လှထုံစုစည်းမှုများ (၃)
by မင်းလူ၏ ၀တ္တုတိုများ on Friday, September 7, 2012 at 10:39pm ·
လှထုံနှင့် စာရေးဆရာ
------------------------
တစ်ရက်မှာ ကျော်ကွန့် စက်ရုံမှသူ့ဆရာငှားလိုက်သောစာအုပ်တစ်အုပ် ယူလာသည်။ "မင်း ဒီလိုစာအုပ်မျိုးတွေလည်း ဖတ်ကြည့်သင့်တယ်"ဆိုပြီး ပေးလိုက်ခြင်းဖြစ်၏။ "သိပ္ပံမောင်ဝ၏ ၀တ္ထုဆောင်းပါးများ"အမည်ရှိစာအုပ်ဖြစ်၏။ ကျော်ကွန့်သည် ထိုစာအုပ်ကို သဘောကျသွားပြီး လက်ကမချနိုင်အောင် သဲကြီးမဲကြီးဖတ်တော့သည်။
လှထုံက ထမင်းစားဖို့လာခေါ်တာကိုတောင်
"ပြီးမှစားမယ်"
ဟု ပြောလိုက်သည်။ လှထုံက
"ဘာစာအုပ်မို့ ဒီလောက်တောင် စိတ်ဝင်စားနေရတာလဲ"
ပြောရင်း စာအုပ်အဖုံးကို ငဲ့ကြည့်ပြီး
"သိပ္ပံမောင်ဝ.. ဟယ် ကြည့်စမ်း... မောင်ဝတောင် စာရေးဆရာဖြစ်နေပြီ။ ဒါ မောင်ဝရေးတဲ့ စာအုပ်လားဟင် ကိုကျော်ကွန့်"
ကျော်ကွန့်မှာ စာအုပ်ထဲမှာပါသော အာမိတ်နှင့် လွေဇောခွေးနှစ်ကောင်အကြောင်းကို အလွန်ဖတ်ကောင်းနေသဖြင့် အာရုံပျက်သွားမှာစိုးလို့ပဲလား၊ လှထုံမေးတာကို သေသေချာချာ နားမထောင်ဘဲ ပြီးပြီးရော လုပ်လိုက်တာလားတော့မသိ။
"အေး..ဟုတ်တယ်"
ဟု ပြောလိုက်သည်။
ကျော်ကွန့်က အမှတ်တမဲ့နေလိုက်သော်လည်း လှထုံကတော့ တကယ်ယုံသွားသည်။ နောက်တစ်နေ့ ကျော်ကွန့် အလုပ်သွားနေချိန်တွင် စာအုပ်ကိုယူပြီး ရွှေကြည့်ဆီ သွားသည်။
"ရွှေကြည်ရေ...၀မ်းသာစရာပြောရဦးမယ်။ မောင်ဝက စာရေးဆရာဖြစ်နေပြီတဲ့ သိလား"
ဆိုပြီး စာအုပ်ကိုပြသည်။
"ဟုတ်ပါ့မလား လှထုံရယ်..ကိုမောင်ဝက စိတ်ကြမ်းကိုယ်ကြမ်းနဲ့ဟာ စိတ်ကူးယဉ်တတ်တဲ့လူလည်း မဟုတ်ဘူး"
"ဘာလို့မဟုတ်ရမှာလဲ..ကိုကျော်ကွန့်ကိုယ်တိုင် ပြောတာ"
"ငါ့ကိုတော့ ကိုမောင်ဝက ဘာမှမပြောပါလား"
"တမင် အသိမပေးတာနေမှာပေါ့။ ငါ ထင်တာကတော့ စာရေးလို့ရတဲ့ ပိုက်ဆံတွေကို ကျိတ်ပြီးစုနေတာဖြစ်မယ်။ ပြီးမှ နင် ရုတ်တရက်ဝမ်းသာသွားအောင် ဖွင့်ပြောပြီး အသိပေးမယ်။ ရွှေကြည်...နင်တို့ လက်ထပ်ဖို့တော့နီးပြီလို့ ငါထင်တယ်ဟ"
ဟု လှထုံက ၀မ်းသာအားရပြောသည်။
