Monday, September 10, 2012

ဟိမဝန္တာတောင် နှင့် အနောတတ္တအိုင်


by Phillip Pyae on Saturday, July 28, 2012 at 6:53pm 


ဗဟုသုတ အတွက် ဟိမဝန္တာတောင် နှင့် အနောတတ္တအိုင် အကြောင်း ကျမ်းဂန်လာအတိုင်း ဖော်ပြလိုက်ပါတယ်။
ဆီးနှင်းများ မပြတ် ဖုံးလွှမ်းနေလို့ ဟိမဝန္တာ-လို့ ခေါ်ပါတယ်၊ အဲဒီ ဟိမဝန္တာတောင်ကို ခေတ်မြေပုံမှာ ကြည့်လိုက်လျှင် အိန္ဒိယပြည်ကြီးရဲ့ မြောက်ဘက် တစ်ဝိုက်မှာ မြင့်မောက်စွာ တည်ပြီး မြန်မာပြည် မြောက်ပိုင်းမှာ ကွေ့ဝိုက်ကာ မြန်မာပြည်ရဲ့ အရှေ့တစ်ဝှမ်း လွှမ်းဖုံးနေတာကို တွေ့ရပါတယ်။


(မြန်မာနိုင်ငံမှာ ရှိနေတဲ့ ရခိုင်ရိုးမတောင်တန်း, ချင်းရိုးမတောင်တန်း, အလယ်ရိုးမတောင်တန်း, ရှမ်းရိုးမတောင်တန်း စတဲ့ တောင်တန်း တောင်စွယ်တွေဟာ ဟိမဝန္တာတောင်ကြီးက ဖြာဆင်းလာတဲ့ တောင်တန်း တောင်စွယ်တွေ ဖြစ်ကြပါတယ်၊ )

ဟိမဝန္တာတောင်မင်းဟာ အစောက် ယူဇနာ ငါးရာမြင့်၍ အလျား ယူဇနာ သုံးထောင်, အနံ ယူဇနာ သုံးထောင် ရှိပါတယ်၊ သုဒဿန စသော ရှစ်သောင်းလေးထောင်သော တောင်ထွတ်များဖြင့် တန်ဆာဆင်ယင်ထားပါတယ်၊ ဒီစကားရပ်က ကမ္ဘာဦးက မြင့်မောက်နေတဲ့ ဟိမဝန္တာတောင်မင်းရဲ့ အစောက်ယူဇနာကို တိုင်းတာ ပြောဆိုခြင်း ဖြစ်ပါတယ်၊ ယခုတော့ တစ်နှစ်ထက် တစ်နှစ် မြေသားတွေ တက်လာတဲ့အတွက် ဒီလောက် မမြင့်တော့ပါဘူး၊

ရာဇဂြိုဟ်မြို့အနီးမှာ ရှိတဲ့ ဝေပုလ္လတောင်ဟာ ကကုသန်ဘုရားရှင် လက်ထက်တော်က ပါစိနဝံသ အမည်ရပြီး လူတို့ ၄-ရက်တက် ၄-ရက်ဆင်း မြင့်မောက်ပါတယ်၊ ကောဏဂုံဘုရားရှင် လက်ထက်မှာတော့ ဝင်္ကကတောင် အမည်ရပြီး ၃-ရက်တက် ၃-ရက်ဆင်းမျှသာ မြင့်တော့ပါတယ်၊ ကဿပဘုရားရှင် လက်ထက်တော်ကျတော့ သုပဿတောင် အမည်ရပြီး ၂-ရက်တက် ၂-ရက်ဆင်းမျှသာ မြင့်တော့ပါတယ်၊ ယခု ဂေါတမဘုရားရှင် လက်ထက်တော်မှာတော့ ဝေပုလ္လတောင် အမည်ရပြီး တစ်မုဟုတ်ချင်း တက်ပြီး တစ်မုဟုတ်ချင်း ဆင်းနိုင်ရုံမျှ မြင့်တော့ပါတယ်။

