စေတနာရှင် .. ဓာတ်ခဲ
by မင်းလူ၏ ၀တ္တုတိုများ on Monday, September 3, 2012 at 5:38am ·
ဓာတ်ခဲသည် ကလေးလည်းမက လူပျိုကြီး ဖားဖားလည်း မဖြစ်သေးသော “ကြီးကောင်ဝင်” သည့် အရွယ်ရောက်လာပြီ။ ထို့ကြောင့် တစ်ခါတစ်ခါ ကလေးလိုဆိုးပြီး တစ်ခါတစ်ခါ လူကြီးလို ဆိုးချင်သည်။
ဓာတ်ခဲဆိုးတယ်ဆိုတာကတော့ လူတိုင်းသိပြီးသားပင်ဖြစ်၏။
ငယ်ငယ်က သူများမွေးထားတဲ့ ကြက်ကို လေးခွနဲ့ လက်စွမ်းပြသဖြင့် လျော်ရတာ၊ သူ့အဖေလှူထားသော ရေချမ်းစင်က ရေအိုးကို လက်တည့်စမ်းခဲ့တာ၊ ကျောင်းအုပ်ဆရာကြီး၏ စက်ဘီးကို လေလျော့ထားခဲ့တာတို့မှာ သာမန် လုပ်ရိုးလုပ်စဉ်သာဖြစ်၏။ သူဆိုးသမျှ လိုက်တောင်းပန်ဖို့၊ သူဖျက်ဆီးသမျှ လိုက်လျော်ဖို့အတွက်လည်း သူ့အဖေနှင့် အမေဖြစ်သော ဦးကုလားနှင့် ဒေါ်ခင်တီတို့က အဆင်သင့် ရှိ၏။
ရှင်ပြုတုန်းကတော့ ကိုရင်ဘ၀နှင့် ကျောင်းမှာ မွှေခဲ့သေးသည်။ ဒါကျတော့ သူ့အဖေနှင့် အမေက ခွင့်မလွှတ်။
မှတ်လောက်သားလောက်အောင် မရိုက်စဖူး ရိုက်ခဲ့သည်။ ဒီနောက်မှာ ဓာတ်ခဲ နည်းနည်း ငြိမ်သွားသည်။ သို့တိုင်အောင် ကုန်ပစ္စည်းဈေးနှုန်း တကချင်ပါလျက် အခြေအနေအရ အောင့်ထားရသော ကုန်သည်လိုသာ ဖြစ်၏။
ဓာတ်ခဲသည် အရင်ကလို ခဏခဏ စိတ်မဆိုးတော့။ တစ်နည်းအားဖြင့် လေးခွလက်တည့်စမ်းတာမျိုးလောက်ကို မလုပ်တော့။ အရွယ်ကလေး လည်းရလာတော့ ကလေးဆန်ဆန် ဆိုးရတာမျိုးကို သိပ်အရသာမတွေ့တော့။ သို့ရာတွင် ဗီဇလေးတွေ ကျန်နေသေးသည်။ ငုပ်လျှိုးနေရာမှ တစ်ခါတစ်ခါ ပြူထွက်လာတတ်၏။
ဒါမှလည်း ဓာတ်ခဲ ပီသတော့မပေါ့။
*****************************************
ဓာတ်ခဲသည် သူ့ကို ကျောတာမျိုးတော့ နည်းနည်းမှ သည်းမခံချင်။ ဟိုတစ်နေ့က ကိစ္စကိုပဲ ကြည့်။
ဆရာကြီးဟု သူ့အဖေ အမေက ခေါ်သော လူကြီးတစ်ယောက်သည် သူတို့အိမ်သို့ တစ်လတစ်ခါလောက် လာတတ်၏။
ဘာဆရာကြီးလဲတော့ သေသေချာချာမသိ။ ကျောင်းဆရာတော့ မဟုတ်။ ဗေဒင်ဆရာကြီးလား။ ဘာဂိုဏ်း၊ ညာဂိုဏ်းက ဆရာကြီးလား တစ်ခုခုပဲ။ ဦးကုလားနှင့် ဒေါ်ခင်တီတို့ကတော့ အတော်လေးစား အထင်ကြီးကြပုံရ၏။ သူက အထက်စီးနှင့် ဆက်ဆံပြောဆိုတတ်ပြီး ဦးကုလားတို့က ရိုရိုသေသေ ပြန်ပြောကြရသည်။
