Friday, September 21, 2012

ပထမဆုံးသော မြန်မာလူမျိုး အနောက်တိုင်း ဆရာဝန် ဒေါက်တာ ရှောလူ (၁၈၃၉-၁၉၂၉)

ဒါက်တာရှောလူသည် ၁၈၆၄ခုနှစ် အမေရိကန်ပြည် ဘက်နယ်လ်တက္ကသိုလ် (Bucknell University) တွင် စတင်ပညာသင်ကြားခဲ့သော ပထမဆုံးသော အမေရိကန်ရောက် မြန်မာလူမျိုး ဆေးကျောင်းသား တစ်ဦးဖြစ်သည်။ သူသည် ၁၈၅၈ ခုနှစ်တွင် အမေရိကန် ပင်ဆယ်ဗေးနီးယားပြည်နယ် (Pennsylvania)သို့ ရောက်ရှိခဲ့သည်။


ဒေါက်တာရှောလူကို ၁၈၃၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် မော်လမြိုင်မြို့တွင် ဖွားမြင်ခဲ့သည်။ အဖ ဦးရွှေသက်၊ အမိ ဒေါ်ဖွားလှတို့၏ သားအကြီးဆုံး ဖြစ်သည်။ ခရစ်ယာန်ဘာသာဝင် မွန်လူမျိုး ဖြစ်သည်။ မော်လမြိုင်တွင် ခရစ်ယာန် သာသနာပြု ဒေါက်တာ ဂျဒ်ဆင်(Adoniram Judson)နှင့် အိမ်နီးချင်း ဖြစ်သည်။ ဒေါက်တာရှောလူ၏ ဆရာဝန်မဖြစ်မှီ ငယ်စဉ်ဘဝများကား ကြမ်းတမ်းလှပေသည်။ သူသည် ငယ်စဉ်က ပညာ သင်ကြားရေးကို စိတ်အားထက်သန်သည်။
၏ဖခင် ဦးရွှေသက်မှာ အထူးဆုရထားသော အင်္ဂလိပ်အရာရှိများကို မြန်မာစာပြသူ ဖြစ်သူဖြစ်သည်။ သို့သော် ဦးရွှေသက်၏ အရက်အလွန်အကျွံသောက်ခြင်းကြောင့် ၁၈၅၄ ခုနှစ်တွင် ဒေါ်ဖွားလှနှင့် လမ်းခွဲခဲ့ကြလေသည်။ မိဘများ၏ အိမ်ထောင်ရေးဂယက်ကြောင့် ရှောလူလေးကို အမျိုးများက တာဝန်ယူ စောင့်ရှောက်ကြရပေသည်။ 

၁၈၅၆ ခုနှစ်၊ ရှောလူ အသက် ၁၅ နှစ် အရွယ်တွင် အိမ်မှစွန်စား၍ ထွက်ပြေးကာ အိန္ဒိယနိုင်ငံ ကာလကတ္တား၌ သွားရောက်ပညာသင်သည်။ သုံးနှစ်ခန့်အကြာတွင် အိန္ဒိယတပ်တွင် စစ်ဘာရီ (Sepoy Mutiny) ပုန်ကန်မှုကြီး ပေါ်ပေါက်လာရာ အိန္ဒိယ၌ ဆက်လက် ပညာသင်ရန် အခက်အခဲ ကြုံလာရသည်။ ၁၈၅၇ ခုနှစ်တွင် မြန်မာပြည်သို့ပြန်ပြီး သင်းအုပ်ဆရာ ဦးရွှေအေးမှ နှစ်ခြင်းပေးကာ ရိုင်ယာလိက် Royal Lakes (ယခု ကန်တော်ကြီး)တွင် နှစ်ခြင်းခရစ်ယာန်ဘာသာ ခံယူခဲ့သည်။
၁၈၅၈ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုသို့ ပြန်မည့် မြန်မာနိုင်ငံ သုံးဆယ်မြို့တွင် ခရစ်ယာန် သာသနာပြု ဆရာမကြီး မစ္စမာရီယာအင်ဂေါ (Mrs. Marilla Ingalls)နှင့် တွေ့ဆုံခဲ့ပြီး ဆရာမကြီး၏ ကူညီမှုဖြင့် အမေရိကန်သို့ ပညာသင် လိုက်ပါခဲ့သည်။ ဆရာမကြီးမှာ အားလပ်ရက်တွင် အမေရိကန်သို့ ခေတ္တပြန်ခြင်းဖြစ်ရာ မောင်ရှောလူးက တွေ့ဆုံပြီး အကျိုးအကြောင်း ပြောပြခဲ့သည်။ ပညာလိုလားသူ မောင်ရှောလူး အကြောင်းကို ဆရာမကြီးက သင်္ဘောကပ္ပတိန်အား တစ်ဆင့် ပြောပြပေးသည်။ လမ်းခရီးတွင် သင်္ဘောခအတွက် သင်္ဘောစားသောက်ခန်း စားပွဲထိုးအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ရသည်။ 