တကယ်တော့ ရွှေကြည်သည် ဒီလောက်တုံးတဲ့သူတစ်ယောက်မဟုတ်ပါ။ သို့ရာတွင် လူဆိုတာက မျှော်လင့်ချက်နှင့် မျှားလျှင်ေ၀၀ါးသွားတတ်သည်။ ယုံလောက်အောင်ပြောလျှင် ဟုတ်နိုးနိုးထင်လာတတ်သည်။ အလိုဆန္ဒပြင်းပြနေသောအချိန်ဆိုလျှင် ပိုဆိုးသည်။ လူပေါင်း သန်းနဲ့ချီရှိတဲ့အထဲက သိန်းတစ်ထောင်ဆု ပေါက်မယ့်လူဟာ ငါပဲလို့ ထင်နေတဲ့သူကို အရူးလို့ ပြောမလား။ ဖယောင်းတိုင်တစ်တိုင်၊ သစ်ရွက်တစ်ရွက်၊ ပန်းတစ်ပွင့်၊ သစ်သီးတစ်လုံးကို ပါရဂူဘွဲ့ထက် ပိုပြီးအားကိုးချင်နေသူတွေနှင့်ယှဉ်လျှင် ရွှေကြည် ဇဝေဇ၀ါဖြစ်သွားတာ ဘာဆန်းလို့လဲ။ ပြီးတော့ သူက မောင်ဝဆိုလျှင် ဇွတ်မှိတ်ပြီး လွှတ်အထင်ကြီးတတ်တာ မဟုတ်လား။
ရွှေကြည်သည် လှထုံဆီက သိပ္ပံမောင်ဝစာအုပ်ကို ခဏငှားသွားသည်။ မောင်ဝက သူ့သူငယ်ချင်းတွေဆိုရင်တော့ အသိပေးမှာပဲဟု တွေးသည်။ ကျော်ကွန့်က အလုပ်သွားနေသည်။ ထို့ကြောင့် ပတေးဆီသို့ ထွက်လာခဲ့၏။
ပတေးက ပစ္စည်းအ၀ယ်ထွက်နေသဖြင့် ဆိုင်မှာမရှိ။ ဘာနူးကလည်း အလုပ်များနေသည်။ ဒါမျိုးက လူကြားထဲမှာ ပြောလို့ကောင်းတာလည်းမဟုတ်။ ဒါနဲ့ ဖိုးနီအလုပ်လုပ်ရာ ဦးကုလားခေါက်ဆွဲစက်သို့ သွားပြန်သည်။ ဖိုးနီကိုတွေ့လျှင်လည်း ဦးကုလားကိုမေးမည်ဟု စိတ်ကူးသည်။ တွေ့မယ့်တွေ့တော့လည်း တကယ့်ကောင်နဲ့မှသွားဆုံသည်။
"ဓာတ်ခဲ...ကိုဖိုးနီ ဘယ်သွားလဲဟင်"
"ဂျုံအိတ်တွေ သွားသယ်မလို့တဲ့၊ အဖေနဲ့အတူ ပါသွားတယ်။ အစ်မရွှေကြည် ဘာကိစ္စရှိလို့လဲ"
"ဟို...အဲ....ဒီကိစ္စ"
ရွှေကြည်က လက်ထဲမှစာအုပ်ကို ယောင်ပြီး မြှောက်ပြမိ၏။ ဓာတ်ခဲက စာအုပ်ကိုကြည့်ပြီး..
"ဟာ ကျွန်တော်အရမ်းဖတ်ချင်နေတဲ့စာအုပ်ပဲ။ ခဏငှားခဲ့ပါလား"
"ဟင်...နင်လည်း ဒီစာအုပ်အကြောင်း သိတယ်ပေါ့ ဟုတ်လား"
ရွှေကြည်က သူ့ဇောနှင့်သူမို့ ဓာတ်ခဲကိုတောင် အားကိုးချင်စိတ်ဝင်လာသငည်။ ဓာတ်ခဲဆိုတာကလည်း သိပ်အကင်းပါးတဲ့ ကောင်ပဲ။ ရေးကြီးသုတ်ပျာရောက်လာတဲ့ ရွှေကြည်ရယ်၊ သိပ္ပံမောင်ဝစာအုပ်ရယ် တစ်ခုခုတော့ အဆက်အစပ်ရှိနေပြီဆိုတာ ရိပ်မိတာပေါ့။ ထို့ကြောင့်...