သူက တရား လာလာ ဆွေးနွေးတာဟု ဆို၏။ တရားဆွေးနွေးတယ်လည်း ဆိုသေး။ တစ်ခါတစ်ခါ ဒေါသတကြီး အော်ဟစ်ငြင်းခုံတာများ နဘမ်းထလုံးတော့မလား အောက်မေ့ရသည်။
ဓာတ်ခဲအမြင်မှာတော့ တရားဆွေးနွေးတာက နည်းနည်း၊ စားတာ သောက်တာက များများဟု ထင်မိသည်။ ဆရာကြီး လာမည့်နေ့ဆိုလျှင် ကြက်သား၊ ၀က်သား၊ ငါးခူကြော်စသည်ဖြင့် အသားဟင်းကောင်းကောင်း နှစ်မျိုး၊ သုံးမျိုးချက်ရသည်။ ထမင်းစားပြီးလျှင် သီးမွှေးငှက်ပြောသီး၊ ပန်းသီး၊ လိမ္မော်သီး စသညို့ ကျွေးရသည်။ ပန်းသီးဆိုလျှင် ဈေးပေါသော တရုတ်ပန်းသီး အစိမ်းရောင်ကို မကြိုက်။
“ပန်းသီးဆိုကတည်းက အနီရောင်ရှိမှ ပန်းသီးပီသတော့မပေါ့” .. ဟု ပြောသေးသည်။
နေ့လယ် တရားဆွေးနွေးချိန်ကျတော့လည်း လက်ဖက်၊ ဆက်သားခြောက်၊ ငါးရန့်ခြောက်မီးဖုတ်၊ အိုဗာတင်း စသည်တို့ တိုက်ကျွေးရသေးသည်။
ဓာတ်ခဲ၏ စိတ်ထဲမှာ မတင်မကျဖြစ်နေတာရှိ၏။
ရပ်ကွက် ဘုန်းကြီးကျောင်းက ဆရာတော်ကို သူတို့အိမ် ပင့်ဖိတ်ပြီး ဆွမ်းကျွေးဖူးသည်။ ဆရာတော်မှာ အစားအသောက်ကို အတော်ခြိုးခြံတာတွေ့ရ၏။ အသား တစ်တုံးတလေလောက်သာ စားသည်။ ချဉ်ရည်ဟင်း၊ အသီးအရွက်ကြော် စသည်တို့ကိုသာ အားပြုစားလေ့ရှိ၏။ ဘုဉ်းပေးရာမှာလည်း ထမင်းအသင့်အတင့် တစ်ပန်းကန်လောက်သာ ဖြစ်၏။ အချိုပွဲဆိုလည်း ငှက်ပျောသီးလေး တစ်လုံးလောက် သို့တည်းမဟုတ် ပန်းသီးလေး တစ်စိတ်လောက်နှင့် ပြီး၏။
“ဘုန်းဘုန်း စားတာကလည်း ကျွန်တော့်လောက်တောင် မများဘူး” ဟု ဓာတ်ခဲက အားမလိုအားမရပြောသောအခါ...
“သူတော်ကောင်းဆိုတာ အစစအရာရာ ခြိုးခြံတက်တယ်” ဟု ပြောဖူး၏။
အခု ဒီဆရာကြီးဆိုတဲ့ လူကြီးကတော့ သွားဖြဲ နားဖြဲ စားတာပဲ။ ထမင်းကို သုံးပန်ကန်လောက် အသာလေးစားနိုင်သည်။ အသားတွေလည်း အများကြီးစားသည်။ တစ်ခါတလေ ထမင်းကုန်သွားတာတောင် ကြက်ပေါင်ကြောက်ကို ထပ်ကိုက်လိုက်သေးသည်။ ငှက်ပျောသီးဆို နှစ်လုံးလောက်၊ ပန်းသီးဆိုလည်း စားရုံသာ မဟုတ်၊ ဘိုးတော်တင်ဖို့၊ မယ်တော်ဆက်ဖို့ဆိုပြီး အိမ်ယူသွားတတ်သေးသည်။
ဓာတ်ခဲ သဘောမျကသည့် အချက်တစ်ချက်လည်း ရှိသေးသည်။ သူပြောတာနဲ့ သူ့လုပ်ပုံနဲ့ သိပ်မကိုက်ဘူးထင်နေခြင်းဖြစ်၏။
ဥပမာ.......