၁၈၅၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် နယူးယောက်မြို့သို့ ရောက်ရှိပြီး ထိုအချိန်က နယူးယောက်တွင် လူဦးရေ တစ်သန်းကျော် သာရှိသည်။ နယူးယောက်မှ ကုန်သည်တဦး၏ အထောက်အပံ့ဖြင့် ပင်ဆယ်ဗေးနီးယားပြည်နယ် (Pennsylvania) လူဝီစဗတ် တက္ကသိုလ် (Lewisburg University) ၌ (၁၈၈၆မှစ၍ ဘက်နယ်လ်တက္ကသိုလ် (Bucknell University) အဖြစ် အမည်ပြောင်းလဲသည်။) ၁၈၅၉ ခုနှစ်တွင် ပညာသင်ခွင့် ရခဲ့သည်။ ပညာသင်ကြားရင်း အားလပ်ချိန်များတွင် အလုပ်မျိုးစုံလုပ်ခဲ့ရသည်။ အယူအဆဆိုင်ရာ ပါမောက္ခကြီး ဒေါက်တာသောလ်မတ် အက်ဖ် ကာတစ် (Dr. Thomas F. Curtis) ၏အိမ်တွင် တစ်နာရီ ဆယ်ဆင့်ဖြင့် အလုပ်လုပ်ကိုင်ရင်း တဖက်တလမ်းမှ ဝင်ငွေရယူခဲ့သည်။ ကျောင်းပိတ်ရက်များတွင် အခြားမြို့ကြီးများသို့ သွားရောက်ကာ မြန်မာ့ဓလေ့နှင့် မြန်မာလူမျိုးများအကြောင်း ဟောပြောခြင်းဖြင့် ဝင်ငွေရှာသည်။မောင်ရှောလူသည် လူဝီစဗတ်မှ ဟောပြောပွဲများတွင်လည်း မြန်မာယဉ်ကျေးမှု ဓလေ့စရိုက်များကို လူဝီစဗတ် ပရိသတ်များနှင့် ရင်းနှီးကျွမ်းဝင်မှု ရှိအောင်လည်း ဟောပြောနိုင်ခဲ့သူဖြစ်သည်။
မာင်ရှောလူသည် ၁၈၆၄ ခုနှစ်တွင် လူဝီစဗတ် တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရခဲ့သည်။ ဝိဇ္ဇာဘွဲ့အတွက် ဂရိ၊ လက်တင်ဘာသာ စကားများ၊ သင်္ချာ၊ သဘာဝ သိပ္ပံ၊ နက္ခတ္တဗေဒ၊ ဓာတုဗေဒ၊ နိုင်ငံရေး၊ ဘောဂဗေဒ၊ ဖီလိုဆိုဖီ၊ စိတ်ပညာနှင့် အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေတို့ကို သင်ယူခဲ့သည်။ ထိုအချိန်က အမေရိကန်တွင် ပြည်တွင်းစစ် ဖြစ်ပွားဆဲ ဖြစ်သည်။

ဘီအေဘွဲ့ရပြီးနောက် မောင်ရှောလူသည် အိုဟိုင်းယိုးပြည်နယ် ကလိဗ်လင်း (Cleveland) ရှိ  ချို့တဲ့သူများဆေးကောလိပ် (Charity Hospital Medical College) ၌ ဆေးပညာ ဆက်လက် ဆည်းပူးသည်။ ကလေးဘဝက မော်လမြိုင်တွင် ဒေါက်တာ ဂျဒ်ဆင်အား ဆေးကုသပေးမည့် ဆရာဝန် မရှိ၍ အမေရိကန်သို့ သင်္ဘောဖြင့် ပြန်သွားရသည့် ဒေါက်တာ ဂျဒ်ဆင်၏ အဖြစ်ကို ကြုံတွေ့ခဲ့ရသည့် အချိန်မှစ၍ မောင်ရှောလူသည် ဆရာဝန် ဖြစ်ရန် ရည်မှန်းခဲ့သည်။ ၁၈၆၇ ခုနှစ်တွင် ဆေးပါရဂူ အမ်ဒီဘွဲ့ရသည်။ ဂုဏ်ထူးဆောင် အမ်အေဘွဲ့လည်း ချီးမြှင့်ခံရသည်။ ဆေးပညာ သင်ကြားမှု ပြီးဆုံးသောအခါ မောင်ရှောလူသည် အမေရိကန် သမ္မတ အင်ဒရူးဂျွန်ဆင်(President Andrew Johnson)ကို သွားရောက် တွေ့ဆုံခွင့်ရခဲ့သည်။ အမေရိကန် သမ္မတ၏ မင်းတုန်းမင်းထံ ပေးအပ်သော သဝဏ်လွှာကို လက်ခံ၍ ၁၈၆၇ ခုနှစ်၊ အောက်တိုဘာလတွင် မြန်မာပြည်သို့ ပြန်ခဲ့သည်။


