Friday, September 7, 2012

အသိတရားလေးတော့ ရှိစေချင်လှသည်


Ruby Mirror ruby.mirror786@gmail.com



တစ်ခါမှတော့ စာမရေးဖူးဘူး ဗျ ။ ဒါပေမယ့် မြန်မာမာစကားပုံ ရှိတယ် မဟုတ်ပေဘူးလား.. မပြောမပြီး ၊ မတီးမမြည် တဲ့  ဗျ ။ ပြောသင့်တယ်ထင်လို့  ပြောခြင်းဖြစ်ပေတယ် ။ ပြောချင်လွန်းလို့  တော့ မထင်မိပါလေနဲ့  ။ ကျုပ်ရဲ့  စိတ်ဓာတ်ကိုက ပြောမှ သိတတ်တဲ့  သူမျိုးကို ပြောကိုမပြောချင်တာ ။ ပြောပြန်ရင်လဲ အောင်မင်းလွန်ရာကျ မယ်။  သို့ ပေငြားသော်လည်း အများနဲ့ သက်ဆိုင်လာတော့လည်း ပြောရတော့ ပေမပေါ့ဗျို့ .။
လူရယ်လို့ ဖြစ်လာပြီ ဆိုရင် လူ့ ကျင့်ဝတ် ၊ လူ့ သိက္ခာ ၊ လူ့ အသိတရား ရယ်လို့ တော့ မရှိသင့်ပေဘူးလား ဗျ ။ အများသူငါရဲ့  နေရာဌာနကို ရောက်လာပြီဆိုမှတော့ သူ့ စည်းကမ်းကို လိုက်နာရမယ် ။ ဥပမာပြောရရင် - ရောမရောက်ရင် ရောမလို ကျင့်ရမယ် ဗျ ။
ဒါမှလည်း အများသူငါနဲ့  လိုက်လျောညီထွေမှုဆိုတာ ဖြစ်တော့မပေါ့ ။ ဒီလိုမှ မလိုက်နိုင်ဘူးဆိုရင်တော့ဖြင့် လာရာလမ်းကို  ပြန်မြန်းကြပေတော့ ဗျိုး ။ တစ်ခါတစ်လေများ ဆိုဒ်ထဲကို ရောက်လာမိရင် တွေ့ ရမြင်ရတာ သိပ်တော့ ဘ၀င်မကျလှပေဘူး ဗျ ။ မြန်မာလူမျိုးဆိုတာ အင်မတန်မှ ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားတဲ့  သူတွေရယ်လို့  ကမ္ဘာက အသိအမှတ်ပြုထားကြတာလေ ။ ဒါက စာစကားအရ ပြောကြတာပါ ။ ခပ်ရှင်းရှင်းပြောရရင် စိတ်ဓာတ်အောက်တန်း မကျဘူးလို့  ပြောချင်တာပဲ ။ ဒီနေ့ ခေတ်ကာလကတော့ ပြောင်းပြန်တွေဖြစ်ကုန်ပြီလား မသိပေါင် ဗျာ ။ လမ်းဘေးသောက်ရေအိုးစင်က သောက်တဲ့  ရေခွက်တောက် သံကြိုးနဲ့  တွဲပြီးသော့ခတ်ထားရတာကိုတွေ့ မြင်ရတော့ တို့ လူမျိုးအချင်းချင်းတွေ့ မြင်ရတာတော့ မဆန်းပါဘူးလို့  ဆိုနိုင်ပေမယ့် တိုင်းတစ်ပါးက လူတွေများ တွေ့ မြင်ရရင်တော့ဖြင့် တို့ လူမျိုးတွေရဲ့  စိတ်ဓာတ်အဆင့်အတန်းကို အထင်အမြင်သေး မှာတော့ ဧကန်မလွဲ ပေါ့ ။ ဒီလိုပါပဲ ဆိုဒ်တွေရဲ့  မိန်းချက်ရွန်းတွေမှာဆိုရင်လူအများစကားပြောဆိုခန်း .