ဒီမိုကရေစီအတွက် ရုန်းကန်ကြ - အမှတ်စဉ် (၈) မျိုးသန့်
by Myo Thant on Saturday, September 1, 2012 at 5:24pm ·
ကမ္ဘာပေါ်တွင် စစ်အေးခေတ်အတွင်းနဲ့ နှောင်းပိုင်းကာလလောက်တွင် အရှေ့ဥရောပ ကွန်မြူနစ်နိုင်ငံတွေ၊ လက်တင်အမေရိကရှိ လင်္ကျာဝါဒီ စစ်အာဏာရှင်နိုင်ငံတွေနဲ့ အာဖရိကနိုင်ငံတွေမှာ များစွာသော အာဏာရှင်အစိုးရတွေကို သူတို့ပြည်သူတွေက ဆန့်ကျင်ခဲ့ကြပြီး၊ ဒီမိုကရေစီရေးအတွက် ရုန်းကန်မှု ပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုများကို လုပ်ဆောင်ခဲ့ကြဒါတွေ့ရ မှာပါ။
အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်ဆီသို့ပြုပြင်ပြောင်းလဲမှု့တွင် စိန့်ခေါ်မှုများစွာရှိတယ်။ အကြောင်းက စနစ်ဟောင်းက အကျင့် စရိုက်ဟောင်းတွေက အရိုးစွဲနေခြင်း၊ အစိုးရ၏ တာဝန်များသည် အရင် အာဏာရှင်စနစ်ကလို အာဏာရှင်နဲ့ ၎င်းတို့အသိုင်း အ၀ိုင်းတို့၏ အကျိုးစီးပွားကိုသာ ကာကွယ်ရခြင်းမဟုတ်တော့ဘဲ၊ နိုင်ငံသားများအားလုံး၏ အကျိုးစီးပွားကို ကာကွယ်ပေးရခြင်း၊ တန်းတူညီမျှစွာ အုပ်ချုပ်ရခြင်းတို့ဖြစ်တယ်။
လက်တွေ့တွင် ပြည်သူများကို ကာကွယ်ပေးသော ဥပဒေများ မရှိသေးခြင်း၊ ထို့အပြင် ဒီမိုကရေစီစနစ်အတွက် အရေးကြီးသော အချက်နောက်တခုက အရပ်သားလူ့အဖွဲ့အစည်း၊ သမဂ္ဂများ ခိုင်မာစွာ ဖွဲ့စည်းထားမှုများ မရှိသေးခြင်း၊ စသည့် တို့က ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများအတွက် စိန့်ခေါ်မှုတွေဖြစ်နေတတ်ပါတယ်။
စနစ်ဟောင်းအတွင်းတွင် အကျိုးစီးပွားများရရှိထားသူများအနေဖြင့် ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုတို့သည် ၎င်းတို့အတွက် ခြိမ်းခြောက်မှုများအဖြစ် ယူဆတတ်တယ်။ ထို့ကြောင့် အပြောင်းအလဲဆိုဒါ အာဏာရှင်စနစ်တုန်းကလိုမျိုး လူတဦး၊ လူတစု၏ အကျိုးကိုသာ ရှိနေစေရေး မဟုတ်တော့ပဲ လူတိုင်းအတွက် ဖြစ်တယ်။ ထို့ကြောင့် မိမိအကျိုးလည်း အများအကျိုးထဲမှာပါနေတယ် ဆိုဒါကို ရှေ့ဦးစွာ သဘောပေါက် ယုံကြည်လက်နိုင်ရန် လိုအပ်ပါတယ်။
နုနယ်ပြီး၊ မခိုင်မာသေးသော ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုအတွင်းမှာ ပြသာနာအရပ်ရပ်တွေကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးမှုဖြင့် ပြုပြင်ပြောင်းလဲရေးကို မလုပ်နိုင်ဘဲ။ အကြမ်းဖက်အင်အားသုံးပြီး၊ လက်နက်နည်းဖြင့် နိုင်ငံရေးပြသာနာများကိုဖြေရှင်းနေခြင်းသည် လုံးဝဿုံ တည်ငြိမ်မှုဖြင့် ဒီမိုကရေစီစနစ်ဆီကို မသွားနိုင်ပေ။