"သိတာပေါ့ဗျ.. အစ်မကကော ဘယ်လို ထင်လို့လဲ"
ဟု စကားပြန်တောက်လိုက်သည်။ ရွှေကြည်က ဟိုဒီကြည့်ပြီး အသံ ခပ်အုပ်အုပ်ဖြင့်
"ဓာတ်ခဲ... ငါ့ကို မှန်မှန်ပြောစမ်းပါ။ ဒီစာအုပ်ဟာ ကိုမောင်ဝရေးတဲ့စာအုပ်ဆိုတာ တကယ်ပဲလား"
ဒီလောက်ဆိုလျှင် ဓာတ်ခဲလိုကောင်အတွက် ချွန်တွန်းလုပ်ဖို့ လုံလောက်ရုံမက စိတ်ကူးသစ်တွေတောင် ထပ်ရသွားပြီ။
"သိပ်ဟုတ်တာပေါ့...တချို့နေရာတွေမှာ ဘယ်လိုတွေးရင်ကောင်းမလဲလို့ ကိုမောင်ဝက ကိုဖိုးနီနဲ့တိုင်ပင်နေတာ ကြားဖူးတယ်။ ဒါကြောင့် ဒီစာအုပ်ကို ကျွန်တော် သိပ်ဖတ်ချင်နေတာပေါ့"
"ကိုမောင်ဝက ၀တ္ထုရေးတတ်လို့လား"
"အစပိုင်းတော့ သိပ်မကျွမ်းကျင်ဘူးပေါ့၊ အဲ့ဒါ ကျွန်တော်တို့အဖေက ၀တ္ထုရေးနည်းသင်ပေးတယ်။ ပြင်သင့်တာတွေလည်း ပြင်ပေးတယ်။ တကယ်တော့ ကျွန်တော်တို့အဖေကလည်းဟိုတုန်းက စာရေးဆရာကြီးတစ်ယောက်ပဲကိုး"
"ဦးလေးဦးကုလားကလည်း စာရေးဆရာပဲ...ဟုတ်လား"
"ဟုတ်တယ်...တစ်ချိန်က နာမည်ကြီးပေါ့ ခဏနေဦး"
ဆိုပြီး အိမ်ရှေ့ဧည့်ခန်းထဲက မှန်ဗီရိုကိုဖွင့်ပြီး စာအုပ်ကြီးတစ်အုပ်ယူလာသည်။
"ဒါ ကျွန်တော်တို့အဖေရေးခဲ့တဲ့စာအုပ်ပေါ့"
ဟုပြောပြီး ရွှေကြည်ကိုပြသည်။
စာအုပ်က အကြီးကြီး၊ အထူကြီး၊ အနက်ရောင်သားရေဖုံးနှင့် ခံ့ညားစွာ ချုပ်ထားသည်။ အဖုံးပေါ်မှာ စာအုပ်အမည်ကို ရွှေရောင်စာလုံးဖြင့် ခတ်နှိပ်ထားသည်။
"ဦးကုလားရာဇ၀င်..."
*********************************************
လှထုံနှင့် အတိတ်စိမ်း
--------------------------
ကျော်ကွန့်မျက်နှာသစ်နေစဉ် လှထုံက ကိုကျော်ကွန့်ဟု လာခေါ်သည်။ ကောက်ညင်းပေါင်းဝယ်ထားတယ်လို့များ ပြောမလားလို့
“ အေး အေး စားမယ်"
ဟု ပြန်ပြောလိုက်မိ၏။
"ဘာစားမှာလဲ"
"မသိဘူးလေ ကောက်ညင်းပေါင်းများ ၀ယ်ထားသလားလို့လို"
"အို..အဲဒါမဟုတ်ပါဘူး။ ကိုကျော်ကွန့် ညက အိပ်မက်များ မက်သေးသလားလို့"
"ဘာ...ဘာဖြစ်လို့ မက်ရမှာလဲ မမက်ပါဘူး"
"ဟင်း တော်တော်အားကိုးရတယ်"
ကျော်ကွန့် ကြောင်သွား၏။
"ဟ အိပ်မက်မက်တာနဲ့ အားကိုးရတာနဲ့ ဘာဆိုင်လို့လဲ"
"ဆိုင်တယ် ဆိုင်တယ် ကိုရှိန်ဆိုရင် ခဏခဏ မက်တာပဲ သူမက်ရင် မှန်တာများတယ်"
"ဘာမှန်တာလဲဟ"