“အာဟာရဆိုတာကလည်း တကယ်တော့ ဒီခန္ဒာဝန်ကို ထမ်းနိုင်ဖို့အတွက် မတတ်သာလို့ ဖြည့်တင်းနေရတဲ့ သဘောကိုး ဦးကုလားရဲ့”..ဟု ပြောရင်း ပဲဆီစစ်စစ် ဆမ်းထားသော ဆတ်သားခြောက်ဖုတ် ခပ်ကြီးကြီးတစ်ဖက်ကို ယူ၍ မြုံ့လိုက်ပြီး...
“အင်း.. ဆတ်သားများ တကယ်စစ်ရင် တယ်ချိုသကိုးဗျ”... ဟု ပြောတတ်တာမျိုး။
တစ်ရက်မှာတော့ ဓာတ်ခဲသည် ဘောလုံးကန်ပြီးနောက် ဗိုက်အလွန်ဆာလာသဖြင့် အိမ်ကို အမြန်ပြန်လာခဲ့သည်။ လှေကားမှ တတ်ပြီး အိမ်ထဲဝင်မည်အလုပ်တွင် သူ့အမေပြောနေသည့် စကားကို ကြားသဖြင့် တံခါးအကွယ်မှ အသာနားထောင်နေလိုက်သည်။
“ကျွန်မလည်း ဒီ သားတစ်ကောင်ကြောင့် တော်တော် ဒုက္ခရောက်ပါတယ် ဆရာကြီးရယ်။ ဒီကောင်က တော်တော်ဆိုးတာ။ တစ်နေ့တစ်နေ့ သူဘာပြဿနာရှာလို့ လိုက်ရှင်းရမလဲဆိုတာပဲ တွေးပူနေရတယ်”...
ဆရာရာကြီးက ....
“ အင်း ... တစ်ရက်လောက် ဒီကောင့်ဇာတာကို စစ်ဆေးပြီး အဆောင်လေး ဘာလေး လုပ်ပေးရဦးမယ်”
ဓာတ်ခဲ မဲ့ပြုံးတစ်ချက် ပြုံးသည်။ လူကြီးများ ဒီလိုပါပဲ။
ကိုယ့်သားသမီးဆိုးတာကိုပဲ ကြံဖန် ဂုဏ်ယူတတ်ကြသေးတယ်..ဟု တွေးသည်။ ခုပုံအတိုင်းဆိုလျှင် အိမ်ရှေ့ပေါက်က ၀င်လို့ မကောင်း။
မျက်နှာပူစရာကြီး။ နောက်ဖေးပေါက်က လှည့်ပြီး မီးဖိုချောင်က ၀င်ရမည်ဟု စဉ်းစားပြီး အသာလှည့်ထွက်သည်။ လှေကားထစ်ကို နင်းလိုက်စဉ် ကျွီခနဲအသံမြည်သွား၏။
“ ဟဲ့ ..ဘယ်သူလဲ..”
ဒေါ်ခင်တီကလှမ်းအော်မေးသည်။ ဓာတ်ခဲလည်း မတတ်သာသဖြင့် “ကျွန်တော်ပါ” ဟု ပြောပြီး အိမ်ရှေ့မှပင် ၀င်လိုက်ရ၏။ အိမ်ရှေ့ခန်းကို ဖြတ်ပြီး မီးဖိုခန်းဘက်သွားမည် အပြု.....
“ဟေ့ကောင် ..ဓာတ်ခဲ..လာပါဦးကွ”
ဆရာကြီးက လှမ်းခေါ်သည်။ ဓာတ်ခဲက ပေပြီး ရပ်နေလိုက်ရာ...
“ ဟေ့ကောင်...ခေါ်နေတယ်လေကွာ..” ဟု ဦးကုလားက လှမ်းပြောမှ ကန်တန်တန် ပုံစံဖြင့် ဆရာကြီးနား လျှောက်သွားသည်။
“မင်းက တော်တော် ဆိုးတယ်ဆိုကွ..ဟေ”
ဆရာကြီးက မေးသည်။
ပေါ်တင်ကြီးပါ့လားဟု စိတ်ထဲက တွေးသည်။ နှုတ်ကတော့ ....
