဲ့လူနဲ့ လက်ထပ်ခွင့်ရဖို့က အရေးအကြီးဆုံးပဲ"ဟု ပြောပြီး ဟိုဘက်ကို ထောက်ခံချင်ခဲ့သူဖြစ်၏။
    ဆယ်တန်းအောင်တော့ သူတို့လုပ်ငန်းနှင့် ဘယ်လိုမှမပတ်သက်သော ဘာသာဗေဒတက္ကသိုလ် သွားတက်သည်။ ပျူဘာသာ အထူးပြုယူသည်။ ပျူစကားတတ်တော့ ဘယ်နေရာမှာသွားသုံးမလဲ။ စကားပြန်လုပ်ရအောင် ပျူလုပ်ငန်းရှင်တို့၊ ပျူတိုးရစ်တို့ဆိုတာမျိုး ရှိတာလည်းမဟုတ်။ ခုခေတ်ကလေးတွေဟာ စိတ်ကူးတည့်ရာလုပ်နေကြတာပဲလားမသိ။ ဘာပဲဖြစ်ဖြစ် အလိုလိုက်လက်စနဲ့ သူ လုပ်ချင်တာလုပ်ခွင့်ပေးထားရသည်။
    "ထားတော့၊ ဒါတွေက သိပ်အရေးမကြီး။ သမီးငယ်ကို အလုပ်ထဲမှာခိုင်းဖို့ ရည်ရွယ်ချက်လည်းမရှိ။ စိတ်ပူရတာက သမီးလတ်၏ လမ်းစဉ်လိုက်သွားမှာကိုသာဖြစ်၏။ ယုံရတာမဟုတ်။ မတော်တဆ အင်ဂျင်နီယာတို့၊ ဆရာဝန်တို့လိုလူမျိုးနဲ့ဖြစ်သွားခဲ့လျှင် သူ့အမေ ရင်ကျိုးရလိမ့်မည်။
    ခုချိန်မှာ အင်ဂျင်နီယာဆိုတာ သိပ်အရေးမပါလှတော့။ အဆောက်အအုံတစ်ခု ဆောက်ချင်လျှင် ကိုယ်ကြိုက်တဲ့ပုံစံပြော၊ ဒါမှမဟုတ် ကတ်တလောက်ထဲကလိုချင်တဲ့ပုံကို ရွေးလိုက်ရုံသာဖြစ်၏။ ဆောက်လုပ်ရေးကုမ္ပဏီက အသင့်ပြုလုပ်ထားသော အစိတ်အပိုင်းများကို သယ်ယူလာပြီး ဆယ့်ငါးရက်အတွင်း အပြီးတည်ဆောက်ပေးနိုင်သည်။ အင်ဂျင်နီယာဆိုတာက အစိတ်အပိုင်းတွေကို သူ့နေရာနှင့်သူ အမှတ်စဉ်အတိုင်း တပ်ဆင်ပေးရုံသာဖြစ်၏။ တချို့ကုမ္ပဏီတွေဆိုလျှင် အင်ဂျင်နီယာတောင် မငှားတော့။ ရိုဘော့ စက်ရုပ်တွေနဲ့သာလုပ်ကိုင်ကြတော့သည်။ ထို့ကြောင့် အင်ဂျင်နီယာတွေအတွက် အလုပ်အကိုင်ရှားပါးလာသည်။ သူတို့ထက်စာလျှင် လက်သမားပညာဒီပလိုမာဘွဲ့ရသူတွေကမှ အလုပ်ဖြစ်သေးသည်။
    ဆရာဝန်ဆိုတာကလည်း ဒီလိုပဲ။ ခုချိန်မှာ သိပ်မစားသာတော့။ ကျန်းမာရေးကိစ္စအတွက် ဆရာဝန်ကို အားကိုးနေစရာမလို။ ဓာတ်မှန်ကားတွေလာတဲ့အခါ စစ်ဆေးကြည့်နိုင်သည်။ ဒါမှမဟုတ် ကျန်းမာရေးစင်တာတွေကို သွားလို့ရသည်။ ခေတ်မီစက်ကိရိယာများဖြင့် အလိုအလျောုက်စမ်းသပ်ကုသပေးနိုင်သည်။ ဆေးဝါးတွေကလည်း အလွန်အစွမ်းထက်လာသဖြင့် တော်ရုံရောဂါဆိုလျှင် ဆေးတစ်လုံး သောက်ရုံနှင့်ပျောက်သည်။
    ငွေကြေးသိပ်မတတ်နိုင်သော ဆင်းရဲသားတွေလောက်သာ ဆရာဝန်ဆီ သွားပြီးကုသကြသည်။ ထို့ကြောင့် ဆရာဝန်အလုပ်မှာ ၀င်ငွေသိပ်မကောင်းလှဘဲ ရရစားစားဖြစ်နေ၏။ ဆရာဝန်ပေါက်စလေးတွေဆိုလျှင် ဆေးအိတ်ကိုဆွဲပြီး ခြေတိုအောင် လူနာလိုက်ရှာရသည်။ အိမ်ပေါက်စေ့ တံခါးလိုက်ခေါက်ရင်း
    "အန်တီ၊ သွေးပေါင်ချိန်ဦးမလားခင်ဗျာ။ ဟိုအန်ကယ်ကြီးကြည့်ရတာ အားနည်းနေတယ်ထင်တယ်။ အိုင်ဗီလေး တစ်ချောင်းလောက် သွင်းလိုက်ပါလား။ ပုလင်းကြီးချိတ်မယ်ဆိုရင်တော့ ဗိုက်ယာဂရာဆေးတစ်လုံး လက်ဆောင်ပေးပါတယ်။ ပုလင်းကြီး ချိတ်မယ်ဆိုရင်တော့ ဗိုက်ယာဂရာဆေးတစ်လုံး လက်ဆောင်ပေးပါတယ်"
    ဆိုပြီး စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေကြရရှာသည်။ ဒီကြားထဲမှာ အော်ငေါက်လွှတ်တတ်ကြသေးသည်။ တချို့ တိုက်ခန်းတွေကတော့ "ဆရာဝန်နှင့်အလှူခံမ၀င်ရ"ဆိုသော ဆိုင်းဘုတ်ကို လှေကားရင်းမှာ ချိတ်ဆွဲထားကြသည်။
    ထိုကိစ္စတွေကို သိနေ၊ ကြားနေရသောကြောင့်လည်း ဦးဆင်ပေါက်တို့ဇနီးမောင်နှံမှာ သမီးအတွက် စိုးရိမ်ပူပန်ပြီး ညအိပ်မပျော်နိုင် ဖြစ်နေရခြင်းပါပဲ။