"အိပ်မက်ကို အတိတ်ကောက်လို့ရတာပြောတာ။ မပွေးက သိပ်မကောက်တတ်လို့သာ နို့မို့ဆို တီဗီတောင်ဝယ်နိုင်နေပြီ"
"အို..ဒါတွေက တိုက်ဆိုင်မှုတွေပါဟာ"
"တိုက်ဆိုင်မှုမဟုတ်ဘူး။ ဆိုင်ရာ ပိုင်ရာက အိပ်မက်ပေးတာ"
"အဲဒါဆိုလည်း တစ်ခါတည်းသာကို နံပါတ်ပြောလိုက်ပေါ့။ ဘာလို့ အတိတ်တွေ၊ နိမိတ်တွေပေးနေရတာလဲ"
"သူတော်ကောင်းဆိုတော့ ဒါမျိုးတည်တည့်မပြောကောင်းဘူး"
"သူတော်ကောင်းတွေကတော့ ဒါမျိုးလုပ်မယ်မထင်ပါဘူး။ ကဲ...အိပ်မက်ပေးတယ်ပဲထားပါတော့။ ဒီလောက်လူတွေ အများကြီး ဘယ်သူ့ကို ဘယ်လိုအိပ်မက်ပေးရပါ့မလဲလို့ ဇာတ်လမ်းဆင်နေရတာနဲ့ပဲ သူတို့မှာ တခြားအလုပ်လုပ်ရမှာ မဟုတ်တော့ဘူး"
"ရှင် ကပ်သပ်ပြီးတော့မပြောနဲ့။ တန်ခိုးရှိတဲ့လူအဖို့ ဒီလောက်က အသေးအဖွဲပဲ။ ကဲပါ... သိပ်အရစ်ရှည်မနေနဲ့။ ဒီနေ့ည အိပ်မက်မက်အောင်ကြိုးစား ဒါပဲ"
"ဟာ အိပ်မက်ဆိုတာ ကိုယ်မက်ချင်တိုင်း မက်လို့ရတဲ့အရာမဟုတ်ဘူးလေ။ နင်ကော မက်လို့လား"
"အမယ်၊ ကျွန်မက နေ့တိုင်းလိုလိုမက်တာ။ မနက်ကျတော့ ပြန်စဉ်းစားလို့မရလို့ပေါ့"
ထိုအခိုက်မှာ မောင်ကျော်လှ အနားရောက်လာပြီး
"အမေ မုန့်ဖိုးပေးဦးလေ"
ဟု ပြောသည်။ လှထုံက ဆယ်တန်တစ်ရွက်ပေးလိုက်ပြီး
"ဟဲ့ သားရော အိပ်မက်မက်သေးလား"
"ခင်ဗျာ"
"အိပ်မက်မက်သေးလားလို့ မေးနေတာ"
"မသိဘူးအမေ"
"ဘာ ကိုယ်အိပ်မက်မက်လား၊ မမက်ဘူးလားဆိုတာတောင် မသိဘူးလား။ နင်လည်း နင့်အဖေလိုပဲ ကြောင်တောင်တောင်နဲ့။ ဒါပဲနော် နောက်နေ့ အိပ်မက်မမက်ရင် မုန့်ဖိုးမပေးဘူး"
မောင်ကျော်လှမှာ မျက်လုံးလေး ကလယ်ကလယ်လုပ်ရင်း ခေါင်းကုတ်ပြီး ထွက်သွားသည်။ လှထုံက ကျော်ကွန့်ဘက်လှည့်ပြီး
"ရှင်လည်း အိပ်မက်မက်ဖို့သာပြင်ထား"
ဟု ကြိမ်းလိုက်လေသည်။
ကျော်ကွန့်သည် သူ့မိန်းမအကြောင်း သိသည်။ လှထုံက တချို့ကိစ္စတွေမှာ ဘယ်လိုရှင်းပြလို့မှ နားမလည်။ တစ်ခါတလေ ကျတော့ မဟုတ်ကဟုတ်က ယုတ္တိမတတ်တာတွေ ပြောလည်း ယုံချင်မှယုံတတ်သည်။ ခုလည်း အိပ်မက်မမက် မနေရဟု ရာဇသံပေးထားသည်။ ဒါကို ဘယ်လိုဖြေရှင်းရပါ့မလဲတွေးရင်း ပတေးတို့ဆိုင်ဘက်သို့ လျှောက်လာ၏။ ကိုရှိန်တို့အိမ်ရှေ့ ရောက်သောအခါ စိတ်ကူးတစ်ခုရသဖြင့်...