ဟိမဝန္တာတောင်မင်းလည်း ထို့အတူပါပဲ၊ ကမ္ဘာတည်စက ယူဇနာ ငါးရာ မြင့်ပေမယ့် ယနေ့တော့ ယူဇနာ ငါးရာ မမြင့်တော့ပါဘူး၊ တောင်တန်းဌာနက ကြေညာချက်အရ  အမြင့်ပေ ခြောက်ထောင် (၆၀၀၀) မှ ပေ နှစ်သောင်း (၂၀၀၀၀) အထိသာ မြင့်ပါတော့တယ်၊ တောင်စွယ် တောင်တန်းတွေကို ပယ်ပြီး ဟိမဝန္တာတောင်ရဲ့ နယ်နိမိတ်ကို သီးသန့်တိုင်းတာလျှင် ပျမ်းမျှ မိုင်တစ်ရာ့ငါးဆယ် (၁၅၀) ကျယ်ပြန့်ပြီး အရှည်ကတော့ မိုင်ထောင့်ငါးရာ (၁၅၀၀) လောက်သာ ရှည်လျားပါတယ်။

ထို ဟိမဝန္တာတောင်ကြီးရဲ့ အတွင်းမှာ မြစ်ကြီး ၅-သွယ်, မြစ်ငယ် ၅၀၀ တို့၏ အမွန်အစဖြစ်ရာ အိုင်ကြီးပေါင်း ၇-အိုင် ရှိပါတယ်၊ အိုင်ကြီး ၇-အိုင်ကတော့ ---
(၁) အနောတတ်အိုင် (၂) ကဏ္ဏမုဏ္ဍာအိုင် (၃) ရထကာရအိုင် (၄) ဆဒ္ဒန်အိုင်၊ (၅) ကုဏာလအိုင်၊ (၆) မန္ဒာကိနီအိုင်၊ (၇) သီဟပ္ပပါတအိုင် များ ဖြစ်ကြပါတယ်။

အိုင်ကြီး  ၇-အိုင်အနက် အနောတတ္တအိုင်ကို မှတ်သားရ လွယ်ကူအောင် အနောတတ်အိုင်လို့ ပြန်ဆိုကြပါတယ်၊ သြသဒ္ဒါကို (အဝ) ပြုပြီး (အနဝတတ်အိုင်)လို့လည်း ပြန်ဆိုကြပါတယ်၊ အတူတူပါပဲ၊ ထို အနောတတ်အိုင်ကြီးရဲ့ ပတ်ဝန်းကျင်မှာ တောင်ထွတ်ကြီး ၅-ခုတို့ဟာ ဝန်းရံပြီး နေကြပါတယ်၊ တောင်ထွတ်ကြီး ၅-ခုက ---
(၁) သုဒဿန တောင်ထွတ်၊ (၂) စိတ္တကုဋ် တောင်ထွတ်၊ (၃) ကာလကုဋ် တောင်ထွတ်၊ (၄) ဂန္ဓမာဒန တောင်ထွတ်၊ (၅) ကေလာသဘ တောင်ထွတ် များ ဖြစ်ကြပါတယ်၊
ဒီတောင်ထွတ်ကြီးတွေ အိုင်ကို ဝန်းရံ လှည့်ပတ် ဖုံးလွှမ်းထားတဲ့အတွက် အိုင်တွင်းက ရေဟာ နေအပူရောင်ကို ကောင်းစွာမရဘဲ အမြဲ အေးမြနေကြတယ်၊ ရေခဲပြင်ကြီး ဖြစ်နေကြပါတယ်၊ ပူတယ်ရယ်လို့ ဘယ်တော့မှ မရှိကြပါဘူး။

