Monday, September 3, 2012

ခွန်းတုန့်ခွန်းလှယ် (ဒေါက်တာဆန်းမြင့်)

Posted by British Council on August 9, 2012 at 17:31 in

ဟိုးရှေးရှေးတုန်းက ...
မေးခွန်းများမေးကြတဲ့ အကြောင်းပြောကြဆိုကြရင်၊ အထူးသဖြင့် ကလေးများမေးတဲ့ မေးခွန်းအကြောင်းဆိုရင်၊ ဆရာကြီးသိပ္ပံမောင်ဝရဲ့ ပုံပြင်တစ်ပုဒ်ကို အမှတ်မရပဲ မနေနိုင်ပါဘူး။ အခြေခံပညာ အထက်တန်းအတွက် ဆယ်စုနှစ်ပေါင်းများစွာက ပြဌာန်းဖူးတဲ့ ပုံပြင်တစ်ပုဒ်ဖြစ်ပါတယ်။ ပုံပြင်ထဲမှ မြင်ကွင်းတစ်ခုကို စွဲလမ်းအမှတ်ရ နေပါတယ်။
ပုံပြင်ထဲမှာ မောင်လူအေးအိမ်ထောင်ကျပြီး သားဦးကလေးမွေးတော့ မောင်လူမွှေးလို့ အမည်ပေးတယ်။ မောင်လူမွှေးကလေးဟာ အဲဒီတုန်းက နှစ်နှစ်သား၊ သုံးနှစ်သားကလေးပဲ ရှိပါလိမ့်မယ်။ ကလေးပီပီ မောင်လူမွှေးကလည်း ဇွဲကောင်း၊ စပ်စုပြီး၊ စကားတွေတီတီတာတာ ပြောတတ်နေပါပြီ။ မြေကြီးပေါ် ခြေဗလာနဲ့ လျှောက်သွားနေတာမြင်တော့ ဖွားအေက ဖိနပ်စီးဖို့ပြောပါတယ်။

"ဖွားဖွား ဘာဖြစ်လို့လဲဟင်။" မောင်လူမွှေးကမေးပါတယ်။
"ခြေဗလာနဲ့ လျှောက်သွားနေရင် အအေးမိမှာပေါ့ ငါ့မြေးရဲ့။"
"အဲဒီ စာကလေးတွေက ဘာဖြစ်လို့ ဖိနပ်မစီးတာလဲဟင်၊ ဖွားဖွား။ သူတို့ကျတော့ ဘာဖြစ်လို့ အအေးမမိတာလဲ။"
"သူတို့ကတိရစ္ဆာန်တွေလေ၊ မြေးကလေးရဲ့"
"သူတို့က ဘာဖြစ်လို့တိရစ္ဆာန်ဖြစ်ရတာလဲဟင် ဖွားဖွား။"
"သြကာသ ရှိမခိုးလို့ပေါ့ဟဲ့"
"ဘာဖြစ်လို့ သူတို့က သြကာသ ရှိမခိုးတာလဲဟင် ဖွားဖွား"

ဖွားအေကြီး လက်မြှောက်လိုက်ပါတယ်။ ဘာမေးခွန်းတွေ လာမေးနေမှန်းမသိဖူးဆိုပြီး ဆူဆူငေါက်ငေါက်နဲ့ ဆွေးနွေးခန်းလည်း ပြီးသွားပါတယ်။

မျဉ်းပြိုင်များ

ဒီမြင်ကွင်းကို စာသင်ခန်းထဲ ပြောင်းရွှေ့ကြည့်လိုက်တော့ ပုံပြင်နဲ့ သင်ကြားရေးအကြား မျဉ်းပြိုင်များကို တွေ့လိုက်ရပါတယ်။