"ဗျို့ ကိုရှိန်၊ ကိုရှိန်"
ဟု အော်သည်။ ကိုရှိန် ထွက်ကြည့်သည်။
"လက်ဖက်ရည်ဆိုင် လိုက်ဦးမလား"
"အေးကွ၊ ငါလည်း ခုပဲ ထွက်တော့မလို့"
ဆိုပြီး ထွက်လိုက်လာသည်။ လမ်းမှာ ကျော်ကွန့်က သူ့ပြဿနာကို ပြောပြပြီး
"အဲဒါ ကျွန်တော့်မှာလည်း ဒုက္ခပဲ။ ကျွန်တော်ကလည်း အလုပ်ပင်ပန်းတော့ အိပ်လိုက်ရင် တုံးခနဲ့ပဲ။ အိပ်မက်မက်ဖို့တောင် အချိန်မရဘူးလား မသိပါဘူးဗျာ။ လှထုံအကြောင်းလည်း ခင်ဗျားသိသားပဲ။ စွဲမိစွဲရာဗျ။ ကိုရှိန်ကတော့ အိပ်မက် ခဏခဏမက်တယ်ဆိုတော့ တော်သေးတာပေါ့"
ကိုရှိန် တဟားဟားရယ်သည်။
"ဘာရယ်တာလဲဗျ။ ခင်ဗျားက ဒီမှာ ဦးနှောက်ခြောက်ရတဲ့ကြားထဲ"
"ကျော်ကွန့်ရာ မင်းလည်း လှထုံယောကျာ်းလို့ မပြောရဘူး။ တော်တော်နသေးတာပဲ။ ဘယ်သူက နေ့တိုင်းအိပ်မက်မက်ပါ့မလဲကွ"
"ဟင် ဒါနဲ့ လှထုံပြောတော့"
ကိုရှိန်က လက်ကာလိုက်ပြီး
"ဒီမှာကွ ကျော်ကွန့်ရ။ အိပ်မက်ဆိုတာ ကိုယ်တစ်ယောက်တည်းကြိတ်ပြီးမက်တာလေကွာ။ တကယ်မက် မမက် လိုက်စစ်ဆေးလို့ရတာလိုက်လို့"
"ဒါဆို"
"အေးပေါ့ကွ၊ မမက်ဘဲနဲ့မက်တယ်ဆိုပြီး စိတ်ကူးတည့်ရာတွေ လျှောက်ပြောတာပေါ့။ အမယ် တစ်ခါတစ်ခါ ရမ်းတုတ်တာက မှန်ချင် မှန်နေတာကွ"
"မမှန်တာရော"
"ဒီတော့လည်း ကောက်တာ နည်းလမ်းမကျလို့ပေါ့ကွာ။ တကယ်က ပြောင်းပြန်ယူရမှာတို့ ဘာတို့ လျှောက်ဖြီးတာပေါ့"
"အေးဗျာ။ ဟုတ်သားပဲ ခင်ဗျားနည်း မဆိုးဘူး"
နောက်တစ်နေ့မနက်ကျတော့ ကျော်ကွန့်က လှထုံကို
"ငါ ညက အိပ်မက်မက်တယ်"
ဟု ပြောသည်။
"ဘယ်လိုမက်တာလဲ"
"ကြက်သားဟင်းနဲ့ ထမင်းစားရတယ်လို့ မက်တာ"
အမှန်တော့ ကျော်ကွန့်သည် ကြက်သားနှင့်မစားရတာကြာလို့ သူစားချင်တာကို ပြောခြင်းဖြစ်သည်။ လှထုံကတော့ ကျေနပ်သွားသည်။ ဒီနည်းမှာ ဆိုးတော့မဆိုး။ ဘာအိပ်မက်မက်တယ်ဆိုတာ စဉ်းစားရတာပဲ အလုပ်ပိုသည်။ သို့သော် သူ့အတွက် နားအေးသွားသော်လည်း မောင်ကျော်လှကတော့ မစားသာလှ။
"နင်ဟာ စားဖို့၊ မုန့်ဖိုးတောင်းဖို့ပဲ တတ်တယ်။ မိဘကို ကူညီဖော်မရဘူး။ အိပ်လိုက်ရင် ကုလားသေ၊ ကုလားမော၊ အိပ်မက်ကလေး ဘာလေးမက်ဖို့ စိတ်မကူးဘူး"