ဒါကြောင့် ‘အနောတတ္တ’ အမည်ကို ရကြောင်း “ပဗ္ဗတ ကူဋေဟိ ပဋိစ္ဆန္နတ္တ စန္ဒိမာသူရိယာနံ သန္တာပေဟိ သြတတ္တံ ဥဏှံ ဧတ္ထ နတ္ထီတိ အနောတတ္တော” လို့ ဖွင့်ဆိုထားပါတယ်၊ အနက်ကတော့ “ ပဗ္ဗတကူဋေဟိ - တောင်ထွဋ် ၅-ခုတို့ဖြင့်၊ ပဋိစ္ဆန္နတ္တ - ဖုံးလွှမ်းအပ်သည် အဖြစ်ကြောင့်၊ စန္ဒိမာသူရိယာနံ - လ, နေတို့၏၊ သန္တာပေဟိ - အပူတို့ဖြင့်၊ သြတတ္တံ ဥဏှံ - ပူနွေးသော၊ ဥဒကံ - ရေသည်၊ ဧတ္ထ - ဤရေအိုင်၌၊ နတ္ထိ - မရှိ၊ ဣတိတသ္မာ - ထို့ကြောင့်၊ အနေတတ္တော - အနောတတ် မည်၏”
(Source : အပဒါန ဋ္ဌ၊ ဒု၊ စာ-၂၁၀)

အနောတတ်အိုင်ကို ရံကာတဲ့ တောင်ထွတ်ကြီး ၅-ခု အနက် သုဒဿနတောင်ထွတ်ဟာ ရွှေဖြင့် ပြီးပါတယ်၊ ရွှေဖြင့် ပြီးတယ်ဆိုတာ ရွှေအတိ ပြီးတဲ့ ရွှေစိုင် ရွှေခဲကြီးလို့ မမှတ်ပါနှင့်၊ ကမ္ဘာ မြေပြင်မှာ ရွှေအတိပြီးတဲ့ တောင်ရယ်လို့ တစ်တောင်မျှ ယနေ့အထိ မတွေ့ကြရပါဘူး၊ (ရွှေဖြင့် ပြီးတယ်ဆိုတာ မြန်မာနိုင်ငံက နမ္မတူ ငွေတောင်ကြီးက ငွေတွေဟာ အခြားသတ္တုများနှင့် ရောနှောနေသလို သုဒဿနတောင်က ရွှေတွေဟာလည်း အခြားသတ္တုများနှင့် ရောနှောခြင်းမျှသာ ဖြစ်ပါတယ်၊)

အဲဒီ သုဒဿန ရွှေတောင်ဟာ အတွင်းကောက်သော ကျီးနှုတ်သီးကဲ့သို့ အနောတတ်အိုင်ဘက် ဖုံးကွယ်ပြီး တည်နေပါတယ်၊ စိတ္တကုဋ်တောင်ကတော့ ခပ်သိမ်းသော ကျောက်မျက်ရတနာများနှင့် ရောပြွမ်း တည်ရှိပါတယ်၊ ကာကကုဋ်တောင်ကတော့ ညိုမည်းသောကျောက်အတိ ပြီးပါတယ်၊ ဂန္ဓမာဒနတောင်မှာတော့ နံ့သာပင်မျိုးစုံ ပေါများပါတယ်၊ ကေလာသဘတောင်ကတော့ ငွေစင်ဖြင့် ပြီးပါတယ်၊ ဒီတောင်ထွတ်ကြီး ၅-ခုတို့ဟာ အကျယ်ဧရိယာ ငါးဆယ် (၅၀)စီ ရှိပြီး အစောက် ယူဇနာကတော့ နှစ်ရာ (၂၀၀)စီ ရှိကြပါတယ်။