“ ကြားစကားတွေ မယုံပါနဲ့ ..ဆရာကြီးရာ..” ဟု ပြောလိုက်သည်။
“ဟဲ့ကောင်..လူကြီးကို နောက်တောက်တောက် မလုပ်နဲ့”
ဒေါ်ခင်တီက ၀င်မာန်လိုက်သည်။ ဆရာကြီး ဓာတ်ခဲကို စေ့စေ့ကြည့်ပြီး....
“ လိမ်လိမ်မာမာ နေမှပေါ့ကွ..။ ကလေးဆိုတာ မိဘစကား နားထောင်ရတယ်။ လူကြီးတွေ စိတ်ဆင်းရဲအောင် မလုပ်ရဘူး။ စာကို ကြိုးစားသင်ရမယ်။ လက်လျားလတ်လျား မနေရဘူး။ ကစားတာကိုလှော့ပြီးတော့ .....” အစချီပြီး...
ဆယ်မိနစ်လောက်ကြာအောင် ဆုံးမ သြ၀ါဒ ပေးနေလေတော့သည်။
ဓာတ်ခဲမှာ ဗိုက်ထဲက တကြုတ်ကြုတ်မြည်အောင် ဆာနေလျက်က အောင့်အည်းနားထောင်ရလေသည်။
ဒီနောက်ပိုင်းမှာလည်း မစားသာ။ ဆရာကြီးရှိနေသည့် အချိန်ဆိုလျှင် ဦးကုလားနှင့် ဒေါ်ခင်တီတို့က ဓာတ်ခဲကို မျက်နှာသာမပေး။ ထစ်ခနဲရှိ ဆူဖို့သာ ပြင်နေသည်။ ထိုကိစ္စမှာ ပြုမြဲ အစဉ်အလာလို ဖြစ်နေ၏။
ဓာတ်ခဲခမျာ ဆရာကြီးလာတဲ့နေ့ဆိုလျှင် အိမ်မှာ မနေရဲအောင် ဖြစ်လာ၏။
သို့ရာတွင် ဓာတ်ခဲသည်.. ဓာတ်ခဲပဲ မဟုတ်လား..။
****************************************
တစ်ရက်တွင် ဆရာကြီးက ဦးကုလားနှင့် ဒေါ်ခင်တီတို့ကို တရားအကြောင်း ဆွေးနွေးပြောပြနေသည်။ ကိတ်မုန့်နှစ်ချပ်နှင့် မိုင်လိုကတော့ လောဘအကြောင်း ရှင်းပြနေခိုက်မှာပင် ကုန်သွားခဲ့ပြီ။ သူသည် လက်ဖက်တစ်ဇွန်းကို ပုဇွန်ခြောက်ပါအောင် ရွေး၍ ခပ်စားလိုက်ပြီးနောက်......
“လူမှာ ဒုက္ခအပေးဆုံးက တဏှာပဲဗျ။ တဏှာကို သတ်နိုင်ရင် အားလုံးပြီးပြီ။ ဘာာာာာနဲ အလားသဏ္ဍာန်တူသလဲဆိုတော့ကာ မီးနဲ့ ရေလိုပဲ။ မီးများမီးနိုင်၊ ရေများရေနိုင်ဆိုတဲ့ စကားကို မီးနဲ့တူတဲ့ တဏှာကို ရေနဲ့တူတဲ့ သတိတရားနဲ့ ..အဲ့...အဲ့..”
ပြောနေရင်းက အပေါက်ဝဘက် ကြည့်ပြီး ကြောင်အအ ဖြစ်သွား၏။
တံခါးပေါက်မှာတော့ သူနှင့် အသက်ချင်း မတိမ်းမယိမ်းလောက်ရှိသော မိန်းမကြီးတစ်ယောက် ခါးထောက်ရပ်ရင်း စူးစူးရဲရဲ စိုက်ကြည့်နေ၏း ထို့နောက် မိန်းမကြီးသည် အိမ်ပေါ်သို့ ခြေဆောင့်နင်း တက်လာပြီး ဆရာကြီးရှေ့မှာ ရပ်လိုက်သည်။
ဆရာကြီးမှာ ပါးစပ်ကြီး ဟပြီး ငေးကြည့်နေတုန်း မိန်းမကြီးက.....
