မမုန်းဘူး မဟုတ်ဘူး
by ဗုဒ္ဓဘာသာ / အတွေးအမြင် on Saturday, September 8, 2012 at 3:32am ·
“ဟေ့ ခေမာနန္ဒကြီး”
“ဘုရား”
မနက်က အဘွားဆုံးတယ်လို့ ဖုန်းရထားလို့ ဆရာသင်နေတဲ့ စာဆီကို အာရုံမရောက်ပဲ အဘွားအကြောင်းကိုပဲ တွေးမိနေတာမို့ ဆရာဘုန်းကြီးက ကိုယ့်နာမည်ကို ရုတ်တရက်ခေါ်လိုက်တော့ ဘာများလဲဆိုပြီး ထိတ်ထိတ်ပျာပျာ ဖြစ်သွားမိတယ်။
“မမုန်းဘူး မဟုတ်ဘူးဆိုတဲ့ တပိုင်းတစ၀ါကျကို ၀တ္ထုကြောင်းလေးအနည်းငယ်လောက် ပြောပြပြီးတော့ ပြည့်စုံတဲ့ ၀ါကျတစ်ခုအဖြစ် ဖြည့်စွက်ကြည့်စမ်း”
“မှန်ပါ့ဘုရား”
ကိုယ့်ကို အရမ်းဂရုစိုက်တဲ့ ဆရာဘုန်းကြီးမို့ စာထဲအာရုံမရောက်ပဲ ဖြစ်နေတာကိုသိလို့ အာရုံပြောင်းပေးလိုက်တာဖြစ်တယ်။ စဉ်းစားစမ်း..ဘာပြောရမလဲ ဘယ်လိုရှင်းပြီး ဘယ်လိုအဆုံးသတ်ရမလဲဆိုတာ။ တစ်မိနစ်အတွင်း အပြေးအလွှား စဉ်းစားလိုက်ပြီးတော့ မတ်တတ်ရပ် လည်ချောင်းတစ်ချက်ရှင်းလိုက်ပြီးတော့...
“တပည့်တော် အခုနေတဲ့ကျောင်းမှာ ကြောင်တွေရှိပါတယ်။ ကြောင်တစ်အုပ်ကြီးမို့ ကြောင်ရဲ့ အညစ်အကြေးနံ့တွေဟာ တစ်ကျောင်းလုံး နံစော်နေတာပါပဲ။ ကြောင်မကြီးတစ်ကောင်ဟာဆိုရင် သူရဲ့ ဗိုက်တစ်ခုလုံးဟာ အနာစိုတွေဖြစ်နေပါတယ်။ မန်းရေတွေ တစိုစိုနဲ့ပါပဲ။”
“တပည့်တော်နေတဲ့ အိပ်ခန်းက အခန်းတံခါးမရှိပါဘူး။ ခန်းစီးလေးပဲရှိပါတယ်။ တပည့်ကျောင်းကပြန်လာလို့ အိပ်ခန်းထဲကိုဝင်တိုင်း ကြောင်မကြီးက တပည့်တော်ရဲ့ ခေါင်အုန်းပေါ်မှာ သူကတက်အိပ်နေပါတယ်။ တပည့်တော်လဲ ဒါနဲ့ ကျောင်းသွားခါနီးတိုင်း ခေါင်းအုန်းတွေကို ကြွပ်ကြွပ်အိတ်အကြီးကြီးထဲကို ထည့်ပြီးတော့ သွားပါတယ်။ တစ်ရက်နှစ်ရက်တော့ အဆင်ပြေနေပါတယ်။”
“တစ်ရက်တော့ ကျောင်းကပြန်လာလို့ အိပ်ခန်းထဲဝင်ပြီး ပြူတင်းပေါက်ဖွင့် မီးဖွင့်လုပ်လိုက်တော့ တပည့်တော် ခေါင်းအုန်းထည့်ထားတဲ့ အိတ်ကို ကုတ်ဖြဲပြီးတော့ သူက ခေါင်းအုံးပေါ်မှာ တက်အိပ်နေပါတယ်။ တပည့်တော်လေ ဒေါသထွက်လွန်းလို့ လက်ထဲက ထီးနဲ့ရိုက်သတ်မလို့ လက်ရွယ်လိုက်ပါတယ်။”
“အဲဒီအချိန်မှာပဲ သတိကလေးဝင်လာပြီးတော့ အော်လေ သူက တိရိစ္ဆာန် ပြီးတော့ ရောဂါကြီးနဲ့ မလုပ်ကောင်းပါဘူးလေလို့ တွေးမိပြီးတော့ မရိုက်တော့ပဲ အသာပဲခြောက်ထုတ်လိုက်ပါတယ်။”
“ကြောင်မကြီးကို မမုန်းဘူးမဟုတ်ဘူး မုန်းပါတယ်။ ဒါပေမယ့် အမုန်းအခြေခံပြီးတော့ အမှားကြီးမမှားမိအောင် သတိထားပြီး ထိန်းသိမ်းလိုက်ပါတယ်။ ဒါပါပဲ ဘုရား။”