            * * * * *

    သမီးငယ်က ဖုန်းဆက်အကြောင်းကြားထားသည်။ အိမ်ကို ဧည့်သည်တစ်ယောက်ခေါ်လာမည်။ အဖေတို့အမေတို့နှင့် တွေ့ဆုံ မိတ်ဆက်ပေးချင်လို့ဟု ဆိုသည်။ သူ့ချစ်သူကို မိဘတွေဆီ လာပြခြင်းဖြစ်ကြောင်း ခန့်မှန်းလို့ရသည်။
    ထို့ကြောင့် လူကြီးနှစ်ယောက်မှာ စိတ်လှုပ်ရှားနေကြသည်။ အမေကြီးဆိုလျှင် အငြိမ်မနေနိုင်ဘဲ အိမ်ရှေ့ထွက်မျှော်လိုက်၊ အိပ်ခန်းထဲဝင်လိုက်၊ ဧည့်ခန်းမှာ ခေါက်တုံ့ခေါက်ပြန်လျှောက်လိုက်ဖြစ်နေ၏။ ဦးဆင်ပေါက်ပင်လျှင် နာရီကိုမကြာခဏ လှမ်းကြည့်မိ၏။ နောက်ဆုံးတော့ အမေကြီးလည်းမောလာပြီး ဧည့်ခန်းက ကြိမ်ပက်လက်ကုလားထိုင်ကြီးပေါ် ထိုင်နားလိုက်ရသည်။
    ထိုစဉ်မှာပင် ကြိုးကြာငှက်မြည်သံကဲ့သို့ ကြားလိုက်ရသည်။ လျှပ်စစ်ကားဟွန်းသံပင်ဖြစ်၏။
    "ဟော"
    အမေကြီး ထရပ်မည်ပြုသည်။ ဦးဆင်ပေါက်က လက်ကာပြပြီး တားလိုက်၏။ ဧည့်သည်က ဘယ်လိုလူမှန်းမသိသေးဘဲနဲ့ ကိုယ့်ဘက်က သိပ်ပျူငှာပြဖို့မသင့်ဟု သတိပေးလိုက်ခြင်းဖြစ်၏။
    "အဖေ၊ အမေ"
    သမီးငယ်က အော်ခေါ်ရင်းဝင်လာသည်။ ဧည့်ခန်းဝမှာ ခဏရပ်ပြီး နောက်ကိုလှည့်ကြည့်ရင်း
    "လာလေ"ဟု ပြောသည်။
    လူငယ်တစ်ယောက် နောက်မှလိုက်ဝင်လာသည်။ အသားညိုညို၊ အရပ်အမောင်းကောင်းကောင်း၊ တောင့်တင်းသန်မာသော ကိုယ်ခန္ဓာရှိသည်။ ဥပဓိရုပ်ကတော့ မဆိုးဟု ဦးဆင်ပေါက်စိတ်ထဲမှ မှတ်ချက်ချလိုက်သည်။
    ကုလားထိုင်များမှာထိုင်မိကြပြီးနောက် ထပ်ပြီးအကဲခတ်ကြည့်လိုက်ပြန်သည်။ ကောင်လေးရဲ့မျက်နှာကို ရင်းရင်းနှီးနှီး သိနေသည်ဟု ထင်မိ၏။ တစ်နေရာရာမှာ တွေ့ဖူးခဲ့တာလား၊ အသိမိတ်ဆွေတစ်ယောက်ယောက်နဲ့တူနေတာလား မအောင့်နိုင်တော့သဖြင့် ဖွင့်မေးလိုက်သည်။
    "နေစမ်းပါဦးကွ၊ မင်းကို ငါ ရင်းရင်းနှီးနှီးသိနေသလိုပဲ၊ ဘယ်မှာမြင်ဖူးတာလဲမသိဘူး"
    သမီးငယ်က ရယ်လိုက်ပြီး
    "ရုပ်မြင်သံကြားထဲမှာ ခဏခဏမြင်ဖူးနေတာလေ"
    "ဟေ..ဘယ်လိုကွယ့်"