အဆုံးမှာ ဒီမိုကရေစီစနစ်အစား ပုံစံတမျိုးဖြင့် အာဏာရှင်စနစ်ဆီသို့ ပြန်လည်းရောက်ရှိခဲ့ဒါတွေ (ဒါမဟုတ်) အာဏာရှင်တပိုင်းစနစ်မျိုး အဖြစ်သို့ရောက်သွားဒါတွေ ရှိတတ်ပါတယ်။
- တစ်ပါတီတည်းကသာ ကြီးစိုးနေမှု
ပုံမှန်အားဖြင့် ဒီမိုကရေစီစနစ်တခုတွင် နိုင်ငံရေးပါတီတွေအနေဖြင့် နိုင်ငံရေးအာဏာကို မဲဆန္ဒရှင်ပြည်သူတွေဆီမှ ရွေးကောက်ပွဲများဖြင့် အာဏာကိုလွဲပြောင်းရယူကြရပါတယ်။ အဲဒီလိုရယူကြသည့်နေရာတွင် ပါတီတခုကသာ အမြဲတမ်း ရွေးကောက်ပွဲတွေမှာ အစဉ်အနိုင် ရနေဒါမျိုးပါ။ ထို့ကြောင့် ပါတီစုံစနစ်အောက်မှာပင် တစ်ပါတီတခုတည်းကသာ နိုင်ငံရေးနဲ့ နိုင်ငံရေး အာဏာကို အမြဲတမ်း လွှမ်းမိုးချုပ်ကိုင် ထားဒါတွေ ဖြစ်လာပြီး၊ နောက်ပိုင်းမှာ အတိုက်အခံတွေနဲ့ ပြည်သူတွေ၏ လွတ်လပ်မှုနဲ့ ဒီမိုကရေစီအခွင့်အရေးများ ဆုံးရှုံးလာနိုင်သည်အထိ ဖြစ်ပေါ်လာတတ်တယ်။
ဒီနေ့ရာမှာ အငိုက် မမိရန် အချက်တခုက အာဏာရှင်တပိုင်းစနစ်တွင်လည်း၊ ပါတီစုံအထွေထွေရွေးကောက်ပွဲတွေကို လူအများအကြိုက် လိုက်လုပ်ပေးတတ်တယ်။ အတိုက်အခံတွေကို ရွေးကောက်ပွဲတွေမှာ ပါဝင်ခွင့်ပေးထားပေမယ့် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် များစွာ အခွင့်အလမ်းနည်းပါးပြီး၊ အခက်အခဲများစွာ ရှိနေစေတတ်ပါတယ်။ နောက်ပြီး ရွေးကောက်ပွဲတွေတွင်မဲခိုးမဲလိမ်မှုနှင့်အတူ အခြားသော မသမာမှုတွေဖြင့် ပြည့်လျှံနေတတ်တယ်။
နိုင်ငံရေး အတိုက်အခံတွေကို ကန့်သတ်ချုပ်ချယ်သော ဥပဒေများရှိနေပြီး၊ ဖမ်းဆီးနှောက်ယှက်တတ်တယ်။ နိုင်ငံရေး အာဏာကို အတိုင်းအတာတခုအတွင်းမှာဒါ ခွဲဝေပေးထားပေးပြီး၊ အဓိကကျသော အုပ်ချုပ်ရေးစီမံခန့်ခွဲရေးအာဏာတွေကို ချုပ်ကိုင်ထား တတ်ကြတယ်။ ထို့ကြောင့် မဲဆန္ဒရှင်တွေအတွက် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲမျိုးကို လုံးလုံးလျားလျားမဖြစ်လာနိုင်ပေ။
ဥပမာ-တရုတ်သမ္မတနိုင်ငံက ကွန်မင်တန်ပါတီ၊ တောင်အာဖရိကနိုင်ငံက အာဖရိကန်အမျိုးသားကွန်ကရက် (အေအန်စီ)၊ အိန္ဒိယနိုင်ငံက အိန္ဒိယအမျိုးသားကွန်ကရက် (သို့မဟုတ်) ကွန်ကရက် (အိုင်) ပါတီတွေမျိုးပါ။ ဒီမိုကရေစီစနစ်ခိုင်မာနေသော (သို့မဟုတ်) ဒီမိုကရေစီသို့တကယ် ဦးတည်နေသော အခြေအနေအောက်မှာ ဆိုလျင် ကိစ္စမရှိပေမယ့် နုနယ်ပြီး၊ မခိုင်မာ မသေချာသော ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲရေးတွင် စိုးရိမ်စရာများစွာရှိနေတတ်တယ်။