အနောတတ်အိုင်ကို ရံကာနေကြတဲ့ တောင်ထွတ်ကြီး ၅-ခုအနက် ဂန္ဓမာဒနတောင်ထွတ်ဟာ အလွန်ထင်ရှားတဲ့ တောင်ထွတ်ကြီး တစ်ခု ဖြစ်ပါတယ်၊ ဂန္ဓမာဒနတောင်ဟာ ဟိမဝန္တာမှာ တည်ရှိတဲ့ စူဠကာဠတောင်, မဟာကာဠတောင်, နာဂပလိဝေဌနတောင်, စန္ဒဂဗ္ဘတောင်, သူရိယဂဗ္ဘတောင်, သုဝဏ္ဏပဿတောင်, ဟိမဝန္တာတောင် ဤတောင်ကြီး ၇-လုံးကို ကျော်လွန်ပြီး တည်ရှိနေပါတယ်၊ ထို ဂန္ဓမာဒနတောင်မှာ “နန္ဒမူလ” အမည်ရှိတဲ့ လိုဏ်ဂူဟာ ပစ္စေကဗုဒ္ဓါ အရှင်မြတ်များ သီတင်းသုံး စံနေတော်မူရာ ဖြစ်ပါတယ်၊ ဂန္ဓမာဒနတောင်မှာ နန္ဒမူလလိုဏ် တစ်လုံးလည်း မကသေးပါဘူး၊ ရွှေဂူ, မြဂူ, ငွေဂူအားဖြင့် လိုဏ်ဂူကြီး ၃-လုံးလည်း ရှိပါတယ်၊ အဲဒီလို လိုဏ်ဂူကြီး ၃-လုံးအနက် မြဂူ ဆိုတာဟာ နန္ဒမူလ အမည်ရတဲ့ လိုဏ်ဂူကြီးပင် ဖြစ်ပါတယ်။

နန္ဒမူလလိုဏ်ဂူတော် အဝမှာလည်း မဉ္ဇူသက အမည်ရတဲ့ သစ်ပင်ကြီး တည်ရှိပါတယ်၊ မဉ္စူသက သစ်ပင်ကြီးဟာ အမြင့် တစ်ယူဇနာ, အပြန့် တစ်ယူဇနာ ရှိတယ်လို့ ဆိုထားပါတယ်၊ သာသနာပအခါမှာ မိမိတို့ဘာသာ ဝိပဿနာတရားပွားများ အားထုတ်လို့ ရှင်ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့လျှင် ထိုရှင်ပစ္စေကဗုဒ္ဓါများဟာ နန္ဒမူလလိုဏ်ဂူကို ကြွရောက် သီတင်းသုံးကြပါတယ်၊ ရှင်ပစ္စေကဗုဒ္ဓါများ ကြွလာတဲ့ နေ့ဆိုလျှင် မဉ္ဇူသက သစ်ပင်ကြီးဟာ အပွင့်မျိုးစုံ ပွင့်ပါတယ်။

အဲဒီ လိုဏ်ဂူကြီးမှာ အလွန် ထူးဆန်းတာက လိုဏ်ဂူဝမှာ သစ်ရွက်, သစ်ခက်, အမှိုက်များ ကျနေလျှင် တံမြက်လှည်းတဲ့ လေက တိုက်လာပြီး အမှိုက်သရိုက်တွေကို မှုတ်လွှင့်ပါတယ်၊ အညီအညွတ် ပြုတတ်တဲ့လေကလည်း အလုံးစုံ ရတနာတို့ဖြင့် ပြီးသော သဲကို မှုတ်ယူပြီး လိုဏ်ဂူအတွင်း အညီအညွတ် ဖြစ်အောင် ခင်းပါတယ်၊ ရေသွန်းတတ်တဲ့ လေကလည်း အနောတတ်အိုင်က ရေကို လေဟုန်ဖြင့် စုတ်ယူပြီး လိုဏ်ဂူအတွင်း ရေဖျန်းပေးရပါတယ်၊ အနံ့ကို ဆောင်ယူတတ်တဲ့ လေကလည်း ဂန္ဓမာဒနတောင်မှာ ပေါက်ရောက်နေတဲ့ --
(၁) အမြစ်နံ့သာ၊ (၂) အခေါက်နံ့သာ၊ (၃) အနှစ်နံ့သာ၊ (၄) အပွင့်နံ့သာ၊ (၅) အလွှာနံ့သာ၊ (၆) အရည်နံ့သာ၊ (၇) အရွက်နံ့သာ၊ (၈) အသီးနံ့သာ ပင်များက အမွှေးရနံ့များကို ဆောင်ယူပြီး ထုံစေပါတယ်။