ဟု လှထုံက ဆူလေသည်။ မောင်ကျော်လှမှာ အတော်ခွကျနေ၏။ ထိုအခါ ကျော်ကွန့်က သူ့နည်းကိုသုံးဖို့ တိုးတိုးတိတ်တိတ် မှာသည်။ မောင်ကျော်လှမှာ လှထုံသားပီပီ အတီးအတဖြစ်၏။ မနက် အိပ်ရာကနိုးလို့ လှထုံက ညက ဘာမက်သလဲမေး။ ကျော်ကွန့်က စိတ်ကူးထားသည့်အတိုင်း ဖြေ။ နင်ကော ဆိုပြီး မောင်ကျော်လှကို မေးသောအခါ
"အဲ..သားလည်း အဖေမက်တဲ့အတိုင်းပဲ"
ဟု သံယောင်လိုက်လေ၏။ "ဟိုက် သွားပြီ"ဟု ကျော်ကွန့်စိတ်ထဲ လန့်သွားသော်လည်း လှထုံက
"ဟင် အိပ်မက်တစ်ခုထဲကို နှစ်ယောက်ပြိုင်တူမက်တယ်ဟုတ်လား။ ထူးခြားလိုက်တာ။ ပြီးတော့ အင်း..အခု ရုံတင်ပြနေတဲ့ ဇာတ်ကားနာမည်ကလည်း နှစ်ယောက်တစ်အိပ်မက်ဆိုတော့ ဟာ.. ဟုတ်ပြီ။ ဒီလောက်တိုက်ဆိုင်တာ ကျိန်းသေပြီ"
ဆိုပြီး ၀မ်းသာအားရဖြစ်သွားလေ၏။
ကျော်ကွန့်တိုသားအဖလည်း စိတ်သက်သာရာရသွား၏။ သို့ရာတွင် နေ့တိုင်း နှစ်ယောက်တစ်အိပ်မက်လုပ်လို့မရသဖြင့်..
"ဟေ့ကောင်၊ ငါ့အိပ်မက်အတိုင်းချည်း လိုက်လုပ်လို့မရဘူးကွ။ ကိုယ့်ဘာသာလည်း စဉ်းစားဦး"
ဟု ကျော်ကွန့်ကပြောတော့..
"သား..မစဉ်းစားတတ်ဘူး။ အဖေပဲ သားအတွက်ပါ စဉ်းစားပေးပါနော်"
ဆိုသဖြင့် ကျော်ကွန့်မှာ တစ်ယောက်နှစ်အိပ်မက် စဉ်းစားနေရသည်။ ဒီကြားထဲမှာ လှထုံက နောက်တစ်ဆင့်တက်ပြီး အိပ်မက်တွေကို အတိတ်ပါ တစ်ပါတည်းကောက်ခိုင်းနေပြန်သဖြင့် ကျော်ကွန့်ခမျာ အတော်ဦးနှောက်စားနေရရှာလေသည်။ နောက်ဆုံး မတတ်သာသဖြင့် အတိတ်ကောက်ကောက်ပုံနည်း။ တနင်္လာ၊ အင်္ဂါ စသော နေ့သင့်နံသင့်ဂဏန်းများ ယူနည်းတွေကို သင်ပေးရ၏။ ဒါတောင် မကြာခဏဆိုသလို တလွဲတချော်ဖြစ်သေးသည်။
တနင်္ဂနွေသည် ပထမဦးဆုံးနေ့ဖြစ်သောကြောင့် ဂဏန်းအားဖြင့် "တစ်"ဖြစ်သော်လည်း အက္ခရာမှာ နောက်ဆုံးဖြစ်သော "အ"ဖြစ်နေတာကို သူ နားမလည်။ ထို့ကြောင့် တနင်္ဂနွေ(၁)၊ တနင်္လာ(၂)၊ က ခ ဂ ဃ င ဆိုပြီး ဇယားချပေးထားရသည်။ ဒါတောင် "၉"နဲ့ "၀"ကျတော့ ဘယ်လိုယူမလဲဆိုတာ ပြဿနာဖြစ်သေးသည်။ ဒါကျတော့ ကျော်ကွန့်လည်း မသိ။ ဦးဖိုးဗြော့ကိုမေးတော့ စနေနံ ဆိုလျှင် "၉"ယူလို့ရကြောင်း၊ "၀"လည်း ယူနိုင်ကြောင်း၊ "၇"ကတော့ အဓိကဖြစ်ကြောင်း သိရ၏။