အိန္ဒိယနိုင်ငံက အိန္ဒိယအမျိုးသားကွန်ကရက်ပါတီအနေဖြင့် ဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးနေ၍ ကိစ္စမရှိပေ။ ဒါပေမယ့် ရုရှားနိုင်ငံ ပြည်ထောင်စုရုရှားပါတီမျိုး၊ မလေးရှားနိုင်ငံက ပြည်ထောင်စု မလေးအမျိုးသားပါတီမျိုးတွေတော့ ကိစ္စရှိနေပါတယ်။
တရုတ်နိုင်ငံ၏ သင်ခန်းစာကို အရင်ကြည့်ကြရအောင်
တရုတ်ပြည်၏နောက်ဆုံး မင်းဆက်ကတော့ ချင်မင်းဆက်ဖြစ်ခဲ့ပြီး၊ အဲဒီကာလက ပြည်တွင်းပြည်ပ အန္တာရယ်များ ရှိနေချိန်လည်းဖြစ် ခဲ့တယ်။ ဧကရာဇ်စနစ်ကိုကြားကန်ပေးထားသော ကွန်ဖြူရှပ်ဝါဒကို ပြည်သူတွေက အကြီးအကျယ် သံသယရှိနေချိန် ဆိုပါတော့။
(၁၉၁၁)ခုနှစ်ရောက်တော့ နှစ်ပေါင်းထောင်ကျော်ကြာလာခဲ့တဲ့ ဧကရာဇ် စနစ်အား ဒေါက်တာ ဆွန်ယက်ဆင် ဦးဆောင်သော ၀ူးချန်တော်လှန်ရေးဆင်နွှဲပြီး ချင်မင်းဆက်ကို တွန်းလှန်နိုင်ခဲ့တယ်။ (၁၉၁၂)ခုနှစ် ဇန်နဝါရီ(၁)နေ့မှာ သမ္မတနိုင်ငံအဖြစ် ဒေါက်တာ ဆွန်ယက်ဆင်ကို ယာယီသမ္မတတင်ပြီး တည်ထောင်ခဲ့တယ်။ ဆက်လက်၍ ဒေါက်တာဆွန်ယက်ဆင်၏ဦးဆောင်မှုဖြင့် တရုတ်ပြည်ကြီးကို ဒီမိုကရေစီစနစ်သုံးသောနိုင်ငံဖြစ်လာအောင် ကြိုးစားခဲ့ကြတယ်။
တရုတ်ပြည်၏ ဧကရာဇ်ဖူယီက နန်းစွန့်ရန် သဘောတူပြီင်္း၊ ယွမ်ရှီခိုင်အား နိုင်ငံတော်သမ္မတအဖြစ်တရားဝင်တင်မြှောက်ခဲ့ကြတယ်။ သို့ရာတွင် ယွမ်ရှီခိုင် အာဏာရရှိလာပြီးနောက် အာဏာရ ကွန်မင်တန်ပါတီကို စတင်ဖြိုခွဲလာသောအခါ လွှတ်တော်နဲ့ပါ အားပြိုင်မှု များပြင်းထန်လာလေတယ်။ နောက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို လျစ်လျူရှုကာ မိမိကိုယ်မိမိ ဧကရာဇ်အဖြစ် ကြေညာခဲ့တော့တယ်။ ယွမ်ရှီခိုင်၏ နောက်လိုက်များကပင် ၄င်းကို စွန့်ခွာလာကြတယ်။ ပြည်နယ်များကလည်း လွတ်လွပ်ရေးကြေညာကြနဲ့၊ စစ်ဗိုလ်ချုပ်ကြီးတွေကို ပြည်နယ်အုပ်ချုပ်ရေးမှူးများအဖြစ် ခန့်ကာ အုပ်ချုပ်စေခဲ့ရတယ်။
တဖြည်းဖြည်းနဲ့တရုတ်ပြည်ကြီးဟာ စစ်သူကြီးများအုပ်ချုပ်သော နိုင်ငံတစ်နိုင်ငံ အဖြစ်သို့ ရောက်ရှိလာတော့တယ်။ တိုင်းပြည်အတွင်း မတည်ငြိမ်မှုပေါင်းများစွာ တည်ရှိနေသောအချိန်၊ ထိုသို့သော အခြေအနေများအကြား (၁၉၂၁)တွင် ကွန်မြူနစ်ပါတီ ဆိုပြီး ပေါ်ပေါက် လာခဲ့တယ်။