ပန်းပွင့် ဆွတ်ချွေတတ်တဲ့ လေကလည်း အထူးထူးသော ပန်းပွင့်ကို ချွေချပေးပါတယ်၊ ပန်းပွင့်ကို ဖြန့်ခင်းပေးတဲ့ လေကလည်း ပန်းပွင့်တွေကို မွေ့ရာသဏ္ဌာန် ဖြစ်အောင် ဖြန့်ခင်းပေးပါတယ်၊ ရှင်ပစ္စေကဗုဒ္ဓါ အသစ်တစ်ပါး ဖြစ်ပွားတဲ့နေ့ရယ်, ဥပုသ်နေ့ရယ်, ဒီနေ့ ၂-နေ့မှာတော့ ရှင်ပစ္စေကဗုဒ္ဓါများဟာ နန္ဒမူလလိုဏ်ဂူမှာ စုဝေးတော်မူကြစမြဲ ဖြစ်ပါတယ်။
(Source: သုတ္တနိပါတ် ဋ္ဌ၊ ပ၊ စာ ၅၉ - ခဂ္ဂဝိသာဏသုတ် အဖွင့်)

အနောတတ်အိုင်ဟာ တောင်ထွတ်ကြီး ၅-ခု အကြားမှာ တည်နေတဲ့အတွက် ပူနွေးတဲ့ နေမင်းရဲ့ ရောင်ခြည်ကို တောင်ထွတ်များရဲ့ အကြား, အကြားကသာ ရံခါ, ရံခါ ရနေတယ်၊ အပူငွေ့ အားနည်းတဲ့အတွက် ရေခဲပြင်ကြီးလို ဖြစ်နေတဲ့ အင်မတန် အေးမြတဲ့ ရေ ရှိပါတယ်၊

(ယနေ့ ဟိမဝန္တာမှာ လေ့လာကြတဲ့အခါမှာလည်း ဂင်္ဂါမြစ်ကြီးရဲ့ အစအမွန်ဖြစ်ရာ အနောတတ်အိုင် နေရာဟာ ‘ဂန်ဂိုထရီ’ အမည်ရှိတဲ့ ရေခဲလွင်ပြင်ကြီး ဖြစ်နေတာကို တွေ့ကြရပါတယ်၊ အိန္ဒိယပြည်မှာ ထင်ရှားတဲ့ ဂင်္ဂါမြစ်ကြီးဟာ ဂန်ဂိုထရီ ရေခဲလွင်ပြင်ကြီးက မြစ်ဖျားခံပြီး တောင်ချောက်ကြားတစ်လျှောက် ဟာဒဝါမြို့အထိ စီးဆင်းလာပြီး ဟာဒဝါမြို့ဆီကမှ တစ်ဖတ် အရှေ့တောင်ဘက် ကွေ့ဝိုက်ကာ လွင်ပြင်ကြီးကို ဖြတ်သန်းပြီး ဘင်္ဂလာအော်ထဲ စီးဝင်တာကို မြင်တွေ့ရပါတယ်။)

ကျမ်းဂန်တွေရဲ့ အလိုအားဖြင့် အနောတတ်အိုင်ကြီးမှာ ရတနာဖြင့် ပြီးတဲ့ သဘာဝ စောင်းတန်းကြီးတွေလည်း ရှိပါတယ်၊ အိုင်အတွင်းမှာလည်း ရွှေအဆင်း, ငွေအဆင်း, ပတ္တမြားအဆင်း ရှိတဲ့ ငါးလိပ်များ ရှိပါတယ်၊ အနောတတ်အိုင်ရဲ့ နံပါး ၄-ဘက်မှာ ရေထွက်ပေါက် ၄-ပေါက် ရှိပါတယ်၊