“ ကဲ .. ခုနစကားလေးကို ပြန်ပြောပါဦး.. ဘာတဲ့ တဏှာကို သတ်ရမယ် ဟုတ်လား..။ ဟားဟား...ဟား.. အပြောလေးကတော့ ကောင်းလိုက်တာ။ ရှင်ကိုယ်တိုင်တောင် တဏှာနဲ့ ကင်းနိုင်လို့လား”
“မင်း ..မင်း..ဘာတွေ လာပြောနေတာလဲ..”
ခုမှ ဆရာကြီး အသံထွက်လာ၏။ မိန်းမကြီးက
“ ဘာတွေပြောရမှာလဲ ... ရှင်မဟုတ်တာ လုပ်ထားတာတွေကို လာအမိဖမ်းတာလေ။ ဘယ်မလဲ ရှင့်မယားငယ်၊ ဘယ်မှာလဲ..”
ပြောရင်း ဟိုဟိုဒီဒီ ရှာသလို ကြည့်နေ၏။
“ဟာ ..ဒီမှာ ဘယ်ရှိပါ့မလဲ..”
ဆရာကြီး လွှတ်ခနဲ ပြောမိ၏။
“ဒီမှာ မရှိလို့ ..ဘယ်မှာ ရှိရမလဲ။ ရှင်တို့ကကော ဟိုကောင်မကို ဘယ်မှာ ၀ှက်ပေးထားသလဲ” ဆိုပြီး ဦးကုလားနှင့် ဒေါ်ခင်တီတို့ဘက် လှည့်မဲလေသည်။ ဦးကုလားတို့လည်း ရုတ်တရက်မို့ ကြောင်နေရာမှ သူ့တို့ကိုပါ ဆွဲထည့်လာသဖြင့် .....
“ခင်ဗျား ..ဘာတွေ လာပြောနေတာလဲ.. ကျုပ်တို့ တရားဆွေးနွေးနေတာ...”
မိန်းမကြီးက ဟက်ဟက်ပက်ပက် ရယ်သလို လုပ်ပြီး...
“အမယ်လေး အရပ်ကတို့ရေ.. ကြောင်သူတော်ကြီးက တရားဆွေးနွေးနေသတဲ့... လာနားထောင်ကြပါဦး”
“ဟာ .. ခင်ဗျား ဘယ်လိုဟာလဲ။.. ခင်ဗျားက ဘယ်သူလဲ...”
“ကျုပ်က သူ့ရဲ့ မယားကြီးပဲ..။ ဒီအိမ်မှာ သူ့မယားငယ်နဲ့ ချိန်းတွေ့နေတယ်ဆိုတာ သတင်းအတိအကျရလို့ လက်ပူးလက်ကြပ်လာဖမ်းတာလေ.. ဘယ်မလဲ ..ဟိုကောင်မ...”
“ ဒီမှာ ...မရှိ... ရှိ...ရှိ...”
ဆရာကြီးသည် ဒုတိယအကြိမ် ပါးစပ်အဟောင်းသားဖြစ်သွားရပြန်၏။ သူ့အသက်၏ ထက်ဝက်လောက်သာ ရှိမည်ဟု ထင်ရသော အမျိုးသမီးတစ်ဦးသည် တံခါးဝမှာ ပေါ်လာပြန်သောကြောင့်ပင် ဖြစ်လေ၏။
“ဟင်...မင်း...မင်း...ဘာဖြစ်လို့ လိုက်လာရတာလဲ...”
ဆရာကြီး အလန့်တကြား မေးသည်။ အမျိုးသမီးကလည်း ကြောင်တောင်တောင် ကြည့်နေရာမှ...
“ဟို.. အစ်ကိုကြီးပဲ .. ဒီအိမ်ကို လာခဲ့လို့ ချိန်းထားပြီးတော့... ”
“ ဟာ ... ငါ မချိန်းဘူး။ ငါ .. ဟာ .. ဘာတွေဖြစ်ကုန်တာလဲ”
မိန်းမကြီးသည် ကိုင်း.. ဘယ့်နှယ်ရှိစဆိုသော အကြည့်မျိုးဖြင့် ဆရာကြီးကို တစ်ချက်ကြည့်သည်။
ထို့နောက် ... ဒုတိယမိန်းမ ဆီသို့ လျှောက်သွားသည်။
မျက်နှာချင်းဆိုင် ခါးထောက်ရပ်လိုက်ပြီး.....
“ညည်းက ဒီကို ဘာလာလုပ်တာလဲ....”