ဒေါက်တာဆွန်ယက်ဆင်(၁၉၂၅)ခုနှစ်တွင် သေဆုံးပြီးနောက် ချန်ကေရှိတ်သည် ကွန်မင်တန်ပါတီ၏ ခေါင်းဆောင်ဖြစ်လာခဲ့တယ်။ ဂျာမဏီနှင့် ဆိုဗီယက်ယူနီယံတို့၏ အကူအညီဖြင့် တရုတ်ပြည်မြောက်ပိုင်းဒေသကို စစ်ဆင်ရေးဖြင့် သိမ်းပိုက်နိုင်ပြီး၊ စစ်သူကြီးတွေကို ချေမှုန်းကာ ကွန်မင်တန်ပါတီ၏ အောက်အတွင်း သွတ်သွင်းနိုင်ခဲ့သော်လည်း၊ ကွန်မြူနစ်တွေကိုတော့ အပြတ် မရှင်းနိုင်ခဲ့ပေ။ အဲဒီအချက်က နောင်တစ်ချိန်တွင် ကွန်မြူနစ်တွေ အင်အားကြီးထွားလာနိုင်ရေးရဲ့ အစဖြစ်ခဲ့တော့တယ်။
ချန်ကေရှိတ်ကလည်း တိုးပွားလာသော ကွန်မြူနစ်အင်းအားသည် ၄င်းတို့အတွက် ခြိမ်းခြောက်မှု တရပ်အဖြစ် နားလည်း ခဲ့သော်လည်း၊ ပြည်ပက ခြိမ်းခြောက်လာနေသော နယ်ချဲ့ဂျပန်တို့လောက် မကြီးမားသေးဟုရှု့မြင်နေခဲ့တယ်။ချန်ကေရှိတ်ဦးဆောင်သော အမျိုးသားရေးအစိုးရအတွက် အချိန်များစွာ မကျန်တော့ပေ၊ နိုင်ငံအတွင်း မရေးရာ မသေချာမှုတွေဖြင့် (၁၉၃၇)ခုနှစ် ရှန်ဟိုင်းကိုပါ ဂျပန်က စစ်ရေးအရ တိုက်ခိုက်လာတော့။ ချန်ကေရှိတ်အနေဖြင့် ကျူးကျော်ရေးသမားဂျပန်တို့ကို တိုက်ထုတ်နိုင်ရေးသည် တရုတ်နိုင်ငံအတွက် အသက်သမျှအရေးကြီးလာလေတယ်။ နိုင်ငံကို နယ်ချဲ့ဂျပန်တို့၏ လက်အောက်မရောက်ရှိရေးသည် အဓိကဖြစ်လာသောကြောင့် စစ်ထဲသို့ မ၀င်မဖြစ် ၀င်ရောက်လာရတော့တယ်။
နယ်တွေမှာ ကွန်မြူနစ်တွေက ဂျပန်ဆန်ကျင်ရေးနဲ့၊ ၀ါဒဖြန့်ချီရေးပို့စတာများကို သယ်ဆောင်ကာ ရှေ့တန်းစစ်မျက်နှာသို့ ချီတက်နေခဲ့ရာ ပိုမို၍ ပြည်သူအများအပြား သိရှိလာခဲ့တယ်။ စစ်ပြီးသော (၁၉၄၅)ခုနှစ်တွင် ကွန်မြူနစ်တပ်နီတွေဟာ လေးသောင်း (၄၀,၀၀၀)မှ တစ်သန်း (၁,၀၀၀,၀၀၀)အထိတိုးပွားလာ ခဲ့တော့တယ်။ စစ်ကြီးပြီးနောက်မှာတော့ နိုင်ငံအတွင်း စစ်ပန်းမှု၊ ငတ်မွတ်ခေါင်းပါးမှု စသည့် အထွေထွေပြဿနာများ ကြုံနေရချိန်ဖြစ်၍၊ မော်စီတုံအတွက် အခွင့်ရေးများပိုမိုရရှိလာပြီး၊ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲကို ဆင်နွှဲရန်ကြေညာတော့တယ်။
ကွန်မြူနစ်တပ်နီတွေဟာ ကျေးလက်ဒေသတွေကို တဖြည်းဖြည်းထိန်းချုပ်လာနိုင်ခဲ့ရာမှ မြို့များဆီသို့ ရောက်ရှိလာနိုင်တယ်။ မြို့များကို ၀ိုင်းရံပိတ်စို့လာနိုင်ပြီး၊ နောက်ပိုင်းတွင် အမိအရသိမ်းပိုက်ရရှိလာတော့တယ်။ မန်ချူးမှနေ၍ နိုင်ငံ၏ အရှေ့ပိုင်း၊ ဒီနောက်မှာ အလယ်ပိုင်း၊ အနောက်ဖက်ပိုင်း၊ အနောက်မြောက်ပိုင်း၊ တောင်ပိုင်း၊ အဆုံးမှာတော့ တရုတ်ပြည်မကြီးတစ်ခုလုံးကိုပါ ကွန်မြူနစ်တွေ အောင်မြင်စွာ သိမ်းပိုက်နိုင်တော့တယ်။