ယဉ်ကျေးစွာပြောဆိုပါ ဆိုတဲ့  စာတန်းကြီးကတော့ဖြင့် အင်မတန်မှ ရုပ်ဆိုးအကျည်းတန်လှပါပေတယ် ။ ဒါကိုရေးတဲ့ သူတွေကို အပြစ်မမြင်ပါဘူး ဘာလို့ လဲ ဆိုတော့ လူ့ အသိတရားခေါင်းပါးကြသူတွေ ကြောင့် ဒီလိုစာတွေရေးနေရတာပေါ့ ဗျ ။ ဒီလိုလူတွေဟာ နေရာတိုင်းမှာ ရှိနေကြလို့  ကိုးဗျ ။ ကျုပ်အနေနဲ့  ပြောချင်တာကတော့ တစ်လောကလုံးကလူတွေကိုပေါ့ဗျာ ။ ဒါပေမယ့် တစ်လောကလုံးကိုလိုက်ပြောလို့  မဖြစ်နိုင်လို့  လက်လှမ်းမှီတဲ့  သူတွေကိုပဲ ပြောရတာပါ ။ ယခု ကျုပ်အနေနဲ့  ဆိုဒ်အတွင်းမှာ ရောက်ရှိအသုံးပြုသူတွေ ကို ပြောချင်တာကတော့ အသိတရားလေးကို လက်ကိုင်ထားကြဖို့ ပါပဲ ။ အချို့ အချို့ သောသူတွေကိုပေါ့ဗျာ....။
ပထမဆုံးအနေနဲ့  ပြောချင်တာကတော့ ဆိုဒ်ကိုဘာရည်ရွယ်ချက်နဲ့ ထောင်တာလဲ လို့  မေးချင်ရင်  မိတ်ဆွေ ဒီကိုလာတဲ့  အကြောင်းအရင်းက ဘာလဲ ဆိုတာကိုယ့်ကိုယ်ကို အရင်ဆုံးပြန်မေးကြည့်ပါ ။ ကိုယ့်အားလပ်တဲ့  အချိန်မှာ စိတ်အပန်းဖြေဖို့ လား ။ ဒါမှမဟုတ် သူများတွေ ဒီကို လာရောက်ပြီ စိတ်အပန်းဖြေတာကို စိတ်အနှောက်အယှက်ပေးဖို့ လား ။ ကိုယ်ကို တိုင်က စိတ်အပန်းဖြေဖို့ လာတယ်ဆိုရင် သူများတွေစိတ်အနှောက်အယှက်ဖြစ်အောင်လဲ မလုပ်ကြနဲ့  ပေါ့ဗျာ ။  ကိုယ်ကြိုက်တာကိုယ်လုပ် တဲ့  ဗျ ။ အဲဒီတရားတော်ဟာ ဘာကိုဆိုလိုသလဲဆိုရင် ကိုယ်ကြိုက်တာကိုယ်လုပ်ကြရင် ကိုယ်မကြိုက်တာကို မလုပ်ကျဖို့ ပဲ ။ လူတွေပဲဗျာ ကောင်းတာပဲ ကြိုက်ကျမှာပေါ့ ။ ကိုယ်မကြိုက်တာကို ဘယ်လုပ်ပါ့မလဲ ဗျ ။  ကိုယ်တောင်မှမကြိုက်တာပဲဗျ အများသူငါကလည်း ဘယ်ကြိုက်ကျမလဲ ဗျ ။ ကိုယ်ကိုယ်တိုင် မကြိုက်နှစ်သက်တာကြီးကိုမလုပ်ဘူးဆိုရင်ဖြင့်  သူများမကြိုက်နှစ်သက်ဘူးဆိုတာကို