အရှေ့ဘက် အပေါက်က ခြင်္သေ့ခံတွင်းနှင့် တူ၍၊ တောင်ဘက် အပေါက်က ဆင်ခံတွင်းနှင့် တူပါတယ်။ အနောက်ဘက် အပေါက်က မြင်းခံတွင်းနှင့် တူ၍ မြောက်ဘက် အပေါက်က နွားခံတွင်းနှင့် တူပါတယ်၊ အရှေ့ဘက် ခြင်္သေ့ခံတွင်းပေါက်က ထွက်တဲ့ရေဟာ အနောတတ်အိုင်ကို လက်ယာရစ် သုံးပတ် လှည့်ပြီး အရှေ့သမုဒ္ဒရာထဲသို့ စီးဝင်ပါတယ်၊ အနောက်ဘက်နှင့် မြောက်ဘက် ခံတွင်းက ထွက်တဲ့ရေဟာလည်း ထို့အထူ အိုင်ကို သုံးပတ် လက်ယာရစ်ပြီး အနောက် သမုဒ္ဒရာ မြောက်သမုဒ္ဒရာ တို့သို့ စီးဝင်သွားပါတယ်။

တောင်ဘက် ဆင်ခံတွင်းက စီးထွက်တဲ့ ရေကတော့ ဦးစွာ အိုင်ကို လက်ယာရစ် သုံးပတ် လှည့်ပြီး တောင်ဘက်ကို စီးလာပါတယ်၊ ယူဇနာ ခြောက်ဆယ်လောက် အရောက်မှာ ဖီလာခံနေတဲ့ တောင်နှင့် တိုက်မိတဲ့အတွက် အဝန်း သုံးဂါဝတ်လောက် ရှိတဲ့ ရေအယဉ်ဟာ ကောင်းကင်ကို ယူဇနာ ခြောက်ဆယ်လောက် ပျံတက်သွားပါတယ်၊ အဲဒီကမှ ကျောက်ဖျာကြီး တစ်ခုပေါ် ရေအဟုန် ပြန်ကျတော့ ရေအဟုန်ဒဏ်ကြောင့် ကျောက်ဖျာကြီးဟာ ကွဲအက်ပြီး ရေကန်ကြီး ဖြစ်လာပါတယ်၊
(အဲဒီ ကျောက်ဖျာကို တိယင်္ဂလကျောက်ဖျာ အမည်ပေးပြီး ရေကန်ကြီးကိုလည်း တိယင်္ဂလရေကန်ကြီးလို့ ကျမ်းဆရာက အမည် ပေးထားပါတယ်။)

ဒီရေကန်ကြီးဟာ ယူဇနာ ငါးဆယ် (၅၀) လောက် ကြီးကျယ်ပါတယ်၊ ရေအဟုန်ကြောင့်လည်း ကျောက်ဖျာအောက်ကို ယူဇနာ ခြောက်ဆယ် (၆၀)လောက် ရေစူးဝင်သွားပြီး၊ မြေအတွင်းက ယူဇနာ ခြောက်ဆယ် (၆၀) တိုင်အောင် စီးသွားပြန်ပါတယ်၊ ဒီလို စီးသွားရင်း လက်ဝါးပြင်က ငါးခုသော လက်ချောင်းများနှင့်တူတဲ့ မြစ်ကြီး ၅-သွယ် ဖြစ်ပြီး တောင်သမုဒ္ဒရာအတွင်းကို စီးဝင်ပါတယ်။