မော်စီတုံ၏ ဦးဆောင်မှုဖြင့် အဆုံးသတ်အောင်ပွဲ ရရှိသွားကြ တော့တယ်။ (၁၉၄၉)ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့တွင် တရုတ်ပြည်ကို ပြည်သူ့သမ္မတနိုင်ငံအဖြစ် မော်စီတုံက ကမ္ဘာသိကြေညာခဲ့တယ်။ အဆုံးမှာတော့ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုကို ဦးတည်နေရာမှ (၃၇)နှစ်အကြာ ဒီမိုကရေစီစနစ်ကို မထူထောင်နိုင်တော့ပဲ၊ ကွန်မြူနစ်တစ်ပါတီ အာဏာရှင်စနစ်သို့ အာဏာရှင်ပုံစံသစ်ဖြင့် ပြန်ရောက်သွားလေတော့တယ်။
မလေးရှား၏ အခြေအနေ
(၁၈)ရာစုလောက်ကတည်းက မလေးရှားသည် ဘုရင်စနစ်ဖြင့်အုပ်ချုပ်လာခဲ့ရာ (၁၈၂၆) ခုနှစ်တွင် ဗြိတိသျှတို့က မလက္ကာ၊ ပီနန်၊ စင်ကာပူတို့ အခြေချနေထိုင်ပြီး၊ ၎င်းရေလက်ကြားဒေသကို ကိုလိုနီ ထူထောင်ပြီး၊ ထိုမှတစ်ဆင့် မလေးရှားကျွန်းဆွယ်၏ စော်ဘွား နယ်မြေများသည် နောက်ဆုံးမှာ အစောင့်အရှောက်ခံနယ်မြေအဖြစ် ဗြိတိသျှအင်ပါယာထဲရောက်လာခဲ့တယ်။ (၁၈၉၅) ခုနှစ်တွင် မလေးပြည်နယ် လေးခုကို ဖက်ဒရိတ်တက် မလေးပြည်နယ်များအဖြစ် စုစည်းလိုက်တယ်။
(၁၉၄၂) ခုနှစ်မှ (၁၉၄၅) ခုနှစ်အထိ ဂျပန်တပ်များ ဝင်ရောက်ကျူးကျော်ခဲ့တယ်။ (၁၉၄၈) ခုနှစ်တွင် ဗြိတိသျှတို့ အုပ်ချုပ်သည့် မလေးရှား နယ်မြေများသည် မလေးရှားဖက်ဒရေးရှင်းအဖြစ် ပေါင်းစည်းလိုက်ပြီးနောက်၊ (၁၉၅၇)ခုနှစ် သြဂုတ်လ (၃၁)ရက်နေ့တွင် ဗြိတိသျှတွေထံမှ လွတ်လပ်ရေးရရှိ လာခဲ့ပါတယ်။ (၁၉၆၃) ခုနှစ်တွင် မလေးရှား ဖက်ဒရေးရှင်းအဖြစ် တိုးချဲ့ရန် ဆာဘား၊ ဆာရာဝပ်နှင့် စင်္ကာပူ စသည့် ဗြိတိသျှ ကိုလိုနီနယ်ပယ်များက မလေးရှား ဖက်ဒရေးရှင်းသို့ ဝင်ရောက်ခဲ့သည်။ (၁၉၆၅)ခုနှစ် စက်တင်ဘာ (၁၆)ရက်တွင် စင်္ကာပူက ဤနိုင်ငံမှ ခွဲထွက်သွားတော့တယ်။
မလေးရှားနိုင်ငံဟာ အစ္စလာမ်ဘာသာကိုးကွယ်သူ လူဦးရည်အများစုဖြစ်နေသော်လည်း၊ လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံမှုကို အခြေခံပြီး၊ နိုင်ငံကို ဖွဲ့စည်းထားဒါကို တွေ့ရှိရမှာပါ။ ဒေသခံ မလေးနဲ့အခြားလူမျိုးများအပြင် တရုတ်၊ အိန္ဒိယလူမျိုးများ၏ နိုင်ငံရေး၊ စီပွားရေးနှင့် လူမှုရေးဆိုင်ရာတွေကိုပါ အသိအမှတ်ပြုပေးထားဒါကိုတွေ့ရှိရမှာဖြစ်တယ်။ မလေးရှားသည် ပြည်ထောင်စု စည်းမျဉ်းခံနှင့် ရွေးကောက်ခံ ဘုရင်နိုင်ငံဖြစ်ပြီး၊ အစိုးရစနစ်ကိုတော့၊ ဗြိတိသျှပုံစံပါလီမန်စနစ်ဖြင့် ပုံဖေါ်ထားဒါတွေ့ရမှာပါတယ်။