သူတို့ရပ်ကွက်ထဲမှာ သင်္ချာစွမ်းရည်တော့ အတော်မြင့်လာသည်။ ဟိုအရင်က တစ်ခုခုတွက်ချက်လျှင် လက်ချောင်းတွေ ချိုးရင်း ပါးစပ်က တတွတ်တွတ်ရွတ်ရင်း ရေတွက်ကြရသောသူအချို့မှာ ခုကျတော့ "ကိုးနဲ့ ရှစ်ပေါင်း ဆယ့်ခုနစ်ပေါ့"ဟု ဒက်ခနဲ ပြောနိုင်လောက်အောင် တိုးတက်လာကြသည်။
နောက်တစ်ခုကတော့ အရင်ကထက်ပိုပြီး ဘုရား၊ တရားကိုပိုပြီးဂရုစိုက်လာကြခြင်းပင်ဖြစ်၏။ တချို့တွေက ဘုရားစင်ကို ဗုဒ္ဓဘာသာမှန်းသိရုံလောက်သာ ထားသလို ဖြစ်နေခဲ့၏။ ခုကျတော့ ဘုရားစင်ကို သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်ဖြစ်အောင် သတိတရ လုပ်လာကြ၏။ သောက်တော်ရေလဲခြင်း၊ ပန်းကပ်ခြင်း၊ မီးပူဇော်ခြင်း၊ အမွှေးတိုင်ထွန်းခြင်း၊ ဆွမ်းတော်တင်ခြင်းတို့ကို ဂရုတစိုက် အချိန်မှန်ပြုလုပ်လာကြသည်။ ဒါတစ်ခုတော့ အမြတ်ထွက်သည်ဟု ဆိုနိုင်သည်။
ဘာသာရေးနှင့်တိုက်ရိုက်မပတ်သက်သော်လည်း အဆောင်ယတြာတွေ၊ ဓာတ်ဆင်၊ ဓာတ်ရိုက်ခြင်းတွေလည်း လုပ်လာကြသည်။ ပေါက်အားကောင်းအောင် ပေါက်စီစားခြင်း၊ ပေါက်ပန်းဖြူရွက်ချက်စားခြင်း၊ ပေါက်ပေါက်ဆုပ်ဖြင့် ဆွမ်းတော်တင်ခြင်း၊ ဘုရားပန်းကပ်ဖို့ ပေါက်ပန်းပွင့်ကို မရမက လိုက်ရှာခြင်းတို့ ပြုလုပ်လာကြ၏။ ဘာနူးဆိုလျှင် မနက် ၉နာရီတိတိမှာ သူ့ဆိုင်က ကက်ဆက်ဖြင့် "ပေါက်နေပြီ၊ ပေါက်နေပြီ"ဆိုသောသီချင်းကို ဖွင့်တတ်၏။
ခုချိန်မှာ ကိုပေါက်၊ မိပေါက် စသည်ဖြင့် မှည့်ထားသောကလေးများမှာ အလွန်စန်းပွင့်သည်။ ဟိုက မုန့်ဝယ်ကျွေး၊ ဒီလူက အအေးဝယ်တိုက် တော်တော်စားသာ၏။ တချို့ကျတော့ လာဘ်ကောင်းတဲ့ကလေးဆိုပြီး အ၀တ်အစားတွေ၊ ကစားစရာတွေဝယ်ပေး။ တစ်နေကုန်အိမ်ခေါ်ထားပြီး ကောင်းကောင်းပြုစုတာမျိုးတောင်ရှိလေသည်။
************************************************
မင်းလူ
(ခိုးခိုးခစ်ခစ်) နှင့် (သဘာဝကျကျ ဟာသရသ) လုံးချင်းဝတ္ထုများထဲမှ
0 comments:
Post a Comment