“ဟို...ဟို...သူက ခေါ်လို့ ”
ဒုတိယမိန်းမက ယောင်ယောင်ကန်းကန်းဖြင့် ပြောရင်း ဆရာကြီးကို လက်ညှိုးထိုးပြသည်။
“ဘာ... ခေါ်ရင် လာတဲ့အစားထဲကပဲ ဟုတ်လား။ ဒါကြောင့် သူများ ယောကျာ်းကို ကြောင်တောင်နှိုက်တာပေါ့လေ..”
မိန်းမကြီး၏ စကားက မိန်းမငယ်၏ အရှိုက်ကို ထိသွားသည်။ စောစောက ကြောက်သလို ရွံ့သလိုဖြစ်နေရာမှ ရုတ်တရက်မျက်လုံးတွေ ၀င်းခနဲ လက်လာပြီး......
“ဒါကတော့ ကိုယ့်ယောကျာ်ားကိုယ် မထိန်းနိုင်လို့ ဖြစ်ရတာပဲ..” ဟု
တစ်ချီကောင်းပြန်ပက်ရာ မိန်းမကြီး၏ ရင်ကို ထိမှန်သော စကားဖြစ်သွားပြန်၏။
“ဟင်းးး..ညည်းကများ....”
မိန်းမကြီး၏ လက်ဝါးသည် မြောက်ခနဲ ဖြစ်သွား၏။ မိန်းမငယ်ကလည်း ခေသူမဟုတ်။
ဗီဒီယိုဇာတ်ကားတွေ မြောက်မြားစွာ ကြည့်ခဲ့ဖူးသူပဲလေ။ ဗွီဒီယိုကားတွေထဲမှာ ဒီလောက် ဇာတ်ရှိန်တက်လာပြီဆိုလျှင် ပါးရိုက်တဲ့ အခန်းလာတော့မယ်ဆိုတာ သိတာပေါ့။
ထို့ကြောင့် သူကလည်း သတိအနေနအထားနဲ့ စောင့်နေခဲ့သည်။ မိန်းမကြီး၏ မြောက်သွားသော လက် လွှဲချလိုက်စဉ်မှာ ဖမ်းကိုင်တားထားလိုက်သည်။
ဗွီဒီယိုထဲမှာ ဆိုလျှင်တော့ “ရိုက်ပါ အစ်မကြီးရယ်.. ကျွန်မကိုက ကံဆိုးတာပါ” တွေ ဘာတွေ လုပ်ချင်လုပ်မည်။
အပြင်မှာတော့ ဘယ်အရိုက်ခံပါ့မလဲ။ သူက အရင်ဦးအောင် မိန်းမကြီး၏ လက်ကို တကား ကိုက်လိုက်လေ၏။
“ ဟင်...ခွေးမ ..ကိုက်တယ်...” ဆိုပြီး မိန်းမကြီးက ထပ်ရိုက်ဖို့ ကြိုးစားသည်။ မိန်းမငယ်က “စမော သိုင်း”နှင့် ရှောင်တိမ်းရင်း ပြန်လည်တိုက်ခိုက်သည်။
ဤသို့ဖြင့် လုံးလား..ထွေးလား ဖြစ်ရင်းက ကြမ်းပေါ် လဲကျပြီး နှစ်ယောက်သား သူတစ်ပြန် ကိုယ်တစ်ပြန်ဖြစ်နေကြစဉ်....
ကျန်သူများလည်း ကြောင် ကြည့်နေရာမှ ဆရာကြီး သတိဝင်လာပြီ။
“ဟဲ့...ဟဲ့..တော်ကြတော့ ..တော်ကြတော့..ခက်ကုန်ပါပြီ..”
ဆိုပြီး ၀င်ဆွဲသည်။ တစ်ယောက်ကို ဆွဲလျှင် တစ်ယောက် လွတ်သွားသည်။ မိန်းမကြီးက မောနေပြီဖြစ်သောကြောင့် ဆွဲလို့လွယ်သည်။
ဒီတစ်ခါကျပြန်တော့လည်း ...
“ရှင်က ကျုပ်ကို ချုပ်ပေးတယ်ပေါ့လေ...” ဆိုပြီး ရုန်းကန်ပြန်သည်။ ထိုအခါ....