သွားလုပ်ဦးမှာလား ကဲပြောကြစမ်းပါဦး ဗျ ။ ကိုယ့်အသက်ကို သတ်မယ်ဆိုကြိုက်ပါ့မလား ။ မကြိုက်ဘူးဆိုရင် သူများအသက်လဲ မသတ်နဲ့ လေ ။ ကိုယ့်ပစ္စည်းခိုးတာ ကြိုက်လား ။ မကြိုက်ဘူးဆိုရင် သူများ ပစ္စည်းကိုလဲ မခိုးနဲ့ ပေါ့ ။ ဒီလိုပဲလေ ကိုယ့်ကိုစိတ်အနှောက်အယှက်ဖြစ်အောင်လုပ်တာကြိုက်လား ။ မကြိုက်ရင် သူများစိတ်အနှောက်အယှက်ဖြစ်အောင် မလုပ်နဲ့ ပေါ့ ။ ရှင်းရှင်းလေးပါ ။ ဒီတော့ ကျုပ်ပြောချင်တာက ကိုယ်ကြိုက်တာ ကိုယ်လုပ် ကြနော် ။
ဒုတိယ တစ်ခုပြောချင်တာက မိတ်ဆွေက ဒီကိုလာတာ မိမိရဲ့  အသိပညာ ၊ အတတ်ပညာတွေကို အများသိအောင် ဝေငှချင်လို့  လာတာလား ။ မိမိ ရဲ့ အသိပညာ အတတ်ပညာ တွေနဲ့  လာရောက်  ထောင်လွှားမော်ကြွားဖို့ လာတာလား ။ အသိပညာ အတတ်ပညာတွေ တတ်တိုင်းလဲ ပညာတတ် ၊ ပညာရှင် ၊ ပညာရှိ လို့ မခေါ်ပေဘူး ဗျ ။ ဘာလို့ လဲဆိုတော့ ပညာဂုဏ်မောက်တဲ့  သူဟာ ဘာနဲ့  အလားသဏ္ဍာန်တူသလဲဆိုတော့ တိရစ္ဆာန်ခွေးရဲ့  အမြီး နဲ့  တူပေသဗျ ။ အခြားအခြားသော တိရိစ္ဆာန်ရဲ့  အမြီးများဟာဆိုရင်ဖြင့် မှတ် ၊ ခြင် ၊ ယင် တွေရဲ့  ဘေးရန်ကို ကာကွယ်နိုင်သလို မိမိတို့ ရဲ့  အရှက်တရားကိုလဲ ဖုံးအုပ်ထားနိုင်ပါတယ် ။ သို့ သော်...ခွေး တို့ ၏ အမြီးမှာတော့ မှတ် ၊ ခြင် ၊ ယင် တို့ ရဲ့ ရန်ကို လဲ မကာကွယ်နိုင်ဘူး ၊ ဒီလိုမကာကွယ်နိုင်လို့  မိမိရဲ့  အရှက်တရားကိုရော ဖုံးကွယ်ထားနိုင်သလားဆိုပြန်တော့လဲ ၊ မဖုံးနိုင်တဲ့  အပြင်ဖေါ်လို့ တောင် ပြနေပါသေးရဲ့ ..။ ဒီလိုပါပဲ ပညာဂုဏ်မောက်တဲ့  သူဟာ ခွေးရဲ့ အမြီးလို့ပဲ ထောင်ထောင်..ထောင်ထောင် နဲ့  မိမိကိုယ်တော့ ဟုတ်လှပြီလို့  ထင်နေသပေါ့ဗျာ ။ ပညာရှိ ဆိုတာ ဘာနဲ့  အလာသဏ္ဍာန်တူလဲဆိုတော့ စည်တော် နဲ့  အလားသဏ္ဍာန်တူပေတယ် ဗျ ။ စည် ဆိုတာမျိုးကတော့ တီးမှပဲ မြည်သဗျ ။ တီးတဲ့  အခါမှာလည်း သာယာငြိမ့် ညောင်းတဲ့  အသံမျိုးသာထွက်လာပြီး