လမ်းခရီး၌ လန်ဒန်တွင် တစ်လ၊ ပါရီတွင် တစ်ပတ် နားနေ လေ့လာ၍ အေအင်၊ သီဟိုဠ်၊ ကာလကတ္တားမှ တဆင့် မြန်မာပြည်သို့ ပြန်လာခဲ့သည်။ ထိုအချိန်က စူးအက်တူးမြောင်း မဖောက်ရသေးချေ။ ၁၈၆၈ ခုနှစ်၊ ဇွန်လတွင် အမေရိကန်သမ္မတ၏ သဝဏ်လွှာကို မင်းတုန်းမင်းထံ ဆက်သရန် မန္တလေးသို့ ဆန်တက်ခဲ့သည်။ သရက်မြို့အရောက်တွင် မင်းတုန်းမင်း၏ မြနန်းစကြာ ရေယာဉ်နှင့် မန္တလေးသို့ ခရီးဆက်သည်။ မင်းတုန်းမင်းသည် ဒေါက်တာရှောလူကို ကောင်းစွာလက်ခံတွေ့ဆုံသည်။ နန်းတွင်း မြောက်ဥယျာဉ်တော်၌ အဆောင်တခုပေးကာ နန်းတွင်းစားတော်အုပ်ကို နေ့စဉ် ပို့စေသည်။ ရက် ၂ဝ ခန့်ကြာသော် အောက်မြန်မာပြည်ပြန်၍ ကျောင်းဆရာနှင့် ဆရာဝန် လုပ်ငန်းများ ဆောင်ရွက်ခွင့် တောင်းသည်။ မင်းတုန်းမင်းက ခွင့်ပြု၍ ဆုလာဘ်နှင့် ငွေဒင်္ဂါးများကိုလည်း ချီးမြှင့်ခဲ့သည်။

ဒေါက်တာရှောလူသည် ရန်ကုန်တွင် အင်္ဂလိပ်အစိုးရ၏ အားပေးကူညီမှု မရသောကြောင့် မုတ္တမ၌ ကိုယ်ပိုင်ကျောင်းဖွင့်ကာ အသက်မွေးသည်။ ၆ လ အကြာတွင် မော်လမြိုင် အေဘီအမ်ကျောင်း၌ ဆရာ အခက်အခဲတွေ့ရာ ဆရာအဖြစ် ဝင်ရောက်ကူညီခဲ့သည်။ အေဘီအမ်ကျောင်းတွင် ၁ဝ နှစ်ခန့် ဆရာအဖြစ်ဆောင်ရွက်သည်။ 

ထို့နောက် ကျေးဇူးရှင် ဆရာမကြီး မစ္စမာရီယာအင်ဂေါကို ကျေးဇူးတုံပြန်သော အားဖြင့် သုံးဆယ်မြို့ အမေရိကန်သာသနာပြု ဆရာဝန်မကြီး ဒေါက်တာ အယ်လင်မီလ်ချယ်(Dr. Ellen Mitchell)ထံတွင် လက်ထောက်ဆရာဝန်အဖြစ် ၁ဝ နှစ် ထမ်းဆောင်ပြီးနောက် မော်လမြိုင်၌ပင် ကိုယ်ပိုင်ဆေးခန်း ဖွင့်သည်။ ဆင်းရဲနွမ်းပါးသူများကို အခကြေးငွေမယူဘဲ ဆေးကုပေးသည်။ အသက်ကြီးရင့်သည့်တိုင် လူနာရှိရာသို့ ကိုယ်တိုင်လိုက်၍ ဆေးကုသသည်။ တဖက်တွင်လည်း မော်လမြိုင် အစိုးရကျောင်းနှင့် နောင်မန်ကျောင်းတို့တွင် ကျောင်းအုပ်ချုပ်ရေး အဖွဲ့ဝင်အဖြစ် ဆောင်ရွက်သည်။

