တရားဥပဒေ စိုးမိုးမှု အကြောင်း နည်းနည်း ဆွေးနွေးပါရစေ..
by Lwin Aung Soe on Saturday, September 8, 2012 at 9:25pm
လစ်ရင်လစ်သလို အခွင့်အရေး ရရင်ရသလို တရားဥပဒေ အထက်မှာ နေချင်သူ(တွေ) ရှိတတ်ကြပါတယ်။ သူတို့ကို ပြန်ထိန်းချုပ်ဖို့က တရားဥပဒေ စိုးမိုးရေးသာ ဖြစ်ပါတယ်။
လူတိုင်းဟာ တရားဥပဒေရဲ့ မတရားနှိပ်ကွပ်တာကို ခေါင်းငုံ့ခံယူချင်ကြမှာ မဟုတ်ပါဘူး။ တရားဥပဒေရဲ့ ကာကွယ်ပေးမှုကိုသာ လုံခြုံစွာ ခံယူချင်ကြမှာ ဖြစ်ပါတယ်။
မတရားမှုတွေကို မရှိစေရအောင်၊ တားဆီးနိုင်အောင် တရားဥပဒေတွေကို လူသိရှင်ကြား ပြဋ္ဌာန်းပြီး ကျောသားရင်သား မခွဲခြားဘဲ တိကျစွာ ကျင့်သုံးရပါတယ်။ တရားဥပဒေ ဆိုတာကလည်း နာမည်နဲ့လိုက်အောင် တရားတဲ့ဘက်က ရပ်တည်တာ ဖြစ်နေရပါမယ်။
မတရားတဲ့ ဥပဒေတွေ ရှိနေရင် ဖယ်ရှားရမှာက တရားမျှတမှုကို လိုလားသူတိုင်းရဲ့ တာဝန် ဖြစ်ပါတယ်။
တရားဥပဒေ ဘက်တော်သားတွေ သာမက နိုင်ငံ့အရေးအရာ အားလုံးမှာ ဦးဆောင်နေသူတွေဟာ ဥပဒေအတိုင်း တိကျမှန်ကန်စွာ တာဝန်ယူနိုင်ရပါမယ်။
နောက်ထပ် အရေးကြီးတာ နှစ်ခုကတော့ ဒီမိုကရေစီ ဖြစ်ထွန်းအောင် လုပ်ယူဖို့နဲ့ လူ့အခွင့်အရေးတွေ အပြည့်အဝ ရရှိနေစေဖို့ ဖြစ်ပါတယ်။
ဒီအချက်တွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ယူနိုင်ရင် တရားဥပဒေ စိုးမိုးမှု ရှိလာမှာ ဖြစ်ပါတယ်။
အစစ်အမှန် ဒီမိုကရေစီနိုင်ငံက ပြည်သူတွေဟာ နေ့စဉ် သွားလာ လုပ်ကိုင် စားသောက် နေထိုင်ကြရာမှာ ဘာကိုမှ ကြောက်ရွံ့ စိုးထိတ်စရာ မရှိကြပါဘူး။ သွားရဲ လာရဲ ပြောရဲ ဆိုရဲ တိုင်တန်းရဲ တောင်းဆိုရဲကြပါတယ်။ သူတို့ဟာ သူတို့ပိုင်ဆိုင်ခွင့်ရတဲ့ လူအခွင့်အရေးတွေကို အပြည့်အဝ ခံစားကြရပါတယ်။ ဒါဟာ တရားဥပဒေ စိုးမိုးလို့သာ ဖြစ်ပါတယ်။
တရားဥပဒေ စိုးမိုးမှု မရှိလို့ ပြည်သူတွေက ကြောက်ရွံ့သွားရင် လူ့ဘဝတွေမှာ တိုးတက်မှု ရှိလာမှာ မဟုတ်ပါဘူး။ အဲဒီလိုနိုင်ငံမျိုးတွေမှာ နိုင်ငံရေး တည်ငြိမ်မှာလည်း မဟုတ်တော့ပါဘူး။ အုပ်ချုပ်သူ အစိုးရအဖို့ အမြဲတမ်း မျက်ခုံးလှုပ် သောကရောက်နေရမှာလည်း ဖြစ်ပါတယ်။
ဒီမိုကရေစီ (Democracy) လို့ ပြောလိုက်တဲ့အခါမှာ တရားဥပဒေ စိုးမိုးရေး (Rule of Law) နဲ့ လူ့အခွင့်အရေးတွေ (Human Rights) ဟာ ချန်ထားလို့မရ၊ လျှော့ချလို့ မရဘဲ အပြည့်အဝ ယှဉ်တွဲပြီး အတူတူ ရှိနေရမှာပဲ ဖြစ်ပါတယ်။
အမေရိကန် သမ္မတ (၁၉၅၃-၆၁) အိုင်ဆင်ဟောင်ဝါက ပြောခဲ့ဖူးတာ ရှိပါတယ်။ ကျော်ကြားလှတဲ့ စကားတခွန်းပါ။
“The clearest way to show what the rule of law means to us in everyday life is to recall what has happened when there is no rule of law.”
လွင်အောင်စိုး
၉-၉-၂ဝ၁၂
...................
0 comments:
Post a Comment