“ကဲ ကဲ ရပြီ ထိုင်တော့။ တို့တတွေဟာ သင်္ကန်းဝတ်ထားပေမယ့် ပုထုဇဉ်တွေနော်။ ဒီတော့ မွေးကထဲက အမုန်းတို့ အချစ်တို့ဆိုတာတွေက အနုသယသဘောအရ ပါလာပြီးသားပဲ။ မုန်းစရာ အာရုံမ၀င်ခင် အမုန်းကလဲ ငြိမ်နေတယ်။ ချစ်စရာအာရုံမ၀င်ခင် အချစ်ကလဲ ငြိမ်နေတယ်။
အာရုံဝင်လာနဲ့ မုန်းတာချစ်တာတွေက ပေါ်လာလှုပ်လာတော့တာပဲ။”
“တို့တတွေလဲ မမုန်းဘူးမဟုတ်ဘူး မုန်းတယ်။ မချစ်ဘူးမဟုတ်ဘူး ချစ်တယ်။ ဒါပေမယ့် အဲဒီအမုန်းတွေ အချစ်တွေကို မုန်းရုံချစ်ရုံအဆင့်မှာတင်ပဲ ရပ်ထားကြ။ စိတ်ထဲမှာတင်မဟုတ်တော့ပဲ ၀ီတိက္ကမဆိုတဲ့ ကိုယ်ခန္ဒာကပါ လိုက်ပြီးတော့ အကောင်အထည်ဖော် မကျူးလွန်မိစေနဲ့။ အနုသယတွေကို ၀ီတိက္ကမမဖြစ်စေနဲ့။”
“အနုသယတွေကို ၀ီတိက္ကမဖြစ်လာရင် မြေလျှိုကုန်ကြရမယ်နော်။ ပုထုဇဉ်ဆိုပေမယ့် ကိုယ်က သင်္ကန်းကိုဝတ်ထားတဲ့ ပုထုဇဉ်ဆိုတဲ့ သတိလေးကို ရင်ထဲနှလုံးသားထဲမှာ ကိန်းထားအောင်းထား။
ဘုရား၇ှင် သက်တော်ထင်ရှားရှိစဉ်မှာရော ပရိနိဗာန်စံခါနီးမှာရော တဖွဖွနဲ့ မှာခဲ့တာက သတိမလွတ်ဖိုပဲ။ သတိရှိဖို့ပဲ။ သတိမလွတ်ရင် သတိရှိနေရင် လူကလမ်းမှားရောက်ဖို့ အခွင့်အလမ်းဟာ မရှိသလောက်နည်းသွားတယ်။
ဒါကြောင့် ဘာပဲလုပ်လုပ် သတိနဲ့လုပ် သတိနဲ့နေ သတိနဲ့ပြော သတိကိုလက်လွှတ်ပြီးတော့ ငေးငေးငိုင်ငိုင် လုပ်မနေကြနဲ့။
အလုပ်တစ်ခုလုပ်ပြီးဆိုရင်....
စိရကာလဘာဝနာ=အချိန်ကြာကြာလုပ်ရတယ်။
နိရန္တရဘာဝနာ =အလုပ်ကို မပြတ်ဒလစပ်လုပ်ရတယ်။
နိရ၀သေသဘာဝနာ=အလုပ်ကို အကြွင်းအကျန်မရှိ ပြီးဆုံးအောင်လုပ်ရတယ်။
သက္ကစ္စဘာဝနာ=ကိုယ်လုပ်နေတဲ့ အလုပ်ကို ၇ို၇ိုသေသေ လေးလေးမြတ်မြတ်နဲ့ လုပ်ရတယ်။
အဘိရတိဘာဝနာ=ပျော်ပျော်ပါးပါး ရွှင်ရွှင်လန်းလန်း တက်တက်ကြွကြွ လုပ်ရတယ်။ ဒါမှ ဘ၀ဟာ ကြီးပွားအောင်မြင်မယ်။
သတိလက်လွတ်ပြီး စိတ်မပါတာလိုပါတာလိုနဲ့ ငေးငေးမှိုင်မှိုင်နဲ့ လုပ်နေရင် မင်းတို့ဘ၀တွေ ပြာပုံထဲက လွတ်မှာမဟုတ်ဘူး။ ဒါကို ရင်ထဲနှလုံးသားထဲ အသိဥာဏ်ထဲမှာ ကိန်းထားကြ။ ကဲ အချိန်စေ့ပြီး ဒီနေ့ ဒီလောက်ပဲ။ ဆို အဓိဋ္ဌာန်ကို။”
....................................................................................မိုးသု(မန္တလေး)
(အများအတွက်လဲ ဖတ်ပြီးရင် တစ်ခုခုကျန်ရစ်မယ်ထင်လို့ တင်ပေးလိုက်ပါတယ်။ ရေးထားတာက ကြာပါပြီ။ မနေ့ညကမှ စာအုပ်ရှာရင်းနဲ့ စာအုပ်ကြားကနေ စာမူပြန်တွေ့လို့ တင်ပေးလိုက်တာပါ.)
0 comments:
Post a Comment