ဒီနေရာမှာ ပြောစရာတစ်ခုက ပြည်ထောင်စု မလေးအမျိုးသားပါတီကသာ နိုင်ငံ၏ လွတ်လပ်ရေးရကတည်းမှစ၍ ယနေ့အထိ အာဏာရပါတီဖြစ်နေသည့် အချက်ပါ။ ပါလီမန်စနစ်ဆိုဒါ ပါတီတခုက အမတ်ဦးရေးအများစု (သို့မဟုတ်) တခြားအနိုင်ရပါတီတွေနဲ့ ပါလီမန်ထဲတွင် မဟာမိတ်ဖွဲ့နိုင်လျင် အစိုးရကို ဖွဲ့စည်းလို့ရတယ် ဆိုဒါ နိုင်ငံရေးကို လေ့လာသူတို့ သိရှိပြီးဖြစ်မှာပါ။ ဒါပေမယ့် မည်သည့်အခါမှ အတိုက်အခံ မဖြစ်ခဲ့ဒါကတော့ စဉ်းစားစရာဖြစ်နေပါတယ်။
မလေးရှားနိုင်ငံတွင် (၂၀၁၂) ဧပြီလ (၂၈)ရက်နေ့တွင် လူပေါင်းထောင်ချီပြီး၊ ရွေးကောက်ပွဲဆိုင်ရာပြုပြင်ပြောင်းလဲရေးလုပ်ရန် အစိုးရအားတောင်းဆို ဆန္ဒပြနေပုံ။ http://malaysia-chronicle.com/index.php?option=com_k2&view=item&id=32863:malaysia-braces-for-100000-strong-protest-as-najib-ponders-vote&Itemid=2
နိုင်ငံရေးရာလေ့လာသူတွေအစဉ်တစိုက်ထောက်ပြနေဒါက အတိုက်အခံတွေ၏ ရွေးကောက်ပွဲတွင် အောင်နိုင် နိုင်သော အခွင့်အရေးက (၄၀) ရာခိုင်နှုန်းလောက်ဘဲ ရှိနိုင်အောင်လို့ ရွေးကောက်ပွဲကော်မရှင်နဲ့ အာဏာရပါတီ ပြည်ထောင်စုမလေးအမျိုးသားပါတီတို့က အခြေခံဥပဒေကို (၁၉၆၂) ခုနှစ်တွင် ပြင်ဆင်ခဲ့သည့်အချက်ပါ။ ရွေးကောက်ပွဲကော်မရှင်၏ လုပ်ပိုင်ခွင့်အာဏာများထဲတွင် မဲဆန္ဒနယ်မြေများကို ဖန်တီးသတ်မှတ်နိုင်ခွင့်ရှိနေတယ်။
အချက်နောက်တခုက ပြည်ထောင်စု မလေးအမျိုးသားပါတီကို ထောက်ခံသူတွေကို ၎င်းတို့၏ အတိုက်အခံတွေကို ထောက်ခံသူတွေ ထက်ပိုပြီး၊ အခွင့်အရေးများရရှိအောင်လုပ်ထားခြင်းဖြစ်တယ်။ ထို့ကြောင့် မလေးရှားနိုင်ငံမှာ နိုင်ငံရေးဆိုင်ရာ တန်းတူညီမျှမှုတွေကို ကန့်သတ်ခံထားနေရတယ်။
ပြည်ထောင်စု မလေးအမျိုးသားပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တစု၏ လက်ထဲမှာသာ အာဏာကရှိနေတယ်။ နိုင်ငံတခု၏ အစိုးရတရပ်အတွက် စိန်ခေါ်ချက်များထဲမှ တခုက အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်နိုင်ရေးပါပဲ။ ဒါပေမယ့် လူတယောက်ထဲ (သို့မဟုတ်) လူတစုထဲမှာသာ အာဏာက မြဲရှိနေလေတော့ အစိုးရအတွင်း အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်နိုင်ဖို့ ထက် မိမိအတိုက်အခံတွေကို အနိုင်ယူနိုင်ရေးလောက်ဖြင့်သာ အလုပ်ရှုပ်နေတော့တယ် အာဏာရပါတီအတွင်းပြုပြင်ပြောင်းလဲမှု့ ဆိုဒါကလဲ အကျင့်ပျက်ခြ စားမှုကို နိုင်နင်းအောင်မလုပ်နိုင်လေတော့။ ပြုပြင်ပြောင်းလဲမှုဆိုဒါ နံမည်လောက်ဘဲဖြစ်နေလေတယ်။