ဘာသာစကားသင်ကြားတဲ့စာသင်ခန်းတွေမှာ နည်းလမ်းပေါင်းစုံ အသုံးချခဲ့ကြပါတယ်။ အသစ်အဆန်းတွေရော၊ အဟောင်းအနွမ်းတွေပါ။ ကမ္ဘာ့အင်တာနက်ကွန်ယက်ကြီး (World Wide Web) ရဲ့တန်ခိုးကြောင့် ဘာသာစကားသင်ကြားရေးနယ်ပယ်မှာ အသစ်အဆန်းတွေ အများကြီး မြင်ရ၊ကြားရပါတယ်။ ရယူနိုင်တဲ့ အရင်းအမြစ်တွေကလည်း အံ့မခန်းပါပဲလား။ တစ်ဖက်က ကြည့်တော့လည်း ကြီးကျယ်များမြောင်လှတဲ့ အရင်းအမြစ်တွေကြောင့်မို့လည်း ဖွဲတွေ၊ ဆန်ကွဲတွေ ပြာထုတ်၊ ရွေးထုတ်ဖို့လည်း လိုလာပြန်ပါရော။ သဘောသဘာဝတွေ ဆင်ဆင်တူတဲ့ သင်ကြားရေး အကြောင်းအရာ၊ အရင်းအမြစ်များ ရွေးချယ်ကြပြီဆိုရင် စေ့စေ့တွေးမှ တန်ကာကျမှာပါ။

ငယ်ရုပ်ဆင်၊ တစ်သွင်ဆန်း

ယခင်ကဆို ဘာသာစကားလေ့လာခြင်းကို အပိုအလုပ်လို့မြင်ခဲ့ကြဖူးပါတယ်။ သဘောတရား ရေးရာတွေ နှီးနှောရာသာလျှင် ဖြစ်ခဲ့ဖူးပါတယ်။ ဘာသာစကားဟာ အချိန်ကာလ၊ သုံးစွဲမှုအရ ပြောင်းလဲမှုမရှိပဲ တည်ငြိမ်နေတယ်လို့လဲ ယူဆခဲ့ဖူးပါတယ်။ ဒါကြောင့်မို့လည်း ကမ္ဘာ့ဘာသာစကား များကို ဂန္ထ၀င်ဘာသာစကား(လက်တင်၊ ပါဠိ)များစံနှုန်းဖြင့် သတ်မှတ်ဆုံးဖြတ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဂန္ထ၀င်စကားဆိုတာ (အပြင်လောကမှာမသုံးတော့တဲ့) တိမ်မြုတ်နေတဲ့ ဘာသာစကား များသာလျှင် ဖြစ်ပါတယ်။ အင်္ဂလိပ်စာကို လက်တင်ဥပဒေသများမှတစ်ဆင့် လေ့လာကြတယ်။ မြန်မာစာကိုလည်း ပါဠိဘာသာဖွဲ့စည်းပုံ၊ ဥပဒေသများနှင့် လေ့လာခဲ့ဖူးတယ်။ ဘာသာစကား အသစ်များကို ဂန္ထ၀င်မြောက် ဘာသာစကားများ၏ ဥပဒေသများမှတစ်ဆင့် လေ့လာခြင်းသည် မိမိတို့ရဲ့နားလည်မှုကို ဖြည့်စွက် ပေးနိုင်တယ်လို့ ယုံကြည်ခဲ့ကြဖူးပါတယ်။

အသစ်အဆန်းဆို နှာခေါင်းတွေ ရှုံ့ကြလို့၊ မူဟောင်းမှ မူသစ်သမားများကို ဝေဖန်လေကန်ကြလို့။ ဟောင်းရင်ကောင်းသတဲ့။ သစ်ရင်အပြစ်တဲ့။ ဒီလိုမြင်ကြတဲ့ အကြောင်းက ရိုးရာသဒ္ဒါနည်းလမ်းတွေ လွှမ်းမိုးခဲ့လို့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကမ္ဘာစစ်ကြီးတွေဖြစ်ပြီး အသာစီးရရန် ဘာသာစကားတွေ အလောသုံးဆယ် လေ့လာသင်ယူကြတဲ့ အခါကျတော့မှပဲ နည်းသစ်တွေ ပေါ်ပေါက်လာပါတော့တယ်။