အများရဲ့  အကြားအာရုံမှာလည်း  နားဝင်ချိုလှပေတယ် ဗျ ။ ပညာရှိဆိုတာလဲ ဒီလိုပါပဲ အရေးကိစ္စရှိမှသာ သူတို့ ရဲ့  ပညာကို ထုတ်သုံးကြတာပါ ။ ထုတ်သုံးတဲ့  အခါမှာလည်းအများအတွက် အကျိုးဖြစ်စေမှသာ ပညာတွေကို ထုတ်သုံးကြတာပါ ။ အဲဒီတော့ ကျုပ်ပြောချင်တာက မိမိရဲ့  အသိပညာ အတတ်ပညာတွေနဲ့  အများအတွက် အကျိုးဖြစ်ပါစေ ၊ အများသူငါတွေအတွက် အကျိုးမယုတ်ပါစေနဲ့  ....။

တတိယ တစ်ခု ပြောချင်တာက ဆိုဒ်မှာ တာဝန်ယူနေရတဲ့  သူတွေကို နားလည်မှုလေးပေးစေချင်တာပါပဲ ။ ကျုပ်တွေ့ မြင်နေရတာတွေက  တစ်ချို့ တစ်ချို့ သော မန်ဘာတွေက အက်မင်တွေကို သိပ်ပြီးအမြင်မကြည်ကြဘူးဗျ ။ သူတို့ က အမြင်မကြည်ရအောင်လဲ အက်မင်တွေက ဘာတွေလုပ်ဆောင်နေသလဲဆိုတော့လဲ အက်မင်တွေက သူတို့ ရဲ့  လုပ်ပိုင်ခွင့်ကို အသုံးချပြီး လူတွင်ကျယ်လုပ်နေတယ်ဆိုရင်လဲ ထားပါတော့ဗျာ ။ သူတို့ ခမျာ ချက်ရွန်းထဲ ၀င်ပြောပြန်ရင်လဲ အမှားပါမှာ စိုးရ ၊ မပြောပြန်တော့လဲ အပြောအဆိုကခံရပြန်သေး ။ ဒါမျိုးကို မှ ချောင်းပြီး ဘေးထိုင်ဘုပြောဖို့  ချောင်းနေသူတွေကလဲ ရှိသေးဗျ ။ ဒါတွေက ဘာလဲဆိုတော့ နားလည်မှုမရှိတဲ့  သူလို့ ပဲ ကျုပ်က သတ်မှတ်တယ်ဗျ ။ မိတ်ဆွေတို့  သူတို့ နေရာမှာ ခဏလောက်နေကြည့်စမ်းပါဗျ ။ စာမဖျက်တော့လဲ စာမဖျက်လို့  ။ ဖျက်ပြန်တော့လဲ ဖျက်လို့  ။ ဘမ်းတော့လဲ ဘမ်းလို့  ။ မဘမ်းတော့လဲ မဘမ်းလို့  ။ ဘာကောင်လဲ လို့  အမေးကလဲ ခံရသေးသဗျာ ။ အရူး အပေါ ကြောင်တောင်တောင်လို့ လဲ အပြောခံရတာ ခဏခဏ ။ ဆရာလုပ်တာလား ဆရာကြီးလားလို့  ပြစ်တင်ဝေဖန်ခံရတာလဲ မကြာမကြာ ။ ဒါတွေဟာ ကိုယ့်မျက်ချေးကိုယ် မမြင်ပဲ သူများမျက်ချေးသာ မြင်တဲ့ သူတွေ လို့ ပဲပြောချင်ပါတယ် ။ ကိုယ်ကောင်းရင် ခေါင်းမရွေ့ ပါဘူးဗျ ။ ကိုယ်က အပြစ်မလုပ်ပဲ ဘယ်သူကမှတော့ အပြစ်မပေးဘူးဆိုတာပဲ ။ သူတို့ တွေ က လျှောက်လွှာတင်ပြီး