နောက်ပြီး မလေးရှားနိုင်ငံ၏ အခြေခံဥပဒေက အာဏာကြီး(၃)ရပ်အနက် အုပ်ချုပ်အဖွဲ့(အစိုးရ) လက်ထဲတွင် လုပ်ပိုင်ခွင့်အာဏာကို လွန်ကျူးပေးထားဒါကိုတွေ့ရမှာပါ။ ထို့ကြောင့် မလေးရှားနိုင်ငံ၏ ဒီမိုကရေစီက မလေးပြည်သူတွေအတွက် အလုပ်မဖြစ်နိုင်တော့ပေ။
(၁၉၈၈)ခုနှစ်တွင် မလေးရှားနိုင်ငံတွင် တရားရေးဆိုင်ရာ အကျပ်အတည်းတခုဖြစ်လာရာ တရားရေး (ရုံးများ)၏ လုပ်ပိုင်ခွင့်ဖြစ်သော ဥပဒေပြုအဖွဲ့၏ ချမှတ်ထားသော ဥပဒေများကို အဓိပ္ပါယ်ဖွင့်ဆိုခွင့်နဲ့၊ နိုင်ငံသားတွေ၏ အကျိုးစီးပွားများကို ကာကွယ်ပေးခွင့် အာဏာကို မဟာသီရာမိုဟာမက် ၀န်ကြီးချုပ်ဖြစ်နေချိန်တွင် အခြေခံဥပဒေ၏ တရားစီရင်ခွင့်အာဏာတို့ကို အုပ်ချုပ်ရေးအဖွဲ့က ထိန်းချုပ်ပိုင်ခွင့်အထိ အာဏာကိုတိုးချဲ့ပေးခဲ့လေတယ်။
နိုင်ငံရေးဆိုင်ရာ လွတ်လပ်ခွင့်တွေက အာဏာရပါတီနဲ့ ၎င်းတို့ကို ထောက်ခံသူတွေလောက်ဘဲ ခံစားခွင့် ရှိလာတော့တယ်။ ပြည်တွင်း လုံခြုံရေးအက်ဥပဒေက အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်သည်ဟု မသင်္ကာလျင် မည်သူကို မဆို တရားရုံးအမိန့် မလိုအပ်ဘဲ ဖမ်းဆီး ထိန်းသိမ်းနိုင်ခွင့်ကိုပါ အစိုးရကိုပေးအပ်ထားပြန်တယ်။ တချက်လွှတ်အရေးပေါ်ဥပဒေ (တရားဝင်လျှို့ဝှက်ဥပဒေ)တွေက အစိုးရနဲ့ လွှတ်တော်တွေ၏ အကြောင်းတို့ကို ဆွေးနွေးခွင့်များအား ပိတ်ပင်ထားပြီး၊ အစိုးရက အမြဲတမ်းစိစစ်နေတယ်။ အကြည်ညိုပျက်စေမှု ဥပဒေကလည်း နိုင်ငံသားတွေ၏ ဆွေးနွေးငြင်းခုံမှုတွေသည် ရာဇာဝတ်မှု့မြောက်နေစေတယ်။
အရပ်ဖက်ဆိုင်ရာလူ့အဖွဲ့အစည်းများဆိုင်ရာအက်ဥပဒေတွေက နိုင်ငံသားများ၏ လွတ်လပ်စွာ သင်းဖွဲ့ခွင့်များအပါအ၀င် နိုင်ငံရေးပါတီများ ဖွဲ့စည်းခွင့်တွေကို အစိုးရအနေဖြင့် ငြင်းပယ်ခွင့်ရှိနေတယ်။ ရဲ ရေးဆိုင်ရာအက်ဥပဒေက လူအများ စုဝေးလိုလျင် ၁၄ရက်ကြိုတင်ခွင့်တောင်းခံတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများသည် တရားမ၀င်ပေ။ တက္ကသိုလ်ကော်လိပ်အက် ဥပဒေက ကျောင်းသားများအနေဖြင့် နိုင်ငံရေးဆိုင်ရာကိစ္စရပ်များတွင် အစိုးရကိုထောက်ခံခြင်းမှလွဲ၍ တခြားသော ကိစ္စများတွင် ပါဝင်ခွင့် မရှိစေရဟု ပြဌာန်းထားတယ်။
မီဒီယာကိုလည်း အစိုးရက ထိန်းချုပ်ထားပြီး၊ အဓိက ကျသော သတင်းစာတွေ၊ ရုပ်မြင်သံကြားနှင့် ရေဒီယိုဌာနများကိုလည်း အာဏာရပါတီက ထိန်းချုပ်ထားတယ်။ ပုံနှိပ်ထုတ်ဝေခွင့်အက်ဥပဒေအရ မည်သည့် ထုတ်ဝေမှုမဆို အစိုးရထံ လိုင်စင်ယူပြီးထုတ်ဝေနိုင်ပြီး၊၎င်း ထုတ်ဝေခွင့် လိုင်စင်ကို နှစ်စဉ် အစိုးရထံ ပြန်လျှောက်ရတယ်။