တောင်ဘက် ဆင်ခံတွင်းက ထွက်ပြီး အနောတတ်အိုင်ကို လက်ယာရစ် သုံးပတ် စီးဆင်းနေတဲ့ မြစ်ကို အာဝဋ္ဋဂင်္ဂါလို့ အမည် ပေးပါတယ်၊ လက်ယာရစ် သုံးပတ် လှည့်ပြီး ယူဇနာ ခြောက်ဆယ် (၆၀) လောက်အထိ ဖြောင့်ဖြောင့် စီးဆင်းနေတဲ့အပိုင်းကိုတော့ ကဏှဂင်္ဂါလို့ ခေါ်ပါတယ်၊ ကောင်းကင်သို့ ယူဇနာ ခြောက်ဆယ် (၆၀) လောက်အထိ ပျံတက်သွားတဲ့အပိုင်းကိုတော့ အာကာသဂင်္ဂါလို့ အမည် ပေးထားပါတယ်၊ တိယင်္ဂလ ကျောက်ဖျာထက်ကျလို့ ဖြစ်ပေါ်လာတဲ့ ရေကန်ကိုတော့ တိယင်္ဂလရေကန် လို့ ခေါ်ပါတယ်။

တိယင်္ဂလရေကန်က ထိုးဖောက်ပြီး မြေအောက်စီးသွားတဲ့အပိုင်းကိုတော့ ဥမင်္ဂဂင်္ဂါ-လို့ မှည့်ခေါ်ထားပါတယ်၊ တောင်ဖီလာကို တိုက်ခွဲပြီး လက်ငါးချောင်းလို ဖြာဆင်းလာတဲ့ မြစ်ကြီး ၅-သွယ်ကိုတော့ ---
(၁) ဂင်္ဂါ၊ (၂) ယမုနာ၊ (၃) အစိရဝတီ၊ (၄) မဟီ၊ (၅) သရဘူ ရယ်လို့ အမည် ပေးထားကြတယ်၊ ယခု ဖော်ပြခဲ့တာက မြစ်ကြီး ၅-သွယ်ရဲ့ အမွန်အစဖြစ်ရာ အနောတတ်အိုင်ရဲ့ အခြင်းအရာ ဖြစ်ပါတယ်၊

…………………………………………………………..
လောကမှာ ဘုန်းတန်ခိုး ကြီးမားပြီး တိမ်ညွှန့်ကို စားနိုင်ကြတဲ့ နတ်မြင်းကြီးတွေဟာ ဤ အနောတတ်အိုင်ကို ကာရံတဲ့ တောင်ထွတ်ကြီး ၅-ခုအနက် စိတ္တကုဋ်တောင်ထွဋ်ရဲ့ နံပါး ပတ္တမြားလိုဏ်ဂူမှာ နေကြပါတယ်။

ဘုန်းတန်ခိုး ကြီးမားတဲ့ မြင်းများလို ဘုန်းတန်ခိုး ကြီးမားတဲ့ နွားလား ဥသဘများလည်း ရှိပါသေးတယ်၊ အဲဒီ နွားလားဥသဘတွေဟာ ဟိမဝန္တာတောင်မင်းရဲ့ အခြံအရံ ဖြစ်တဲ့ တောင်တစ်လုံးရဲ့ နံပါး ရွှေသားလိုဏ်ဂူကြီး အတွင်းမှာ နေကြပါတယ်၊ အဲဒီ နွားလားဥသဘရဲ့ အကြီးအမှူးကတော့ ‘သုရတိယ နွားမင်း’ လို့ ခေါ်ပါတယ်၊ မိမိနှင့် အမျိုးတူတဲ့ နွားများနှင့် တကွ ဦးချိုရှိကြတဲ့ ကျွဲ, နွား, ကြံ့, စိုင်, ဆတ်, သမင်တို့ကို အစိုးရပါတယ်။ သုရတိယနွားမင်းရဲ့ အရှင်သခင်ကတော့ မန္ဒာဂီရိတောင်မှာ နေတဲ့ မဟေသရ (ဝါ) မဟိဿရ နတ်မင်းကြီး ဖြစ်ပါတယ်။