အက်မင်ဖြစ်ခွင့်ရထားတဲ့ သူတွေမဟုတ်ဘူး လေ။ ဆိုဒ်တည်ထောင်သူကိုယ်တိုင်က  အရည်အချင်းရှိလို့  သင့်တော်မည်ထင်လို့  ခန့် အပ်ထားခြင်းဖြစ်ပေတယ်ဗျ ။ ငါကတော့ မဖြစ်ရလေခြင်း ငါ့ကိုတော့မခန့် ရလေးခြင်းဆိုပြီး ကြိတ်မနိုင်ခဲမရဖြစ်နေသူတွေကလဲ ဒုနဲ့  ဒေး ။ ဒါတွေဟာ နားလည်မှုတရား မဲ့နေတဲ့  သူတွေရဲ့  စိတ်ထဲမှာ ဖြစ်ပေါ်တတ်ကြပါတယ် ဗျ ။ လူအများကို အုပ်ချုပ်ရတာပဲဗျာ ချို့ ယွင်းချက်လေးတွေတော့ရှိမှာပဲဗျ ။ သူတို့ ကို အပြစ်မြင်တယ်ဆိုရင်တော့ တစ်ခြားမကြည့်နဲ့  ကိုယ့်မိသားစုထဲမှာတောင်မှ အားလုံးကို ထောင့်စေ့အောင် ကြည့်ရှုနိုင်တာမှ မဟုတ်ပဲဗျာ ။ ဒီမှာက လူအများကြီးလေ ဒီလောက်တော့ရှိမှာပေါ့ ဗျ ။ ဒါကိုမှအပြစ်မြင်ပြောဆိုတယ်ဆိုရင်ပဲ  ငါဟာ သဘောထားသေးသိမ်တဲ့  သူဆိုတာသူများကို ပြောပြနေတာနဲ့  အတူတူပဲ ဗျ ။ အဲဒီတော့ အက်မင်တွေ ၊ တာဝန်ခံတွေကို နားလည်မှုလေးတွေ ပေးကြပါ ၊ စာနာကြပါ ။ ငါလဲ သူ့ လိုနေရာမျိုးရောက်ရင် ဒီလိုပဲနေမှာဆိုတာ  တွေးကြည့်ကျစမ်းပါ ဗျ ။ ကဲ ကျုပ်ပြောချင်တာကတော့......
ဦးဆောင်နိုင်သူကို ... နေရာယူလွန်းတယ် 

ချင့်ချိန်တွေးတောသူကို ... သူရဲဘောကြောင်တယ်
တိကျပြတ်သားသူကို ... ဇွတ်တရွတ်ဆန်တယ်
လို့ .....မထင်ကြပါနဲ့  ဗျာ.....။
နောက်ဆုံးပြောချင်တာကတော့ အရိပ်နေနေ အခက်ချိုးချိုး မလုပ်ကြပါနဲ့ ။ ပုတ်ခတ်စော်ကားခြင်းမျိုး မပြုကြပါနဲ့ ။ ယုတ်ညံ့သိမ်ဖျင်းတဲ့  စကားမျိုးတွေ မပြောကြပါနဲ့  ။ သူတစ်ပါးမနှစ်သက်တာတွေ မလုပ်ကြပါနဲ့  ။  အသိတရား ၊ နားလည်မှုတရား ၊ ကိုယ်ချင်းစာတရား ရှိကြတဲ့  သူတွေ ဖြစ်အောင်နေကြပါ လို့  ပြောကြားလိုက်ရပါတယ်ဗျားးးးးးးး 
**************************
"  မိမိကိုယ်ကို ဒုက္ခရောက်အောင်လဲမနေနဲ့  သူတစ်ပါးကိုလဲ ဒုက္ခမပေးနဲ့  "
ပထမံ ဆရာသိန်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...