“ဗျို့..ဦးကုလား... လာကူဆွဲပါဦးဗျ” ..ဟု အကူအညီတောင်းရလေ၏။
ဦးကုလားပါ ၀င်ကူဆွဲမှ လူချင်းကွဲသွားသည်။ ကိစ္စက မပြီးသေး။ မိန်းမကြီးက ဆရာကြီးဘက် လှည့်ရမ်းပြန်သည်။
“ဟင်... ရှင့်ကို မသင်္ကာတာ ကြာပြီ...။ ခုတော့ ဘာငြင်းချင်သေးလဲဟင်...ကြောင်သူတော်ကြီး”
“ဟေ့.. လူရှေ့ သူရှေ့မှာ ...မင်း ..ငါ လုပ်လိုက်ရ”
“လုပ်ရဲ လုပ်ကြည့်လေ...”
ဦးကုလားမှာ ဒီအတိုင်းကြည့်နေလို့ မဖြစ်တော့...။
ရုန်းရင်းဆန်ခတ် အသံကြားသဖြင့် ခေါက်ဆွဲစက်ထဲက အလုပ်သမားတွေ...၊ အိမ်နီးချင်းတွေ ရောက်လာပြီး ၀ိုင်းကြည့်နေကြပြီ။
ထို့ကြောင့်....
“ကဲ... ခင်ဗျားတို့ ပြဿနာ တခြားမှာ သွားရှင်းဗျာ။ ကျုပ်အိမ်ထဲက အမြန်ထွက်သွားကြ” ဟု နှင်လွှတ်လိုက်ရလေသည်။
****************************************
ဒီကိစ္စတွေ အားလုံး ဓာတ်ခဲလက်ချက်ဆိုတာ .. ခန့်မှန်းလို့ ရလောက်ပါပြီ။
ဖြစ်ပုံကတော့....
ဓာတ်ခဲသည် ဆရာကြီးဆိုသူ အိမ်လာလာနေသဖြင့် အနေကြုံ့ရသည်။ ဆရာကြီးလာတဲ့အချိန် ရှောင်နေပြန်တော့လည်း အိမ်ကပ်တယ်ဆိုတာ မရှိဘူးဆိုပြီး အဆူခံရပြန်သည်။
ဓာတ်ခဲအနေဖြင့် ဆရာကြီးအပေါ် မနှစ်မြို့ရတာတော့ ဒီအကြောင်းတစ်ခုတည်း မဟုတ်။
သူ့စိတ်ထဲမှာ အလိုလို မသိုးမသန့် ဖြစ်နေရ၏။ ဓာတ်ခဲတွေးပုံကတော့ ကလေးလူငယ်ပီပီ ရိုးရှင်းသည်။ ဘာလဲဆိုတော့....
“တကယ်လို့ ဆရာကြီးသာ တကယ့် တရားသမားဆိုလျှင် ဒီလောက် အစားကြီးမှာ မဟုတ်ဘူး..”ဆိုတော့ ကောက်ချက်ပင်။
ကလေးအတွေးပင် ဖြစ်သော်လည်း ကြောင်းကျိုးဆက်နွယ်မှုရှိနေ၏။ တစ်ခါတစ်လေ တည့်တည့်တွေးခြင်းက ဆင်ခြင်တွေးတောခြင်းထက် ပိုထိရောက်တတ်ကြောင်း သာဓကပြသည့် သဘောလည်းဖြစ်နေ၏။
ဒီလူကြီးမှာ ထောက်စရာ ချို့ယွင်းချက် တစ်ခုခုတော့ ရှိရမှာပဲဟု သူတွက်သည်။
တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ချင်တော့ တစ်ရက်တွင် ဓာတ်ခဲသည် စက်ဘီးတစ်စင်းနှင့် လျှောက်သွားခဲ့သည်။ သူတို့မြို့နယ် အစွန်ပိုင်းရှိ ချောင်ကျသော ရပ်ကွက်တစ်ခုအတွင်းသို့ ဆိုက်ကားတစ်စီးနှင့် ၀င်သွားသော ဆရာကြီးကို လှမ်းမြင်သည်။ အိမ်တစ်အိမ်ရှေ့မှာ ဆိုက်ကားပေါ်က ဆင်းသည်။ အိမ်ထဲက မိန်းမတစ်ယောက် ထွက်လာပြီး ကြိုဆိုသည်။ ထိုမိန်းမ၏ အသက်မှာ ဆရာကြီးထက် များစွာ ငယ်နေ၏။ သမီးအရွယ်လည်း မက။