အို –  ဖွင့်လော့ တံခါး၊ တံခါးဖွင့်လော့

အခွင့်အလမ်း ရွှေတံခါးကြီးတွေ အကျယ်ကြီး ပွင့်လာပြီဖြစ်တဲ့ ဒီကာလမှာ ရွှေမြန်မာ ဆရာ/မကြီး တွေလည်း ကမ္ဘာ့စင်မြင့်ထက်ဆီ ခြေလှမ်းဖို့ ဟန်ပြင်နေကြပါပြီ။ သွေးသစ်လောင်းတဲ့ မျိုးဆက်သစ် တွေရော၊ အတွေ့အကြုံ ရင့်ကျက်ကြတဲ့ ဆရာ/မကြီးတွေပါ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေကြပါပြီ။ ဘွဲ့ရပြီးစ မောင်မယ်များလည်း ပုဂ္ဂလိကကဏ္ဍမှာ ပိုပိုပြီးလုပ်ကိုင်ရင်း မိမိတို့ဆိုင်ရာ လုပ်ငန်း နယ်ပယ်များမှာ အသုံးချရန်လိုအပ်တဲ့ဘာသာစကားများကို နိုင်နိုင်နင်းနင်း ပြောဆိုအသုံးချနိုင်တဲ့ သွက်လက်ထက်မြက်သော လူငယ်များကိုလည်း စတင်တွေ့နေရပါပြီ။ အမိမြန်မာပြည်မှာ အရှေ့၊ အနောက်နိုင်ငံများမှ ဘာသာစကားတွေကို လေ့လာသင်ကြားမှုများ အမြစ်တွယ်ခဲ့တာ ကြာညောင်းခဲ့ ပါပြီ။ နိုင်ငံရပ်ခြားမှ ကျွမ်းကျင်မှုတွေ၊ ရင်းနှီးမြှုတ်နှံမှုတွေ စီးဆင်းဝင်ရောက်နေတဲ့ ဒီလိုအခါမျိုးမှာ ဘာသာစကား နိုင်နင်းကျွမ်းကျင်တဲ့ အရည်အချင်းမြင့်မားသော ဆရာ/မများ ပိုမို၍ပင် လိုအပ် နေပါတယ်။

ကမ္ဘာ့ဇာတ်ခုံပေါ်ဆီသို့

မြန်မာတစ်ဦးနဲ့ နိုင်ငံခြားဧည့်သည်တွေ စကားပြောတဲ့အခါမှာ မိမိဖက်မှ မေးခွန်းမေးတာတွေ နည်းပါးပါသေးတယ်။ စကားစမြည်ပြောကြရင်လည်း အပြန်အလှန်ပြောတာထက် စစ်ဆေး မေးမြန်းတာနဲ့ ပိုတူနေပါတယ်။ စကားစမြည်နဲ့ တွေ့ဆုံမေးမြန်းခန်းတွေမှန်ရင် အပြန်အလှန် မေးမြန်းပြောဆိုမှုများ ရှိရပါမယ်။

ဘာရည်ရွယ်ချက်ကြောင့်ပဲဖြစ်ဖြစ် မြန်မာတွေပြောဆိုကြတဲ့ အင်္ဂလိပ်စကားများမှာ ဒီ့ထက်ပိုပြီး ခွန်းတုန့်ခွန်းလှယ် ပြောဆိုဖို့ လိုနေပါပြီ။ စူးစမ်းတတ်တဲ့ စိတ်ထားရှိရင် ရှာရှာဖွေဖွေ မေးတတ်လာမှာပါ။ မေးမြန်းခဲ့ရင် ခွန်းတုန့်ခွန်းပြန်ပြောဖို့ အကြောင်းတွေ ဖန်လာမှာပေါ့။ မြန်မာကလေးတွေ မေးခွန်းပိုမိုပြီး မေးလာကြပြီဆိုမှတော့ ၀မ်းမြောက်ဝမ်းသာ အတိတ်ကောင်းတွေ မြင်မိပါတယ်

(ခြွင်းချက်တောင်မထားတော့ပါဘူး) – မြန်မာကို ကမ္ဘာ့ဇာတ်ခုံပေါ်ရောက်အောင် တွန်းပို့နိုင်တဲ့၊ မိမိခြေထောက်ပေါ် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်နိုင်မယ့်၊ မေးစရာရှိတာတွေကို မိမိကိုယ်တိုင် မေးနိုင်တဲ့၊ တိုးတက်ထက်မြက်တဲ့ လူသားအရင်းအမြစ်တွေ ပေါ်လာမယ် ဆိုတာကိုပါပဲ။

ဒေါက်တာဆန်းမြင့်

http://myanmar-english-teaching-scheme.ning.com/forum/topics/questions-and-interactions-myanmar မှ ....

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...