ဒေါက်တာရှောလူသည် ရန်ကုန်အစိုးရ အထက်တန်းကျောင်း၌ ဆရာအဖြစ် တာဝန် ထမ်းဆောင်နေစဉ် အင်္ဂလိပ် အမျိုးသမီး မစ္စလူစီပရဲယား(Lucy Pereira)နှင့် အိမ်ထောင်ပြုခဲ့ပြီး သားသမီး ၇ ယောက်(သား လေးယောက်၊ သမီး သုံးယောက်) ထွန်းကားခဲ့သည်။ ဇနီး ကွယ်လွန်၍ ၂ နှစ် အကြာ၌ အမေရိကန်သာသနာပြု မိန်းကလေးကျောင်းမှ ကျောင်းအုပ် ဒေါ်ရွှေနှင့် ထပ်မံ အိမ်ထောင်ပြုသည်။ သားသမီး ၃ ယောက် (သားတစ်ယောက်၊ သမီး နှစ်ယောက်)ရသည်။

ဒေါက်တာ ရှောလူသည် မော်လမြိုင်မြို့၌ ၁၉၂၉ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက် နံနက် ၅း၃ဝ တွင် ကွယ်လွန်ခဲ့သည်။ ဒေါက်တာရှောလူး၏ ဈာပနမှာ စည်ကားလှသည်။ ခရစ်ယာန်ဘုန်းကြီးများသာမက မြန်မာ ဘုန်းတော်ကြီးများပါ တက်ရောက်ခဲ့ကြကြောင်း မှတ်တမ်းများက ဆိုသည်။ ဒေါက်တာရှောလူးကို ဂူသွင်းသဂြိုလ်ခဲ့ကြပြီး အုတ်ဂူထက်တွင်-

In Sacred Memory of Dr.Shaw Loo 
Die 10-10-1929
Age 91 years
"All the way Saviour Leads me"
ဟု ရေးထိုးထားပေးကြပါသည်။

"မြန်မာ တိုင်းရင်းသားများ ထဲမှ အနောက်တိုင်း ဆေးပညာကို ပထမဆုံး လိုက်စားခဲ့သူ၊ အမေရိကန် ပြည်ထောင်စု ကလိဗ်လင်း ဆေးကောလိပ်မှ ဆရာဝန်ဘွဲ့နှင့် ဂုဏ်ထူးဆောင် မဟာဝိဇ္ဇာဘွဲ့ကို ပထမဆုံးရခဲ့သူ။ ထူးခြားသည်မှာ အိန္ဒိယနှင့် အမေရိကန်သို့ ကိုယ်ထူးကိုယ်ချွန် စွန့်စားကာ ပညာသင် သွားရောက်ခဲ့ပြီး ခရစ်ယာန်ကောင်း ပီသစွာ ဆရာဝန်ပညာနှင့် ကျောင်းဆရာ လုပ်ငန်းကို အခကြေးငွေ အဓိက မထားဘဲ ဆင်းရဲသားများ အကျိုး ဆောင်ရွက်ခဲ့သော ပရဟိတ ပညာရှင် တဦး ဖြစ်ခြင်းပင် ဖြစ်သည်" …

 [မောင်ဇေယျာ ရေးသားတဲ့ 'မြန်မာလူကျော် ၁ဝဝ (ပထမအုပ်) စာအုပ်ပါ "အနောက်တိုင်း ဆေးပညာကို ပထမဆုံး လိုက်စားခဲ့သူ ဒေါက်တာ ရှောလူ (၁၈၃၉-၁၉၂၉)" အတ္ထုပ္ပတ္တိ

-- 
အားလုံးပျော်ရွင်ပါစေ
မာမာ

  1 comment:

  1. ဒီခေါင်းစဉ်က မှားနေပါတယ်။ ဒေါက်တာ ရှောလူ (၁၈၃၉-၁၉၂၉) ပထမဆုံးသော မြန်မာလူမျိုး အနောက်တိုင်း ဆရာဝန် မဟုတ်ပါဘူး။ သူထက်အရင် ရှိပါသေးတယ်။