ပြည်သူတွေ၏ ဆန္ဒသဘောထားများကို လွတ်လပ်စွာဖေါ်ထုတ်ဖွင့်ဟ နိုင်မှုတို့ကို အစိုးရက ကန့်သတ်ထားပြီး၊ အစိုးရ၏ ၀ါဒဖြန့်ချီရေးအတွက်ကိုဘဲ ခွင့်ပြုထားတယ်။ အာဏာရပါတီက ရဲနှင့် ကြည်၊ ရေ၊ လေတပ်များအပါအ၀င် ပါလီမန်၏ အစိတ်ပိုင်းများစွာကို ထိန်းချုပ်ပြီး၊ နိုင်ငံသားတွေကို ဖိနှိပ်ရန် သုံးနေတယ်။ ညှင်းပန်းနှိပ်စက်မှုတွေက နေ့ဒဓူဝ ရှိနေပြီး၊ အတိုက်ခံနိုင်ငံရေးသမားများနှင့် အရပ်ဖက်အသင်းအဖွဲ့ဝင်တွေသည် ကိုယ်ထိ လက်ရောက် ရိုက်နှပ်ခံနေရတယ်။
မလေးရှားနိုင်ငံ၏ လဒ်ပေးလဒ်ယူ တိုက်ဖျက်ရေးဥပဒေက အတိုက်ခံအမတ်များကို ကန့်သတ် ချုပ်ချယ်မှု့နဲ့ အသက်အန္တာရယ်ရောက်စေသည် အထိ ရှိနေတယ်။ အာဏာရပါတီ၏ နောက်ထက် လက်နက်ကိရိယာနောက်တခုက ပြည်ထောင်စုအဆင့်မှ ငွေကြေး ထောက်ပံ့မှု ဖြစ်တယ်။ ဒေသဆိုင်ရာ၊ပြည်နယ်တွေနှင့် တခြားလုပ်ငန်းတွေကို အတိုက်အခံတွေ အားကောင်းသောနေရာတွေကို ငွေကြေးဖြတ်ခြင်း အတိုက်အခံတွေ အားနည်းအောင် ဆောင်ရွက်ခြင်းတို့ပြုလုပ်ထားတယ်။
အာဏာရပါတီ၏ အနုတ်လဏ္ခာဆောင်သော အပြောင်းအလဲတွေက မလေးရှားနိုင်ငံ၏ ဒီမိုကရေစီရေး အခြေခံလိုအပ်ချက်တွေကို ပပျောက်အောင် ဆက်လက်လုပ်ဆောင်ရွက်နေခြင်းဖြင့် မလေးရှားပြည်သူတွေအတွက် မျှော်လင့်ချက်များကို ပိုမိုဝေးကွာစေရပြီး၊ အစိုးရ၏ အာဏာကို အလွဲသုံးစားပြုမှုတွေက မလေးရှားနိုင်ငံ၏ အနာဂတ်ကို မှေးမှိန်ပျောက်ကွယ်နေစေလေတယ်။
ဒီမိုကရေစီတည်ဆောက်ရေး၊ ဒီမိုကရေစီတည်တံ့ရေးအတွက် အပြောင်းအလဲဆိုသော လုပ်ငန်းစဉ်များအတွက် ခေါင်းဆောင် လုပ်နေသူများက ကိုယ်ကျိုးမကြည့် စွန့်လွှတ်အနစ်နာခံမှု ပေါ်မှာ တည်ရှိနေတယ်။ ပြည်သူတွေက အစဉ်သဖြင့် နိုင်ငံရေးနိုးကြားပြီး၊ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ခေါင်းဆောင်နှင့်အတူ ဟန်ချက်ညီညီ ပူးပေါင်းပါဝင်ဆောင်ရွက်ရမည် သာဖြစ်တယ်။
အချုပ်အားဖြင့်ဆိုသော် ကမ္ဘာပေါ်မှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ခဲ့သော နိုင်ငံများစွာရှိပါတယ်။ ဒါပေမယ့် ထင်သလောက် ခရီးမရောက်ခဲ့ ဒါတွေရှိတယ်။ အစပိုင်းမှာသာ ဒီမိုကရေစီစနစ်ဆီကို ဦးတည်ဆောင်ရွက်ကြခဲ့ကြပြီး၊ နောက်ပိုင်းမှာတော့ တခြားပုံစံ အာဏာရှင်စနစ် (သို့မဟုတ်) အာဏာရှင်တပိုင်းစနစ်ဆီကိုသာ ဦးတည်ရောက်ရှိသွားခဲ့ဒါတွေရှိကြောင်းကို အထက်ဖေါ်ပြပါနိုင်ငံတွေ၏ အခြေအနေတွေက ဖေါ်ပြနေလေတယ်။
ဆက်ရန်….. မျှော်…
0 comments:
Post a Comment