{မဟေသရ (ဝါ) မဟိဿရ နတ်မင်းကြီးဟာ ဟိန္ဒူ ဘာသာဝင်များ အမြတ်တနိုး ကိုးကွယ်ကြတဲ့ ပရမီသွာနက်ရဲ့ အမည်နဲ့ အတူတူပဲ ဖြစ်ပါတယ်၊ မြတ်ဗုဒ္ဓထံတော်မှ (မဟာသမယသုတ် ဟောကြားအပြီး တန်ခိုးပြိုင်၍ ရှုံးပြီးနောက်) သရဏဂုံ ဆောက်တည်ခဲ့တဲ့ ဗုဒ္ဓသာသနာဝင် ဥပါသကာ နတ်မင်းကြီး ဖြစ်ပါတယ်။}

{ဘုရားရှင် သက်တော် ထင်ရှားရှိစဉ် ကာလက မုနိ အမည်နှင့် တည်ထား ကိုးကွယ်ကြတဲ့ ဘုရားပေါင်း ရ-ဆူ (အမရပူရစန္ဒ မုနိ ပါဆိုလျှင် ၈-ဆူ) ထဲမှာ  ဟိမဝန္တာ၌ မန္ဒာဂီရိ တောင်ဝှမ်းမှာ ဘုရားရှင် ရုပ်ပွားတော်ကို ရတနာ ကျောင်းတော်ကြီးနှင့် တည်ထားပြီး မဟေသရ နတ်မင်း ကိုးကွယ်တဲ့ လောကာမုနိ ပါဝင်ပါတယ်}
  • မုနိ ၈-ဆူ သိမှတ်ဖွယ် ---
(၁) သဟံပတိ ဗြဟ္မာမင်း ဝတ်လဲတော်ကို ဌာပနာပြီး တည်ထားတဲ့ ဒုဿ မုနိ၊
(၂) သိကြားမင်း ဆံတော်ကို ဌာပနာပြီး တည်ထားတဲ့ စူဠာ မုနိ၊
(၃) ကပိလဝတ်ပြည်၌ တည်ထား ကိုးကွယ်တဲ့ သကျ မုနိ၊
(၄) သာဝတ္ထိပြည်၌ ပေဿနဒီကောသလမင်း တည်ထား ကိုးကွယ်တဲ့ စိန္တာမုနိ၊
(၅) ရာဇဂြိုဟ်ပြည်၌ အဇာတသတ်မင်း ထုလုပ် ကိုးကွယ်တဲ့ ရာဇ မုနိ၊
(၆) ဟိမဝန္တာ၌ မဟေသရနတ်မင်း ကိုးကွယ်တဲ့ လောကာ မုနိ၊
(၇) ဓညဝတီ၌ စန္ဒသူရိယမင်း ကိုးကွယ်တဲ့ မဟာ မုနိ၊
(၈) အမရပူရ၌ ဘုရင်မင်းမြတ် ကိုးကွယ်တဲ့ စန္ဒ မုနိ --- တို့ ဖြစ်ကြပါတယ်။


Source :
  • ပါရာဇိကဏ် အဋ္ဌကထာ (မြန်မာပြန်)
  • နိဒါနဝဂ္ဂ သံယုတ် ဝေပုလ္လပဗ္ဗတသုတ် (မြန်မာပြန်)
  • သုတ္တနိပါတ် ဋ္ဌ၊ ပ၊ ခဂ္ဂဝိသာဏသုတ် (မြန်မာပြန်)
  • အပဒါန ဋ္ဌ၊ ဒု၊ စာ-၂၁၀
  • ဘဝချမ်းသာဟူသည် -- အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ ဒေဝိန္ဒာဓိပတိ (ထီးချိုင့်မြို့၊ တည်တောဆရာတော်)
  • ဧကပိုဒ် မော်ကွန်း --  ဝက်မစွတ် မြို့စား ဒုတိယ နဝဒေး

***   ခပ်သိမ်းသော ရဟန်း၊ ရှင်၊ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါ အားလုံး ဘေးရန် ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်, စိတ် နှစ်ဖြာ ကျန်းမာ, ချမ်းသာကြပါစေ …

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...