ဓာတ်ခဲ အတွေးတစ်ခုပေါက်သွားသည်။ ထိုရပ်ကွက်ထဲတွင် သူတို့အတန်းထဲက သူငယ်ချင်းတစ်ယောက်ရှိ၏။ ဒီကောင့်ကို စုံစမ်းတော့ ဆရာကြီးဆိုသူ၏ တိတ်တိတ်ပုံး ဇာတ်လမ်းကိ သိရသည်။
ဒီနောက်မှာတော့ ဓာတ်ခဲ အတွက် ဆက်လုပ်ဖို့ လွယ်သွားပြီ။
ဆရာကြီး သူတို့အိမ်လလျှင် တစ်နေကုန်တတ်ကြောင်း သိပြီးသား။ ထို့ကြောင့် ဆရာကြီးရောက်လာသော တစ်ရက်တွင် မိန်းမကြီးထံ သွားပြီး စာတစ်စောင် ပေးခဲ့သည်။ စာထဲမှာ ဆရာကြီး ရှုပ်နေတဲ့ ကိစ္စ သိချင်လျှင် ဘယ်အချိန်လာခဲ့ပါ..ဆိုပြီး သူ့အိမ်လိပ်စာရေးပေးထားသည်။ မိန်းမငယ်ထံသို့လည်း ဒီအချိန်အတိုင်း ကိုက်၍ ဆရာကြီးက ချိန်းလိုက်သယောင်သွားပြောသည်။ ဒီလိုနှင့် သူတို့အိမ်မှာ ထိပ်တိုက်ဆုံပြီး ပွဲကြီးပွဲကောင်း နွဲကြခြင်းဖြစ်၏။
တကယ်တော့ ဆရာကြီးဆိုသူမှာ ဗေဒင် ယတြာကိုလည်း ကျွမ်းကျွမ်းကျင်ကျင် တတ်သူမဟုတ်။ တရားဓမ္မကိုလည်း နက်နက်နဲနဲ လေ့လာဖူးသူမဟုတ်။ တရားသမားအစစ်လည်း မဟုတ်။ အဟိတ်အဟန့်ကောင်းကောင်း၊ အာဝဇ္ဖန်းရွှင်ရွှင် လိမ်ညာစားနေသူသာဖြစ်၏။
ဒါကို ဓာတ်ခဲက ဖော်ထုတ်လိုက်ခြင်းဖြစ်၏။ ဦးကုလားတို့ကလည်း သူ့လက်ချက်မှန်း သိသည်။
သို့ရာတွင် သူတို့ဘက်က ချွတ်ယွင်းချက်ဖြစ်နေသောကြောင့် ဘာမျှ မပြောဘဲ ငြိမ်နေရ၏။
ဒေါ်ခင်တီကတော့ ....
“ကျုပ်သားလေး လျှင်ပေလို့ပေါ့။ နို့မို့ဆို ဘယ်အထိ အလိမ်ခံရမလဲ မသိဘူး..” ဟု
ဓာတ်ခဲကိုတောင် ချီးကျူးလိုက်သေးသည်။
ဘာပဲဖြစ်ဖြစ် ဒီကိစ္စမှာ ဦးကုလား သိက္ခာကျရတာတော့ အမှန်ပဲဖြစ်၏။ ဆရာတု ဆရာယောင်ကို ဆည်းကပ်မိတာက တစ်ကြောင်း၊ သူ့အိမ်ပေါ်မှာ “အကြီး.အငယ်” ပြဿနာဖြစ်ပြီး ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ရတာက တစ်ကြောင်း..... သူနှင့် မသင့်မတင့်ဖြစ်နေသော... ဦးဖိုးဗြော့က ဆိုလျှင် ....
“ဦးကုလားတို့ လည်လှလည်လှနဲ့ ဒီတစ်ခါတော့ နှပ်ပစ်ခံရတာပဲ။ လူက ကိုယ်ကိုယ်ကိုယ် တယ်အထင်ကြီးသကိုး” ဟု ကွယ်ရာမှာ ပြောနေခြင်းက ပို၍ မခံမရပ်နိုင် ဖြစ်စရာကောင်းလေသည်။
********************************************
(ဓာတ်ခဲအကြောင်း ဆက်ပါမည်)
မင်းလူ
သဘာဝကျကျ...ဟာသရသ
0 comments:
Post a Comment