    ဘုန်းတော်ကြီးစန်ဂျယ်ရ်မားနို အီတလီဲပြည်သို့ ပြန်လည်ကြွမြန်းခြင်း
    ဘုန်းတော်ကြီးစန်ဂျယ်ရ်မားနိုသည် ဥရောပတိုက်ဖြင့်အဆက်အသွယ်များပြတ်တောက်ခဲ့ပြီမှာ အချိန်ကြာမြင့်လာခဲ့သည်။သို့ဖြစ် ၍ မိမိကိုယ်တိုင် ဥရောပတိုက်သို့သွားရောက်ရန် အစီအစဉ်များကို ပြုလုပ်ခဲ့သည်။စိန်ဂျွန်းကျောင်းနှင့် ဆေးရုံလုပ်ငန်းများကို ဘုန်းတော်ကြီးအစ်ဂနေဆီးအူးစ်အားလွဲအပ် ပေးခဲ့သည်။မိမိဆေးရုံ ၌ ဆေးအတတ်ပညာသင်ကြားနေသော အမ်ဘရို့စ်ဒေရိုဇေးရီယို(Ambrose de Rosario) ကိုမိမိနှင့်အတူ အီတလီသို့ခေါ်ဆောင်သွားခဲ့သည်။ ဤ သို့ဖြင့် ၁၈၀၆ ခုနှစ်အောက်တို ဘာလ(၁)ရက်နေ့တွင် မြန်မာပြည်မှ ထွက်ခွာခဲ့သည်။
    အီတလီသည်စစ်မက်များဖြစ်ပွားနေသဖြင့် မိမိတို့စီးနင်းလိုက်ပါလာသောသင်္ဘောသည် ပေါ်တူဂီပြည် လစ်ဘွန်းမြို့ဆိပ်ကမ်း ၌ ခရီးလမ်းဆုံးဖြစ်ခဲ့ရသည်။လစ်ဘွန်းမြို့ မှ စပိန်သို့ကုန်းလမ်း ခရီးဖြင့် သွားလာခဲ့ရသည်။ထိုမှတဖန် ပြင်သစ်ပြည်ကိုဖြတ်ကျော် ၍ အီတလီသို့ ၁၈၀၈ခုနှစ် ဖွန်လ တွင်ရောက်ရှိခဲ့သည်။

    မြန်မာပြည်မှ ခေါ်ဆောင်လာခဲ့သော မိမိတပြည့်ဖြစ်သူ အမ်ဘရို့စ်ဒေရိုဇေးရီယို(Ambrose de Rosario) ကိုလည်း အီတလီပြည်မှာပင် ဆေးဘက်ဆိုင်ရာပညာရပ်များကို ဆက်လက်လေ့လာဆည်း ပူးစေသည်။ရိုဇေးရီယိုသည်လည်း ဆရာဝန်တစ်ဦးဖြစ်သွားခဲ့သည်။အီတလီမှာပင် ဆက်လက်နေထိုင် သွားခဲ့ပြီး၊အလွန်ကျော်ကြားသည့်ဆရာဝန်တစ်ဦးဖြစ်သည်ကိုလည်းသိရှိရသည်။မြန်မာပြည်မှ အ နောက်တိုင်း ဆေးပညာတတ်ပုဂိုလ်တစ်ဦးဖြစ်သည်ဟူ ၍ လည်းဆိုရပေမည်။
    အမ်းဘရို့စ် ဒေရိုဇေးရီယို(Ambrose de Rosario)သည် စန်ဂျယ်ရ်မားနိုအကြောင်းကိုရေး သာုးသူဘုန်းတော်ကြီး ဂါလာဇီ Father Galazzi အားအထူးအရေးပါသော သမိုင်းဖြစ်ရပ်များကို ထုတ် ဖေါ်ပေးဆပ်နိုင်ခဲ့သည်။စိန်ဂျွန်းကျောင်းတွင် ပညာသင်ကြားမှုအကြောင်းများကိုလည်း အမ်ဘရို့စ် ဒေ ရိုဇားရီယို(Ambrose de Rosario) ထံမှ အများဆုံးသိရှိရခြင်းဖြစ်သည်။


    (၄၃)” Amongst the foreigners who came to pay
    ဘုန်းတော်ကြီးစန်ဂျယ်ရ်မားနိုပျံလွန်တော်မူခြင်းသည် မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံခဲ့ကြသော ဘားရ် နားဘိုက်သာသနာပြုများ၏ သာသနာရေးလုပ်ငန်းများကိုလည်း ရပ်ဆိုင်းရမည့်အခြေအနေများသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ဘုန်းတော်ကြီးစန်ဂျယ်ရ်မားနို၏ တပြည့်သားရင်းဖြစ်သူဒေါက်တာ အမ် ဘရို့စ် ဒေရိုဇေးရီယို(Ambrose de Rosario)သည် လည်း မြန်မာပြည်သို့ ပြန်မလာတော့ပဲ အီတလီ ပြည်မှာပင် ဆက်လက်အခြေချနေထိုင်ခဲ့ပြီး၊အီတလီပြည်မှာပင် ကွယ်လွန်ခဲ့သည်။

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...