    "သူက နာမည်ကျော်ဘောလုံးသမားလေ"
    ကောင်လေးကပါ ၀င်၍ သူ့ကိုယ်သူ မိတ်ဆက်သည်။
    "ကျွန်တော် တိုးလှိုင်ဝင်းပါခင်ဗျာ"
    ဒီတော့မှ ဦးဆင်ပေါက်သည် သူ့ပေါင်ကို ဖြန်းခနဲရိုက်လိုက်ပြီး
    "ဟာ..ဟုတ်တာပေါ့၊ ကြည့်စမ်း ငါ့တူက အပြင်မှာ ပိုပြီးတော့တောင် ကြည့်ကောင်းနေသေးတယ်"
    တိုးလှိုင်ဝင်းက ရှက်ပြုံးပြုံးသည်။ ဦးဆင်ပေါက်က အားတက်သရောဟန်ဖြင့် ဆက်ပြောနေသည်။
    "အေးကွာ..ပြီးခဲ့တဲ့စနေနေ့ကပွဲမှာ မင်းကန်သွင်းလိုက်တဲ့ ဖရီးကစ်ကတော့ မျက်စိထဲကကို မထွက်နိုင်အောင်ပါပဲ။ ဒါနဲ့ မင်းကလပ်အသင်းက စာချုပ်သက်တမ်းတိုးဖို့ကိစ္စကကော ဘယ်လိုအခြေအနေရှိလဲ"
    "ဟုတ်ကဲ့၊ ကျွန်တော်က လစာတိုးတောင်းထားတာကို အုပ်ချုပ်ရေးမှူးအဖွဲ့က သဘောတူတယ်ဆိုရင်တော့ အဆင်ပြေမှာပါ"
    "သဘောတူမှာပါကွာ၊ သူတို့မင်းကို လက်မလွှတ်နိုင်ပါဘူး"
    အမေကြီးက ဘုမသိ ဘမသိဝင်ပြီး ခေါင်းညိတ်သည်။
    "အေးကွာ..ဦးတို့ကိုလည်း ဆွေမျိုးရင်းချာလို သဘောထားပြီး ဆက်ဆံဝင်ထွက်နိုင်ပါတယ်"
    ဦးဆင်ပေါက်က အမေကြီးဘက်လှည့်ကြည့်ပြီး တစ်စုံတစ်ခုဝင်ပြောဖို့ အရိပ်အကဲပြသည်။ အမေကြီးက
    "အေးကွယ် ရောက်တုန်းရောက်ခိုက် ညနေစာထမင်းစာပြီးမှ ပြန်ပေါ့၊ အတော်ပဲဟေ့၊ မနက်ကပဲ မင်းတို့အစ်ကိုကြီးက အိတ်စပို့ ကွာလတီငါးပိရည်စစ်စစ်တစ်အိုး ပို့လိုက်သေးတယ်။ ငါ့တူတော့ စားရကံကြုံတာပဲ"
    သမီးငယ်၏မျက်နှာသည် ၀မ်းသာမှုအရှိန်ကြောင့် ၀င်းလက်တောက်ပသွားသည်။ အခုလို ငါးပိရည်စစ်စစ်ဖြင့် ကျွေးမွေး ဧည့်ခံတယ်ဆိုကတည်းက တိုးလှိုင်ဝင်းကို ဂုဏ်သရေရှိ အထူးဧည့်သည်တော်အဖြစ် လက်ခံအသိအမှတ်ပြုလိုက်ပြီဖြစ်ကြောင်း ထင်ရှားနေပြီမဟုတ်လား။

            * * * * *

        (ဤ၀တ္ထု၏ခေါင်းစဉ်မှာ သီချင်းဟောင်းတစ်ပုဒ်၏စာသားထဲမှ ထုတ်နုတ်သုံးစွဲထားခြင်းဖြစ်ပါသည်။)

မင်းလူ
(စရဏမဂ္ဂဇင်း၊ ၂၀၀၆၊ ဇန်န၀ါရီ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...